“မင်း သိလား...”
မော်ရင်ညိုက တိုးတိုးလေး ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "လူတစ်ယောက်တည်းက အသင်း တစ်သင်းလုံးကို ပြောင်းလဲပစ်နိုင်တယ်ကွ... မာရာဒိုနာရဲ့ နာပိုလီ၊ ခရိုက်ဖ်ရဲ့ ဘာစီလိုနာ... စသဖြင့်ပေါ့..."
"ဘော့စ်က ဘော့စ် ကိုယ်တိုင် မန်ယူကို ပြောင်းလဲပစ်ခဲ့တယ်လို့ ဆိုလိုချင်တာလား..."
ဖာရီယာက အဖြေရရန် အတင်း မေးလိုက်သည်။
မော်ရင်ညို: "..."
စကား မပြောတတ်ရင် မပြောနဲ့လေ။ ဘယ်သူကမှ မင်းကို ဆွံ့အ နေတယ်လို့ မထင်ပါဘူး။
ငါကိုယ်တိုင် ဒီမေးခွန်းကို ဘယ်လို ဖြေရမှာလဲ။
ဟုတ်တယ်လို့ ဖြေရင် ငါ နည်းနည်း ရှက်စရာ ကောင်းနေမယ်။
မဟုတ်ဘူးလို့ ဖြေပြန်ရင်လည်း... အဟမ်း။
"မနက်ဖြန် မနက် ၈ နာရီ မထိုးခင် ဒီနေ့ပွဲရဲ့ အသေးစိတ် ဗီဒီယို ပြန်လည် သုံးသပ်ချက် ငါ့ကို လာပေး..."
မော်ရင်ညိုက အသံဩဩဖြင့် ပြောလိုက်သည်။
"ဟင်... ဘော့စ်... ကျွန်တော်တို့ ချန်ပီယံ ဖြစ်သွားပြီလေ။ စည်းမျဉ်းတွေအရ ကျွန်တော်တို့ နားရမှာ မဟုတ်ဘူးလား..." ဖာရီယာက ညည်းတွားလိုက်သည်။
"အခု စည်းမျဉ်းတွေ ပြောင်းသွားပြီ..."
မော်ရင်ညိုက ခေါင်းပင် မလှည့်ဘဲ ပြောလိုက်သည်။
ဖာရီယာ: "ဘော့စ်... ကျွန်တော် ဘော့စ်နဲ့ အတူတူ တွဲလုပ်လာတာ ၁၅ နှစ် ရှိပြီနော်။ ကျွန်တော့်ကို သေတဲ့အထိ ခိုင်းစားနေရင် ဒီလောက်ကောင်းတဲ့ လက်ထောက်နည်းပြမျိုး ဘယ်က သွားရှာမှာလဲ..."
သူတို့နှစ်ဦး စကားပြောနေစဉ် ဝန်ထမ်းများက ဆုပေးစင်မြင့်ကို ပြင်ဆင်ပြီးစီးသွားပြီး မန်ယူ ကစားသမားများကလည်း အဝတ်အစား သန့်သန့်လေးများ လဲဝတ်ပြီးကြပြီ ဖြစ်သည်။
ချူဖုန်းက ကစားသမား ဥမင်လှိုဏ်ခေါင်းထဲမှ ထွက်လာပြီး ဆုပေးစင်မြင့်ရှေ့တွင် ရပ်လိုက်သည်။
အက်ဖ်အေဖလား ဆုဖလားကြီး…
ယင်းက လိဂ်ဖလားထက် အဆပေါင်းများစွာ ပိုကြီးပြီး ပို၍ ခမ်းနားထည်ဝါသော အသွင်အပြင် ရှိလေသည်။
ချူဖုန်းက သူ၏ လက်မောင်းရှိ အသင်းခေါင်းဆောင် လက်ပတ်ကို ငုံ့ကြည့်လိုက်သည်။ ဤသည်မှာ အသင်းခေါင်းဆောင် အနေဖြင့် သူ ပထမဆုံးအကြိမ် ဆုဖလား ကိုင်မြှောက်ခွင့် ရခြင်းဖြစ်ပြီး သူ့အတွက် အလွန် အထူးခြားဆုံး အဓိပ္ပာယ် တစ်ခု ရှိလေသည်။
ငါ ဒီလောက်အထိ ခရီးရောက်လာခဲ့တာကိုတောင် သတိမထားမိလိုက်ဘူးပဲ...
အက်ဖ်အေ ဥက္ကဋ္ဌက ချူဖုန်းကို ဆုတံဆိပ် ဆွဲပေးရင်း ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်ကွာ... ပြီးခဲ့တဲ့ တစ်ခေါက် တွေ့ကတည်းက မင်းကို ငါ ဆုထပ်ချီးမြှင့်ရမလားလို့ တွေးနေမိတာ... ငါ ထင်တာ မှန်သွားတာပေါ့..."
"ရာသီသိမ်း အနားယူချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကို ငါတို့ ရွေးချယ်ရလိမ့်မယ်။ အဲဒီလူက မင်းကလွဲရင် တခြားသူ မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်..."
စာရင်းဇယား အချက်အလက်များကို ကြည့်သည်ဖြစ်စေ၊ ရရှိထားသော ဂုဏ်ပြုဆုများကို ကြည့်သည်ဖြစ်စေ...
ပရီးမီးယားလိဂ် တစ်ခုလုံးတွင် ချူဖုန်းကို မည်သူကမျှ ယှဉ်နိုင်မည် မဟုတ်ချေ။
ထို့အပြင် ချူဖုန်းက အလွန် ယုံကြည် စိတ်ချရသူ ဖြစ်သည်။ သူ့တွင် ရှုပ်ထွေးသော ကိုယ်ပိုင်ဘဝမျိုး မရှိဘဲ ဖြောင့်မတ်မှန်ကန်မှု၏ ပြယုဂ် တစ်ခုပင် ဖြစ်လေသည်။
စဉ်းစားသာ ကြည့်လိုက်ပါ။
ပရီးမီးယားလိဂ်ကသာ ကိုင်လီ ဝေါ်ကာကို ပရိုမိုးရှင်း လုပ်ပေးလိုက်မည် ဆိုပါက ဒီကောင်က မနက်ဖြန်ကျလျှင် အမျိုးသမီးများကို နှောင့်ယှက်ပြီး သူ့အိမ်တွင် ပါတီပွဲတွေ လုပ်နေလိမ့်မည်။
အဲဒီလိုဆိုရင် ပရီးမီးယားလိဂ် မျက်နှာပျက်စရာ မဖြစ်သွားဘူးလား။
ထို့ကြောင့် ပရီးမီးယားလိဂ်ကို ဆက်လက် မြှင့်တင်လိုပါက အလွန် ထူးချွန်သော ကစားသမား တစ်ဦး ရှိရန် လိုအပ်ပေသည်။
ရီးရဲလ်မက်ဒရစ်၏ ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ဘာစီလိုနာ၏ မက်ဆီတို့လိုမျိုးပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်..."
ချူဖုန်း မငြင်းဆန်ခဲ့ပေ။
၎င်းမှာ အပြန်အလှန် အကျိုးရှိစေသော အစီအစဉ်တစ်ခု ဖြစ်သည်မှာ ထင်ရှားပြီး သူကလည်း အနှီ အခွင့်အရေးကို အသုံးချကာ သူ၏ ဩဇာလွှမ်းမိုးမှုကို မြှင့်တင်ပြီး လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်မည့် ဘလွန်းဒီအောဆု အတွက် ပြင်ဆင်လိုပေသည်။
ဘလွန်းဒီအောဆုသည် ကမ္ဘာ့ဘောလုံးလောကတွင် အမြင့်မားဆုံးသော တစ်ဦးချင်း ဆုတံဆိပ်ပင် ဖြစ်သည်။
ပရော်ဖက်ရှင်နယ် ကစားသမားတိုင်းက ယင်းကို အိမ်မက်မက်ခဲ့ကြဖူးသည်။
ချူဖုန်းသည် မန်ယူ လူငယ်အကယ်ဒမီသို့ စတင် ဝင်ရောက်ခဲ့စဉ်က သူ၏ ရင်ဘတ်ကို ပုတ်ကာ မက်တော်မီနေးကို "နောင်တစ်ချိန်ကျရင် ငါက ဘလွန်းဒီအောဆု ရတဲ့ ပထမဆုံး တရုတ်လူမျိုး ဖြစ်လာစေရမယ်" ဟု ပြောခဲ့သည်ကို မှတ်မိနေဆဲပင်။
သူ အရွယ်ရောက်လာသည်နှင့်အမျှ ၎င်းက မည်မျှ ခက်ခဲကြောင်းကို သဘောပေါက်လာခဲ့သည်။
ကံကောင်းလို့ ငါ့မှာ လှည့်စားတဲ့ စနစ် တစ်ခု ရှိနေတာပဲ...
အားလုံး စင်ပေါ်သို့ ရောက်ရှိသွားပြီးနောက် အက်ဖ်အေ ဥက္ကဋ္ဌက ဆုဖလားကြီးကို ကောက်ယူကာ မော်ရင်ညိုထံသို့ ကမ်းပေးလိုက်သည်။ မော်ရင်ညိုက သူ၏ တပည့်ဖြစ်သူကို ကြည့်ကာ ဖလားကြီးကို လွှဲပြောင်းပေးလိုက်သည်။
၎င်းမှာ အစဉ်အလာ တစ်ခုလိုပင်။
ချူဖုန်းက လေးလံသော ဆုဖလားကြီးကို လက်ခံရယူလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူကာ ဆုဖလားကို ဖြည်းဖြည်းချင်း အောက်သို့ နှိမ့်ချလိုက်သည်။
"ချန်ပီယံဟေ့..."
ကျယ်လောင်သော ဟစ်အော်သံနှင့်အတူ သူက ဆုဖလားကြီးကို ရုတ်တရက် အပေါ်သို့ မြှောက်တင်လိုက်လေသည်
မန်ယူ ကစားသမားများ၊ ပရိသတ်များနှင့် ဝန်ထမ်းများ အားလုံးက လက်များကို မြှောက်လိုက်ကြသည်။
ဘန်း... ဘန်း... ဘန်း...
မီးရှူးမီးပန်းများက ကောင်းကင်ယံသို့ ပျံတက်သွားပြီး အရောင်အသွေး စုံလင်သော ဖဲကြိုးလေးများက လေထဲတွင် တလူလူ လွင့်ဝဲနေကြသည်။
"ယူနိုက်တက်... မန်ယူနိုက်တက်..."
"ဂုဏ်ကျက်သရေဆိုတာ မန်ချက်စတာ ယူနိုက်တက်နဲ့ပဲ ထိုက်တန်တယ်..."
"..."
စိတ်အားထက်သန်ဖွယ် ကောင်းလှသော မန်ယူ သီချင်းကြီး စတင်ထွက်ပေါ်လာပြီး အားလုံးက လိုက်ပါ သီဆိုကြလေသည်။ ချူဖုန်းက မော့ကြည့်ကာ ရှေ့သို့ ငေးမောကြည့်လိုက်သည်။
သီချင်းစာသားထဲမှာ ပြောထားသလိုပါပဲ။
မင်းတို့ အားလုံး သရဲနီတွေရဲ့ အလံတော်ကြီး မြင့်မားစွာ လွင့်ဝဲနေတာကို မြင်တွေ့ရလိမ့်မယ်... ပြီးတော့ လူတွေ ဂုဏ်ယူဝင့်ကြွားစွာ သီဆိုနေကြတာကို ကြားရလိမ့်မယ်...
ငါတို့ အားလုံးဟာ အနီရောင်ဝတ် လူငယ်လေးတွေပါပဲ။
—
ချန်ပီယံ အောင်ပွဲခံ အခမ်းအနား ပြီးဆုံးပြီးနောက် မန်ယူ ကစားသမားများနှင့် သူတို့၏ မိသားစုဝင်များက အတူတူ ဓာတ်ပုံများ စတင် ရိုက်ကူးကြသည်။
ချူဖုန်းကို တရားဝင် မီဒီယာများက ပွဲအပြီး အင်တာဗျူး ဖြေကြားရန် ဖိတ်ခေါ်ခဲ့ကြသည်။
"အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အပေါ် ဘယ်လို ခံစားရပါသလဲ ခင်ဗျာ..." သတင်းထောက်က မေးခွန်းထုတ်လိုက်သည်။
"အင်း... ပထမဆုံး အနေနဲ့ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့ အားလုံးက ခြေစွမ်းပြနိုင်ခဲ့ကြတယ်။ သူတို့ထဲက တစ်ယောက်ယောက်သာ လိုအပ်သွားခဲ့ရင် ကျွန်တော်တို့ ချန်ပီယံဆု ရနိုင်မှာ မဟုတ်ပါဘူး..."
"ဒုတိယ အနေနဲ့ကတော့ မန်ယူမှာ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေနဲ့ နည်းပြတွေ ရှိတယ်။ ငါတို့ ဒီပွဲကို ရှုံးစရာ အကြောင်းမရှိဘူးလို့ ပြောခဲ့တဲ့ ကျွန်တော်တို့ရဲ့ နည်းပြကြီးပေါ့..."
"နောက်ဆုံး အနေနဲ့တော့ ကျွန်တော်တို့ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ချင်ပါတယ်။ သရဲနီ ပရိသတ်တွေက တကယ်ကို အံ့မခန်းပါပဲ။ ပွဲချိန် တစ်လျှောက်လုံး သူတို့ရဲ့ အားပေးသံတွေကို ကျွန်တော် ကြားနေရပါတယ်..."
ချူဖုန်းက သူ့ရင်ထဲရှိ အဖြေကို ပေးလိုက်သည်။
"ဒါဆိုရင်... ဒီရာသီရဲ့ နောက်ဆုံး ပွဲစဉ်မှာရော မန်စီးတီးကို ခင်ဗျားတို့ ထပ်ပြီး အနိုင်ယူနိုင်မယ်လို့ ထင်ပါသလား..."
သတင်းထောက်က ထပ်မံ မေးမြန်းလိုက်သည်။
"ဒီကိစ္စကို စဉ်းစားရမှာက မန်စီးတီး ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့က ဒီရာသီ လေးကြိမ် တွေ့ဆုံခဲ့ရာမှာ လေးကြိမ်စလုံး အနိုင်ရထားတာလေ..."
ချူဖုန်းက မော်ရင်ညို၏ အမူအရာကို အတုခိုးကာ ကင်မရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
နောက်ဆုံးတွင် သူက လက်ညှိုးကို ခါပြရင်း ပြုံးကာ "ခင်ဗျားတို့က ကျွန်တော်တို့ကို ယှဉ်နိုင်သေးတယ်လို့ ထင်နေတုန်းပဲလား..." ဟု မေးခွန်းထုတ်လိုက်သည်။
ချူဖုန်း၏ စကားမှာ အလွန် ဩဇာတိက္ကမ အပြည့်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး မော်ရင်ညိုက သတင်းထောက်များကို သူသည် အထူးခြားဆုံးလူ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ကို ပြန်လည် အမှတ်ရစေသည်ဟု ဆိုရပေမည်။
သတင်းထောက်များမှာ ချူဖုန်း၏ စကားကြောင့် မှင်သက်သွားကြပြီး အချိန်အတန်ကြာမှသာ သူတို့၏ နောက်ဆုံး မေးခွန်းကို မေးလိုက်ကြသည်။
"ဒီရာသီရဲ့ ဘလွန်းဒီအောဆုကို ဘယ်သူ ရမယ်လို့ ထင်ပါသလဲ ခင်ဗျာ..."
"ကျွန်တော်ပဲ ဖြစ်မှာပါ..."
ဘယ်လိုပဲဖြစ်ဖြစ် မာနကြီးပြီးသား ဖြစ်နေမှတော့ အဆုံးထိ မာနကြီးလိုက်တာပဲ ကောင်းပါတယ်...
သူ့ဘေးတွင် ရပ်နေသော လူကာကူမှာ ချူဖုန်းကို မနာလိုစွာဖြင့် ငေးကြည့်နေလေသည်။
ဟုတ်တယ်လေ…။ သူကလည်း ဖြစ်နိုင်ရင် ဘလွန်းဒီအောဆုကို လိုချင်တာပေါ့။
ထို့ကြောင့် သူက နောက်ရာသီတွင် ချူဖုန်းကို ယှဉ်ပြိုင်ရန် စိတ်ထဲ၌ ဆုံးဖြတ်လိုက်သည်။ သူက အင်တာမီလန်၏ ကမ်းလှမ်းမှုကို လက်ခံထားပြီး ဖြစ်ရာ ကျန်သည့်ကိစ္စများကို ကလပ်အသင်းကသာ ကိုင်တွယ် ဖြေရှင်းရတော့မည် ဖြစ်သည်။
သေချာသည့် အရာတစ်ခုမှာတော့ သူ ထွက်ခွာတော့မည် ဆိုတာပင်။
လက်ရှိတွင် အင်တာမီလန်၌ လော်တာရို အမည်ရှိ တိုက်စစ်မှူး တစ်ဦး ရှိနေကြောင်း သူ ကြားထားသည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုသူ၏ ဓာတ်ပုံကို မြင်လိုက်ရချိန်တွင် လူကာကူက ထူးဆန်းသော ရင်းနှီးကျွမ်းဝင်မှု တစ်ခုကို ခံစားလိုက်ရသည်။
အင်း... ငါတို့ အချင်းချင်း သိနေတာ ကြာပြီ ဖြစ်တဲ့ အတိုင်းပဲ။ ပြီးတော့ သူနဲ့ အတူတူ သေနတ်သမား အောင်ပွဲခံတဲ့ ပုံစံကိုတောင် လုပ်ချင်သေးတယ်။
ဒါပေမဲ့ ဒါက ချူကို သစ္စာဖောက်ရာ မကျဘူးလား။
လူကာကူက ခေါင်းကို ကုတ်ကာ တွေဝေသွားသော်လည်း မကြာမီ ထိုကိစ္စကို စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။
"အင်တာမီလန်မှာ ချူလို ဖြစ်ရပ်မျိုးကို ငါ ထပ်မံ ပုံဖော်ချင်တယ်။ ပြီးတော့ အင်တာမီလန်ကို အီတလီ ကျွန်းဆွယ်ရဲ့ ထိပ်ဆုံးကို ခေါ်သွားပေးမယ်..."
လူကာကူက သူ့ဘာသာသူ တိတ်တဆိတ် အားပေးလိုက်သည်။
ပွဲအပြီး အင်တာဗျူးများ ပြီးဆုံးသွားပြီးနောက် ချူဖုန်းက မာရီယာကို လိုက်ရှာရန် ပြင်လိုက်သော်လည်း ဂွါဒီယိုလာက သူမကို ခေါ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရပြီး မာရီယာက သူ့အတွက် စာတိုလေး တစ်စောင်သာ ချန်ထားခဲ့လေသည်။
"ငါ့ ယောက္ခမလောင်းက တော်တော် သဘောထား သေးသိမ်တာပဲ..."
ချူဖုန်း ပြောစရာ စကားပင် မရှိတော့ချေ။ ကံမကောင်းစွာဖြင့် သူ၏ မိဘ နှစ်ပါးစလုံးလည်း မလာခဲ့ကြသဖြင့် အောင်ပွဲခံရန် မည်သူ့ကိုမျှ ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် သူက အသင်းဖော်များ၏ ကလေးများကိုသာ စောင့်ကြည့်ပေးနေရုံသာ တတ်နိုင်တော့သည်။
မာရက်ဇ်၏ သားလေးက ဂိုးပေါက်ဆီသို့ ဘောလုံး ဆွဲပြေးသွားပြီး ဒဏ်ရာရနေသော ဖခင်ဖြစ်သူ အတွက် ဂိုးသွင်းရန် ကြိုးစားနေသည်။ သို့သော်...
ချူဖုန်းက ကလေးကို လျှောထိုး ဖျက်ထုတ်ပြီး မြေပြင်ပေါ်သို့ လဲကျစေလိုက်ရာ ကလေးမှာ အော်ငိုတော့သည်။
ယင်းကို မြင်သောအခါ ချူဖုန်းက သူ၏ ဂျာစီကို ကမ်းပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒီအင်္ကျီက သကြားလုံး ငါးသောင်းလောက်နဲ့ လဲလို့ရတယ်ကွ... မင်းအဖေကို မတိုင်နဲ့နော်..."
ကောင်လေးက ချက်ချင်း အငိုတိတ်သွားပြီး ရယ်မောလာကာ ဂျာစီကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပြန်မပေးတော့ချေ။
မာရက်ဇ်မှာ ချူဖုန်းကို ကြည့်ကာ အကူအညီ မဲ့နေလေတော့သည်။ သို့သော် သေချာ စဉ်းစားကြည့်ပြီးနောက် ချူဖုန်းက ထိုမျှလောက် အသက်မကြီးသေးကြောင်း သူ သဘောပေါက်သွားသည်။
မက်ဂွိုင်းယားမှာ သမီးဖြစ်သူကို ပခုံးပေါ် တင်ထားပြီး အက်ဖ်အေဖလားကြီးကို လက်ထဲ ကိုင်ထားကာ ရိုလာကိုစတာ တစ်စီးလို ရှေ့နောက် ပြေးလွှား ဆော့ကစားနေလေသည်။
မန်ယူ ကစားသမားတိုင်းက အောင်ပွဲ၏ ပျော်ရွှင်မှုကို ခံစားနေကြသည်။ သူတို့ အားလုံး အတူတကွ ပိုမိုများပြားသော ဆုဖလားများကို ရရှိလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်နေကြလေတော့သည်။
*