“သူ့ခန္ဓာကိုယ်က လေယာဉ်ပေါ်မှာ အစအနတောင် မကျန်အောင် ပေါက်ကွဲသွားပြီလို့ ငါ ကြားတယ်... ဒါပေမဲ့ လုပ်ကြံသူက ဘယ်သူလဲဆိုတာတော့ အခုထိ ပဟေဠိ ဖြစ်နေတုန်းပဲ”
ထျန်းရုယီက အန်းယီမော့ကို စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။ “နင့်ရဲ့ ခံစားချက်ကို ငါ အပြည့်အဝ နားလည်ပါတယ်။ နင် အငြိုးတေးထားပြီး လက်စားချေချင်နေတယ် မဟုတ်လား...။ ဒါပေမဲ့ နင်က မြစ်ကိုဖြတ်နေတဲ့ မြေရုပ်တုလိုပဲ... ကိုယ့်ကိုယ်ကိုယ်တောင် မနည်း ကာကွယ်နေရတဲ့ အခြေအနေမှာ ရှိတာပါ။ အမှားတစ်ခုခုသာ လုပ်မိရင် နင့်အသက်တောင် ပါသွားနိုင်တယ်။ အဲဒီတော့ လက်စားချေဖို့ဆိုတာကတော့ တော်တော်လေး ခက်ခဲလိမ့်မယ် ထင်တယ်...”
အန်းယီမော့၏ မျက်နှာထက်တွင် ဝမ်းနည်းရိပ်များ ဖုံးလွှမ်းနေပြီး ဖြူဝင်းသော ပါးပြင်ပေါ်သို့ မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။ သူမသည် ထျန်းရုယီ၏ စကားများကို မကြားတော့သကဲ့သို့ပင် ဖြစ်နေ၏။
ထျန်းရုယီက ဆက်၍ “ဒီတစ်ခါ နင့်ကို ဖမ်းခေါ်လာတာက ငါ ဖြစ်နေပေမဲ့ ဒါဟာ မြို့တော်က တုန်းမိသားစုရဲ့ နောက်ကွယ်က ကြိုးကိုင်မှုကြောင့်ပါ။ နင့်ရဲ့ လူက တုန်းမိသားစုကို ဘယ်လိုမျိုး သွားစော်ကားမိလဲတော့ ကျွန်မ မသိဘူး... အနှစ်ချုပ် ပြောရရင်တော့ သူတို့က သူ့ဘေးနားမှာ ရှိတဲ့သူ အကုန်လုံးကို အမြစ်ပြတ် သတ်ပစ်ချင်နေတာပဲ။ ငါတို့ ထျန်းမိသားစုကတော့ ရေစီးကြောင်းအတိုင်း လိုက်ပြီး သူတို့နဲ့ ပူးပေါင်းပေးလိုက်တာပါ”
“အခု နင် အသက်ရှင်ချင်တယ်ဆိုရင် နင့်ကို ကယ်နိုင်တာ ငါ တစ်ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ ကျွန်မက အလကားတော့ မကူညီနိုင်ဘူး... နင်က ငါ့ရဲ့ တောင်းဆိုချက် တစ်ခုကို သဘောတူရပါလိမ့်မယ်”ဟူ၍ ဆိုလိုက်သည်။
ထိုအခိုက်အတန့်တွင် အန်းယီမော့သည် ဝမ်းနည်းမှုများကြားမှ အသိစိတ် ပြန်ဝင်လာပြီး မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။
“နင်က ဒီလောက် စိတ်ကောင်းရှိတဲ့သူ မဟုတ်မှန်း ငါသိပြီးသားပါ။ ပြောစမ်းပါ... ဘာလိုချင်တာလဲ”
“ငါ လုံထန်း ဆေးဝါးလုပ်ငန်းကို လိုချင်တယ်။ အထူးသဖြင့် အလှပြင်ဆေးရည်နဲ့ နဂါးယန်ဆေးလုံးရဲ့ ဆေးဖော်စပ်နည်းတွေကိုပေါ့။ အဲဒီ နှစ်မျိုးလုံးကိုသာ ငါ့လက်ထဲ အပ်မယ်ဆိုရင် နင့်ရဲ့ ဘေးကင်းမှုကို ငါ အာမခံနိုင်တယ်”
“နင့်ရဲ့ လောဘကလည်း တော်တော်ကြီးတာပဲ”
အန်းယီမော့က လှောင်ပြောင်သော လေသံဖြင့် “အဲဒါတွေကို ငါက လွယ်လွယ်နဲ့ ပေးမယ်လို့ နင် တကယ်ပဲ ထင်နေတာလား”ဟု ဆိုလိုက်၏။
ထိုအခါ ထျန်းရုယီသည် ဝိုင်ခွက်ကို ကိုင်ကာ ထရပ်လိုက်ပြီး တစ်ချက် လှည့်ပတ် လမ်းလျှောက်လိုက်၏။ ထို့နောက် အန်းယီမော့ကို ပြန်ကြည့်ကာ “နင် သေချာ စဉ်းစားသင့်တယ်နော်။ နောက်ဆုံးတော့ အဲဒီ ပစ္စည်းတွေဆိုတာ အပြင်ပန်း အသုံးအဆောင်တွေပဲ... ကိုယ့်အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူး။ ဒါ့အပြင် ယဲ့ပုဖန်ကလည်း နင့်ကို သူ့အစား လက်စားချေပေးဖို့ စောင့်မျှော်နေဦးမှာလေ။ ဒါကြောင့် နင်က အရင်ဆုံး အသက်ရှင်နေမှ ဖြစ်မှာပေါ့”
“ရှောင်ဖန်… ဘာဖြစ်သွားလဲဆိုတာကိုတော့ ငါ ကိုယ်တိုင် စုံစမ်းမှာပါ။ ဒါပေမဲ့ လုံထန်း ဆေးဝါးလုပ်ငန်းနဲ့ အလှပြင်ဆေးရည် ဖော်စပ်နည်းကိုတော့ နင်တို့ ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ တကယ်လို့ ရှောင်ဖန် သေသွားပြီ ဆိုရင်တောင် ဒါတွေက သူ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေပဲ... အဲဒါတွေကို ငါကတော့ ဒီအတိုင်း အလကား မပေးနိုင်ဘူး”
ထျန်းရုယီ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။ “အန်းယီမော့... နင်က ငါ့ကို နောက်နေတယ်လို့ ထင်နေတာလား။ ငါ့ရဲ့ တောင်းဆိုချက်ကို နင် သဘောမတူရင် နင့်အတွက် သေလမ်း တစ်ခုပဲ ရှိလိမ့်မယ်”
“နင် ကြိုက်တာပြော... တကယ်လို့ ရှောင်ဖန်သာ မသေသေးရင် နင် ငါ့ကို သတ်ရဲမှာ မဟုတ်ဘူး။ တကယ်လို့ သူသာ တကယ် သေသွားပြီဆိုရင်လည်း ငါ တစ်ယောက်တည်း ရှင်သန်နေရတာ အဓိပ္ပာယ် မရှိတော့ဘူး... သူ့ဆီကို လိုက်သွားရတာကပဲ ပိုကောင်းပါလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် အန်းယီမော့သည် ပြတင်းပေါက် အပြင်ဘက်က ညမှောင်မှောင်ကို ငေးကြည့်နေတော့သည်။
“နင် သူ့အတွက် လက်စားမချေချင်တော့ဘူးလား”
“လက်စားချေချင်တာပေါ့... ဒါပေမဲ့ အရင်ဆုံး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ငါ ကာကွယ်ရမယ်။ အဲဒါကိုတောင် ငါ မလုပ်နိုင်ရင် လက်စားချေဖို့ ဘာအရည်အချင်း ရှိတော့မှာလဲ”
“မိန်းကလေးထျန်း… ဒီလောက် ရှုပ်ရှုပ်ထွေးထွေး လုပ်နေဖို့ မလိုဘူးလို့ ကျွန်တော် ပြောသားပဲ။ ဒီမိန်းမကို ကျွန်တော့်လက်ထဲသာ အပ်လိုက်စမ်းပါ”
ထိုစဉ် စကားပြောသံနှင့်အတူ တံခါးပွင့်သွားကာ အသက် ၃၀ ခန့်ရှိသော လူငယ်တစ်ဦး အခန်းထဲသို့ ဝင်လာသည်။
သူကား မြို့တော် တုန်းမိသားစု၏ တတိယမျိုးဆက် တုန်းဟိုင်ရှန်းပင် ဖြစ်သည်။ သူသည် ကျန်းနန်ပြည်နယ်ရှိ တုန်းမိသားစု၏ လုပ်ငန်းများအားလုံးကို တာဝန်ယူထားသူလည်း ဖြစ်၏။
ထိုလူသည် ဝတ်စုံအပြည့်ဖြင့် သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း စနစ်တကျ ပြုပြင်ထားသဖြင့် လူကြီးလူကောင်းတစ်ဦး၏ အသွင်အပြင် ရှိနေသည်။ သို့သော် သူ ဝင်လာသည်နှင့် အန်းယီမော့ကို ကြည့်လိုက်သော မျက်လုံးများမှာ ယုတ်ညံ့သော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေလေသည်။
သူသည် အန်းယီမော့၏ အနီးသို့ လျှောက်သွားကာ ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ် ကြည့်လိုက်ပြီးနောက်... “လှလိုက်တဲ့ မိန်းမလှလေးပဲ... မြို့တော်မှာတောင် ဒီလောက် လှပတဲ့ ရတနာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ... ကျွန်တော်က တုန်းမိသားစုက တုန်းဟိုင်ရှန်းပါ။ ကျွန်တော်က ဒီလို လှပတဲ့ မိန်းမတွေကို ကိုင်တွယ်တဲ့ နေရာမှာ အတော်ဆုံးပဲ”
ထျန်းရုယီက “အန်းယီမော့... ငါလည်း အမျိုးသမီး အချင်းချင်းမို့ နင့်ရဲ့ အခြေအနေကို စာနာပါတယ်။ နင်သာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် နင့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်အောင် ငါ ကူညီပေးမယ်။ ဒါပေမဲ့ နင်က ဒီအတိုင်း ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး။” ဟု ဆိုသည်။
အန်းယီမော့၏ မျက်နှာထက်တွင် လှောင်ပြောင်သော အမူအရာ ပေါ်လာသည်။
“နင်တို့ နှစ်ယောက်ကတော့ တော်တော်လေး အတွဲညီကြတာပဲ... ဒါပေမဲ့ စိတ်မကောင်းပါဘူး။ ဒါတွေက ငါ့အပေါ်မှာ အလုပ်မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ဆေးဖော်စပ်နည်းတွေကိုတော့ နင်တို့ကို ငါ မပေးနိုင်ဘူး”
“အဲဒီလိုဆိုရင်တော့ ငါလည်း မတတ်နိုင်တော့ဘူး”
ထျန်းရုယီက တုန်းဟိုင်ရှန်းကို ကြည့်ကာ... “သခင်လေးတုန်း... ရှင် သဘောရှိတာသာ လုပ်ပါတော့”
တုန်းဟိုင်ရှန်းက ရမ္မက်ဇောဖြင့် ရယ်မောလိုက်ပြီး “ကောင်းပြီလေ... ကိုယ်က ဒီလို ကိုယ်ပိုင် အရည်အချင်း ရှိတဲ့ မိန်းမမျိုးတွေကိုမှ သဘောကျတာ”
ထိုသို့ ပြောပြောဆိုဆိုဖြင့် သူက အန်းယီမော့၏ ရင်ဘတ်ဆီသို့ လက်လှမ်းလိုက်သည်။
“ထွက်သွားစမ်း... ငါ့ကို တစ်လက်မတောင် လာထိဖို့ မကြိုးစားနဲ့။ နင်သာ ငါ့ကို ထိရဲရင် ငါ သေရင်တောင် သရဲ အဖြစ်နဲ့ နင့်ကို လက်စားချေမှာ”
အန်းယီမော့သည် သူမ၏ အားရှိသမျှကို အသုံးပြုကာ ထိုညစ်ညမ်းသော လက်ကို ရှောင်တိမ်းလိုက်ပြီး သူမ၏ မျက်ဝန်းများမှာ ဒေါသမာန်ကြောင့် တောက်လောင်နေသည်။
တုန်းဟိုင်ရှန်းက ခပ်တိုးတိုး ရယ်လိုက်ပြီး “မိန်းကလေး... အဲဒါတွေနဲ့ ငါ့ကို ခြောက်လို့ ရမယ် ထင်နေတာလား။ ငြိမ်ငြိမ်လေးသာ နေစမ်းပါ”
စကားဆုံးသည်နှင့် သူက တစ်ဖက်သို့ ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ သို့သော် ထိုအချိန်တွင် အခန်းအပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။
“ထျန်းရုယီ... ထွက်လာပြီး ငါ့ကို တွေ့စမ်း”
ထိုအသံမှာ အလွန် ကျယ်လောင်လှသည် မဟုတ်သော်လည်း အမိန့်ပေးသံကဲ့သို့ အာဏာစက် ပါဝင်နေကာ ထျန်းမိသားစု ဗီလာတစ်ခုလုံးကို ဟိန်းထွက်သွားစေသည်။
“ဒါ ယဲ့ပုဖန်ပဲ... သူ ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ”
ထျန်းရုယီသည် ထိုအသံ၏ ပိုင်ရှင်ကို ချက်ချင်း မှတ်မိသွားပြီး သူမ၏ မျက်နှာထက်တွင် ထိတ်လန့် တုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။ အန်းယီမော့သည်လည်း ယဲ့ပုဖန်၏ အသံကို ကြားလိုက်ရသဖြင့် သူမ၏ မျက်နှာထက်တွင် ဝမ်းသာအားရ ဖြစ်သွားသော အမူအရာ ချက်ချင်း ပေါ်လာသည်။
သူမက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ရှောင်ဖန် အဆင်ပြေတယ်... ရှောင်ဖန် အသက်ရှင်နေသေးတယ်...”
ထျန်းရုယီက တုန်းဟိုင်ရှန်းကို ကြည့်ကာ “ဒါ ဘာဖြစ်တာလဲ... ရှင်တို့ တုန်းမိသားစုက ယဲ့ပုဖန် သေပြီလို့ ကျွန်မကို အကြိမ်ကြိမ် အာမခံထားတာ မဟုတ်လား”
“ဒီလူသေက ဘယ်လိုလုပ် အသက်ပြန်ရှင်လာလဲဆိုတာ ငါလည်း ဘယ်သိမှာလဲ... ဒီသတင်းကို ငါ့အဖိုးက ပြောပြခဲ့တာ”
တုန်းဟိုင်ရှန်းက ဂရုမစိုက်သကဲ့သို့ ပုံစံမျိုးဖြင့် “မိန်းကလေးထျန်း... ဒီလောက် စိတ်လှုပ်ရှားမနေပါနဲ့။ သူ မသေသေးရင်ကော ဘာဖြစ်လဲ... အခု သတ်ပစ်လိုက်ရင် ရပြီ မဟုတ်လား”
ထို့နောက် သူက အန်းယီမော့ကို ကြည့်ကာ... “ခဏနေရင် မင်းရဲ့ လူကို မင်းရှေ့မှာတင် ငါ သတ်ပြမယ်။ အဲဒီကျရင်လည်း မင်းက ဒီလောက် ခေါင်းမာနိုင်ဦးမလား ကြည့်ကြတာပေါ့။”
“တောက်... နင်က အိပ်မက်မက်နေတာပဲ။ နင့်အဆင့်က ရှောင်ဖန်ရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ဘူး”
သူမ၏ လူ ပြန်ရောက်လာပြီမှန်း သိလိုက်ရသဖြင့် အန်းယီမော့၏ လှပသော မျက်ဝန်းအစုံမှာ ရှင်သန်ခြင်း အလင်းရောင်များ ပြန်လည် ဝင်းလက်လာသည်။
“နောင်တဆိုတာ အခေါင်းမြင်မှ မျက်ရည်ကျတတ်တာမျိုးပါ။ ငါ သခင်လေးက ဘယ်လောက် အစွမ်းထက်လဲဆိုတာ ခဏနေရင် မင်း တွေ့ရမှာပေါ့”
တုန်းဟိုင်ရှန်းက ထျန်းရုယီကို “ဒီမိန်းမကို ခေါ်ခဲ့... အပြင်ထွက်ပြီး အဲဒီကောင်ကို အတူတူ သွားတွေ့ကြရအောင်”ဟု အမိန့်ပေးလိုက်သည်။
ယဲ့ပုဖန်သည် ကျန်းနန်မြို့သို့ အမြန်ပြန်ရောက်လာခဲ့သော်လည်း အန်းယီမော့ထံ ဖုန်းခေါ်ရာတွင် ဆက်သွယ်၍ မရသဖြင့် တစ်ခုခု ဖြစ်ပြီမှန်း သူ သိလိုက်သည်။
သူတို့နှစ်ဦးသည် တူနှစ်ကိုယ် ကျင့်ကြံခြင်း အဖော်များ ဖြစ်ကြသဖြင့် အကွာအဝေးတစ်ခု အတွင်းတွင် တစ်ဦးနှင့် တစ်ဦး ခံစားသိရှိနိုင်သည်။ သူသည် ကျန်းနန်မြို့အတွင်း ချက်ချင်း လိုက်လံ ရှာဖွေခဲ့ရာ ထျန်းမိသားစု၏ စံအိမ်တွင် အန်းယီမော့ ရှိနေကြောင်း အာရုံခံမိလိုက်သည်။
ထျန်းရုယီသည် ရည်မှန်းချက် ကြီးမားသော မိန်းမတစ်ဦး ဖြစ်ကြောင်း သူ သိထားပြီးသား ဖြစ်သော်လည်း ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် တုန်းမိသားစုနှင့် ပူးပေါင်းကာ သူ့မိန်းမကို ရန်ပြုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ယဲ့ပုဖန်သည် ထျန်းမိသားစု ဗီလာ၏ ရင်ပြင်တွင် ရပ်ကာ ထျန်းမိသားစုဝင်များ ထွက်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
ခဏအကြာတွင် တုန်းဟိုင်ရှန်းနှင့် ထျန်းရုယီတို့သည် လူတစ်စုနှင့်အတူ လျှောက်လာကြသည်။
တုန်းဟိုင်ရှန်း၏ ဘေးတွင် ပါလာသူမှာ နီဟန် ဟု ခေါ်သော ပိန်ပိန်ပါးပါး လူလတ်ပိုင်း တစ်ဦး ဖြစ်သည်။ သူသည် တုန်းမိသားစုမှ လိုက်ပါလာသည့် အစွမ်းထက် သိုင်းပညာရှင် တစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာ မြေကမ္ဘာအဆင့် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် သူတို့၏ နောက်တွင် အနက်ရောင်ဝတ် ဆင်ထားသော ကိုယ်ရံတော် ဆယ်ဦး လိုက်ပါလာပြီး သူတို့၏ ခါးများမှာ ဖောင်းနေသဖြင့် သေနတ်များ ပါလာသည်မှာ ထင်ရှားလှသည်။
တုန်းဟိုင်ရှန်း ယခုကဲ့သို့ မောက်မာနေရခြင်းမှာလည်း သူ့ဘေးနားတွင် ရှိနေသော အနှီလူများကြောင့်ပင် ဖြစ်၏။ ၎င်းတို့သည် သူ၏ အကြီးမားဆုံးသော ယုံကြည်ချက်များ ဖြစ်သည်။
“ယဲ့ပုဖန် မင်းရဲ့ အသက်က တော်တော်လေး ပြင်းတာပဲ။ တကယ် မသေဘူးပေါ့။ ဒါပေမဲ့ ငါသာ မင်းနေရာမှာဆိုရင် ကျန်းနန်မြို့ကို ပြန်လာပြီး အသေခံမယ့်အစား အဝေးဆုံးကို ပြေးသွားလိုက်မှာ”
ယဲ့ပုဖန်၏ အကြည့်မှာ စူးရှစွာဖြင့် ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်လိုက်သည်။ လူအုပ်ထဲတွင် ဖမ်းဆီးခံထားရသော အန်းယီမော့ကို တွေ့လိုက်ရသောအခါ သူ၏ မျက်နှာထားမှာ ချက်ချင်း အေးစက်သွားပြီး ထျန်းရုယီကို ကြည့်ကာ... “ဒါနဲ့ ပတ်သက်ပြီး ငါ့ကို ရှင်းပြချက် တစ်ခုခု ပေးသင့်တယ် မဟုတ်လား”ဟူ၍ ပြောလိုက်သည်။
တုန်းဟိုင်ရှန်းသည် မိမိကိုယ်ကို အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သူဟု ထင်မှတ်ကာ မောက်မာနေသော်လည်း ယခုကဲ့သို့ ယဲ့ပုဖန်၏ လျစ်လျူရှုခံလိုက်ရသဖြင့် အလွန် မကျေမနပ် ဖြစ်သွားသည်။
“ယဲ့ပုဖန်… ငါ မင်းကို စကားပြောနေတာ မမြင်ဘူးလား”
ယဲ့ပုဖန်က ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံသွားသောအခါ တုန်းဟိုင်ရှန်းသည် ရုတ်တရက် ရင်ထဲတွင် အေးစိမ့်သွားကာ ဖော်ပြ၍ မရသော ထိတ်လန့်မှုတစ်ခု ဝင်လာသည်။
“ဒါနဲ့ မင်းက ဘယ်သူလဲ”
“မြို့တော်က တုန်းမိသားစုရဲ့ သခင်လေး... တုန်းဟိုင်ရှန်းပဲ”
သူ၏ အဆင့်အတန်းကို ပြောလိုက်ရသဖြင့် တုန်းဟိုင်ရှန်း၏ စိတ်မှာ အနည်းငယ် ပြန်လည် တည်ငြိမ်သွားလေသည်။ သူက ယဲ့ပုဖန်သည် တုန်းမိသားစု ဟူသော စကားကို ကြားလျှင် ထိတ်လန့် တုန်ရီသွားလိမ့်မည် ဟု ယူဆထားပေသည်။
***