ဝမ်ရွှမ်ချဲ့သည် အပြင်ပန်းတွင် တည်ငြိမ်နေဟန် ရှိသော်လည်း သူ၏ ရင်ထဲ၌မူ ဗလောင်ဆူနေချေပြီ။
ယဲ့ပုဖန် တကယ်ပဲ သေသွားပြီလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အဆင့်မြင့် သိုင်းပညာရှင် ရှန်တုန်းလိုင်ကိုတောင် အလွယ်တကူ သတ်နိုင်ခဲ့တဲ့ သိုင်းပညာရှင် တစ်ယောက်က ဒီလောက် လွယ်လွယ်နဲ့ သေသွားနိုင်ပါ့မလား။
တစ်ချိန်တည်းမှာပင် သူသည် ယဲ့ပုဖန်၏ အရေးပါမှုကို ပိုမို ရှင်းလင်းစွာ သိမြင်လိုက်ရသည်။ ယဲ့ပုဖန် သူတို့နှင့်အတူ ရှိနေစဉ်အတွင်း ဝမ်မိသားစုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာကာ ကျန်းပေ့၏ နံပါတ်တစ် မိသားစုအဖြစ်ပင် သတ်မှတ်ခြင်း ခံခဲ့ရသည်။ သို့သော် သူသာ မရှိတော့လျှင် လူတိုင်း၏ စွန့်ပစ်ခြင်းကို ခံရတော့မည်ဖြစ်ကာ သူတို့၏ အဆင့်အတန်းမှာလည်း လှုပ်ခါသွားပေလိမ့်မည်။
ရှဟိုအောက်က ဆက်လက်၍ "ဝမ်ရွှမ်ချဲ့... ငါတို့အားလုံးက ကျန်းပေ့မြို့သားတွေ ဖြစ်ကြတဲ့အတွက် မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ အချက် သုံးချက်ကို သဘောတူမယ်ဆိုရင် ဝမ်မိသားစုဝင်တွေရဲ့ အသက်ကို ငါတို့ ချမ်းသာပေးမယ်" ဟု ဆိုလေသည်။
"ပထမအချက်က ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှု အားလုံးကို လွှဲပေးရမယ်"
ရှီဝန်စုန်းကလည်း "ဒုတိယအချက်က မင်းရဲ့ မိသားစုဝင်တွေ အကုန်လုံးကို ခေါ်ပြီး ကျန်းပေ့ကနေ အပြီးအပိုင် ထွက်သွားရမယ်။ ကျန်းပေ့မြေကို နောက်တစ်ခါ ခြေမချရတော့ဘူး" ဟု ထပ်လောင်း ပြောဆိုလိုက်၏။
"တတိယအချက်ကတော့ မင်းရဲ့ သမီး ဝမ်ရွှယ်နင်ကို ငါတို့လက်ထဲ အပ်ရမယ်"
ရှီထျန်းချီက ရမ္မက်ဇောဖြင့် ပြုံးကာ ဆိုလေသည်။ "သူမက အခု အပင်တစ်ပင်လို သတိမေ့နေတယ် ဆိုပေမဲ့လည်း ယဲ့ပုဖန်ရဲ့ မိန်းမပဲလေ။ သူမကို ကစားရတာက တစ်မျိုးလေး အရသာရှိမှာပဲ..."
ဝမ်ရှင်းယဲ့မှာ ဒေါသထွက်လွန်းသဖြင့် တုန်ရင်နေကာ "မင်းတို့ အိပ်မက်မက်နေတာပဲ... အခုချက်ချင်း လစ်လိုက်ကြတော့" ဟု ဟိန်းဟောက်လိုက်တော့သည်။
ရှီထျန်းချီကလည်း လှမ်း၍ အော်ဟစ်လိုက်၏။ "ဝမ်ရှင်းယဲ့... အကောင်းပြောနေတုန်း နားထောင်စမ်း။ ငါတို့က မင်းတို့ ဝမ်မိသားစုကို အသက်ရှင်ဖို့ အခွင့်အရေး ပေးနေတာ။ မြို့တော်က တုန်းမိသားစုက အခု ယဲ့ပုဖန်ရဲ့ အကြွင်းအကျန်တွေကို အမြစ်ပြတ် ရှင်းနေတာ။ မင်းတို့ သမီးနဲ့ အဲဒီကောင်ရဲ့ ပတ်သက်မှုကို ကြည့်ရင် မင်းတို့လည်း သေဖို့ပဲ ရှိတာ"
ရှီဝန်စုန်းကလည်း လှောင်ပြောင်သည့် အမူအရာဖြင့် "မြို့တော်က တုန်းမိသားစုအကြောင်း မင်းတို့ မသိတာ မဟုတ်ပါဘူး။ မင်းတို့လို ဝမ်မိသားစု သေးသေးလေးက သူတို့ကို ဆန့်ကျင်ရဲလို့လား။ သူတို့က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့ မင်းတို့ ဝမ်မိသားစုကို ပြာဖြစ်အောင် လုပ်နိုင်တယ်"
ဝမ်ရွှမ်ချဲ့၏ ရင်ထဲ၌ စိုးရိမ်မှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားချေပြီ။ မိသားစု အကြီးအကဲ တစ်ဦးအနေဖြင့် မြို့တော် တုန်းမိသားစုမှာ မည်မျှ ဩဇာကြီးကြောင်း သူ ကောင်းစွာ သိသည်။ တုန်းမိသားစုမှာ မြို့တော်တွင် ဒုတိယတန်းစား မိသားစုသာ ဖြစ်သော်လည်း ဝမ်မိသားစုထက်မူ အဆပေါင်းများစွာ သာလွန်လှ၏။
အခြားအရာများကို ထားဦးတော့...။ အစွမ်းပိုင်းတွင်ပင် ဝမ်မိသားစု၏ အစွမ်းထက်ဆုံး အကြီးအကဲမှာ ကောင်းကင်အဆင့် ကျင့်ကြံသူသာ ဖြစ်သော်လည်း တုန်းမိသားစုတွင်မူ အာကာသအဆင့် သိုင်းပညာရှင်များ ရှိနေလေသည်။
ယဲ့ပုဖန်သည် တုန်းမိသားစုကို မည်သို့ သွားရောက် စိန်ခေါ်ခဲ့သည်ကို သူ မသိသော်လည်း လက်ရှိ ကြုံတွေ့နေရသော ပြဿနာကိုမူ အရင်ဆုံး ဖြေရှင်းရပေတော့မည်။
သူသည် ရှေ့မှ လူများကို အေးစက်စက် ကြည့်ကာ "စိတ်မကောင်းပါဘူး... ငါတို့ ဝမ်မိသားစုက မင်းတို့ရဲ့ မတရားတဲ့ တောင်းဆိုမှုတွေကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။ ရှောင်ဖန် အခု လောလောဆယ် ဒီမှာ မရှိပေမဲ့ ငါတို့ ဝမ်မိသားစုက ကျန်းနန်ရဲ့ ထိပ်သီးမိသားစု တစ်ခုပဲ... ဘယ်သူကမှ လာပြီး ခြယ်လှယ်လို့ ရမှာ မဟုတ်ဘူး" ဟု ပြတ်သားစွာ ပြောလိုက်သည်။
အခြေအနေမှာ ဆိုးရွားနေသော်လည်း သူ၏ ရင်ထဲ၌ ယုံကြည်ချက် အချို့ ရှိနေသေးသည်။ အကြောင်းမှာ ယဲ့ပုဖန် မထွက်ခွာမီက ဝမ်မိသားစုအတွက် ဆေးလုံးအချို့ ပေးအပ်ခဲ့သဖြင့် မိသားစု၏ အကြီးအကဲ နှစ်ဦးမှာ ကောင်းကင်အဆင့် နောက်ဆုံးအဆင့်မှ ကောင်းကင်အဆင့် ပြည့်စုံခြင်းသို့ တက်လှမ်းနိုင်ခဲ့ကြသောကြောင့်ပင်။ သူတို့၏ အစွမ်းမှာ ရှဟိုအောက်ထက် မနိမ့်လှချေ။
"ဝမ်ရွှမ်ချဲ့... ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ။ မင်းက သေတွင်းတူးချင်မှတော့ ငါလည်း အညှာအတာ ထားနေမှာ မဟုတ်တော့ဘူး"
ရှဟိုအောက်က ပြောပြီးသည်နှင့် ခြေလှမ်းတစ်လှမ်း တိုးကာ ဝမ်ရွှမ်ချဲ့၏ မျက်နှာဆီသို့ လက်ဝါးဖြင့် ရိုက်နှက်လိုက်တော့သည်။
"လစ်လိုက်စမ်း"
ဒေါသတကြီး ဟောက်သံနှင့်အတူ ဝမ်မိသားစု၏ အကြီးအကဲ ကျန်းဟိုင်ချွမ်းသည် ဝမ်ရွှမ်ချဲ့၏ ရှေ့တွင် လျှပ်စီးအလား ပေါ်လာကာ ရှဟိုအောက်၏ လက်ဝါးကို ဆီးကြို တိုက်ခိုက်လိုက်၏။
လက်ဝါးနှစ်ဖက် ထိတွေ့သွားသောအခါ ဒုတ်ကနဲ အသံတစ်ခု ထွက်ပေါ်လာကာ နှစ်ဦးစလုံး နောက်သို့ အနည်းငယ် ဆုတ်သွားကြရသည်။ ဤတစ်ကွက်မှာမူ အရှုံးအနိုင် မပေါ်ခဲ့ပေ။
ကျန်းဟိုင်ချွမ်းက ရှဟိုအောက်ကို တားဆီးနိုင်သည်ကို မြင်သောအခါ ဝမ်ရွှမ်ချဲ့သည် စိတ်သက်သာရာ ရသွားတော့သည်။
"အားလုံးပဲ အခုချက်ချင်း ထွက်သွားကြစမ်း။ ရှောင်ဖန် မရှိရင်တောင် ငါတို့ ဝမ်မိသားစုက မင်းတို့လို လူမျိုးတွေ လာပြီး နှောင့်ယှက်လို့ ရတဲ့နေရာ မဟုတ်ဘူး"
ရှီဝန်စုန်းသည်လည်း ဝမ်မိသားစု၏ အစွမ်းမှာ ဤမျှ မြန်မြန် တိုးတက်လာလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် အံ့အားသင့်သွားရသည်။ သို့သော် ခဏအကြာတွင် သူက ပြန်လည် အော်ဟစ်လိုက်၏။
"ဝမ်ရွှမ်ချဲ့... မင်း ဝမ်းသာဖို့ စောလွန်းသေးတယ်။ ငါတို့ရဲ့ နောက်ကွယ်မှာ တုန်းမိသားစု ရှိနေတာကို မမေ့နဲ့ဦး"
ပြောပြီးသည်နှင့် သူသည် ဘေးနားရှိ ထိပ်ပြောင်လူသန်ကြီးကို လှည့်ကြည့်ကာ "မစ္စတာတုန်း... ခင်ဗျားပဲ လက်စွမ်းပြပေးပါဦး" ဟု ရိုသေစွာ တောင်းဆိုလိုက်သည်။
"မင်းတို့တွေကတော့ တကယ်ကို အသုံးမကျတာပဲ"
ထိပ်ပြောင်လူသန်ကြီးက နှာခေါင်းရှုံ့ကာ ဆိုလိုက်သော်လည်း ရှဟိုအောက်နှင့် ရှီဝန်စုန်းတို့မှာမူ မကျေနပ်သည့် အရိပ်အယောင်ပင် မပြရဲကြချေ။ ဤလူ၏ အမည်မှာ တုန်းနန်ဟွာ ဖြစ်ကာ တုန်းမိသားစုမှ စေလွှတ်လိုက်သော သိုင်းပညာရှင် တစ်ဦးပင် ဖြစ်သည်။
သူသည် ကျန်းဟိုင်ချွမ်း၏ ရှေ့သို့ လျှောက်သွားကာ "လစ်မလား... ဒါမှမဟုတ် သေမလား" ဟု အေးစက်စက် မေးလိုက်၏။
"မင်းက အတော်လေး မာန်တက်နေတာပဲ"
ကျန်းဟိုင်ချွမ်းက ဆိုကာ ထိုသူ၏ ရင်ဘတ်ဆီသို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။
အားလုံး အံ့အားသင့်သွားရသည်မှာ တုန်းနန်ဟွာသည် ထိုလက်ဝါးရိုက်ချက်ကို ရှောင်တိမ်းခြင်း မပြုဘဲ ခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ခံယူလိုက်ခြင်းပင်။
ဘုန်း...
သူသည် မတုန်မလှုပ် ရပ်နေသော်လည်း အစွမ်းကုန် တိုက်ခိုက်ခဲ့သော ကျန်းဟိုင်ချွမ်းမှာမူ နောက်သို့ မီတာ တစ်ဆယ်ကျော် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဒုတ်ကနဲ ပြုတ်ကျသွားတော့သည်။
"သူက... ခန္ဓာကိုယ် သန့်စင်ခြင်း ဂရန်းမားစတာပဲ"
ကျန်းဟိုင်ချွမ်းမှာ အလွန်ပင် ထိတ်လန့်သွားရသည်။ ခန္ဓာကိုယ် သန့်စင်ခြင်း ဂရန်းမားစတာ တစ်ဦးသာလျှင် သူ၏ လက်ဝါးရိုက်ချက်ကို ဘာဒဏ်ရာမှ မရဘဲ ခံယူနိုင်စွမ်း ရှိပေလိမ့်မည်။
တုန်းနန်ဟွာက မောက်မာသော အမူအရာဖြင့် "အားနည်းလွန်းတယ်... ဒီထက် ပိုအစွမ်းထက်တဲ့သူ မရှိတော့ဘူးလား" ဟု မေးလိုက်၏။
ထိုအခါ ဝမ်မိသားစုဝင်များ အားလုံးမှာ မှင်တက်သွားကြကာ သူတို့၏ စိတ်နှလုံးများမှာလည်း အောက်ခြေသို့ ဆိုက်ဆင်းသွားရတော့သည်။ ကျန်းဟိုင်ချွမ်းပင်လျှင် သူ၏ တစ်ကွက်ကို မခံနိုင်ပါက သူတို့ မည်သို့ ရင်ဆိုင်နိုင်တော့မည်နည်း။
ရှီထျန်းချီကမူ အောင်နိုင်သူပမာ "ဘယ်လိုလဲ... အညံခံပြီလား။ အခုချက်ချင်း ဝမ်ရွှယ်နင်ကို လွှဲပေးစမ်း... မဟုတ်ရင်တော့ မင်းတို့အားလုံး သေရလိမ့်မယ်" ဟု ဟစ်အော်လိုက်သည်။
"စကားကိုတော့ အတော်လေး ပြောတာပဲ"
ထိုစဉ် ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ဆရာကြီးကဲ့သည် သူ၏ တပည့်များနှင့်အတူ ရောက်ရှိလာတော့သည်။ ဝမ်ရွှမ်ချဲ့သည် ဆရာကြီးကဲ့ကို မြင်သောအခါ စိတ်သက်သာရာ ရသွားကာ "ဆရာကြီးကဲ့... ရောက်လာပြီပဲ" ဟု ဝမ်းသာအားရ ဆီးကြိုနှုတ်ဆက်လိုက်၏။
ဆရာကြီးကဲ့မှာ ယဲ့ပုဖန်၏ တပည့် ဖြစ်သလို မှော်ပညာသခင် တစ်ဦး ဖြစ်သဖြင့် ဝမ်မိသားစု၏ ကပ်ဘေးကို ကူညီကျော်ဖြတ်ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။
ဆရာကြီးကဲ့သည် ယဲ့ပုဖန်နှင့် ဝမ်ရွှယ်နင်တို့၏ ပတ်သက်မှုကို သိရှိထားသူ ဖြစ်ရာ ဝမ်မိသားစု ဒုက္ခရောက်နေသည်ဟု ကြားသည်နှင့် ချက်ချင်းပင် လာရောက်ကူညီခြင်း ဖြစ်သည်။ သူသည် ရှီထျန်းချီကို စိုက်ကြည့်ကာ "မင်းက ခုနက ငါ့ရဲ့ ဆရာကတော်ကို စော်ကားခဲ့တဲ့ကောင်လား” ဟု မေးလိုက်၏။
ရှဟိုအောက်က လှမ်း၍ အော်ဟစ်လိုက်သည်။ "ကဲ့ဝန်ကုန်း... မင်းက ကျန်းပေ့မှာ နာမည်ကြီး မှော်ပညာရှင် တစ်ယောက်ပဲ။ မင်းရဲ့ အသက်အရွယ်နဲ့ ဒီလောက် ငယ်တဲ့ ကောင်လေးကို ဆရာလို့ ခေါ်ပြီး ကောင်မလေး တစ်ယောက်ကို ဆရာကတော် လို့ ခေါ်နေတာ မရှိဘူးလား”
"ဆရာတပည့်မှာ အသက် ငယ်တာ ၊ ကြီးတာ မရှိဘူး။ တကယ်လို့ ငါ့ဆရာ မရှိရင် ငါလည်း ဒီနေ့ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး"
ဆရာကြီးကဲ့က ဒေါသတကြီးဖြင့် ဆိုလေသည်။ ထို့နောက် သူက အားလုံးကို ဝေ့၍ ကြည့်ကာ ကြေညာလိုက်သည်။
"ဒီနေ့ ဝမ်မိသားစုကို ထိတဲ့သူဟာ ငါ ကဲ့ဝန်ကုန်းရဲ့ ရန်သူပဲ"
"ကဲ့ဝန်ကုန်း... ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် တကယ့် ဂရန်းမားစတာကြီးလို့ ထင်နေတာလား"
ရှီထျန်းချီက မေးလိုက်၏။ သူသည် ယခင်က ဆရာကြီးကဲ့ထံသို့ သွားရောက်ခဲ့စဉ်က အဝင်မခံခဲ့သဖြင့် အငြိုးအတေး ရှိနေသူ ဖြစ်ရာ ယနေ့၌ လက်စားချေရန် အခွင့်အရေး ရရှိသွားချေပြီ။
"မစ္စတာတုန်း… ဒီမှာ ရှိနေတာကို ခင်ဗျား မမြင်ဘူးလား။ ခင်ဗျား မာန်တက်ရမယ့် အလှည့် မဟုတ်သေးဘူး"
ပြောပြီးသည်နှင့် သူက တုန်းနန်ဟွာ၏ ဘေးသို့ ပြေးသွားကာ "မစ္စတာတုန်း... ဒီအဘိုးကြီးက ကဲ့ဝန်ကုန်းပဲ။ သူက ယဲ့ပုဖန်ရဲ့ တပည့်ပါ" ဟု ကုန်းချောလိုက်တော့သည်။
"ယဲ့ပုဖန်နဲ့ ပတ်သက်တဲ့သူမှန်သမျှ သေရမယ်"
တုန်းနန်ဟွာက ထိုကဲ့သို့ ဆိုကာ ဆရာကြီးကဲ့ထံသို့ လျှောက်လှမ်းသွားတော့သည်။
"အပြောကြီးလှချေလား... မင်းမှာ ဘာအစွမ်းရှိလဲ ကြည့်ရသေးတာပေါ့"
ဆရာကြီးကဲ့၏ ဒေါသမှာ ပေါက်ကွဲသွားကာ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲလှံ ဒါဇင်နှင့်ချီ၍ တုန်းနန်ဟွာထံသို့ တိုးဝင်သွားတော့သည်။ ထိုရေခဲလှံ တစ်ခုချင်းစီမှာ သံမဏိလှံများအလား အစွမ်းထက်လှကာ လေထုကို ဖြတ်သန်းသွားသော အသံမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။
သို့သော် တုန်းနန်ဟွာကမူ ထိုရေခဲလှံများကို ကြည့်ပင် မကြည့်ဘဲ သူ၏ ခန္ဓာကိုယ် အစွမ်းကိုသာ ယုံကြည်၍ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေသည်။
ဘုန်း... ဘုန်း... ဘုန်း...
လှံ ဒါဇင်ပေါင်းများစွာသည် တုန်းနန်ဟွာ၏ ကိုယ်ပေါ်သို့ တစ်ခုပြီး တစ်ခု စိုက်ဝင်သွားသော်လည်း ရေခဲစများအဖြစ် ကြေမွသွားရုံသာ ရှိပြီး သူ့ကို ဘာဒဏ်ရာမှ မပေးနိုင်ခဲ့သလို သူ၏ ခြေလှမ်းများကိုလည်း မတားဆီးနိုင်ခဲ့ပေ။
"တကယ်ကို အစွမ်းရှိတာပဲ..."
ဆရာကြီးကဲ့၏ မျက်နှာမှာ တည်ကြည်သွားရသည်။ တစ်ဖက်လူမှာ ခန္ဓာကိုယ် သန့်စင်ခြင်း ဂရန်းမားစတာ ဖြစ်သည့်အပြင် အလွန်ပင် မြင့်မားသော ကျင့်ကြံမှု ရှိနေသည် မဟုတ်ပါလား။
"ဒါဆိုရင် မင်း ဒီလျှပ်စီးကိုရော ခံနိုင်မလား ကြည့်ကြတာပေါ့"
သူသည် လက်အမူအရာများကို လျင်မြန်စွာ ပြောင်းလဲလိုက်ရာ လက်မခန့်ရှိသော မိုးကြိုးတန်း တစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာကာ တုန်းနန်ဟွာ၏ ထိပ်ပြောင်ပြောင် ခေါင်းပေါ်သို့ ကျရောက်သွားတော့သည်။
သို့သော် တုန်းနန်ဟွာကမူ အေးအေးလူလူပင် ရှေ့သို့ ဆက်လျှောက်လာနေဆဲ...။ ဖြောင်း... ဖြောင်း... ဟူသော လျှပ်စစ်သံများနှင့်အတူ မိုးကြိုးတန်းမှာ သူ၏ ခေါင်းပေါ်၌ ပျောက်ကွယ်သွားကာ သူ၏ အကာအကွယ်ကို မဖောက်ထွင်းနိုင်ခဲ့သလို မည်သည့် ဒဏ်ရာမျှလည်း မရရှိခဲ့ပေ။
***