ယဲ့ပုဖန်က သူမ၏ နောက်ကျောဘက်မှ လှမ်း၍ အော်မေးလိုက်သည်။ "နောက်ကျရင် မင်းကို ငါ ဘယ်မှာ ရှာရမလဲ"
"ကျွန်မ သေချာစဉ်းစားပြီးတဲ့အခါကျရင် ရှင့်ကို လာရှာပါ့မယ်..."
လန်ချင်းချိုး၏ စကားသံအဆုံးတွင် သူမ၏ သွယ်လျလှပသော ပုံရိပ်လေးမှာ ကျယ်ပြောလှသော ဆီးနှင်းတောကမ္ဘာအတွင်းဝယ် ပျောက်ကွယ်သွားလေတော့သည်။
ယဲ့ပုဖန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်မိ၏။ ဤကာလအတွင်း သူသည် နည်းလမ်းအမျိုးမျိုး အသုံးပြုခဲ့သော်လည်း လန်ချင်းချိုးကို သူ့အနား၌ ဆွဲမထားနိုင်ခဲ့ပေ။ ထို့ကြောင့် ကံပါလျှင် တစ်နေ့ ပြန်ဆုံကြရန်သာ ဆုတောင်းရပေတော့မည်။
မကြာမီမှာပင် သူသည် အမွှေးတိုင် ထွန်းထားသော နေရာသို့ ရောက်ရှိလာသည်။ ရေခဲကြွက် ကာရာမှာ ရေခဲအိမ်လေး တစ်ခု ဆောက်ကာ အတွင်း၌ အေးအေးလူလူ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ သူ၏ လက်တစ်ဖက်တွင် ကြက်ပေါင်တစ်ခုကို ကိုင်ထားကာ ကျန်လက်တစ်ဖက်တွင်မူ ဗော့ဒ်ကာပုလင်းကို ကိုင်၍ နေပူစာလှုံရင်း ဇိမ်ကျနေလေသည်။
ယဲ့ပုဖန်က သူ၏ တင်ပါးကို တစ်ချက်ကန်၍ နှိုးလိုက်သည်။ "ထတော့... သွားမယ်"
"အာ... မစ္စတာယဲ့ ပြန်ရောက်လာပြီပဲ။ မြန်လှချေလား"
ကာရာက ပျာပျာသလဲ ထရပ်လိုက်ပြီး တစ်ဝက်ခန့် ကျန်ရှိနေသေးသော အမွှေးတိုင်ကို ငြှိမ်းလိုက်ကာ သူ၏ အသုံးအဆောင်များကို အလျင်အမြန် ထုပ်ပိုးတော့သည်။
မကြာမီမှာပင် သူတို့နှစ်ဦးမှာ အပြန်ခရီးကို စတင်ခဲ့ကြသည်။
"မစ္စတာယဲ့... ဘယ်လိုလဲ။ သန့်စင်စမ်းရေကို တွေ့ခဲ့လား"
ယဲ့ပုဖန်က ဘာမျှ ပြန်မပြောပေ။ ကာရာကလည်း သူ၏ ပါးကို သူကိုယ်တိုင် နှစ်ချက်ခန့် အသာအယာ ရိုက်လိုက်ပြီးနောက် ရယ်ကျဲကျဲဖြင့် ဆိုလေသည်။
"ကျွန်တော့်ပါးစပ်ကလည်း စပ်စုမိပြန်ပြီ။ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူးဗျာ"
အပြန်ခရီးမှာ အသွားခရီးထက် ပိုမိုမြန်ဆန်လှကာ နှစ်ရက်အတွင်းမှာပင် ကာရာ၏ ဇာတိမြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။ ယဲ့ပုဖန်က သူ၏ ဖုန်းကို ထုတ်ယူကာ ကာရာအား ပေးရန် ကျန်ရှိသော ဒေါ်လာငွေ ငါးသိန်းကို လွှဲပြောင်းပေးလိုက်၏။
"မစ္စတာယဲ့... တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျားကတော့ တကယ့်ကို သဘောကောင်းတဲ့သူပဲ"
ကာရာက ဖားသည့်လေသံဖြင့် "ကျွန်တော် ခင်ဗျားကို တစ်ခွက်လောက် ဧည့်ခံပါရစေလား" ဟု မေးရာ ယဲ့ပုဖန်က "မလိုပါဘူး... ကျေးဇူးတင်ပါတယ်။ ငါ အခုပဲ ပြန်တော့မယ်" ဟု ငြင်းပယ်လိုက်သည်။
ယဲ့ပုဖန်က ရှာရာပိုဗာထံသို့ ဖုန်းဆက်လိုက်ရာ ခဏအကြာတွင် စစ်ဘက်သုံး ဂျစ်ကားတစ်စီးမှာ ကာရာ၏ အိမ်ရှေ့သို့ ဆိုက်ရောက်လာတော့သည်။ ရှာရာပိုဗာကိုယ်တိုင် မြို့ထဲ၌ မရှိသဖြင့် အခြားသော စစ်ဗိုလ် တစ်ဦးက လာရောက်ကြိုဆိုခြင်း ဖြစ်၏။
ယဲ့ပုဖန် ကားပေါ်သို့ တက်သည်ကို မြင်သောအခါ ကာရာက နှမျောတသဟန်ဖြင့် "မစ္စတာယဲ့... ခင်ဗျားက ကျွန်တော် ကြုံဖူးသမျှထဲမှာ အပြတ်သားဆုံး ဖောက်သည်ပဲ။ ခင်ဗျားကို ကျေးဇူးတင်တဲ့ အနေနဲ့ လေဆိပ်အထိ လိုက်ပို့ပါရစေလား" ဟု ဆိုလေသည်။
"ကောင်းပြီလေ... တက်ခဲ့ပါ"
ယဲ့ပုဖန်က စစ်ဗိုလ်၏ သဘောထားကို မေးမြန်းပြီးနောက် ကာရာကို ကားပေါ်သို့ ခေါ်ဆောင်ခဲ့သည်။ သူတို့ သုံးဦးစလုံးသည် မြို့ပြင်ရှိ စစ်ဘက်သုံး လေဆိပ်သို့ အတူတူ ထွက်ခွာလာကြတော့သည်။
"မစ္စတာယဲ့... ခင်ဗျား ကျွန်တော့်ဆီကို နောက်တစ်ခါ လာလည်ဖို့ မျှော်လင့်ပါတယ်"
ကာရာသည် သူ၏ နီရဲနေသော နှာခေါင်းကြီးကို အကျင့်အတိုင်း တစ်ချက် ပွတ်သပ်လိုက်ကာ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။
ယဲ့ပုဖန်က သူ့ကို ကြည့်ကာ ခပ်ရေးရေး ပြုံးလိုက်သည်။ "တကယ်တော့ ငါတို့ နောက်တစ်ခါ မဆုံဖြစ်တော့ဖို့ပဲ ငါ မျှော်လင့်ပါတယ်"
ကာရာမှာ ခဏမျှ မှင်တက်သွားပြီးနောက် ရယ်မောလိုက်သည်။ "ခင်ဗျား ပြောတာ မှန်ပါတယ်... ယုန်တောင် ချေးမပါတဲ့ ဒီလိုနေရာမျိုးကို မလာရတာက ပိုကောင်းတာပေါ့"
ယဲ့ပုဖန်က ထပ်မံ ပြုံးလိုက်ပြီးနောက် လှည့်ထွက်ကာ ရဟတ်ယာဉ်ပေါ်သို့ တက်လိုက်တော့သည်။
မိနစ်အနည်းငယ် အကြာတွင် စစ်စိမ်းရောင် ရဟတ်ယာဉ်မှာ ကောင်းကင်ယံသို့ ပျံတက်သွားကာ ဆိုက်ဘေးရီးယားဒေသဆီသို့ ဦးတည် ပျံသန်းလေတော့သည်။ ကာရာသည် မြေပြင်ပေါ်၌ ရပ်နေရင်း သူ၏ မျက်နှာထက်၌ ထူးဆန်းသော အပြုံးတစ်ခု ဖြတ်ပြေးသွားကာ နောက်တစ်ကြိမ် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။
"ခင်ဗျားရဲ့ ခရီးစဉ်က ဘေးကင်းပါစေလို့ ဆုတောင်းပါတယ်"
ရဟတ်ယာဉ် ပျံတက်သွားပြီး မကြာမီမှာပင် မြေပြင်မှ ဒုံးကျည်အချို့သည် ရုတ်တရက် ထိုးတက်လာကာ ဒုံးကျည်တစ်ခုမှာ ရဟတ်ယာဉ်၏ လောင်စာကန်ကို တည့်တည့်မတ်မတ် ထိမှန်သွားတော့သည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ရဟတ်ယာဉ်တစ်စင်းလုံးမှာ မီးဟုန်းဟုန်းတောက်နေသော မီးလုံးကြီးအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံမှ မြေပြင်သို့ ထိုးဆင်းသွားတော့သည်။ ရဟတ်ယာဉ် ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသောအခါ စစ်အခြေစိုက်စခန်းတစ်ခုလုံးမှာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြ၏။
ကာရာကမူ ထိုနေရာ၌ ဆက်မနေတော့ဘဲ လှည့်ထွက်သွားလေတော့သည်။
အရှေ့ဖျား စစ်ဒေသ ဌာနချုပ်တွင် ရှက်ဗ်ချန်ကိုနှင့် ရှာရာပိုဗာတို့သည် ကြည်လင်ရွှင်ပျစွာ ထိုင်နေကြသည်။
"နတ်ဆေးဆရာယဲ့ကတော့ တကယ်ကို နာမည်နဲ့လိုက်အောင် စွမ်းတဲ့သူပဲ။ ငါ့ရဲ့ ခန္ဓာကိုယ်က အရင်ကထက် အများကြီး ပိုကောင်းလာပြီ။ အသက် တစ်ရာအထိ နေဖို့ဆိုတာ ဘာမှ မခက်တော့ဘူး"
ရှာရာပိုဗာကလည်း "ဒေါက်တာယဲ့က တကယ်ကို ထူးခြားတဲ့သူပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အစွမ်းထက်တဲ့ ဆေးပညာကို ပိုင်ဆိုင်ထားတာ ထူးခြားတယ်" ဟု ဆိုလေသည်။
ရှက်ဗ်ချန်ကိုက "ပြီးခဲ့တဲ့ တစ်ခေါက်က အချိန်မရလို့ ငါ သူ့ကို ကောင်းကောင်း မဧည့်ခံလိုက်ရဘူး။ ဒီတစ်ခါတော့ အိမ်ရှင်ကောင်း ပီပီသသနဲ့ သူ့ကို မူးအောင် တိုက်ဦးမယ်" ဟု အားရပါးရ ပြောနေစဉ်မှာပင် ရှာရာပိုဗာ၏ ဖုန်းမှာ ရုတ်တရက် မြည်လာတော့သည်။ သူမ ဖုန်းဖြေလိုက်သည်နှင့် သူမ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွား၏။
ဖုန်းခေါ်ဆိုမှုမှာ စစ်လေဆိပ်မှ ဖြစ်ကာ ရဟတ်ယာဉ် ပေါက်ကွဲသွားသည့် သတင်းဆိုးကို တင်ပြလာခြင်းပင်။
"တောက်... အစုတ်အလုပ်တွေ... မင်းတို့ ဘာတွေ လုပ်နေကြတာလဲ"
ရှာရာပိုဗာမှာ ဒေါသထွက်လွန်းသဖြင့် တုန်ရင်နေသည်။ "မစ္စတာယဲ့ရော... သူ ဘယ်လိုနေသေးလဲ"
တစ်ဖက်မှ အသံက တိုးညင်းစွာ ဖြေလာ၏။ "ရဟတ်ယာဉ် တစ်စင်းလုံး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတာပါ။ မစ္စတာယဲ့နဲ့ ကျွန်တော်တို့ လူနှစ်ယောက်စလုံး ဘာမှ မကျန်တော့ပါဘူး... အရိပ်အယောင်တောင် ရှာမတွေ့တော့ဘူး"
"တောက်... ဒါကို ဘယ်သူ လုပ်တာလဲဆိုတာ ချက်ချင်း စုံစမ်းစမ်း။ မိတဲ့သူကို ငါ့ရှေ့ ခေါ်လာခဲ့"
ရှာရာပိုဗာက ဖုန်းကို ဝုန်းကနဲ ချလိုက်သည်။ ရှက်ဗ်ချန်ကိုက တစ်ခုခု မှားယွင်းနေကြောင်း သိသဖြင့် "ဘာဖြစ်လို့လဲ" ဟု မေးလိုက်ရာ ရှာရာပိုဗာက "ခုနတင်ပဲ မစ္စတာယဲ့ ပြန်လာတဲ့ ရဟတ်ယာဉ်ကို တစ်စုံတစ်ယောက်က ဒုံးကျည်နဲ့ ပစ်ချလိုက်လို့ ပေါက်ကွဲသွားပြီတဲ့" ဟု ဖြေလိုက်၏။
"ဘာ... ငါ့ရဲ့ နယ်မြေထဲမှာ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရှက်ဗ်ချန်ကိုမှာ ထိုင်နေရာမှ ခုန်ထပြီး "ငါ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း... အခုချက်ချင်း လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်။ ဘယ်သူလုပ်တာပဲဖြစ်ဖြစ် အမြစ်ပြတ်အောင် ရှာရမယ်" ဟု ဟိန်းဟောက်လိုက်တော့သည်။
နာရီပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးသည့်တိုင် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတွင် မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ပေ။ တစ်ဖက်လူမှာ ကြိုတင်ပြင်ဆင်ထားကာ မည်သည့် သက်သေမျှ မကျန်အောင် လုပ်ဆောင်သွားခြင်း ဖြစ်သည်။
အခြားနည်းလမ်း မရှိတော့သဖြင့် ရှာရာပိုဗာသည် စီမာဝေထံသို့ ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်၏။ အကြောင်းမှာ ယဲ့ပုဖန်၏ အဆင့်အတန်းမှာ ထူးခြားလှကာ သူသည် သမားတော် တစ်ဦးသာမက ရွှမ်ယွမ်စံအိမ်၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် စီမာဝေအနေဖြင့် ယဲ့ပုဖန် အပေါ် ထားရှိသော ခံစားချက်မှာ သာမန်မဟုတ်ကြောင်းလည်း သူမ သိနေသည်။ ထို့ကြောင့် သူမက စီမာဝေကို ဖုန်းဆက်ရပေမည်။
ဖုန်းဝင်သွားသည်နှင့် စီမာဝေ၏ အသံထွက်ပေါ်လာသည်။ "ဟေ့... ရင်ထွားမ… နင် ငါ့ဆီ ဖုန်းဆက်ဖို့ ဘယ်လိုများ စဉ်းစားမိတာလဲ"
ရှာရာပိုဗာမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် "ဝေဝေ... ငါ နင့်ကို ပြောစရာ တစ်ခု ရှိတယ်" ဟု လေးနက်သော အသံဖြင့် ဆိုလေသည်။
"ပြောစရာရှိတာ ပြောလေ... ဘာလို့ ဒီလောက်တောင် ဝန်လေးနေတာလဲ"
စီမာဝေနှင့် ရှာရာပိုဗာတို့မှာ ယခင်က တာဝန်များကို အတူတူ ထမ်းဆောင်ခဲ့ဖူးသဖြင့် သူငယ်ချင်း အရင်းအချာများ ဖြစ်ကြသည်။
"ဒီလိုပါ... ငါတို့ဆီကို ရောက်နေတဲ့ ရွှမ်ယွမ်စံအိမ်က မစ္စတာယဲ့..."
ဤနေရာသို့ ရောက်သောအခါ ရှာရာပိုဗာမှာ ဆက်မပြောနိုင်တော့ပေ။ ယဲ့ပုဖန်မှာ သူမ၏ ဗိုလ်ချုပ်ကြီးကို ကုသပေးခဲ့သော်လည်း ယခုမူ ဤနေရာ၌ပင် သေဆုံးသွားခဲ့ရချေပြီ။ သူမအနေဖြင့် တရားခံများနှင့် ပတ်သတ်၍ မည်သည့် သဲလွန်စမျှ ရှာမတွေ့သေးရာ စကားကို မည်သို့ အစပြုရမည်မှန်း မသိတော့ချေ။
စီမာဝေက "ဘာဖြစ်လို့လဲ... ဘာလို့ ပြောရခက်နေတာလဲ။ ရင်ထွားမ... နင် ရှောင်ဖန်ကို သဘောကျသွားတာတော့ မဟုတ်ပါဘူးနော်။ ငါ ပြောထားမယ်... သူက ငါ့အပိုင်နော်" ဟု နောက်ပြောင်လိုက်၏။
ရှာရာပိုဗာက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာ အံကြိတ်၍ ပြောလိုက်သည်။ "ဝေဝေ... ငါ တကယ် တောင်းပန်ပါတယ်။ မစ္စတာယဲ့ရဲ့ ရဟတ်ယာဉ် ခုနတင်ပဲ ပေါက်ကွဲသွားပြီ"
"ဘာ... နင် ဘာပြောလိုက်တာလဲ။ နင် နောက်နေတာ မဟုတ်ဘူးမလား"
ဖုန်း၏ အခြားတစ်ဖက်မှ စီမာဝေ၏ လက်များမှာ စတင် တုန်ခါလာတော့သည်။
"ငါ နောက်နေတာ မဟုတ်ပါဘူး။ မစ္စတာယဲ့ရဲ့ ရဟတ်ယာဉ် ခုနတင်ပဲ ဗုံးခွဲခံလိုက်ရတာ" ဟု ရှာရာပိုဗာက ထပ်မံ ပြောကြားလိုက်၏။
"သူ ဘယ်မှာလဲ... သူ ဘယ်လိုနေသေးလဲ" ဟု စီမာဝေက အော်ဟစ်မေးမြန်းလိုက်သည်။
"ရဟတ်ယာဉ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတာပါ။ မစ္စတာယဲ့ အပါအဝင် လူသုံးယောက်စလုံး ဘာမှ မကျန်တော့ဘူး... အရိပ်အယောင်တောင် ရှာမတွေ့တော့ဘူး"
"မဖြစ်နိုင်တာ... ရှောင်ဖန် မသေနိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်တာ"
စီမာဝေသည် ဖုန်းထဲသို့ အော်ဟစ်လိုက်ကာ မျက်ရည်များမှာလည်း ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။
"ဝေဝေ... နင် ဝမ်းနည်းနေမှာကို ငါ သိပါတယ်။ ဒါပေမဲ့ ငါတို့ ဘာမှ မတတ်နိုင်တော့ဘူး။ လေယာဉ်က လုံးဝ ကြေမွသွားတာဆိုတော့ ဘယ်သူမှ အသက်ရှင်ဖို့ အခွင့်အရေး မရှိတော့ဘူး"
စီမာဝေက ရုတ်တရက် ငြိမ်သက်သွားကာ သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် မေးလိုက်သည်။ "ဒါကို ဘယ်သူ လုပ်တာလဲ... နင်တို့ သိပြီလား"
"ငါတို့မှာ သဲလွန်စ မရှိသေးဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့... ငါတို့ အစွမ်းကုန် စုံစမ်းပြီး နင့်ကို အဖြေပေးနိုင်ဖို့ တရားခံတွေကို အမိအရ ဖမ်းပြပါ့မယ်..."
ရှာရာပိုဗာ၏ စကားမဆုံးမီမှာပင် ဖုန်းမှာ ဂျောက်ကနဲ အဆက်အသွယ် ပြတ်တောက်သွားတော့သည်။ စီမာဝေသည် ဖုန်းကို ချလိုက်ကာ ယဲ့ပုဖန်၏ ဖုန်းနံပါတ်သို့ ရူးသွပ်စွာ ဆက်သွယ်နေသော်လည်း မည်သို့မျှ ခေါ်ဆို၍ မရတော့ပေ။
ခဏအကြာတွင် သူမသည် မှင်တက်စွာ ရပ်နေမိပြီး သူမ၏ စိတ်ထဲ၌ ယဲ့ပုဖန်၏ အသံ၊ ပုံရိပ်နှင့် ရယ်မောသံများသာ ပြည့်နှက်နေတော့သည်။
ဤအရာအားလုံးမှာ အစစ်အမှန် ဖြစ်သည်ဟု သူမ လုံးဝ မယုံကြည်နိုင်ပေ။
***