အစီအရင်အတွင်းဝယ် ယဲ့ပုဖန်သည် သေမင်းတမန် ဟောင်းဝပ်နှင့် ကျားသစ်နက်တို့ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားမိသည်။ ထိုနှစ်ယောက်စလုံးမှာ အာကာသအဆင့် အလယ်အလတ်သို့ ရောက်ရှိနေကြပြီ မဟုတ်ပါလား။
ဓားသူတော်စင် စီတုချန်ခုန်းသည် သူ၏ အကူအညီကို ရမှသာ ယင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုမူ ထိုကဲ့သို့ သိုင်းပညာရှင်မျိုး နှစ်ဦးတောင် ရှိနေသဖြင့် အနောက်တိုင်း မြေအောက်လောက ဆိုသည်မှာ အလကားနေရင်း နာမည်ကျော်ကြားခြင်း မဟုတ်ကြောင်း သိသာလှပေသည်။
သေမင်းတမန် ဟောင်းဝပ်၏ အော်ဟစ်သံကို ကြားလျှင် လန်ချင်းချိုးက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "သူတို့ပြောနေတာတွေက အစစ်အမှန်လို့ ထင်လား"
"ဘယ်က မှန်မှာလဲ... အစီအရင်ထဲက ငါတို့ ခြေတစ်လှမ်း ထွက်လိုက်တာနဲ့ ဒီကောင်တွေ ငါတို့ကို အစဖျောက်ဖို့ စောင့်နေကြတာ။ သန့်စင်စမ်းရေ တစ်စက်တောင် သူတို့ ပေးမှာ မဟုတ်ဘူး"
ယဲ့ပုဖန်က ဆက်လက်၍ "သူတို့ပြောတာ အမှန်ပဲ ဆိုဦးတော့... ငါ့ရဲ့ သန့်စင်စမ်းရေတွေကို သူတို့နဲ့ ခွဲဝေဖို့ စိတ်ကူး လုံးဝ မရှိဘူး" ဟု ပြတ်သားစွာ ပြောလိုက်သည်။
လန်ချင်းချိုးကမူ စိတ်မအေးနိုင်သေးဘဲ "ဒါပေမဲ့ ဒီလူနှစ်ယောက်က အရမ်း အစွမ်းထက်ပုံရတယ်" ဟု ဆိုလေသည်။
"မစိုးရိမ်ပါနဲ့... သူတို့ ငါ့ရဲ့ အစီအရင်ကို ဘယ်တော့မှ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ဖောက်နိုင်ရင် ငါတို့နဲ့ စကားပြောပြီး အချိန်ဖြုန်းနေမှာ မဟုတ်ဘူးလေ" ဟု ယဲ့ပုဖန်က အေးအေးလူလူပင် ပြန်ပြောလိုက်၏။
အစီအရင်အတွင်းမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့သောအခါ ဟောင်းဝပ်၏ နောက်ကွယ်မှ ထိပ်ပြောင်လူသန်ကြီး တစ်ဦးက လှမ်း၍ အော်ဟစ်လိုက်သည်။ "ဟေ့... တရုတ်လူမျိုး… ကြားလား... သေမင်းတမန်သခင်ကြီးက မင်းကို အခွင့်အရေး ပေးနေတာနော်။ အခုချက်ချင်း အဖမ်းမခံရင်တော့ သေဖို့သာ ပြင်ထားတော့"
"အဲဒီအခွင့်အရေးကို မင်းတို့ဘာသာပဲ သိမ်းထားလိုက်ကြပါ... ငါကတော့ မလိုချင်ဘူး။ ဒီသန့်စင်စမ်းရေတွေက ငါ့အတွက် လုံလောက်နေပြီ"
ယဲ့ပုဖန်က ထိုသို့သော အနိမ့်စား ခြိမ်းခြောက်မှုကို ဂရုမစိုက်ပေ။ အကယ်၍ ရန်သူ့ဘက်မှာ နည်းလမ်းရှိခဲ့လျှင် ယခုအချိန်၌ အထဲသို့ ဝင်ရောက်လာပြီး ဖြစ်ပေလိမ့်မည်။
ထိုအခါ သေမင်းတမန် ဟောင်းဝပ်၏ ကိုယ်ပေါ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာ၏။
"အသိဉာဏ်မရှိတဲ့ တရုတ်ကောင်... ငါက မင်းရဲ့ အစီအရင်ကို တကယ် မဖျက်နိုင်ဘူးလို့ ထင်နေတာလား"
ပြောပြောဆိုဆိုပင် သူ၏လက်ရှိ သေမင်းတံစဉ်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် အလင်းတန်း တစ်ခုသည် ရှေ့မှ မြူထုဆီသို့ ခုတ်ပိုင်းသွားတော့သည်။ ကျားသစ်နက်၏ လှံနှင့် နှိုင်းယှဉ်လျှင် ဟောင်းဝပ်၏ တံစဉ်မှာ ရိုးရှင်းလှသော်လည်း အလွန်ပင် အစွမ်းထက်လှ၏။
မိုးကြိုးငါးသွယ် မကောင်းဆိုးဝါးနှင် အစီအရင်သည်လည်း ထိုတိုက်ခိုက်မှု၏ အရှိန်အဝါကို အာရုံခံမိပုံရကာ ကလေးတစ်ယောက်၏ လက်မောင်းခန့်ရှိသော မိုးကြိုးတန်းကြီးကို တစ်ချက်ချင်း ပစ်လွှတ်လိုက်လေသည်။
ဘုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ချိုင့်ဝှမ်းအတွင်း ဟိန်းထွက်သွားကာ အစီအရင်၏ မြူထုမှာလည်း ပြင်းထန်စွာ လှုပ်ခါသွား၏။ ဟောင်းဝပ်၏ တံစဉ်ကြီးမှာမူ အပေါ်သို့ လွင့်တက်သွားကာ နောက်သို့ မီတာ တစ်ဆယ်ခန့် လွင့်ထွက်သွားတော့သည်။
သို့သော် သူ၏ အစွမ်းမှာ အမှန်တကယ်ပင် မြင့်မားလှသည်။ ဖိလီတို့နှင့် မတူဘဲ ဒဏ်ရာရရှိခြင်း မရှိပေ။ ယဲ့ပုဖန်လည်း ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။ သူ ခန့်မှန်းထားသကဲ့သို့ပင် ရန်သူသည် မိုးကြိုးငါးသွယ် မကောင်းဆိုးဝါးနှင် အစီအရင်ကို မဖြိုခွဲနိုင်ချေ။
ဟောင်းဝပ်၏ မျက်နှာကို မမြင်ရသော်လည်း သူ၏ အနက်ရောင် ဝတ်ရုံမှာ ဒေါသနှင့် ထိတ်လန့်မှုကြောင့် တုန်ခါနေသည်။ တရုတ်တို့၏ အစီအရင်မှာ သူ၏ အစွမ်းကုန် တိုက်ကွက်ကိုပင် တားဆီးနိုင်လောက်အောင် အစွမ်းထက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"အားလုံးပဲ အတူတူ တိုက်ခိုက်ကြစမ်း... ဒီအစီအရင်က ဘယ်လောက်အထိ ခံနိုင်မလဲ ကြည့်ရသေးတာပေါ့"
ဟောင်းဝပ်၏ အမိန့်ပေးသံနှင့်အတူ အနောက်တိုင်း မြေအောက်လောကမှ သိုင်းပညာရှင် တစ်ဒါဇင်ကျော်တို့သည် မြူထုဆီသို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြတော့သည်။ ကျားသစ်နက်မှာမူ အပြင်းထန်ဆုံး ဖြစ်ကာ ဟိန်းဟောက်၍ မြူထုအတွင်းသို့ ပြေးဝင်လာ၏။
ဘုန်း... ဝုန်း... ဘုန်း...
ကောင်းကင်မိုးကြိုးပုတီးစေ့များမှာလည်း အဆက်မပြတ် လင်းလက်လာကာ လျှပ်စီးတန်းများစွာသည် ကျူးကျော်သူတို့ကို အငြိုးတကြီး တိုက်ခိုက်လေတော့သည်။ ကျားသစ်နက်က သူ့ထံသို့ ကျရောက်လာသော မိုးကြိုးကို လက်သီးဖြင့် ထိုးနှက်လိုက်သော်လည်း ပြင်းထန်သော စွမ်းအားကြောင့် အစီအရင် အပြင်ဘက်သို့ လွင့်စင်ထွက်သွားရသည်။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရသော်လည်း တစ်ကိုယ်လုံး ဖုန်လူးသွားကာ ခေါင်းပေါ်မှ ကျစ်ဆံမြီးလေးများမှာလည်း ထောင်ထွက်သွားသဖြင့် အတော်ပင် ကြည့်ရဆိုးနေတော့သည်။
သေမင်းတမန် ဟောင်းဝပ်ကမူ လခြမ်းကွေး တံစဉ်ဖြင့် မြူထုကို အကြိမ်ကြိမ် ခုတ်ပိုင်းနေသော်လည်း အစီအရင်မှ ထွက်ပေါ်လာသော မိုးကြိုးတန်းများက သူ့ကို ဟန့်တားထားနိုင်ဆဲပင်။ ချိုင့်ဝှမ်းအတွင်း၌ မိုးကြိုးသံများနှင့် တိုက်ပွဲခေါ်သံများမှာ ကောင်းကင်ယံသို့တိုင်အောင် ပျံ့လွင့်နေသည်။
ထိုမျှလောက် ပြင်းထန်သော အရှိန်အဝါများကို ခံစားမိသောအခါ လန်ချင်းချိုး၏ မျက်နှာမှာ တင်းမာသွားရသည်။
"ငါတို့ အစီအရင်က တကယ်ပဲ အဆင်ပြေပါ့မလား"
"စိတ်မပူပါနဲ့... သူတို့လူအင်အား အခုထက် နှစ်ဆတိုးလာရင်တောင် ဒီအစီအရင်ကို ဘယ်တော့မှ မဖောက်နိုင်ဘူး"
ယဲ့ပုဖန်က ပြောရင်းဆိုရင်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ နီရဲနေသော ပန်းသီးတစ်လုံးကို လန်ချင်းချိုးထံသို့ လှမ်းပစ်ပေးလိုက်သည်။
"ဒီသီးနှံလေးတွေပဲ စားနေလိုက်ပါ... အဲဒီကောင်တွေကို ဂရုစိုက်မနေနဲ့"
သူ၏ ရင်ထဲ၌ အမှန်တကယ်ပင် ယုံကြည်ချက် အပြည့်ရှိနေသည်။ အခြားနေရာ၌ ဆိုလျှင် အစီအရင်၏ စွမ်းအင် ကုန်ခမ်းသွားနိုင်သော်လည်း ဤနေရာ၌မူ မဖြစ်နိုင်ပေ။
အကြောင်းမှာ သန့်စင်စမ်းရေမှ ရရှိသော ဝိညာဉ်စွမ်းအင်များမှာ လုံလောက်လွန်းနေသောကြောင့် အာကာသအဆင့် အထွတ်အထိပ် သိုင်းပညာရှင် လာပါစေ... အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
သေမင်းတမန် ဟောင်းဝပ်ကမူ ထိုသို့ မထင်ပေ။ လောကရှိ အရာအားလုံးမှာ စွမ်းအင်အပေါ်တွင် အခြေခံထားသည် ဖြစ်ရာ တစ်ချိန်ချိန်၌ အစီအရင်၏ စွမ်းအင် ကုန်ဆုံးသွားလိမ့်မည်ဟု သူက တွက်ဆထားသည်။
သို့သော် နာရီဝက်ခန့် အစွမ်းကုန် တိုက်ခိုက်ပြီးသည့်တိုင် အစီအရင်မှာ အားနည်းသွားခြင်း မရှိရုံမျှမက မိုးကြိုးတန်းများမှာ ပိုမိုပြင်းထန်လာသည်ကို တွေ့ရသောအခါ သူ အံ့အားသင့်သွားရတော့သည်။ သူ၏ နောက်လိုက်များမှာမူ ချွေးတပြိုက်ပြိုက်ကျကာ မောဟိုက်နေကြပြီ ဖြစ်သည်။
"တော်တော့..."
သူက လက်ကို ဝှေ့ယမ်း၍ တိုက်ခိုက်မှုများကို ရပ်တန့်စေလိုက်သည်။ ဆက်လက် တိုက်ခိုက်နေခြင်းမှာ အပိုပင် ဖြစ်ပေလိမ့်မည်။
"တရုတ်ကောင်... တကယ်လို့ သတ္တိရှိရင် အပြင်ထွက်ပြီး ယောက်ျားပီပီ ရင်ဆိုင်တိုက်စမ်း" ဟု ကျားသစ်နက်က မကျေမနပ် ဟစ်အော်လိုက်၏။
ဟောင်းဝပ်ကလည်း အစီအရင်အတွင်းသို့ လှမ်း၍ ပြောလိုက်သည်။ "တရုတ်လူငယ်လေး... ငါတို့ ကောင်းကောင်းမွန်မွန် စကားပြောလို့ ရမယ် ထင်တယ်"
"စကားပြောစရာ မရှိဘူး... ငါကတော့ မင်းတို့ကို သန့်စင်စမ်းရေ တစ်စက်တောင် ပေးမှာ မဟုတ်ဘူး" ဟု ယဲ့ပုဖန်၏ ပျင်းရိပျင်းတွဲ အသံက ထွက်ပေါ်လာသည်။
ကျားသစ်နက်မှာ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်နေရ၏။ "တရုတ်ကောင်... သိပ်ပြီး အတင့်မရဲနဲ့နော်။ မင်းတစ်ယောက်တည်းနဲ့ ဒီသန့်စင်စမ်းရေတွေကို ဘယ်လိုမှ အကုန်သုံးနိုင်မှာ မဟုတ်ဘူး"
"ဘယ်သူက ပြောလို့လဲ... ငါအကုန် မသောက်နိုင်ရင်တောင် ဒီရေနဲ့ ရေချိုးလိုက်ရရင်ပဲ အတော်လေး ဇိမ်ရှိနေမှာ"
ယဲ့ပုဖန်၏ စကားမှာ လူကို ဒေါသထွက်၍ သေစေနိုင်လောက်ပေသည်။ အပြင်ဘက်ရှိ လူများမှာ ထိုစကားကို ကြားလျှင်ပင် ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားကြရ၏။
သူတို့မှာ မြောက်ဝင်ရိုးစွန်းအထိ အသက်ဘေးကို ရင်ဆိုင်၍ လာခဲ့ကြရသော်လည်း ရေတစ်စက်မျှ မရဘဲ တစ်ဖက်လူက ရေချိုးမည်ဟု ပြောနေခြင်းမှာ အလွန်ပင် စော်ကားလွန်းလှသည်။
"မင်းက ငါတို့ အနောက်တိုင်း မြေအောက်လောကနဲ့ ရန်သူ ဖြစ်ချင်တာလား" ဟု ဟောင်းဝပ်က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
"ကဲပါ... အပိုတွေ လုပ်မနေပါနဲ့။ မင်းတို့အကြောင်း ငါမသိတာ ကျနေတာပဲ... ငါ ရေတွေ ပေးလိုက်ရင်တောင် မင်းတို့က ငါ့ကို သတ်ဦးမှာပဲ မဟုတ်လား"
ဟောင်းဝပ်ကမူ "မဟုတ်ဘူး... ငါ သေမင်းတမန်ရဲ့ နာမည်နဲ့ ကျိန်ဆိုပါတယ်... မင်းသာ ငါတို့နဲ့ ခွဲဝေမယ် ဆိုရင် ငါတို့ရဲ့ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး ဘယ်တော့မှ လက်ဖျားနဲ့တောင် မထိစေရဘူး" ဟု ဆိုလေသည်။
သူ့စကားလည်း ဆုံးရော အစီအရင်အတွင်းမှ အနက်ရောင် အရိပ်တစ်ခု လွင့်ထွက်လာသည်။ ဟောင်းဝပ်က ဖမ်းယူကြည့်လိုက်ရာ ယဲ့ပုဖန် စားပြီးသား ပန်းသီးအူတိုင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"အိပ်မက်မက်မနေနဲ့တော့... ဒီရေကို ငါတွေ့တာ။ မင်းတို့ကို ပေးစရာ အကြောင်းမရှိဘူး။ အခုချက်ချင်း အဝေးကို လစ်လိုက်ကြတော့"
ယဲ့ပုဖန်သည် အနောက်တိုင်း မြေအောက်လောကမှ လူများကို အမြင်ကြည်ခြင်း မရှိပေ။ ထို့အပြင် သူတို့မှာ လန်ချင်းချိုးကိုပင် သတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသူများ မဟုတ်ပါလား။
"တောက်... မင်း အထဲမှာ ထာဝရ ပုန်းနေနိုင်မလား ကြည့်ကြသေးတာပေါ့"
ဟောင်းဝပ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။ သူသည် အနောက်တိုင်း မြေအောက်လောကတွင် နံပါတ်တစ် ဖြစ်ရာ မည်သူ့ကိုမျှ နှိမ့်ချ၍ မတောင်းပန်ဖူးပေ။ ယခုမူ ဤလူငယ်လေးက သူ့ကို လှောင်နေသည်။ သူက အဘယ်မှာ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း…။
"ငါ ဟောင်းဝပ် ကျိန်ဆိုတယ်... မင်း အပြင်ထွက်လာတဲ့နေ့ဟာ မင်းကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ့်နေ့ပဲ"
"ကောင်းပြီလေ... မင်းတို့က ငါ့အတွက် အပြင်မှာ ကင်းစောင့်ပေးချင်တယ်ဆိုလည်း စောင့်နေကြပေါ့"
ယဲ့ပုဖန်သည်လည်း ဤနေရာ၌ ပိတ်မိနေခြင်းကို မနှစ်သက်သော်လည်း အပြင်ဘက်ရှိ လူများမှာ အစွမ်းထက်လှသဖြင့် ထွက်လိုက်သည်နှင့် သေဖို့သာ ရှိပေလိမ့်မည်။
ဟောင်းဝပ်ကမူ အမှန်တကယ်ပင် စိတ်ဆိုးမာန်ဆိုး ဖြစ်သွားကာ "အားလုံး ဒီမှာပဲ စောင့်နေကြ... သူ အပြင်ထွက်မလာမချင်း ငါတို့ ဒီကနေ မခွာဘူး" ဟု အမိန့်ပေးလိုက်တော့သည်။
ရန်သူများက ချိုင့်ဝှမ်းအတွင်း စခန်းချကာ အချိန်အကြာကြီး စောင့်ဆိုင်းမည့် အမူအရာကို မြင်သောအခါ လန်ချင်းချိုးက ပျာပျာသလဲ မေးလိုက်၏။
"ငါတို့ ဘယ်လိုလုပ်ကြမလဲ... ဒီအတိုင်းပဲ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး မဟုတ်လား"
***