မိုးကြိုးငါးသွယ် မကောင်းဆိုးဝါးနှင် အစီအရင်၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေစဉ် အတွင်း အနောက်တိုင်း မြေအောက်လောကမှ လူများ ထပ်မံ ရောက်ရှိလာရာ စုစုပေါင်း လူ ၃၀ ခန့် ရှိနေပြီ ဖြစ်သည်။
ထိုလူများသည် ဟောင်းဝပ်နှင့် ကျားသစ်နက်တို့၏ ဘေးတွင် ဝိုင်းရံနေကြ၏။ အစီအရင်အတွင်းမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို ခံစားမိသောအခါ ထိပ်ပြောင်လူသန်ကြီးက "တောက်... ဒီတရုတ်ကောင်တွေ သန့်စင်စမ်းရေကို သုံးပြီး ကျင့်ကြံနေကြတာ ဖြစ်ရမယ်" ဟု ဟစ်အော်လိုက်သည်။
ယာမာမိုတို ဆိုဂျီကမူ "ကျင့်ကြံလည်း ဘာဖြစ်မှာလဲ... သူတို့က သေမင်းတမန်ကို ကျော်နိုင်ပါ့မလား။ အစီအရင်ထဲက ခြေတစ်လှမ်း ထွက်လာတာနဲ့ သူတို့အတွက် သေတွင်းပဲ" ဟု ဆိုလေသည်။
ထိပ်ပြောင်လူသန်ကြီးက စိုးရိမ်တကြီးဖြင့် "ဒါပေမဲ့ သူတို့ ငါတို့ရဲ့ သန့်စင်စမ်းရေတွေကို အကုန် သုံးပစ်ရင် ဘယ်လိုလုပ်မလဲ" ဟု မေးရာ ကျားသစ်နက်က "မင်း ရူးနေလား... ဒီလောက်များတဲ့ သန့်စင်စမ်းရေတွေကို သူတို့က ဘယ်လိုလုပ် အကုန်သုံးနိုင်မှာလဲ။ သူတို့က နတ်ဘုရားတွေမှ မဟုတ်တာ" ဟု ပြန်ပြောလိုက်၏။
သေမင်းတမန် ဟောင်းဝပ်ကလည်း "စိတ်မပူကြနဲ့... သူတို့ ဘယ်လောက်ပဲ ရုန်းကန်ပါစေ ငါတို့လက်ထဲ ကနေ လွတ်မှာ မဟုတ်ဘူး" ဟု အေးစက်စက် ဆိုလိုက်ရာ ကျန်ရှိနေသော သူများကလည်း "ဟုတ်ပါတယ်... သေမင်းတမန် ပြောတာ မှန်ပါတယ်" ဟု တညီတညွတ်တည်း ထောက်ခံကြလေသည်။
ထိုလူအားလုံးမှာ ဟောင်းဝပ်နှင့် ကျားသစ်နက်တို့၏ နောက်ကွယ်မှ အကျိုးအမြတ် တစ်ခုခု ရလိုဇောဖြင့် စောင့်ဆိုင်းနေကြခြင်းပင်။
တစ်ညတာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ နောက်တစ်နေ့ နံနက်ခင်း နေမင်းကြီး ထွက်ပြူလာချိန်တွင် အစီအရင်အတွင်းမှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထပ်မံ ထွက်ပေါ်လာပြန်၏။
ယဲ့ပုဖန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ တစ်ညလုံး မနားတမ်း ကြိုးစားခဲ့ပြီးနောက် သူသည် လန်ချင်းချိုးကို အာကာသအဆင့် အလယ်အလတ်သို့ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ချေပြီ။ ယခုဆိုလျှင် ယဲ့ထျန်း အပါအဝင် သူတို့ဘက်၌ အာကာသအဆင့် အလယ်အလတ် သိုင်းပညာရှင် နှစ်ဦး ရှိနေပြီ ဖြစ်ရာ အပြင်ဘက်ရှိ လူများကို ရင်ဆိုင်ရန် ယုံကြည်ချက် အနည်းငယ် ရှိလာပြီ ဖြစ်သည်။
လန်ချင်းချိုးက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ယဲ့ပုဖန်ကို ကြည့်ကာ "ကျေးဇူးတင်ပါတယ်" ဟု ဆိုလေသည်။ ဤသို့ အဆင့်တက်လှမ်းနိုင်ခြင်းမှာ မည်မျှ တန်ဖိုးရှိသည်ကို သူမ ကောင်းစွာ သိသည်။
သူမ၏ ဆရာသခင်ပင်လျှင် အာကာသအဆင့် အစောပိုင်းမှ အလယ်အလတ်သို့ ရောက်ရန် ၅ နှစ်တိုင်တိုင် အချိန်ယူခဲ့ရသော်လည်း သူတို့နှစ်ဦးမှာမူ တစ်ညတည်းဖြင့် အောင်မြင်ခဲ့ခြင်း မဟုတ်ပါလား။
"ငါ့ကို ဘာလို့ အားနာနေတာလဲ... ခဏလောက် ထပ်ပြီး ကျင့်ကြံဦး။ ကျင့်ကြံမှု အဆင့်အတန်း တည်ငြိမ်သွားပြီဆိုမှ ငါတို့ အပြင်ထွက်ကြတာပေါ့"
လန်ချင်းချိုးက ခေါင်းညိတ်ပြကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အဝတ်အစားများကို ရှက်ကိုးရှက်ကန်းဖြင့် ကောက်စွပ်လိုက်ပြီး စမ်းရေကန်အနီး၌ ပြန်လည် ထိုင်ကာ ကျင့်ကြံနေလိုက်သည်။
ယဲ့ပုဖန်က သန့်စင်စမ်းရေကန်ကို ပြန်ကြည့်လိုက်ရာ သူတို့နှစ်ဦး ကျင့်ကြံမှုကြောင့် ရေ သုံးပုံတစ်ပုံခန့် လျော့နည်းသွားသည်ကို တွေ့လိုက်ရသည်။ ကျင့်ကြံခြင်းမှာ ဝိညာဉ်စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေသည်မှာ အမှန်ပင်။ လန်ချင်းချိုးမှာမူ ယခုအခါ ကျင့်ကြံမှုကို တည်ငြိမ်အောင် ပြုလုပ်နေရုံသာ ဖြစ်သဖြင့် ဝိညာဉ်စွမ်းအင် အများအပြား မလိုအပ်တော့ပေ။
ကျန်ရှိနေသော သန့်စင်စမ်းရေများကိုမူ သူ အလဟဿ အဖြစ်မခံတော့ဘဲ သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ အကုန်သိမ်းဆည်းလိုက်သည်။ ဤမျှများပြားသော သန့်စင်စမ်းရေများ ရှိနေသဖြင့် သူ၏ ကျင့်ကြံမှုကို တည်ငြိမ်အောင် ပြုလုပ်ပြီးလျှင် အချိန်မရွေး တာအိုခန္ဓာကို ဖွဲ့စည်းနိုင်ပေလိမ့်မည်။
နောက်ထပ် နှစ်နာရီခန့် ကြာသောအခါ လန်ချင်းချိုး၏ ကျင့်ကြံမှုမှာ အာကာသအဆင့် အလယ်အလတ်၌ လုံးဝ တည်ငြိမ်သွားချေပြီ။
"ရှောင်ဖန်... ငါ အခု အဆင့်တက်သွားပြီ ဆိုပေမဲ့ မင်းရဲ့ ကျင့်ကြံမှုက အားနည်းနေသေးတယ်။ ဒီအတိုင်း အပြင်ထွက်ရင် မင်းအတွက် အန္တရာယ် ရှိမလား"
ယဲ့ပုဖန်က "စိတ်မပူပါနဲ့... ငါ့မှာ စီစဉ်ထားတာ ရှိပြီးသား။ ငါ ပြောတဲ့အတိုင်းပဲ လုပ်ပါ" ဟု ပြောလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်မိုးကြိုးပုတီးစေ့ကို ပြန်လည် ရယူလိုက်ကာ မိုးကြိုးငါးသွယ် မကောင်းဆိုးဝါးနှင် အစီအရင်ကို ရုပ်သိမ်းလိုက်တော့သည်။
အပြင်ဘက်တွင် ပျင်းရိစွာ စောင့်ဆိုင်းနေကြသော လူများသည် မြူထုများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လျှင် မြင်ချင်း စိတ်လှုပ်ရှားသွားကြ၏။
ထိပ်ပြောင်လူသန်ကြီးက "သေမင်းတမန်... ကြည့်ပါဦး။ အစီအရင် ပျောက်သွားပြီ" ဟု ပထမဆုံး အော်ဟစ်လိုက်သည်။
"အချိန်အကြာကြီး ဆိုတော့ ဒီကောင်လည်း ဆက်မတောင့်ခံနိုင်တော့ဘူး ထင်တယ်..."
"သိပ်ကောင်းတာပဲ... အစီအရင် မရှိတော့ဘူးဆိုမှတော့ ဒီတရုတ်ကောင်ကို ငါ ဘယ်လို ပညာပေးမလဲ ကြည့်ထားလိုက်စမ်း..."
လူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကာ အထဲမှ ထွက်လာသော လူနှစ်ဦးကို ကြည့်၍ အော်ဟစ်နေကြတော့သည်။ ထိုစဉ် ယာမာမိုတို ဆိုဂျီ၏ မျက်နှာမှာ ပျက်သွားကာ "သေမင်းတမန်... သန့်စင်စမ်းရေကန်ကို ကြည့်ပါဦး" ဟု လှမ်းအော်လိုက်၏။
အားလုံးက ယဲ့ပုဖန်နှင့် လန်ချင်းချိုးကိုသာ အာရုံစိုက်နေကြရာမှ စမ်းရေကန်ကို လှည့်ကြည့်လိုက်သော အခါ အားလုံးမှာ မှင်တက်သွားကြရသည်။ တစ်ချိန်က ပြည့်လျှံနေသော သန့်စင်စမ်းရေများမှာ ယခုအခါ တစ်စက်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားချေပြီ။
"တောက်... ဒီကောင် ငါတို့ရဲ့ သန့်စင်စမ်းရေတွေကို အကုန်သုံးပစ်လိုက်ပြီ..."
"ဘုရားသခင်... သန့်စင်စမ်းရေတွေ အကုန်ကုန်သွားပြီဆိုတော့ ငါတို့ ဒီအထိ လာခဲ့တာ အလကား ဖြစ်ကုန်ပြီပေါ့"
သေမင်းတမန် ဟောင်းဝပ်နှင့် ကျားသစ်နက်တို့၏ မျက်နှာများမှာလည်း ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ သူတို့မှာ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာပြီး ဤမျှကြာအောင် စောင့်ဆိုင်းခဲ့ရသည်မှာ သန့်စင်စမ်းရေ အတွက် မဟုတ်ပါလား။
"မင်းတို့ သန့်စင်စမ်းရေတွေကို ဘယ်မှာ ထားလိုက်တာလဲ" ဟု ဟောင်းဝပ်က မေးလိုက်၏။
ယဲ့ပုဖန်က ခပ်အေးအေးပင် ရယ်မောလိုက်ကာ "ဘယ်မှာ ထားရမှာလဲ... အကုန် သုံးပစ်လိုက်တာပေါ့" ဟု ဆိုလေသည်။
"မင်းတို့ နှစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့ရေကို ဘယ်လိုလုပ် အကုန် သုံးနိုင်မှာလဲ"
ဟောင်းဝပ်၏ ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာသော်လည်း ယဲ့ပုဖန်ကမူ ဂရုမစိုက်ဘဲ ပြုံးလျက် "မတတ်နိုင်ဘူးလေ... ငါက ငယ်ငယ်ကတည်းက ရေချိုးရင် ရေအများကြီး သုံးတတ်တဲ့ အကျင့်ရှိလို့ပါ" ဟု ပြောင်ချော်ချော် ပြောလိုက်သည်။
မြေအောက်လောကစာရင်းတွင် နံပါတ်တစ် ဖြစ်သည့်အပြင် အနောက်တိုင်း မြေအောက်လောက၏ အရှင်သခင် တစ်ဦးဖြစ်သော ဟောင်းဝပ်မှာ ဤမျှလောက် ပြောင်ပြောင်တင်းတင်း စော်ကားခံရဖူးခြင်း မရှိပေ။ ထို့ကြောင့် သူသည် ဒေါသကို မထိန်းနိုင်တော့ဘဲ ဟစ်အော်လိုက်တော့သည်။
"မင်းကို ငါ သတ်ပစ်မယ်"
သူ၏ ဟစ်အော်သံနှင့်အတူ လက်ထဲမှ သေမင်းတံစဉ်မှာ အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ယဲ့ပုဖန်ထံသို့ ခုတ်ပိုင်းလာတော့သည်။
"ရှင်ကများ…"
လန်ချင်းချိုးကလည်း အသံကျယ်ကျယ် ဟစ်အော်ကာ သူမ၏ ရတနာဓားကို လျှပ်စီးအလား ထုတ်ချင်းခတ်၍ တားဆီးလိုက်၏။
"ထန်း... ထန်း... ထန်း..."
ခဏအတွင်းမှာပင် သူတို့နှစ်ဦးမှာ အကြိမ် ဒါဇင်နှင့်ချီ၍ အပြန်အလှန် တိုက်ခိုက်နေကြကာ အရှုံးအနိုင် မပေါ်ဘဲ ဖြစ်နေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ လူတိုင်းမှာ ထိတ်လန့်သွားကြရသည်။ လန်ချင်းချိုးသည် ယခင်က အာကာသအဆင့် သိုင်းပညာရှင် ဖြစ်သော်လည်း ယခုကဲ့သို့ အစွမ်းထက်ခြင်း မရှိခဲ့သလို လူအုပ်စု၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားခဲ့သည် မဟုတ်ပါလား။
ယခုမူ သူမ၏ ဒဏ်ရာများမှာ ပျောက်ကွယ်သွားရုံမျှမက ကျင့်ကြံမှုမှာလည်း သိသိသာသာ တိုးတက်လာသည်မှာ သန့်စင်စမ်းရေ၏ စွမ်းအား မည်မျှ ကြီးမားကြောင်း သက်သေပြနေခြင်းပင်။
ထိုအချက်ကပင် ဘေးပတ်ဝန်းကျင်မှ လူများကို ပို၍ ဒေါသထွက်စေသည်။ ဤတရုတ်လူမျိုး နှစ်ဦးကြောင့်သာ သန့်စင်စမ်းရေ တစ်ကန်လုံး ကုန်ဆုံးသွားရခြင်း မဟုတ်ပါလား။
ဟောင်းဝပ်မှာလည်း အံ့အားသင့်နေမိသည်။ ရှေ့မှ တရုတ်အမျိုးသမီး၏ ကျင့်ကြံမှုမှာ သူနှင့် တန်းတူ ရှိနေသည့်အပြင် သူမ၏ ဓားသိုင်းမှာလည်း အလွန်ပင် ကောင်းလှသဖြင့် သူ၏ တံစဉ်သိုင်းထက်ပင် ပို၍ ထက်မြက်နေသည်။ သူတို့နှစ်ဦး ၁၀ မိနစ်ခန့် တိုက်ခိုက်နေသော်လည်း အခြေအနေမှာ တင်းမာနေဆဲပင်။
ကျားသစ်နက်မှာမူ ဘေးမှနေ၍ သူတို့နှစ်ဦးကို ခပ်တည်တည် ကြည့်နေရင်း ယဲ့ပုဖန်ထံသို့ အကြည့် ပို့လိုက်သည်။ ဤကိစ္စတွင် တစ်ခုခု ထူးခြားနေသည်ဟု သူ ခံစားနေရ၏။ သန့်စင်စမ်းရေ တစ်ကန်လုံးမှာ ဤမျှ မြန်မြန် ကုန်ဆုံးသွားနိုင်ပါ့မလား။
ထို့နောက် သူ နည်းလမ်းတစ်ခု ရလိုက်သည်။ သူသည် ဟောင်းဝပ်နှင့် ပူးပေါင်း၍ လန်ချင်းချိုးကို အရင် သတ်ဖြတ်ကာ ယဲ့ပုဖန်ကို ဖမ်းဆီး၍ သန့်စင်စမ်းရေများ ရှိရာကို မေးမြန်းရန် ဆုံးဖြတ်လိုက်၏။ ထိုသို့တွေးကာ သူသည် တိုက်ပွဲကို အာရုံစိုက်လိုက်ပြီး အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်သည်။
ခဏအကြာတွင် လန်ချင်းချိုးမှာ သူ့ဘက်သို့ ကျောပေးထားသည့် အနေအထားသို့ ရောက်သွား၏။ ထိုအခိုက်အတန့်တွင် ကျားသစ်နက်သည် လျှပ်စီးအလား လှုပ်ရှားလိုက်ကာ သူမ၏ နောက်ကျောသို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
ဟောင်းဝပ်ကလည်း ကျားသစ်နက်၏ ရည်ရွယ်ချက်ကို သိရှိသွားကာ တံစဉ်ကို အစွမ်းကုန် ဝှေ့ယမ်း၍ လန်ချင်းချိုးအား အပိုင် တိုက်ခိုက်ကြတော့သည်။ သို့သော် လန်ချင်းချိုးမှာမူ သူမ၏ နောက်ကျောသို့ ရောက်လာသော ကျားသစ်နက်ကို လုံးဝ သတိမထားမိသည့်အလား ရှေ့မှ ဟောင်းဝပ်ကိုသာ အာရုံစိုက် တိုက်ခိုက်နေသည်။
သူ၏ တိုက်ခိုက်မှုမှာ အောင်မြင်တော့မည်ဟု ကျားသစ်နက်က ထင်မှတ်ထားသော်လည်း ရုတ်တရက် ဆိုသလို လူရိပ်တစ်ခုသည် သူ၏ နောက်ကျော၌ ပေါ်ထွက်လာကာ ပြင်းထန်သော လက်သီးချက် တစ်ခုက သူ၏ နောက်ကျောသို့ ကျရောက်လာတော့သည်။
ထိုလက်သီးချက်၏ စွမ်းအားမှာ ပြင်းထန်လွန်းလှသဖြင့် အာကာသအဆင့် အလယ်အလတ် သိုင်းပညာရှင် ဖြစ်သော ကျားသစ်နက်ပင်လျှင် တောင့်မခံနိုင်ခဲ့ပေ။
"ဂျွတ်..."
ကွဲအက်သံတစ်ခုနှင့်အတူ ကျားသစ်နက်၏ ကျောရိုးမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားကာ ရွှံ့စိုင်တစ်ခုအလား မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ထိုသို့ တိုက်ခိုက်လိုက်သူမှာ အခြားသူမဟုတ်... ယဲ့ထျန်းပင် ဖြစ်ပေသည်။ ပုစဉ်းရင်ကွဲကို ပုတ်သင်ညိုက ဖမ်းရန် ချောင်းနေသော်လည်း နောက်ကွယ်၌ သိန်းငှက်က စောင့်နေသည်ကို ကျားသစ်နက် သတိမထားမိခဲ့ပေ။
သူသည် လန်ချင်းချိုးကို အလစ်တိုက်ရန် စောင့်နေသကဲ့သို့ ယဲ့ပုဖန်ကလည်း ဤအခိုက်အတန့်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ အာကာသအဆင့် အလယ်အလတ် သိုင်းပညာရှင် တစ်ဦးကို သတ်ဖြတ်ရန်မှာ အလွန်ပင် ခက်ခဲလှသဖြင့် ယဲ့ပုဖန်သည် အပြင်မထွက်မီကတည်းက ဤအစီအစဉ်ကို ချမှတ်ထားခဲ့ခြင်း ဖြစ်ရာ ရန်သူမှာလည်း သူ၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းသွားရချေပြီ။
***