ယဲ့ပုဖန်က "တခြား ဘာလုပ်လို့ ရဦးမှာလဲ... အပြင်က ကောင်တွေ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းလည်း မြင်သားပဲ။ မင်း ဒဏ်ရာမရထားဘူး ဆိုရင်တောင်မှ ဟိုတံစဉ်ကိုင်ထားတဲ့ လူနဲ့ ကျစ်ဆံမြီးနဲ့ လူကို ယှဉ်နိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
သေမင်းတမန် ဟောင်းဝပ်နှင့် ကျားသစ်နက်တို့မှာ အာကာသအဆင့် အလယ်အလတ် အဆင့် သိုင်းပညာရှင်များ ဖြစ်ကြပြီး လန်ချင်းချိုးမှာမူ အလွန်ဆုံးရှိလှ အာကာသအဆင့် အစောပိုင်းအဆင့်သာ ရှိသေးသဖြင့် ယှဉ်ပြိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
တတိယအဆင့် ငွေအလောင်းအဖြစ် ရောက်ရှိသွားသော ယဲ့ထျန်းကို ထုတ်သုံးမည် ဆိုလျှင်ပင် ဟောင်းဝပ် သို့မဟုတ် ကျားသစ်နက် တစ်ဦးဦးကိုသာ တားဆီးထားနိုင်မည် ဖြစ်ပြီး ကျန်တစ်ယောက်ကိုမူ ကိုင်တွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ကျန်ရှိနေသော နောက်လိုက်များကိုလည်း သူ၏ လက်ရှိကျင့်ကြံမှုဖြင့် မယှဉ်နိုင်သေးရာ ထိုကဲ့သို့ စွန့်စားရန် မလိုအပ်ပေ။
"ဒါပေမဲ့ နည်းလမ်းတစ်ခုခုတော့ ရှာရမှာပဲ... ငါတို့ ဒီမှာ ထာဝရ ပိတ်မိနေလို့ မဖြစ်ဘူးလေ"
လန်ချင်းချိုးမှာ အလွန်ပင် စိုးရိမ်နေမိသည်။ သူမသည် အမြန်ဆုံး ပြန်သွားပြီး သူမ၏ ဆရာသခင်ကို ကုသပေးလိုနေခြင်းပင်။
ယဲ့ပုဖန်က "ငါ့မှာတော့ စဉ်းစားထားတာ နည်းနည်းရှိပါတယ်" ဟု ဆိုလိုက်ရာ လန်ချင်းချိုးက "ဒါဆိုရင် မြန်မြန်ပြောလေ" ဟု အလောတကြီး မေးလိုက်တော့သည်။
ယဲ့ပုဖန်က "ငါ့မှာ အထက်၊ အလယ်၊ အောက် ဆိုပြီး နည်းဗျူဟာ သုံးခု ရှိတယ်။ အောက်တန်းစား နည်းဗျူဟာကတော့ ဒီမှာပဲ အေးအေးဆေးဆေး စောင့်နေဖို့ပဲ။ သူတို့ ပြန်သွားမှ ငါတို့ ထွက်ကြတာပေါ့။ ဒါကို အောက်တန်းစား နည်းဗျူဟာလို့ ခေါ်ရတာက အားနည်းချက် နှစ်ခု ရှိလို့ပဲ။ ပထမတစ်ခုက အချိန် အရမ်းကြာမယ်။ သူတို့ ဒီမှာ ဘယ်လောက်ကြာကြာ စောင့်နေမလဲဆိုတာ ငါတို့ မသိဘူး။ ဒုတိယတစ်ခုကတော့ အန္တရာယ် ရှိတယ်။ တကယ်လို့ သူတို့က ဒီချိုင့်ဝှမ်းကနေ ဆုတ်ခွာသွားပြီး အပြင်ဘက်မှာပဲ ပုန်းအောင်း စောင့်ဆိုင်းနေမယ်ဆိုရင် ငါတို့ သိနိုင်မှာ မဟုတ်ဘူး။ ငါတို့ အပြင်ထွက်တဲ့အခါ အန္တရာယ်နဲ့ ကြုံရနိုင်ပြီး အထဲကို ပြန်ဝင်ဖို့လည်း နောက်ကျသွားလိမ့်မယ်" ဟု ရှင်းပြလိုက်သည်။
"ဒါတော့ မဖြစ်ဘူး... ငါ အဲဒီလောက် အကြာကြီး မစောင့်နိုင်ဘူး"
ယဲ့ပုဖန်က ဆက်လက်၍ "အလယ်အလတ် နည်းဗျူဟာလည်း ရှိသေးတယ်။ အဲဒါကတော့ ဒီမှာပဲ ကျင့်ကြံနေဖို့ပဲ။ သန့်စင်စမ်းရေကနေ ရရှိတဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိနေတော့ အပြင်မှာ ကျင့်ကြံတာထက် အဆပေါင်းများစွာ ပိုမြန်မှာ သေချာတယ်။ ငါတို့နှစ်ယောက်စလုံး အာကာသအဆင့် အလယ်အလတ်ကို ရောက်သွားပြီဆိုရင်တော့ အပြင်ထွက်ပြီး သူတို့ကို တိုက်လို့ ရပြီ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အစွမ်းရှိသွားတာပေါ့"
"ဒါလည်း မဖြစ်သေးဘူး။ ငါတို့မှာ သန့်စင်စမ်းရေ ရှိနေတယ် ဆိုပေမဲ့ အာကာသအဆင့် အစောပိုင်း ကနေ အလယ်အလတ်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ ဘယ်သူသိမှာလဲ။ ငါ့ဆရာတောင် အဲ့ဒီလို လုပ်ဖို့ အချိန် ၅နှစ် ယူခဲ့ရတာ"
လန်ချင်းချိုးက ယဲ့ပုဖန်ကို ကြည့်ကာ "မြန်မြန်ပြောစမ်းပါ... အထက်တန်းစား နည်းဗျူဟာက ဘာလဲ" ဟု မေးလိုက်၏။
"အထက်တန်းစား နည်းဗျူဟာကတော့ တူနှစ်ကိုယ် ကျင့်ကြံခြင်းပဲ"
ယဲ့ပုဖန်၏ မျက်နှာထက်၌ နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။ "ငါ့မှာ တူနှစ်ကိုယ် ကျင့်ကြံတဲ့ နည်းစနစ်တစ်ခု ရှိတယ်။ ငါတို့နှစ်ယောက် ခန္ဓာကိုယ်ချင်း ပေါင်းစပ်ပြီး ကျင့်ကြံမယ်ဆိုရင် ကျင့်ကြံမှု အရှိန်အဟုန်က သိသိသာသာ မြန်ဆန်လာလိမ့်မယ်။ မင်းကို အာကာသအဆင့် အလယ်အလတ် အထိ ရောက်အောင် ကူညီပေးဖို့ ရက်အနည်းငယ်ပဲ လိုလိမ့်မယ်။ အဲဒီအခါကျမှ ငါတို့ ဒီကနေ ထွက်ကြတာပေါ့"
"မဖြစ်ဘူး..."
လန်ချင်းချိုး၏ ဖြူစင်သော ပါးပြင်လေးများမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ အထက်တန်းစား နည်းဗျူဟာဆိုသည်မှာ ဤကဲ့သို့သော နည်းလမ်းဖြစ်လိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
ယဲ့ပုဖန်က လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်ကာ "မင်း မလုပ်နိုင်ဘူးဆိုရင်လည်း နေပေါ့။ ငါ စဉ်းစားလို့ ရတာကတော့ ဒါပဲ ရှိတယ်" ဟု ဆိုလိုက်သည်။
"တခြား နည်းလမ်း လုံးဝ မရှိတော့ဘူးလား"
"မင်း ဘယ်လို ထင်လို့လဲ... အပြင်မှာ သိုင်းပညာရှင်တွေ အများကြီး စောင့်နေတာတောင် ငါက အထက်၊ အလယ်၊ အောက် ဆိုပြီး နည်းဗျူဟာတွေ စဉ်းစားပေးထားနိုင်တာပဲ တော်လှပြီ"
ယဲ့ပုဖန်က တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ "မင်း တစ်ခုမှ လက်မခံဘူးဆိုရင်လည်း ငါ့ဘာသာငါပဲ ကျင့်ကြံတော့မယ်" ဟု ပြောပြီးသည်နှင့် အမှန်တကယ်ပင် ကျင့်ကြံလေတော့သည်။
ချီစွမ်းအင် ကျင့်စဉ်မှာ ရှေးဟောင်းဆေးပညာဂိုဏ်းမှ ဆင်းသက်လာသော အထွတ်အထိပ် ကျင့်စဉ် ဖြစ်ပေသည်။ လုံလောက်သော ဝိညာဉ်စွမ်းအင် ရှိနေသရွေ့ ကျင့်ကြံမှု အရှိန်အဟုန်မှာ မိုင်သောင်းချီ၍ မြန်ဆန်လှကာ သာမန်သိုင်းပညာ ကျင့်စဉ်များထက် အဆပေါင်း ရာနှင့်ချီ၍ သာလွန်ပေသည်။
ချီစွမ်းအင်များ လည်ပတ်လာသည်နှင့်အမျှ သန့်စင်စမ်းရေမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များက ငှက်တစ်ရာ အသိုက်ပြန်သကဲ့သို့ သူ၏ ကိုယ်တွင်းသို့ တိုးဝင်လာပြီးနောက် အဆက်မပြတ် လည်ပတ်နေသော ရွှေအမြုတေ အတွင်းသို့ စီးဝင်သွားလေတော့သည်။
လန်ချင်းချိုးမှာလည်း အခြားနည်းလမ်း မရှိတော့ချေ။ အပြင်ဘက်ရှိ လူများ ပြန်သွားမည့် အရိပ်အယောင် မတွေ့သဖြင့် သူမလည်း စမ်းရေကန်အနီး၌ ထိုင်ကာ ကျင့်ကြံနေလိုက်သည်။ သို့သော် သူမ ကျင့်ကြံသည်မှာ သာမန်သိုင်းပညာ ဖြစ်သဖြင့် ယဲ့ပုဖန်နှင့် နှိုင်းယှဉ်လျှင် အလွန်ပင် နှေးကွေးလှ၏။
အချိန် မည်မျှ ကုန်လွန်သွားသည် မသိရဘဲ ယဲ့ပုဖန်၏ စိတ်ထဲ၌ ဂျွတ်ကနဲ အက်ကွဲသံတစ်ခု ပေါ်ထွက်လာသည်။ သူ၏ အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်လာကာ ဒန်တျန် အတွင်းရှိ ရွှေအမြုတေမှာလည်း နှစ်ဆခန့် ကြီးထွားလာပြီး ရွှေအမြုတေအဆင့် တဖြစ်လဲ မြေကမ္ဘာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားချေပြီ။
"အဆင့်တက်သွားတဲ့ ခံစားချက်က အမှန်တကယ်ကို ကောင်းတာပဲ။ လုံလောက်တဲ့ ဝိညာဉ်စွမ်းအင် ရှိတာက တကယ်ပဲ ကွာခြားလှတယ်"
ယဲ့ပုဖန်က ထရပ်ကာ ကိုယ်လက် ဆန့်ထုတ်လိုက်ပြီး ကိုယ်တွင်းရှိ စွမ်းအားများကို ခံစားကြည့်လိုက်၏။ သူ၏ လက်ပတ်နာရီကို ကြည့်လိုက်ရာ ယခုတစ်ကြိမ် ကျင့်ကြံမှုမှာ လေးငါးနာရီခန့် ကြာမြင့်ခဲ့ပေသည်။
ထိုအချိန်တွင် သူ၏ဘေးမှ လန်ချင်းချိုးမှာလည်း မျက်လုံးဖွင့်လာ၏။ သူမသည် အစွမ်းကုန် ကြိုးစား ကျင့်ကြံခဲ့သော်လည်း စိတ်မတည်ငြိမ်သဖြင့် ကျင့်စဉ်အတွင်းသို့ မဝင်စားနိုင်ခဲ့ပေ။ ထို့ကြောင့် သူမ၏ ကျင့်ကြံမှုမှာ တိုးတက်မှု မရှိသလောက်ပင် ဖြစ်နေသည်။
"မင်း အဲဒီလောက် မြန်မြန် အဆင့်တက်သွားတာလား"
"ဟုတ်တယ်... ဒီမှာ ဝိညာဉ်စွမ်းအင်က အလျှံပယ် ရှိနေတာဆိုတော့ အဆင့်တက်တာ ပိုမြန်တာပေါ့"
ယဲ့ပုဖန်က မြေပြင်ပေါ်၌ ပြန်လည် ထိုင်ချလိုက်ကာ "ဒီလောက် ကောင်းတဲ့ သန့်စင်စမ်းရေ ရှိနေတာကို ငါတော့ အမိအရ အသုံးချပြီး ကျင့်ကြံရဦးမယ်" ဟု ဆိုလေသည်။
လန်ချင်းချိုးမှာမူ သူမ၏ နှုတ်ခမ်းနီလေးကို တင်းတင်းစေ့ထားမိသည်။ သူမသည် မေးခွန်းတစ်ခုကို အကြိမ်ကြိမ် စဉ်းစားနေခဲ့ခြင်းပင်။
၎င်းမေးခွန်းမှာ ယဲ့ပုဖန် ပြောသော အထက်တန်းစား နည်းဗျူဟာဖြစ်သည့် တူနှစ်ကိုယ် ကျင့်ကြံခြင်းကို လက်ခံပြီး ကျင့်ကြံမှုကို မြှင့်တင်သင့်သလား ဆိုသည်ပင်…။
သူမ၏ ရင်ထဲတွင်မူ ရှေ့မှ အမျိုးသားကို အမှန်တကယ်ပင် နှစ်သက်နေမိသည်။ သူက ချောမောရုံ သာမက စရိုက်ကောင်းမွန်ပြီး အရေးကြီးဆုံးမှာ သူမ၏ အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးခြင်းပင်။ ထို့အပြင် သူမသည် သူနှင့် ခန္ဓာကိုယ်ချင်း ပတ်သက်မှု ရှိထားပြီး ဖြစ်ရာ နောက်ထပ် အနည်းငယ် ပတ်သက်မိခြင်းမှာလည်း လက်ခံနိုင်စရာ ဖြစ်နေသည်။
ယဲ့ပုဖန်၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ အလွန်ပင် မြန်ဆန်နေသည်ကို မြင်သောအခါ သူမ နောက်ဆုံး၌ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် သူမသည် ဤနေရာ၌ ထာဝရ ပိတ်မိနေ၍ မဖြစ်ပေ။ သူမ၏ ဆရာသခင်မှာ အိမ်၌ သူမကို စောင့်ဆိုင်းနေသည် မဟုတ်ပါလား။
"ဟို... ခဏလောက် နေပါဦး"
သူမ ရင်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သော်လည်း မိန်းကလေးတစ်ဦး အနေဖြင့် ၊ အထူးသဖြင့် အေးစက်လှပသော သူမကဲ့သို့သောသူက ဤကဲ့သို့သော ကိစ္စမျိုးကို စတင်ပြောဆိုရန်မှာ အလွန်ပင် ရှက်စရာ ကောင်းလှသည်။ စကားပင် မပြောရသေးမီ သူမ၏ မျက်နှာလေးမှာ သွေးစက်လက် ကျလုမတတ် နီမြန်းနေချေပြီ။
ယဲ့ပုဖန်က မျက်လုံးဖွင့်ကြည့်ကာ "တစ်ခုခု ဖြစ်လို့လား" ဟု မေးလိုက်သည်။
လန်ချင်းချိုးက သွားလေးများကို ကြိတ်ကာ သူ၏ ဘေးနား၌ လာထိုင်လိုက်ပြီး "ငါ... မင်းနဲ့အတူ ကျင့်ကြံချင်တယ်" ဟု ဆိုလေသည်။
"ရတာပေါ့..." ယဲ့ပုဖန်က ထိုသို့ပြောပြီးနောက် မျက်လုံးပြန်မှိတ်ကာ ဘာမျှ ဆက်မလုပ်ဘဲ နေလိုက်၏။
"မင်း..."
သူ၏ အမူအရာကို မြင်သောအခါ လန်ချင်းချိုးမှာ ရှက်လည်းရှက် ၊ စိတ်လည်းဆိုးသွားရသည်။ သူသည် သူမ ဆိုလိုသည်ကို နားမလည်ကြောင်း သိသာလှ၏။
"ငါက... ငါလည်း ပိုပြီး မြန်မြန် အဆင့်တက်ချင်လို့ပါ"
မိန်းကလေးတစ်ဦး ဖြစ်သည့်အတွက် "တူနှစ်ကိုယ် ကျင့်ကြံခြင်း" ဆိုသည့် စကားလုံးကို ပြောမထွက်သဖြင့် သူမက အရိပ်အမြွက်များသာ ပေးနေမိသည်။ ထိုသို့ ပြောနေသည့်တိုင် သူမမှာ အလွန် ရှက်နေသဖြင့် သူမ၏ အသံမှာ ပုရွက်ဆိတ် အသံခန့်သာ ရှိတော့သည်။
"ရပါတယ်... မင်းသာ ကြိုးစားမယ်ဆိုရင် ကျင့်ကြံမှု အရှိန်က တိုးတက်လာမှာပါ"
သူက သူမ၏ ရည်ရွယ်ချက်ကို နားမလည်သေးသဖြင့် လန်ချင်းချိုးမှာ လူဆိုးလေးကို ဓားဖြင့်သာ ခုတ်သတ်ပစ်ချင်စိတ် ပေါက်နေတော့သည်။ သူမသည် သတ္တိကို မွေးကာ "ငါ ဆိုလိုတာက... မင်း ပြောတဲ့ အထက်တန်းစား နည်းဗျူဟာကို ငါ ရွေးချယ်ချင်တယ်လို့ ပြောတာ" ဟု အံကြိတ်ကာ ပြောလိုက်လေသည်။
"အထက်တန်းစား နည်းဗျူဟာက ဘာကြီးလဲ... ငါတောင် သိပ်မမှတ်မိတော့ဘူး"
ထိုအခါမှ ယဲ့ပုဖန်သည် အောင့်ထားသမျှကို မထိန်းနိုင်တော့ဘဲ အော်ဟစ်ကာ ရယ်မောလိုက်တော့သည်။
"လူဆိုးလေး... ငါ့ကို နောက်ပြောင်ရဲတယ်ပေါ့"
လန်ချင်းချိုးမှာ ရှက်ဒေါသ ထွက်သွားကာ ယဲ့ပုဖန်ကို မြေပြင်ပေါ်သို့ တွန်းလှဲလိုက်တော့သည်။ ယဲ့ပုဖန်ကလည်း သူမကို သူ၏ ရင်ခွင်အတွင်းသို့ ဆွဲသွင်းလိုက်ကာ တူနှစ်ကိုယ် ကျင့်ကြံခြင်း အစီအစဉ်ကြီးကို တရားဝင် စတင်လေတော့သည်။
တူနှစ်ကိုယ် ကျင့်ကြံခြင်း နည်းစနစ်မှာ အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှကာ နှစ်ဦးစလုံး၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ ဆတိုး မြင့်တက်လာတော့သည်။ သန့်စင်စမ်းရေများမှာ ဝိညာဉ်စွမ်းအင်များ အဖြစ် ပြောင်းလဲသွားကာ သူတို့၏ ကိုယ်တွင်းသို့ စီးဝင်သွားရာ စမ်းရေကန်အတွင်းရှိ ရေမျက်နှာပြင်မှာလည်း သိသိသာသာ လျော့နည်းသွားတော့သည်။
ယဲ့ပုဖန်၏ ကျင့်ကြံမှုမှာ မြေကမ္ဘာအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အစပိုင်းတွင် တိုးတက်မှု မြန်ဆန်လှ၏။ မိနစ် နှစ်ဆယ်၊ သုံးဆယ်အတွင်းမှာပင် မြေကမ္ဘာအဆင့် ပြည့်စုံခြင်းသို့ ရောက်ရှိသွားကာ အာကာသအဆင့်သို့ တက်လှမ်းရန် အဆင့်သင့် ဖြစ်နေချေပြီ။
သို့သော် ကျင့်ကြံမှု အရှိန် မြန်လွန်းပါက အခြေခံ မခိုင်မာဘဲ အနာဂတ်အတွက် ထိခိုက်နိုင်သည်ကို သိသဖြင့် ယဲ့ပုဖန်က ထိုနေရာ၌ပင် ရပ်တန့်လိုက်သည်။ ထို့နောက် စုပ်ယူရရှိသမျှ ဝိညာဉ်စွမ်းအင် အားလုံးကို လန်ချင်းချိုး၏ ကိုယ်တွင်းသို့သာ ပို့လွှတ်ပေးလိုက်တော့သည်။
ယဲ့ပုဖန်၏ အကူအညီဖြင့် လန်ချင်းချိုး၏ ကျင့်ကြံမှုမှာလည်း အလွန်ပင် တိုးတက်လာ၏။ သူမ၏ ဒဏ်ရာများမှာ အရှင်းပျောက်ကင်းသွားရုံမျှမက အာကာသအဆင့် အလယ်အလတ်သို့ ရောက်ရှိရန် အဟန့်အတားများကို စတင်၍ တိုက်ခိုက်လေတော့သည်။
***