သူ ဆင့်ခေါ်လိုက်သော မိုးကြိုးမှာ ရန်သူ့အပေါ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိသည်ကို မြင်လျှင် ဆရာကြီးကဲ့၏ မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
ယေဘုယျအားဖြင့် ဆိုလျှင် မှော်ပညာသခင် တစ်ဦးသည် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရပါက အကွာအဝေး တစ်ခု ရရှိထားလျှင် အသာစီး ရလေ့ရှိပေသည်။ သို့သော် ယင်းမှာ အဆင့်အတန်း တူညီမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ယခုမူ သူတို့နှစ်ဦးကြားရှိ စွမ်းအား ကွာခြားချက်မှာ အလွန်ပင် ကြီးမားလွန်းလှ၏။
ဆရာကြီးကဲ့မှာ မှော်ပညာသခင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ မကြာသေးဘဲ မြေကမ္ဘာအဆင့် ပြည့်စုံခြင်း အစွမ်းသာ ရှိသေးသည်။ ဤအခြေအနေမျိုး၌ သူ့အား အချိန် မည်မျှပင် ပေးထားစေကာမူ အာကာသအဆင့် ရန်သူ့အား မည်သို့မျှ အနိုင်ယူနိုင်စွမ်း ရှိမည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် တုန်းနန်ဟွာသည် ဆရာကြီးကဲ့၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ ရင်ဘတ်ဆီသို့ လက်သီးဖြင့် အရှိန်ပြင်းစွာ ထိုးနှက်လိုက်တော့သည်။ ထိုလက်သီးချက်မှာ ရိုးရှင်းလှသော်လည်း အလွန်ပင် လျင်မြန်လှ၏။
ဆရာကြီးကဲ့အနေဖြင့် ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ နောက်သို့ လွင့်ထွက်သွားကာ လေပေါ်မှာပင် သွေးတစ်လုပ် အန်ထုတ်လိုက်ရလေသည်။
သူ၏ တပည့်များက သူ့ကို မြေပြင်ပေါ်မှ ပျာပျာသလဲ ထူပေးကြသော်လည်း ဆရာကြီးကဲ့မှာ မျက်နှာ တစ်ခုလုံး ဖြူလျော်နေကာ ပြင်းထန်သော ဒဏ်ရာကို ရရှိသွားချေပြီ။ သူသည် ပြန်လည် တိုက်ခိုက်ရန် အင်အား မရှိတော့သည်မှာ သိသာလှပေသည်။
ဆရာကြီးကဲ့ ဒဏ်ရာရသွားသည်ကို မြင်လျှင် ရှဟိုအောက်က အားရပါးရ ရယ်မောလိုက်တော့သည်။
"ကဲ့ဝန်ကုန်း... မင်း မှင်တက်သွားပြီ မဟုတ်လား။ မင်းရဲ့ အောက်တန်းစား မှော်အတတ်တွေက မစ္စတာတုန်းရဲ့ ရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး။ မင်းအတွက် လမ်းကောင်းတွေ ရှိပါလျက်နဲ့ မလျှောက်ဘဲ အဲဒီ ယဲ့ပုဖန်နောက် လိုက်ပြီး သေတွင်းတူးချင်တာကိုး... ကောင်းပြီလေ။ အခုပဲ မင်းကို သေမင်းဆီ ပို့ပေးလိုက်မယ်"
ပြောပြီးသည်နှင့် သူသည် ဆရာကြီးကဲ့၏ မျက်နှာဆီသို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။ ထိုတိုက်ကွက်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ အပြည့်ပါဝင်နေကာ ကဲ့ဝန်ကုန်းအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ထင်ရှားလေသည်။
"ငါ့တပည့်ကို သတ်ဖို့ မင်းမှာ အရည်အချင်း မရှိသေးဘူး"
အေးစက်စက် ဟိန်းဟောက်သံတစ်ချက်နှင့်အတူ ရေခဲလှံတစ်စင်းသည် လေထုထဲ၌ ရုတ်တရက် ပေါ်ထွက်လာသည်။
ဆရာကြီးကဲ့ ဆင့်ခေါ်လိုက်သော ရေခဲလှံကြီးနှင့် နှိုင်းယှဉ်လျှင် ဤတစ်စင်းမှာ ပိုမို သေးငယ်သော်ငြား ပြင်းထန်သော ဖိအားကို ပေးစွမ်းနေ၏။ ရှဟိုအောက် သတိထားမိချိန်တွင် ရှောင်တိမ်းရန် နောက်ကျသွားပြီ ဖြစ်ရာ သူသည် ရှိသမျှ အင်အားကို စုစည်း၍ ရေခဲလှံကို လက်သီးဖြင့် ပြန်လည် တိုက်ခိုက်လိုက်ရုံသာ တတ်နိုင်တော့သည်။
"ရွှပ်..."
တိုးညင်းသော အသံတစ်ခုနှင့်အတူ သွေးစက်များ ဖြာထွက်သွားတော့သည်။ ရေခဲလှံမှာ ရှဟိုအောက်၏ လက်မောင်းကို ထိုးဖောက်သွားရုံမျှမက သူ့ကို မီတာ တစ်ဆယ်ကျော် လွင့်ထွက်သွားစေကာ ဝမ်မိသားစု အိမ်ရှေ့ရှိ သစ်ပင်ကြီးတွင် သွားစိုက်စေတော့သည်။
"အာ..."
ရှိနေသူအားလုံးမှာ အံ့အားသင့်ကာ အသက်ရှူပင် မှားသွားကြရသည်။ မှော်အတတ်ဖြင့် ဆင့်ခေါ်လိုက်သော ရေခဲလှံမှာ ဤမျှလောက် စွမ်းအား ပြင်းထန်လိမ့်မည် ဟု မည်သူမျှ မထင်မှတ်ထားကြပေ။
၎င်းမှာ ဒဏ္ဍာရီလာ လက်နက်ကောင်းတစ်ခုအလား အစွမ်းထက်လှသည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် အားလုံးသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြရာ လှံတစ်စင်းကဲ့သို့ မတ်မတ်ရှိနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ထိုသူကား ယဲ့ပုဖန်ပင် ဖြစ်ချေတော့သည်။
"ယဲ့ပုဖန်... မင်း မသေဘူးလား"
သူ့ကို မြင်သည်နှင့် ရှီဝန်စုန်းနှင့် ရှီထျန်းချီတို့မှာ တစ်ကိုယ်လုံး တုန်ရင်လာကာ ဘောင်းဘီထဲ ဆီးပင် ထွက်ကျမတတ် ဖြစ်သွားကြရသည်။ ထိုနှစ်ယောက်မှာ ဝမ်မိသားစုကို ရဲရဲတင်းတင်း လာရောက် တိုက်ခိုက်ရဲခြင်းမှာ တုန်းမိသားစုက ယဲ့ပုဖန် သေဆုံးသွားပြီဟု အကြိမ်ကြိမ် အတည်ပြုပေးခဲ့သောကြောင့်ပင်။
မဟုတ်လျှင်မူ သူတို့မှာ အသက်ပေါင်း ဒါဇင်ပေါင်းများစွာ ရှိနေစေဦးတော့... ယခုကဲ့သို့ လုပ်ရဲကြမည် မဟုတ်ပေ။
သို့သော် ယခုမူ ယဲ့ပုဖန်မှာ မသေသေးရုံသာမက တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ သူတို့ရှေ့၌ ပေါ်လာချေပြီ။ ထို့အပြင် သူ၏ လုပ်ရပ်မှာ ယခင်ကထက် ပိုမို ပြတ်သားကာ ရောက်ရောက်ချင်းမှာပင် ရှဟိုအောက်ကို သတ်ဖြတ်လိုက်လေပြီ။
အခြားတစ်ဖက်တွင်မူ ဝမ်မိသားစုဝင်များနှင့် ဆရာကြီးကဲ့တို့မှာ ဝမ်းသာလွန်းသဖြင့် အော်ဟစ်မိမတတ် ဖြစ်သွားကြ၏။ ယဲ့ပုဖန်ကို မြင်လိုက်ရသည်နှင့် သူတို့အားလုံး၏ ရင်ထဲ၌ ယုံကြည်ချက်များ ပြန်လည် ပြည့်နှက်လာတော့သည်။
ဆရာကြီးကဲ့မှာ ယဲ့ပုဖန်ထံသို့ အားယူ၍ လျှောက်သွားကာ ရှက်ရွံ့စွာဖြင့် ဆိုလေသည်။ "ဆရာ... တပည့်က ဆရာ့ရဲ့ သိက္ခာကို ညှိုးနွမ်းစေခဲ့ပါပြီ"
"ဘာတွေ ဖြစ်နေတာလဲ... မင်း ဘယ်လိုဖြစ်လို့ ဒဏ်ရာရသွားတာလဲ။ ပြီးတော့ ဒီလူတွေက ဘာလို့ ဒီမှာ ရှိနေကြတာလဲ"
ယဲ့ပုဖန်က မေးလိုက်သည်။ သူသည် ယခုလေးတင် ရောက်ရှိလာခြင်း ဖြစ်ရာ အစောပိုင်းက ကိစ္စများကို မသိရှိသေးပေ။
"မစ္စတာယဲ့... ဒီလိုပါ။ ဒီလူတွေက မစ္စတာယဲ့ သေသွားပြီလို့ ပြောပြီး ကျွန်တော်တို့ မိသားစုကို လာပြီး ဒုက္ခပေးနေကြတာ..." ဝမ်ရှင်းယဲ့က အလျင်အမြန် ရှင်းပြလိုက်၏။
ထိုစကားကို ကြားလျှင် ယဲ့ပုဖန်၏ ရင်ထဲ၌ ဒေါသမီးများ ဟုန်းကနဲ တောက်လောင်သွားကာ ရှီဝန်စုန်းနှင့် ရှီထျန်းချီ မြေးအဖိုးကို လှည့်ကြည့်လိုက်သည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က ငါ မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးခဲ့တယ်။ ဒါပေမဲ့ မင်းတို့က နောင်တမရဘဲ ငါ့ရဲ့ မိန်းမကိုတောင် ကြံစည်ရဲတယ်ပေါ့"
"ဒါက..."
ရှီထျန်းချီမှာ ယဲ့ပုဖန်၏ အကြည့်နှင့် ဆုံသည်နှင့် တစ်ကိုယ်လုံး တုန်ရင်သွားကာ စကားပင် မဟရဲတော့ဘဲ တုန်းနန်ဟွာ၏ နောက်ကွယ်သို့ အမြန် ပုန်းအောင်းလိုက်ရတော့သည်။
ရှီဝန်စုန်းကမူ အနည်းငယ် ပို၍ တည်ငြိမ်ကာ လှမ်း၍ အော်ဟစ်လိုက်၏။ "ယဲ့ပုဖန်... မင်း မသေသေးလည်း ဘာဖြစ်လဲ။ ဒီတစ်ခါ မင်း စော်ကားမိတာက မြို့တော်က တုန်းမိသားစုပဲ။ မင်း တုန်းမိသားစုအကြောင်း သိရဲ့လား... သူတို့က မင်းကို ပုရွက်ဆိတ်တစ်ကောင်လို ချေမှုန်းပစ်နိုင်တယ်..."
သူ၏ စကားမဆုံးမီမှာပင် ရေခဲလှံတစ်စင်းသည် သူ၏ မျက်စိရှေ့၌ ပေါ်လာကာ လည်ပင်းကို ချက်ချင်းပင် ထိုးဖောက်သွားတော့သည်။
"ဒါက မင်းဘာသာမင်း သေတွင်းတူးတာပဲ"
ယဲ့ပုဖန်သည် ရှီဝန်စုန်းကို ကြည့်ပင်မကြည့်တော့ဘဲ တုန်းနန်ဟွာဘက်သို့ လှည့်ကာ "မြို့တော်က တုန်းမိသားစု... ငါနဲ့ မင်းတို့ကြားမှာ ဘာရန်ငြိုးတွေ ရှိလို့လဲ" ဟု မေးလိုက်၏။
"ကောင်လေး... မင်း အသက်ရှင်နေသေးလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး... အခုပဲ မင်းကို ငါ့လက်ဝါးနဲ့ သတ်ပေးလိုက်မယ်"
တုန်းနန်ဟွာက ယဲ့ပုဖန်၏ မေးခွန်းကို မဖြေဘဲ ရှေ့သို့ လျှောက်လှမ်းလာသည်။ သူ၏ အမြင်တွင် ရှေ့မှ နုနယ်သော လူငယ်လေးကို ချေမှုန်းရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသည်ထက် မခက်ခဲဟု ထင်မှတ်နေခြင်းပင်။
ဆရာကြီးကဲ့က တိုးညင်းစွာ သတိပေးလိုက်၏။ "ဆရာ... သတိထားပါ။ ဒီကောင်က တကယ် အစွမ်းထက်တယ်။ သူက ခန္ဓာကိုယ် သန့်စင်ခြင်း ဂရန်းမားစတာ ဖြစ်တဲ့အပြင် ခုနက တပည့်ရဲ့ မိုးကြိုးမှော်အတတ်ကိုတောင် မကြောက်ဘူး"
"ဟုတ်လား... ဒါဆိုရင် ငါ့ရဲ့ မိုးကြိုးကိုရော သူ ဘယ်လောက်အထိ ခံနိုင်မလဲ ကြည့်ရသေးတာပေါ့"
ယဲ့ပုဖန်က ပြောပြီးသည်နှင့် လက်ဝှေ့ယမ်းလိုက်ရာ ကြက်ဥခွံခန့် ထူထဲသော မိုးကြိုးတန်းကြီး တစ်ခုသည် ကောင်းကင်ယံမှ ဖြောင်းကနဲ မြည်သံနှင့်အတူ ကျရောက်လာတော့သည်။
တည်ငြိမ်နေသော တုန်းနန်ဟွာသည် ထိုမိုးကြိုးတန်းကြီးကို မြင်လျှင် မြင်ချင်း အလွန်ပင် ထိတ်လန့်သွားရသည်။ မိုးကြိုးတန်းမှာ သူ၏ ကိုယ်ပေါ်သို့ မကျရောက်သေးသော်လည်း ပြင်းထန်လှသော စွမ်းအားကို သူ ခံစားနေရပြီ ဖြစ်သည်။
သူသည် ခန္ဓာကိုယ် သန့်စင်ခြင်း ဂရန်းမားစတာ ဖြစ်သော်လည်း အစောပိုင်း အဆင့်၌သာ ရှိသေးရာ အနှိုင်းမဲ့ အစွမ်းထက်သူ မဟုတ်သေးပေ။
သူ၏ အဆင့်အတန်းအရ ဆရာကြီးကဲ့၏ လက်ညှိုးခန့် မိုးကြိုးကို ခံနိုင်ရည် ရှိသော်လည်း ယခု မိုးကြိုးမှာမူ သူ၏ ခံနိုင်ရည်ထက် အဆပေါင်းများစွာ သာလွန်နေချေပြီ။ သို့သော် သူသည် ပေါ့ဆနေခဲ့သဖြင့် ယခုအခါ ရှောင်တိမ်းရန် နောက်ကျသွားပြီ ဖြစ်ရာ အံကြိတ်ကာ လက်သီးဖြင့် ပြန်လည် ခုခံလိုက်ရုံသာ ရှိတော့သည်။
ဘုန်း...
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖုန်မှုန့်များ ထွက်ပေါ်လာကာ မိုးကြိုးတန်းကြီးမှာ တုန်းနန်ဟွာ၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။ ဖုန်မှုန့်များ ပြယ်လွင့်သွားချိန်တွင်မူ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံးမှာ မှင်တက်သွားကြရသည်။
ခုနက မာန်တက်နေသော ခန္ဓာကိုယ် သန့်စင်ခြင်း ဂရန်းမားစတာကြီးမှာ အသက်ပင် မရှိတော့ဘဲ မိုးကြိုးဒဏ်ကြောင့် မီးသွေးခဲ တစ်ခု အဖြစ် ပြောင်းလဲသွားချေပြီ။ ယဲ့ပုဖန်သည် မာန်တက်နေသော တုန်းနန်ဟွာကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းက လူတိုင်းကို တုန်လှုပ်သွားစေတော့သည်။
ရှီဝန်စုန်း သေပြီ။ ရှဟိုအောက် သေပြီ။ ယခု တုန်းနန်ဟွာလည်း သေပြန်ပြီ။
ရှီထျန်းချီမှာ တစ်ဦးတည်း ကျန်ရှိနေတော့ရာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒုတ်ကနဲ ပြုတ်ကျသွားတော့သည်။
ယဲ့ပုဖန်က လျှောက်သွားကာ သူ့ကို စူးရှသော အကြည့်ဖြင့် ကြည့်၍ မေးလိုက်၏။ "ပြောစမ်း... ဘာတွေ ဖြစ်နေတာလဲ"
"ကျွန်တော်..."
ရှီထျန်းချီသည် ဒူးထောက်ကာ ကြက်ကလေး စပါးကောက်သကဲ့သို့ ဦးတိုက်နေတော့သည်။ "မစ္စတာယဲ့... ကျွန်တော် မိစ္ဆာစိတ်ဝင်သွားလို့ပါ။ ကျွန်တော့်ကို တစ်ခါလောက် ခွင့်လွှတ်ပေးပါ... နောက်တစ်ခါ ဒီလိုမျိုး လုံးဝ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်..."
"နောက်တစ်ခွန်း ထပ်ပြောရင် မင်းကို အခုချက်ချင်း သတ်ပစ်မယ်"
ယဲ့ပုဖန်၏ အသံမှာ မကျယ်သော်လည်း ရှီထျန်းချီမှာ ကြောက်လွန်းသဖြင့် ပါးစပ်ကို ချက်ချင်းပင် ပိတ်လိုက်ရတော့သည်။
"မစ္စတာယဲ့... ဘာများ သိချင်လို့လဲခင်ဗျာ"
ယဲ့ပုဖန်က "ဒီနေ့ ဘာတွေ ဖြစ်ခဲ့တာလဲ။ မင်းတို့ကို ဘယ်သူ စေလွှတ်လိုက်တာလဲ" ဟု မေးလိုက်၏။
"မစ္စတာယဲ့... ဒါတွေ အားလုံးက တုန်းမိသားစုရဲ့ အကြံအစည်တွေပါ။ တုန်းမိသားစုက ကျွန်တော့် အဖိုးဆီကို ဖုန်းဆက်ပြီး တုန်းနန်ဟွာကို စေလွှတ်လိုက်တာ။ မစ္စတာယဲ့ သေသွားပြီဆိုတဲ့ သတင်းကိုလည်း သူတို့ပဲ ပေးခဲ့တာပါ။ ကျွန်တော်တို့ ရှီမိသားစုနဲ့ ရှဟိုအောက်တို့ ပူးပေါင်းပြီး မစ္စတာယဲ့ရဲ့ ဘေးနားကလူတွေကို ဒုက္ခပေးဖို့နဲ့ အဲဒီက ရသမျှ အကျိုးအမြတ်တွေကို ကျွန်တော်တို့ ယူဖို့ သူတို့က ခိုင်းခဲ့တာပါ" ရှီထျန်းချီက အလျင်အမြန် ရှင်းပြလိုက်သည်။
ယဲ့ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် မြို့တော်မှ တုန်းမိသားစုအကြောင်းကို တစ်ခါမျှပင် မကြားဖူးခဲ့သလို သူတို့က သူ့အပေါ် မည်သည့်အတွက်ကြောင့် ဤမျှ ရန်ငြိုးများ ထားရှိနေရသနည်း ဆိုသည်ကိုလည်း စဉ်းစားမရပေ။
လေယာဉ် ပေါက်ကွဲသွားသဖြင့် သူ သေဆုံးသွားပြီဟု သူတို့ သတင်းရရှိခြင်းမှာ မဆန်းသော်လည်း သူ၏ ဘေးနားရှိ လူများကို အဘယ်ကြောင့် ပစ်မှတ်ထားရသနည်း။
"တုန်းမိသားစုက ဘာလို့ ငါ့ကို ဒုက္ခပေးချင်နေရတာလဲ"
ရှီထျန်းချီက "မစ္စတာယဲ့... ကျွန်တော် တကယ် မသိပါဘူး။ ကျွန်တော် ခေတ္တ စိတ်မှားသွားလို့ပါ..." ဟု ဆိုလေသည်။
"မင်း ဘာမှ မသိဘူးဆိုရင်လည်း သေပေဦးတော့"
ယဲ့ပုဖန်က ရှီထျန်းချီ၏ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ရိုက်နှက်လိုက်တော့သည်။ ဝမ်ရွှယ်နင်ကို ကြံစည်ရဲသော ဤကဲ့သို့သော သူမှာ သေထိုက်ပေသည် မဟုတ်ပါလား။
***