"ပွဲပြီးဆုံးသွားပါပြီ... အက်ဖ်အေဖလား ဗိုလ်လုပွဲကြီး ပြီးဆုံးသွားခဲ့ပါပြီ..."
"၂၀၁၈-၁၉ ရာသီ အက်ဖ်အေဖလား ချန်ပီယံဆုကြီးကို ဆွတ်ခူးသွားနိုင်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ဂုဏ်ပြုပါတယ်..."
"ဒီပွဲမှာ ရှောင်ချူက နှစ်ဂိုး သွင်းယူပေးခဲ့ပြီး မန်ယူကို တစ်ဂိုးအသာနဲ့ အနိုင်ရအောင် အရေးပါတဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ကူညီပေးခဲ့တာပါ..."
"ပွဲချိန် နောက်ဆုံးဆယ်မိနစ်လောက်ကို ကြည့်ရတာ မန်စီးတီးတို့ ချေပဂိုး သွင်းနိုင်မယ့် အခွင့်အရေး ရသွားပြီလို့ ကျွန်တော် ထင်ခဲ့တာ... သူတို့ တကယ်လည်း ချေပဂိုးနဲ့ ခြေတစ်လှမ်းပဲ ကွာတော့တာပါ..."
"ဒါပေမဲ့ ကန်တေက ရှေ့ထွက်လာခဲ့တယ်လေ..."
"ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကန်တေကို ခေါ်ယူခဲ့တာက မန်ယူအသင်း သမိုင်းတစ်လျှောက် အမှန်ကန်ဆုံးနဲ့ အထက်မြက်ဆုံး ဆုံးဖြတ်ချက်ပဲလို့ ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်..."
"ဒီနေ့ပွဲက သူ့ရဲ့ ခံစစ် အချက်အလက်တွေကို ကြည့်လိုက်ပါဦး... တကယ်ကို အံ့မခန်းပါပဲ..."
"နောင်တစ်ချိန်ကျရင် မန်ယူပရိသတ်တွေ အနေနဲ့ တိုက်စစ်ကတော့ လှပပါရဲ့... ခံစစ်ကတော့ ဒီဂီယာပဲ ဆိုတဲ့ စကားကို ပြောစရာ မလိုတော့ဘူးလို့ ကျွန်တော် ထင်တယ်..."
"မန်ယူရဲ့ အရေးအပါဆုံး ခံစစ် အစိတ်အပိုင်းကြီး ပြီးပြည့်စုံသွားခဲ့ပြီလေ..."
ကျန်းကျွင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးနေလေသည်။ ချူဖုန်း တစ်ယောက် မန်ယူ ပထမအသင်းကို ရောက်လာကတည်းက ကျန်းကျွင်းက မန်ယူပွဲစဉ် တစ်ပွဲကိုမှ လက်မလွတ်ခဲ့ဖူးချေ။
မျက်စိတစ်မှိတ်အတွင်း ရာသီနှစ်ခု ကုန်လွန်သွားခဲ့လေပြီ။
လူငယ်လေးဘဝမှ ယောကျ်ားရင့်မာကြီး တစ်ယောက်အဖြစ်၊ အရန်ကစားသမားဘဝမှ အဓိက နံပါတ် (၇) ကစားသမား အဖြစ်သို့…
ချူဖုန်း၏ ကြီးပြင်းလာမှုကို သူ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ယခုဆိုလျှင် ရှောင်ချူက အသင်းခေါင်းဆောင် လက်ပတ်ကိုပင် ပတ်ထားလေပြီတကား။
ဆရာကျန်းလုကလည်း ဝင်ပြောလိုက်သည်။ "ဒီနေ့ ရှောင်ချူရဲ့ အောင်မြင်မှုတွေက သူ့ရဲ့ ပါရမီ၊ ကြိုးစားအားထုတ်မှုနဲ့ ထပ်တူ ကြိုးစားကြတဲ့ အသင်းဖော်တွေကြောင့်ဆိုတာ ခွဲခြားလို့ မရပါဘူး..."
"အခုဆို မန်ယူက ဖလားငါးလုံး ရသွားပြီ... ဥရောပ စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ လိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် ဖလားတို့ပဲ။ ဆုဖလား ခြောက်လုံးစလုံး သိမ်းပိုက်နိုင်ဖို့ ချန်ပီယံလိဂ် ဖလား တစ်လုံးပဲ လိုတော့တယ်..."
"ဆုဖလား ခြောက်လုံးစလုံး နောက်ဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းက ၂၀၀၉ တုန်းက ဘာစီလိုနာပဲ..."
"သူတို့ အိမ်မက်အသင်းကြီး ဆိုတဲ့ ဂုဏ်ပုဒ်ကို ထပ်မံ ပုံဖော်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါပဲ..."
ဤအချိန်တွင် တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်မှ ပရိသတ်များကလည်း ပွဲရလဒ်နှင့် ပတ်သက်၍ မှတ်ချက်များ ပေးကာ အကြိတ်အနယ် ဆွေးနွေးနေကြသည်။
[မန်ယူနဲ့ ရှောင်ချူမှာ ချန်ပီယံ ရုပ်ထွက်မျိုး ရှိတယ်လို့ ငါ အမြဲ ပြောခဲ့တာ... အခုတော့ အရာအားလုံးက သက်သေပြသွားပြီလေ...]
[ရှောင်ချူကတော့ ထာဝရ နတ်ဘုရားပါပဲကွာ]
[ပြီးခဲ့တဲ့ ရာသီတုန်းက ရှောင်ချူ အရန်ခုံမှာ ထိုင်နေတုန်းကတော့ သူ့ကို ရှောင်ချူ (ချူလေး) လို့ ခေါ်လို့ ရပေမဲ့ အခုတော့ ချူကိုကို လို့ ခေါ်မှ ရတော့မယ်...]
["ချန်ပီယံ ရုပ်ထွက်" ဆိုတာ တကယ်တော့ ဘာကြီးလဲ]
[သူ့ရဲ့ ဟန်ပန်၊ နည်းဗျူဟာ၊ အသင်းအဖွဲ့ ကစားပုံတွေ အားလုံးက ဟယ်ရီကိန်းနဲ့ တူတယ်... ဟယ်ရီကိန်းကျတော့ ချန်ပီယံ ရုပ်ထွက် လုံးဝ မရှိတာ...]
[တကယ်တော့ မဟုတ်ဘူးဗျ။ မျက်နှာသွင်ပြင် လက္ခဏာအရ ပြောရရင် ကိန်းရဲ့ နဖူးနှစ်ဖက်စလုံးက ချိုင့်နေတယ်။ ဒါက ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချနိုင်ပြီး အခွင့်အရေးကို ဆုပ်ကိုင်နိုင်စွမ်း ရှိတယ်။ ဘဝမှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရတတ်တယ်ဆိုတာကို ပြတာ။ ဒါ့အပြင် သူ့နားရွက်တွေကလည်း ပုံပန်းကျတော့ ကံကြမ္မာကို အထောက်အကူ ပြုတယ်...]
[ဆရာကြီး... ဒါဆို ချူကိုကိုရဲ့ မျက်နှာ သွင်ပြင်ကရော ဘယ်လိုမျိုးလဲ...]
[ရှောင်ချူက နဖူးကျဉ်းတယ်။ အဲဒါက ငယ်ရွယ်စဉ်မှာ ကံကြမ္မာ သာမန်ပဲ ရှိပေမဲ့ ကြီးလာရင်တော့ အလွန်ကောင်းမွန်တဲ့ ကံကြမ္မာ ပိုင်ဆိုင်မယ် ဆိုတဲ့ သဘောပဲ။ မျက်ခုံးတွေက ရှင်းလင်းပြီး ရှည်လျားတယ်... မျက်လုံးတွေကလည်း နူးညံ့တယ်။ မျက်နှာ အပေါ်ပိုင်း နည်းနည်း ကျဉ်းတာကလွဲရင် ပြီးပြည့်စုံတဲ့ မျက်နှာပေါ့။ လူမှုဆက်ဆံရေး ကောင်းမယ်၊ မိသားစုဘဝ သာယာမယ်၊ သားသမီးရတနာ ထွန်းကားပြီး သူ့ရဲ့ ကံကြမ္မာက တိုးတက်ဖို့ အလားအလာ အရမ်း များတယ်...]
[အကုန် လျှောက်ပြောနေတာပါကွာ... ချန်ပီယံဆု ရရင် ချန်ပီယံ ရုပ်ထွက် ဖြစ်သွားတာပါပဲ]
[...]
အင်တာနက် သုံးစွဲသူများက အကြိတ်အနယ် ဆွေးနွေးနေကြစဉ်...
ဝင်ဘလေကွင်းကြီးက အနီရောင် ပင်လယ်ပြင်ကြီး အဖြစ် ပြောင်းလဲသွားပြီး မန်ယူ ပရိသတ်များမှာ မာဖလာများနှင့် ဦးထုပ်များကို ရူးသွပ်စွာ ဝှေ့ယမ်းရင်း အသံကုန် အော်ဟစ် အားပေးနေကြသည်။
ဤသည်မှာ မန်ချက်စတာယူနိုက်တက်၏ သမိုင်းတစ်လျှောက် (၁၃) ကြိမ်မြောက် အက်ဖ်အေဖလား ချန်ပီယံဆုပင် ဖြစ်သည်။
သူတို့သည် အာဆင်နယ်၏ စံချိန်ကိုလည်း မီသွားခဲ့ပြီး အင်္ဂလိပ် ဘောလုံး သမိုင်းတစ်လျှောက် အက်ဖ်အေဖလား ၁၀ ကြိမ်ကျော် ဆွတ်ခူးနိုင်သည့် ဒုတိယမြောက် အသင်း ဖြစ်လာခဲ့လေသည်။
ထို့အပြင် အက်ဖ်အေဖလားသည် လိဂ်ဖလားထက် ပို၍ ဂုဏ်သိက္ခာ ကြီးမားလေသည်။ ထိုသို့မဟုတ်လျှင် ဝင်းဂါးအနေဖြင့် အာဆင်နယ် နည်းပြချုပ် ရာထူးကို မည်သို့ အမြဲတမ်း ထိန်းထားနိုင်မည်နည်း။ သူ့ကို အသက်ဆက်ပေးခဲ့သည်မှာ အက်ဖ်အေဖလားပင် ဖြစ်ပေသည်။
မန်ယူ ကစားသမားများမှာ ဆူညံသော အားပေးသံများ ကြားတွင် ပြုံကာ အောင်ပွဲခံနေကြသည်။
"သောက်ကျိုးနည်း... ငါ့ဆံပင်ကို ဘယ်သူ ဆွဲတာလဲ။ အခုချက်ချင်း လွှတ်စမ်း"
ဒီဂီယာက သူ့ခေါင်းကို လှမ်းစမ်းလိုက်ရာ သူ၏ လက်အိတ်တွင် ဆံပင်အများအပြား ကပ်ပါလာသည်ကို တွေ့လိုက်ရသည်။ သူ ချက်ချင်း ဒေါသတကြီး လှည့်ကာ မေးခွန်းထုတ်လိုက်သည်။
မန်ယူ ကစားသမားများက မျက်လွှာချကာ မသိချင်ယောင် ဆောင်နေကြသည်။ မည်သူကမျှ ဝန်မခံကြပေ။
ချူဖုန်းက မက်ဂွိုင်းယားကို အတင်းတွန်းကာ "ဟယ်ရီလေ... ခင်ဗျားမှာ သူ့ထက် ဆံပင် ပိုများနေလို့ မနာလိုဖြစ်ပြီး ဆွဲတာဗျ..." ဟု တမင် သွေးထိုးပေးလိုက်သည်။
"ဟယ်ရီ... သောက်ခွပဲကွာ"
ဒီဂီယာက ဆာလောင်နေသော ကျားရိုင်းတစ်ကောင် သားကောင်ကို ခုန်အုပ်တော့မည့်အလား မက်ဂွိုင်းယားဆီသို့ ဒေါသတကြီး ပြေးဝင်သွားလေသည်။
မက်ဂွိုင်းယားက ချူဖုန်းကို မကျေမနပ်ဖြင့် မျက်စောင်း ထိုးလိုက်သည်။ ထို့နောက် သူ အမြန် ထွက်ပြေးရန် ပြင်လိုက်သော်လည်း မိနစ် ကိုးဆယ်တိတိ ကစားထားရသဖြင့် သူ၏ ခံနိုင်ရည် ဘားတန်းမှာ အနီရောင် ပြနေပြီ ဖြစ်သည်။
ဂိုးသမားဖြစ်တဲ့ ဒီဂီယာကို သူ ဘယ်လိုလုပ် လွတ်အောင် ပြေးနိုင်မည်နည်း။ နောက်ဆုံးတွင် ဒီဂီယာက မာနတခွဲသားဖြင့် လမ်းလျှောက် ပြန်လာခဲ့ပြီး ယခုအခါ သူ၏ လက်အိတ်ပေါ်တွင် ဆံပင်များ ပို၍ပင် ကပ်ပါလာလေသည်။
မန်ယူ ကစားသမားများ အောင်ပွဲခံနေချိန်တွင် မန်စီးတီး ကစားသမားများမှာမူ ဝမ်းနည်းပူဆွေးမှုထဲ၌ နစ်မွန်းနေကြသည်။
ငါတို့ ထပ်ရှုံးပြန်ပြီ...
သူတို့ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီဟု ခံစားရသော်လည်း မန်ယူကို သူတို့ ဘာကြောင့် မနိုင်နိုင်ရသနည်း။
ကံကြမ္မာကြောင့်လား၊ စွမ်းရည်ကြောင့်လား၊ ဒါမှမဟုတ် စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့်လား။
မန်စီးတီး ကစားသမားများက ထိုမေးခွန်းအတွက် အဖြေကို မရှာနိုင်ကြချေ။ ထို့ကြောင့် ယခုအခါ သူတို့ အလွန်အမင်း စိတ်ရှုပ်ထွေးနေကြသည်။
ဂွါဒီယိုလာက ကွင်းဘေးရှိ သူ၏ ခုံတွင် မှီထိုင်ရင်း စိမ်းလန်းသော မြက်ခင်းပြင်ကြီးကို ငေးမော ကြည့်နေသည်။ သူ သိပ်ပြီး စိတ်ပျက်မနေခဲ့ချေ။
ဘဝမှာ ကျော်လွှားလို့ မရနိုင်တဲ့ အတားအဆီး ဆိုတာ မရှိပါဘူး။ မန်စီးတီးက ဒီနေ့ ရှုံးခဲ့ပေမဲ့ မနက်ဖြန်တော့ နိုင်နိုင်သေးတာပဲ။
ထို့အပြင် သူသည် သနားစရာ ကောင်းအောင် နေတတ်သည့် လူစားမျိုး မဟုတ်ချေ။ သို့သော် ပွဲကြည့်စင်ပေါ်တွင် အောင်ပွဲခံနေသော မာရီယာကို မြင်လိုက်ရချိန်တွင်မူ...
လူကြီးတစ်ယောက်၏ ပြိုလဲမှုက အသေးအဖွဲ ကိစ္စလေးတစ်ခုမှ စတင်တတ်သည် မဟုတ်ပါလား…။ ဂွါဒီယိုလာ၏ ရင်ထဲတွင် မွန်းကျပ်သွားသလို ခံစားလိုက်ရပြီး ဘေးရှိ ရေသန့်ဘူးကို ကောက်ယူကာ ခပ်မြန်မြန် သောက်ချလိုက်သော်လည်း ထိုခံစားချက်က သက်သာမသွားခဲ့ပေ။
လူတွေက စိတ်အနှောင့်အယှက် ဖြစ်လာရင် ပစ္စည်းတွေကို ပစ်ပေါက်တတ်ကြသည်။
ဂွါဒီယိုလာက ရေသန့်ဘူးကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပေါက်ချလိုက်ရာ ကြည်လင်သော ရေများက နေရာအနှံ့ လွင့်စင်သွားလေသည်။ ဤလုပ်ရပ်က သူ၏ စိတ်ခံစားချက်ကို ချက်ချင်း တော်တော်လေး ကောင်းမွန်သွားစေသည်။
"ဇွန်လကျရင် ကန်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကျမှ ကြည့်ကြသေးတာပေါ့..."
ဂွါဒီယိုလာက အံကြိတ်ရင်း သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ကန်တေ မပါဘဲနဲ့ မန်ယူတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီးရဲ့ တိုက်စစ်ကို တောင့်ခံနိုင်ပါ့မလား။
ထို့အပြင် ကလပ်အသင်းများအတွက် ချန်ပီယံလိဂ် ဖလားက သေချာပေါက် ပို၍ အရေးကြီးလှသည်။ အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ပရီးမီးယားလိဂ် ဖလား သုံးခုပေါင်းလျှင်ပင် ချန်ပီယံလိဂ် ဖလား တစ်လုံးကို မီရန် မလွယ်ကူလှချေ။
အာတီတာမှာ တစ်ခုခု ပြောချင်နေသော်လည်း ရပ်တန့်သွားကာ တွေဝေနေမိသည်။ သူက လာမည့်ရာသီတွင် သူ ထွက်ခွာတော့မည် ဖြစ်ကြောင်း ဂွါဒီယိုလာကို ပြောပြချင်နေသည်။
အဘယ်ကြောင့်ဆိုသော် အာဆင်နယ် အသင်းက သူ့ကို ဆက်သွယ်လာသောကြောင့် ဖြစ်သည်။ အာတီတာသည် အာဆင်နယ်တွင် ငါးနှစ်ကြာ ကစားခဲ့ပြီး ဂန်းနားတို့၏ အသင်းခေါင်းဆောင်ဟောင်း ဖြစ်လာခဲ့ရာ သူသည် အာဆင်နယ်ကို အလွန် ချစ်မြတ်နိုးနေဆဲပင်…။
အာဆင်နယ်သည် လက်ရှိတွင် အခြေအနေ အလွန် ဆိုးရွားနေရာ သူ့အနေဖြင့် ရှေ့ထွက်ကာ ကယ်တင်ပေးရန် လိုအပ်နေလေသည်။ သို့သော် ဂွါဒီယိုလာ၏ ဒေါသထွက်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် အာတီတာက ဂွါဒီယိုလာကို ထပ်ပြီး ဒုက္ခမပေးလိုတော့၍ ခဏစောင့်ပြီးမှ ပြောရန် ဆုံးဖြတ်လိုက်လေသည်။
တစ်ဖက်ရှိ မန်ယူ နည်းပြခုံတန်းတွင်မူ...
မော်ရင်ညိုက တိတ်ဆိတ်စွာ ခါးညွတ်ကာ သူ့ရှေ့ရှိ ရေသန့်ဘူးကို ကောက်ယူလိုက်ပြီး ဂွါဒီယိုလာထံသို့ သွားမပေးတော့ချေ။
ဒီလိုအချိန်မှာ သွားပြီး ရေသန့်ဘူး သွားပေးတာက ဗြောင်ကျကျ ရန်စသလို ဖြစ်သွားမှာပေါ့။
ဂွါဒီယိုလာ၏ ပေါ့ပေါ့ပါးပါး အသွင်အပြင် အောက်မှာ မလှည့်စားခံလိုက်ပါနှင့်။ တကယ်တော့ သူ့မှာ ကြောက်စရာကောင်းသည့် ဒေါသမျိုး ရှိပြီး သူတို့နှစ်ယောက် ထိုးကြကြိတ်ကြသည် အထိတောင် ဖြစ်သွားနိုင်လေသည်။
"ဘော့စ်... ပြီးခဲ့တဲ့ ရာသီကုန်တုန်းက ကျွန်တော့်ကို တိတ်တဆိတ် ပြောခဲ့တာ မှတ်မိသေးလား..."
ဖာရီယာက ရုတ်တရက် မေးလိုက်သည်။
မော်ရင်ညိုက ခေါင်းယမ်းလိုက်ပြီးနောက် ဖာရီယာက ဆက်ပြောသည်။ "မန်ယူရဲ့ အခြေအနေက တော်တော်လေး ရှုပ်ထွေးနေတယ်။ ငါတို့ အဆိုးဆုံးအတွက် ပြင်ဆင်ထားသင့်တယ်လို့ ဘော့စ် ပြောခဲ့တာလေ... အခုတော့ ကျွန်တော်တို့ ဆုဖလားတွေ အများကြီး ရနေပြီ..."
ယင်းစကားကို ကြားသောအခါ မော်ရင်ညိုက အတွေးထဲသို့ နစ်မြောသွားသည်။
ထိုအချိန်တုန်းက အီဘရာဟီမိုဗစ်က ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး စာချုပ်သစ် ချုပ်ဆိုရန် ငြင်းဆန်ခဲ့သည်။ ပေါ့ဘာက ကွင်းလယ်တိုက်စစ် နေရာတွင် ကစားရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။
ဘယ်တောင်ပံအတွက် သင့်တော်သော ကစားသမား မရှိသလို ခံစစ်ကလည်း အပေါက်အပြဲတွေ အများကြီး ဖြစ်နေခဲ့သည်။ မန်ယူတွင် ပြဿနာများစွာ ရှိနေသဖြင့် သူပင် ယုံကြည်မှု ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။
ဒါပေမဲ့ ဘယ်အချိန်က စပြီး အခြေအနေတွေ ပြောင်းလဲသွားခဲ့တာလဲ။
မော်ရင်ညိုက ကွင်းထဲရှိ နံပါတ် ၇ ဂျာစီ ဝတ်ဆင်ထားသော လူငယ်လေးကို လှမ်းကြည့်လိုက်သည်။ ချူဖုန်းက သူ၏ ရုံးခန်းထဲသို့ ဝင်လာပြီး စကားတစ်ခွန်း ချန်ထားရစ်ခဲ့သည့် နေ့လယ်ခင်း တစ်ခုကို သူ မှတ်မိနေဆဲပင်။
"ဘော့စ်... စိတ်မပူပါနဲ့။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ စံနှုန်းတွေ တော်တော် မြင့်ပါတယ်"
ထိုစဉ်ကတော့ ဒါက နောက်နေတာပဲဟု သူ ထင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ချူဖုန်းက ထိုစဉ်က အသက် ၁၈ နှစ် ပြည့်ခါစသာ ရှိသေးပြီး ပျော်ပါးချင်သည့် အရွယ် ဖြစ်နေသည် မဟုတ်ပါလား…။
သို့သော် နောက်ပိုင်းတွင် သူ မှားကြောင်း ချူဖုန်းက သက်သေပြနိုင်ခဲ့သည်။ ချူဖုန်းက သူ့ကိုယ်သူ မယုံနိုင်လောက်အောင် မြင့်မားသော စံနှုန်းများ သတ်မှတ်ထားပြီး မာရှယ်၊ ရက်ရှ်ဖို့ဒ်နှင့် ဆာလာတို့ထက်ပင် ပို၍ ကောင်းအောင် ကစားပြခဲ့သည်။
သူ့ရှေ့တွင် မည်သူမျှ မရှိတော့သည့် အချိန်အထိ... ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ကို သူ ချိုးဖျက်နိုင်သည့် အချိန်အထိပင် ကြိုးစားခဲ့၏။
*