ဝင်ဘလေကွင်းကြီး တစ်ခုလုံး ဆူညံသွားတော့သည်။ ကိုင်လီ ဝေါ်ကာမှာ တိုက်စစ်ရော ခံစစ်ပါ လိုက်ပါနေရသဖြင့် သူ၏ ခံနိုင်ရည်မှာ ကန့်သတ်ချက်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
သို့သော် ရက်ရှ်ဖို့ဒ်က အစပိုင်းတွင် ကိုယ်နှစ်ခြမ်းစာခန့် အသာစီး ရသွားခဲ့သော်လည်း အမြန်နှုန်း ကောင်းသော ကိုင်လီ ဝေါ်ကာက တဖြည်းဖြည်း အမီလိုက်လာခဲ့ပြီး နောက်ဆုံးတွင် ရက်ရှ်ဖို့ဒ်ရော ဘောလုံးပါ မြေပြင်ပေါ်သို့ လဲကျသွားအောင် လျှောထိုး ဖျက်ထုတ်လိုက်လေသည်။
"ဒီကောင်က တော်တော်လေး ကြမ်းတဲ့ကောင်ပဲ။ တစ်ခါတလေ ညဘက်တွေမှာ မိန်းမ နှစ်ယောက်လောက်နဲ့တောင် အချစ်ပွဲ ဝင်နေတာကို... ဘယ်လိုလုပ် ပြိုင်ပွဲဝင်နိုင်တဲ့ ပုံစံမျိုးကို ထိန်းထားနိုင်သေးတာလဲ..."
ချူဖုန်းက အံ့ဩတကြီးဖြင့် စုပ်သပ်လိုက်မိသည်။
သူ ဟေးလ်ဒေသတွင် နေ့စဉ် မနက်ပိုင်း ပြေးလေ့ကျင့်စဉ်က အမျိုးသမီးများစွာ ကိုင်လီ ဝေါ်ကာ၏ အိမ်ထဲမှ ထွက်လာသည်ကို မကြာခဏ မြင်တွေ့ခဲ့ရဖူးသည် မဟုတ်ပါလား…။
သူက လက်ပစ်ဘောကို လက်ခံရယူရန် ပြင်ဆင်နေစဉ် အားကစားကွင်း ဒီဂျေက သူ၏ နာမည်ကို ခေါ်လိုက်သံ ကြားလိုက်ရပြီး ကွင်းဘေးရှိ စတုတ္ထ ဒိုင်လူကြီးကလည်း သူ၏ ဆိုင်းဘုတ်ကို မြှောက်ပြလိုက်သည်။
၇ - ၁၄
"မော်ရင်ညိုက သူ့ရဲ့ နောက်ဆုံး လူစားလဲမှုကို အသုံးပြုလိုက်ပါပြီ... ရှောင်ချူ နေရာမှာ လင်ဂတ် ဝင်ရောက်လာပါတယ်။ မန်ယူတို့ အသေအလဲ ခံစစ် ပိတ်ကစားတော့မှာ သေချာပါပြီ..."
"လင်ဂတ်က ပြီးခဲ့တဲ့ တစ်ခေါက်က အသင်းစည်းကမ်း ဖောက်ဖျက်မှုကြောင့် လူငယ်အသင်းကို သီတင်းနှစ်ပတ် နီးပါးလောက် ပို့ခံထားရတာပါ။ ပြန်ရောက်လာပြီး ကတည်းက လူစာရင်းမှာ ပါဝင်ခဲပါတယ်။ ဒီနေ့မှပဲ နောက်ဆုံးတော့ လူစားဝင် ကစားဖို့ အခွင့်အရေး ရလာတာပါ..."
"မော်ရင်ညိုက ဒီလိုအချိန်မှာ လင်ဂတ်ကို ထည့်လိုက်တာက သူ့ရဲ့ ပြင်းထန်တဲ့ ဖိအားပေးနိုင်စွမ်းနဲ့ နေရာအနှံ့ ပြေးလွှားနိုင်စွမ်းကို အသုံးပြုပြီး မန်စီးတီးရဲ့ ကွင်းလယ်နဲ့ ခံစစ်မှာ ဘောလုံး ပေးပို့မှုတွေကို အနှောင့်အယှက်ပေးဖို့ မျှော်လင့်နေတာ ဖြစ်နိုင်ပါတယ်။ ဒါမှ ကိုယ့်နောက်တန်း အပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လျှော့ချနိုင်မှာလေ..."
ချူဖုန်းက အသင်းခေါင်းဆောင် လက်ပတ်ကို ဒီဂီယာထံ ကမ်းပေးလိုက်ပြီးနောက် ခရုတစ်ကောင်လို နှေးကွေးစွာဖြင့် ကွင်းဘေးသို့ တဖြည်းဖြည်း လျှောက်သွားလိုက်သည်။
အချိန်ဆွဲခြင်းမှာ ရှက်စရာ မဟုတ်ပေ။
ဘောလုံး စူပါစတားများ အားလုံးကလည်း အလားတူ နည်းလမ်းများကို အသုံးပြုခဲ့ကြဖူးပြီး ချူဖုန်းကလည်း သူ့ကိုယ်သူ လူကြီးလူကောင်း တစ်ယောက်ဟု မသတ်မှတ်ထားချေ။
ပွဲကို တရားမျှတစွာ အနိုင်ယူရမည်... အမည်းစက်လေး တစ်ခုမှ အဖြစ်မခံနိုင်ဘူး ဆိုတာမျိုးက ဟန်ဆောင်လွန်းရာ ကျပေသည်။
သို့သော် မန်စီးတီး ကစားသမားများကတော့ သေချာပေါက် ကျေနပ်မည် မဟုတ်ချေ။ ဆာနေးက ဒေါသတကြီး ပြေးလာပြီး ချူဖုန်းကို ကွင်းထဲမှ အတင်း တွန်းထုတ်လိုက်သေးသည်။
ဂွါဒီယိုလာကလည်း ဝင်ရောက် ဆဲဆိုချင်နေသည်။
သို့သော် ချူဖုန်းက သူ၏ အနာဂတ် သမက် ဖြစ်သည်ကို ရုတ်တရက် သတိရသွားပြီး ထွက်လာတော့မည့် ဆဲရေးတိုင်းထွာမှုများကို အမြန် မျိုချလိုက်ရလေသည်။
ဂွါဒီယိုလာ၏ အမူအရာကို မြင်လိုက်ရသဖြင့် ချူဖုန်းက အနာဂတ် ယောက္ခမလောင်းကို မျက်နှာသာ ပေးရမည်ဟု သိကာ ကွင်းထဲမှ အမြန် ထွက်လာခဲ့လိုက်သည်။
"သွားကွာ... ဂျက်စီ…"
ချူဖုန်းက လင်ဂတ်နှင့် လက်ဝါးချင်း ရိုက်လိုက်ပြီး မော်ရင်ညိုကို ဖက်လိုက်သည်။ "ဘော့စ်... ဒီနေလုံးကြီးသာ မရှိဘူးဆိုရင် ကျွန်တော် တစ်ပွဲလုံး သေချာပေါက် ကစားနိုင်သေးတယ်..."
"မင်း အများကြီး လုပ်ပေးခဲ့ပြီးပါပြီကွာ... သွား... ခုံတန်းမှာ ထိုင်ပြီး နားတော့..." မော်ရင်ညိုက ချူဖုန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
ချူဖုန်းက ရေခွက်ကို ကိုင်ကာ အရန်ခုံတန်းတွင် ထိုင်လိုက်ပြီး မော့ကြည့်လိုက်သောအခါ မာရီယာ၏ မျက်နှာကို မြင်လိုက်ရသည်။
ဟင်... နင်က ဟိုဘက် ပွဲကြည့်စင်မှာ မဟုတ်ဘူးလား...
"ပွဲတစ်ပိုင်း နားချိန်တုန်းက ပြောင်းလာတာလေ..."
"..."
ဝင်ဘလေကွင်းကြီး၏ ပွဲကြည့်စင်များမှာ အရန်ခုံတန်းနှင့် အလွန် နီးကပ်လှသဖြင့် သူတို့နှစ်ဦး အနည်းငယ် ကျယ်ကျယ် ပြောလိုက်ရုံဖြင့် အချင်းချင်း ကြားနိုင်လေသည်။ သူတို့က ပွဲကို ကြည့်ရင်း စကားစမြည် ပြောလာကြသည်။
ဒါက ဂွါဒီယိုလာကို တကယ်ကို ဒေါသထွက်စေပြီး အသံထွက်ပြီးသာ ဆဲလိုက်ရရင် ကောင်းမယ်ဟု သူ တွေးလိုက်မိသည်။
အနည်းဆုံးတော့ အဲဒီလို လုပ်လိုက်ရရင် ငါ နည်းနည်းလောက် သက်တောင့်သက်သာ ဖြစ်သွားမှာပဲ...
အသင်းနှစ်သင်းလုံး လူစားလဲမှု အားလုံး အသုံးပြုပြီးသွားပြီ ဖြစ်ရာ ကျန်သည့် အချိန်များမှာ ကစားသမားများ အပေါ်တွင်သာ မူတည်တော့သည်။ သို့သော် အသင်းနှစ်သင်းလုံးမှ ကစားသမားများမှာ သိသိသာသာကို ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။
ဒုတိယပိုင်း ပွဲချိန် ၈၅ မိနစ်။
မန်ယူ၏ ထောင့်ကန်ဘောကို အော်တာမန်ဒီက ခေါင်းတိုက် ရှင်းထုတ်လိုက်ပြီး ပေါ့ဘာက ပင်နယ်တီ ဧရိယာ အပြင်ဘက်မှနေ၍ အဝေးကန်ချက် ကန်သွင်းရန် ကြိုးစားလိုက်သော်လည်း ဖာနန်ဒင်ဟိုက မျှော်လင့်မထားဘဲ သူ၏ ခြေထောက်ကို ခေါင်းဖြင့် ဝင်တိုက်လိုက်လေသည်။
သူက ဘောလုံးကို ဘာအကာအကွယ်မှ မပါဘဲ ခေါင်းဖြင့် ဝင်တိုက်ကာ ရှင်းထုတ်လိုက်ခြင်း ဖြစ်သည်။
"အရေးပါတဲ့ ရှင်းထုတ်မှုပါပဲ... မန်ယူတို့ အန္တရာယ် ရှိနေပါပြီ..."
"ဒေးဗစ်ဆေးလ်ဗား"
"မှော်ဆရာကြီးက အလယ်ကို ဖြတ်တင်ပေးလိုက်ပြီး ဒီဘရိုင်းက ချက်ချင်းပဲ အဝေးပေးပို့မှု တစ်လုံး လုပ်လိုက်ပြန်ပါပြီ..."
မန်စီးတီး ပရိသတ်များ၏ စိုးရိမ်တကြီး စောင့်ကြည့်နေသော အကြည့်များအောက်တွင်...
ဘောလုံးက မြေပြင်မှ ပျံတက်သွားပြီး ဘယ်ဘက်တောင်ပံဆီသို့ လေခွင်းသံ ဝှစ်ခနဲ အော်မြည်ကာ ပျံသန်းသွားလေသည်။
ဆာနေး…
သူက လူစားဝင်လာသူ ဖြစ်ပြီး ခွန်အား အပြည့် ရှိနေသည်။ မာတစ်ကို အလွယ်တကူ ခါချလိုက်ပြီး မန်ယူ ပင်နယ်တီ ဧရိယာဆီသို့ ဘောလုံးကို ဆွဲပြေးသွားလေသည်။
"နောက်ဆုတ် နောက်ဆုတ်ကြ…"
မက်ဂွိုင်းယားက အသံကုန် အော်ဟစ်လိုက်သည်။ ဆာနေးသာ အရှိန်ရသွားရင် မန်ယူ ခံစစ်မှာ သူ့ကို ဘယ်သူ တားနိုင်မှာလဲ...
ချူဖုန်းလည်း မတ်မတ် ထိုင်လိုက်ပြီး ဆာနေးကို စူးစူးရဲရဲ ကြည့်နေလိုက်သည်။
ရှေ့သို့ တိုးမည့် အစား ဝမ်-ဘစ်ဆာကာက အကွာအဝေး တစ်ခု ရစေရန် နောက်သို့ ဆက်တိုက် ဆုတ်ပေးနေပြီး သူ၏ ခံစစ်ကို ပြန်လည် တည်ဆောက်ရန် နေရာလွတ်ကို အသုံးပြုကာ အချိန်ဆွဲနေခြင်း ဖြစ်သည်။
သို့သော် ဆာနေးက သူ့ကို အခွင့်အရေး မပေးဘဲ ရုတ်တရက် အရှိန်တင်ကာ ဘေးစည်းတစ်လျှောက် ပြေးတက်လာလေသည်။
ဝမ်-ဘစ်ဆာကာက အလိုအလျောက် လျှောထိုး ဖျက်ထုတ်ရန် ပြင်လိုက်သော်လည်း သူ လှုပ်ရှားမှု စတင်လိုက်သည့် အခိုက်အတန့်မှာပင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။
ထင်သည့် အတိုင်းပါပင်…။
ဆာနေးက ညာခြေဖြင့် ချိတ်ယူလိုက်ပြီးနောက် ဘယ်ခြေဖြင့် တစ်ချက် ထပ်ပုတ်လိုက်သည်။
ခြေနှစ်ဖက်ပြောင်း လိမ်ခေါက်ကွက်ဖြင့် ဝမ်-ဘစ်ဆာကာကို လှလှပပ လိမ်ခေါက်သွားခဲ့ခြင်း ဖြစ်သည်။ မန်စီးတီး ပရိသတ်များ၏ အားပေးသံများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ဝင်ဘလေကွင်းကြီး၏ ထောင့်တိုင်းတွင် ဟိန်းထွက်သွားတော့သည်။
“တစ်ယောက်ချင်း တွေ့ပြီဟေ့…”
ဒါက တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးပင်။ မန်စီးတီးသာ ချေပဂိုး သွင်းနိုင်ခဲ့လျှင် သူတို့ ပွဲကို အချိန်ပိုအထိ ဆွဲခေါ်သွားနိုင်မည် ဖြစ်သည်။
မန်ယူ၏ အဓိက ကစားသမားများ ကွင်းထဲမှ ထွက်ခွာသွားပြီ ဖြစ်ရာ ချန်ပီယံဆုအတွက် မန်စီးတီးကို သူတို့ ဘာနဲ့ သွားယှဉ်ပြိုင်ကြမည်နည်း။
ပရိသတ်များ စောင့်ကြည့်နေစဉ်မှာပင် ဆာနေး၏ အမြန်နှုန်းက လျော့မသွားသည့်အပြင် ပို၍ပင် မြန်လာကာ လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား မန်ယူ ဂိုးပေါက်ဆီသို့ ပြေးဝင်သွားလေသည်။
ဒီဂီယာက ဆာနေးကို စူးစူးရဲရဲ ကြည့်ကာ အချိန်မရွေး ကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။
သို့သော် ချူဖုန်းက နောက်သို့ လှမ်းကြည့်လိုက်ရာ ဆာနေး၏ နောက်သို့ ကောင်လေး တစ်ယောက် ရူးသွပ်စွာ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။ ကြက်ဥပြုတ်ကြီး တစ်လုံးပါလား…။
ကန်တေ၏ ခြေထောက်တိုတိုလေးများက မီးဘီးများအလား ရွေ့လျားနေပြီး ဆာနေးထက်ပင် သာလွန်သော အမြန်နှုန်းဖြင့် ပြေးနေလေသည်။
သူတို့နှစ်ဦးကြား အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာချိန်တွင်...
ဂျေဇူးက မနေနိုင်ဘဲ "ငါ့ဆီ ဘောလုံး ပေးလိုက်လေ..." ဟု အော်ဟစ်လိုက်သည်။
ဒါပေမဲ့ ဆာနေးဆိုတာ ဘယ်သူလဲ။
စကားလှလှ ပြောရမယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တတ်သူပေါ့...။
မညှာတမ်း ဝေဖန်ရမယ် ဆိုရင် တစ်ကိုယ်ကောင်းဆန်သူပင်…။
ဆာနေးက ဘောလုံးနှင့်အတူ ရုတ်တရက် ရပ်တန့်လိုက်ပြီး ကန်တေကို သူ့ရှေ့သို့ ကျော်သွားအောင် လုပ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် အရပ်ပုခြင်းက ဆွဲငင်အား ဗဟိုချက် နိမ့်ကျသည်ဟု အဓိပ္ပာယ် ရပြီး ဆွဲငင်အား ဗဟိုချက် နိမ့်ကျခြင်းက အမြန် ပြန်လည် ချိန်ညှိနိုင်စွမ်း ရှိသည်ဟု အဓိပ္ပာယ်ရပေသည်။
ကန်တေက သူ၏ ခန္ဓာကိုယ်ကို ပစ်ချလိုက်ပြီး ဘယ်ခြေကို ပြင်းထန်စွာ ဆန့်ထုတ်လိုက်လေသည်။
ဘောင်း…
ကန်တေ၏ ခြေထောက်က ဘောလုံးကို ထိသွားသည်။ ထို့နောက် ဘောလုံးက ဒီဂီယာထံသို့ လိမ့်ထွက်သွားရာ ဒီဂီယာက အဝေးသို့ အမြန် ရှင်းထုတ်လိုက်လေသည်။
"သောက်ကျိုးနည်း..."
ချူဖုန်း၏ ပါးစပ် အနည်းငယ် ဟသွားပြီး လဲကျနေသော ကန်တေကို စိုက်ကြည့်နေမိသည်။
ကြက်ဥပြုတ်ကြီးက တောက်ပနေသည်ဟုပင် သူ ခံစားလိုက်ရလေသည်။
"ကန်တေ..."
"သူက သူရဲ့ မရပ်မနား ပြေးလွှားမှုတွေနဲ့ မန်ယူအသင်းကို ကယ်တင်သွားခဲ့ပါပြီ... ပြီးတော့ ပထမ မိနစ် ၈၅ မိနစ်အတွင်းက အသင်းရဲ့ ကြိုးစားအားထုတ်မှု အားလုံးကိုပါ ကယ်တင်သွားခဲ့တာပါ..."
"အဲဒီ ဖျက်ထုတ်မှုက ဂိုးသွင်းတာထက် လုံးဝ မလျော့တဲ့ ဖျက်ထုတ်မှုမျိုးပါပဲ..."
"ကျော်လွှားလို့ မရနိုင်တဲ့ အတားအဆီး ဆိုတာ မရှိပါဘူး... ကျော်လွှားလို့ မရနိုင်တဲ့ စိန်ခေါ်မှုတွေပဲ ရှိတာပါ..."
"လှလိုက်တာဗျာ... အိုး... လှလိုက်တာ..."
ကျန်းကျွင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် အသံများပင် တုန်ယင်နေလေပြီ။
ကွင်းထဲရှိ မန်စီးတီး ကစားသမားများမှာ စိတ်ဓာတ်ကျသွားကြပြီး ဒီဘရိုင်းက ပြီးခဲ့သည့် ရာသီတုန်းက သူ ကန်တေ၏ တားဆီးခြင်းကို ခံခဲ့ရသဖြင့် ဘောလုံးကိုပင် ပေးပို့ခွင့် မရခဲ့သည်ကို ပြန်လည် သတိရသွားသည်။
မန်ယူရဲ့ မိစ္ဆာကောင်လေး ထွက်သွားပြီဆိုတော့ ငါတို့ ချေပဂိုး သွင်းဖို့ အခွင့်အရေး ရပြီလို့ ထင်ခဲ့တာ...
ဒါပေမဲ့ သူတို့ဆီမှာ နောက်ထပ် မိစ္ဆာကောင် တစ်ကောင် ရှိနေသေးတယ် ဆိုတာ ဘယ်သူက သိမှာလဲ...
မက်ဂွိုင်းယားက ကန်တေကို ဆွဲထူလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။ "အန်ဂိုလို... ငါ မင်းကို သေလောက်အောင် ချစ်သွားပြီကွာ... မင်း ရေချိုးရင် အတွင်းခံ ဝတ်ပြီး ချိုးတဲ့ ကိစ္စကို ငါ ဘယ်တော့မှ ထပ်ပြီး မညည်းတွားတော့ဘူးကွာ..."
မန်ယူ ကစားသမားများကလည်း သူတို့၏ ချီးကျူးစကားများကို အသီးသီး ဆိုလာကြသည်။
ကန်တေက ရှက်ရွံ့စွာဖြင့် သူ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ ဒါက သူ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပဲလို့ သူ ခံစားရသည်။
သို့သော် ချီးကျူးခံရတာကတော့ တကယ်ကို ခံစားလို့ ကောင်းလှပေသည်။
မန်စီးတီး၏ အကောင်းဆုံး တိုက်စစ် အခွင့်အရေးကြီး ပျက်ပြယ်သွားခဲ့ပြီး ပွဲကလည်း ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။
မော်ရင်ညို၏ ညွှန်ကြားမှုအောက်တွင် မန်ယူတို့က ဘတ်စ်ကား ပိတ်ရပ်သည့် ကစားကွက်ကို စတင် အသုံးပြုကာ အသေအလဲ ခံစစ် ကစားကြတော့သဖြင့် မန်စီးတီး၏ မျှော်လင့်ချက်များကို လုံးဝ ရိုက်ချိုးပစ်လိုက်လေသည်။
ဆာနေး၏ အဝေးကန်ချက် ပွဲကြည့်စင်ပေါ်သို့ ပျံတက်သွားချိန်တွင် ဒိုင်လူကြီးက နောက်ဆုံးတွင် ဝီစီမှုတ်လိုက်လေတော့သည်။
တီ… တီ… တီ…
*