ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မီ ၁၁ ရက် အလိုတွင် မော်ရင်ညိုက မန်ယူ ကစားသမားများကို သဘောကောင်းစွာဖြင့် တစ်ရက် နားရက် ပေးလိုက်လေသည်။
လန်ဒန်မြို့က မန်ချက်စတာမြို့ထက် ပိုပြီး စည်ကားလှသည်မှာ သေချာပါသည်။
လက်မှတ်ဈေးနှုန်းများကို ကြည့်လိုက်ရုံဖြင့် သိနိုင်လေသည်။
ထို့ကြောင့် အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့သည့် ညနေခင်းတွင် မန်ယူ ကစားသမားများက အိမ်မပြန်ကြတော့ဘဲ လန်ဒန်မြို့ရှိ ဘားတစ်ခုကို ရှာကာ အားရပါးရ အောင်ပွဲခံကြလေသည်။
သို့သော် နောက်ဆုံးမိနစ်မှ ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သောကြောင့် ဘားတစ်ခုလုံးကို သီးသန့် ငှားရမ်းရန် အချိန်မရလိုက်ချေ။ ကံမကောင်းစွာဖြင့် သူတို့က မန်စီးတီး ကစားသမားများနှင့် သွားဆုံကြလေသည်။
ဒီဘရိုင်းနှင့် သူ၏ သူငယ်ချင်းများမှာ စိတ်အခြေအနေ မကောင်းကြသဖြင့် စိတ်အပန်းဖြေရန် ထွက်လာကြရာမှ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့သွားကြခြင်း ဖြစ်သည်။ ခဏတဖြုတ် နှုတ်ဆက်စကား ပြောကြပြီးနောက် အသင်းနှစ်သင်းက ကိုယ့်အစီအစဉ်နှင့်ကိုယ်သာ ဆက်လုပ်ကြသည်။
မက်ဂွိုင်းယားက ခေါင်းကို မော့ကာ ဘီယာတစ်ပုလင်းလုံးကို မော့သောက်လိုက်ပြီး လေချဉ် အရှည်ကြီး တစ်ချက် တက်လိုက်သည်။ "သောက်ရမ်း မိုက်တာပဲကွာ... မကြာသေးခင်ကမှ ဘော့စ်က ငါ့ကို ဝိတ်ချဖို့ အမိန့်ပေးထားတော့ ဘီယာ မသောက်ရတာ တစ်လနီးပါး ရှိနေပြီ... ဒီနေ့မှပဲ ငါ့ကိုယ်ငါ ဆုချဖို့ အခွင့်အရေး ရတော့တယ်..."
ထိုသို့ ပြောပြီးနောက် ခေါင်းကြီး မက်ဂွိုင်းယားက ချူဖုန်းထံ သွားကာ အရက်ခွက် ချင်းတိုက်လိုက်သည်။
"ချူ... မင်း သိလား။ အဲဒီတုန်းက ငါ့ကို မန်စီးတီးရော မန်ယူကပါ ကမ်းလှမ်းခဲ့ကြတာ... ငါက အရမ်း တော်လွန်းလို့လေ။ ဒါပေမဲ့ မန်ယူ ဝန်ထမ်းတွေက ငါ့ကို စကားတစ်ခွန်းပဲ ပြောခဲ့တယ်။ အဲဒီစကားက ငါ့ကို မန်စီးတီးအစား မန်ယူကို ရွေးချယ်ဖို့ ဆုံးဖြတ်စေခဲ့တာပဲ..."
ချူဖုန်း မဖြေခင်မှာပင် မက်ဂွိုင်းယားက သူ့ဘာသာ ပြန်ဖြေလိုက်သည်။ "သူတို့က ပြောတယ်... နောက်ခံလူ တစ်ယောက် အနေနဲ့ မင်းရှေ့မှာ ဘယ်သူ့ကို ရှိစေချင်လဲတဲ့... ဂိုးတွေ အများကြီး လွဲတတ်တဲ့ စတာလင်းကိုလား... ဒါမှမဟုတ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းခဲ့တဲ့ စူပါ တိုက်စစ်မှူးကိုလားတဲ့လေ..."
"မင်း သိလား... ငယ်ငယ်ကတည်းက ငါ့အိမ်မက်က မန်ယူမှာ ကစားဖို့ပဲ။ တီဗီကနေ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြည့်ပြီးတဲ့နောက် ငါက မင်းရဲ့ အသင်းဖော် ဖြစ်ရမယ်လို့ကို ခံစားလိုက်ရတာ..."
"..."
ခေါင်းကြီး မက်ဂွိုင်းယားမှာ အရက်သောက်နိုင်စွမ်း အလွန် နည်းပါးသည်လားတော့ မသိ။ ဘီယာ အနည်းငယ် သောက်လိုက်ရုံဖြင့် အဓိပ္ပာယ်မရှိသည့် စကားများ စတင် ပြောဆိုလာတော့သည်။
"ပြီးခဲ့တဲ့ ရာသီက လက်စတာစီးတီးနဲ့ ပွဲမှာ မင်းက ပါရမီပါတဲ့ ဗဟိုနောက်ခံလူ တစ်ယောက်မှန်း ငါလည်း မြင်ပါတယ်။ မင်းနဲ့ ဒေးဗစ်က သေချာပေါက် တွဲဖက်ညီညီ ကစားနိုင်မှာပါ..." ချူဖုန်းက မက်ဂွိုင်းယား၏ ခေါင်းကြီးကို ပုတ်လိုက်ပြီးနောက် ဒီဂီယာကို မျက်ခုံးပင့်ပြလိုက်သည်။
ဒီဂီယာမှာ တော်တော်လေး မာနကြီးသူ ဖြစ်သည်။ သူက နှုတ်ခမ်းကို ဆူကာ ပြောလိုက်သည်။
"အရင်တုန်းက ရိုမဲရိုး ငါ့ဆီ ငိုယိုပြီး လာသေးတယ်။ ဟယ်ရီက သူ့ရဲ့ ပေးဂိုးမရှိ ဆုကြေးကို ဖျက်ဆီးပစ်တာ တစ်ပွဲတည်း မဟုတ်ဘူးတဲ့... သူ့သမီးလေးအတွက် နို့မှုန့်ဝယ်ဖို့ ပိုက်ဆံတောင် မရှိတော့ဘူး တဲ့လေ..."
ထိုဟာသကြောင့် မန်ယူ ကစားသမားများ အားလုံး အော်ဟစ် ရယ်မောလိုက်ကြသည်။
အသင်းဖော်များ အားလုံးက သူတို့၏ မိသားစုများကို ခေါ်လာကြသည်ကို မြင်သောအခါ ချူဖုန်းက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ၏ အနာဂတ် ယောက္ခမလောင်းကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
"ချူ... အက်ဖ်အေဖလား ရတာ ဂုဏ်ယူပါတယ်နော်..."
ချူဖုန်းက ဂွါဒီယိုလာ၏ အရုပ်လေး တစ်ရုပ် ဆွဲနေစဉ် ရုတ်တရက် သူ့နာမည် ခေါ်သံကို ကြားလိုက်ရသည်။ မော့ကြည့်လိုက်သောအခါ...
ဝိုး…
မက်ဂွိုင်းယားနှင့် ခြောက်ဆယ်ရာခိုင်နှုန်းခန့် တူနေသော မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ရုပ်ရည်ကို အကဲဖြတ်ပြီး ခွဲခြားဆက်ဆံခြင်းတော့ မဟုတ်ပေ။
သို့သော် မက်ဂွိုင်းယား မိဘများ၏ မျိုးရိုးဗီဇကိုတော့ တကယ် ချီးကျူးရမည် ဖြစ်သည်။
တစ်ပုံစံတည်း တူတဲ့ သားနဲ့သမီးကို ဘယ်လိုများ မွေးထုတ်နိုင်ခဲ့တာလဲ...
"ဒါ ငါ့ညီမ ဒေစီလေ... မင်းရဲ့ အမာခံ ပရိသတ်ပေါ့။ မင်းနဲ့ တွေ့ချင်နေတာ ကြာပြီ..."
မက်ဂွိုင်းယားက မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်သည်။
ချူဖုန်းက မက်ဂွိုင်းယား၏ အမူအရာကို ဂရုမစိုက်ဘဲ သဘောကောင်းစွာဖြင့် လက်ကို ကမ်းပေးကာ ပြုံးလျက် "မင်္ဂလာပါ... မက်ဂွိုင်းယားက အစ်ကိုကောင်း တစ်ယောက် ဖြစ်မှာ သေချာပါတယ်။ အဝတ်လဲခန်းထဲမှာ သူ ခင်ဗျားတို့ အကြောင်း ပြောနေတာ ကျွန်တော် ခဏခဏ ကြားရတယ်..." ဟု ပြောလိုက်သည်။
ဒေစီက ချူဖုန်း၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်လုံးများမှာ အိုင်ဒေါလ်နှင့် အောင်မြင်စွာ တွေ့ဆုံခွင့်ရသွားသည့် ပရိသတ် တစ်ဦး၏ မျက်လုံးများကဲ့သို့ တောက်ပနေလေသည်။
ချူဖုန်းက သိပ်ပြီး ဂရုမစိုက်ဘဲ ဒေစီနှင့် မိနစ်အနည်းငယ်ခန့် စကားစမြည် ပြောလိုက်သည်။
သူသည် လူတစ်ယောက်ကို ရုပ်ရည်ဖြင့် ဘယ်သောအခါမှ အကဲဖြတ်လေ့ မရှိချေ။ ထိုသို့မဟုတ်လျှင် ဝမ်-ဘစ်ဆာကာ၏ ရုပ်ရည်မျိုးဖြင့် ချူဖုန်းက သူ့ကို အပေါင်းအသင်း စာရင်းထဲ လုံးဝ ထည့်သွင်းမည် မဟုတ်ပေ။
အရက်၏ အရှိန်ကြောင့် အားလုံးက တဖြည်းဖြည်း စကားများလာကြပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ၊ လာမည့်ရာသီ အစီအစဉ်များနှင့် နေ့စဉ်ဘဝ အကြောင်းများကို ပြောဆို ဆွေးနွေးလာကြသည်။
မကြာမီ လူတစ်ယောက်က အန်စာတုံးများ ထုတ်လာပြီး ဂိမ်း စတင် ကစားကြလေသည်။
"ခြောက် သုံးလုံး"
"ခြောက် လေးလုံး"
"ခြောက် ငါးလုံး"
"ဖွင့်ဟေ့"
မန်ယူ ကစားသမားများမှာ တော်တော်လေး ပျော်ရွှင်နေကြသည်။
ချူဖုန်းက ထိုအရာများကို စိတ်မဝင်စားပေ။ သူက ဗလင်စီယာ အပါအဝင် အခြား ဝါရင့် ကစားသမားများနှင့်အတူ ဘေးဘက်သို့ သွားကာ ရော့ခ်ဂီတကို နားထောင်ရင်း မန်ယူ၏ အတိတ်အကြောင်းများကို စကားစမြည် ပြောနေလိုက်သည်။
"အင်း... ခင်ဗျား တကယ်ရော ငှက်ချေး စားဖူးလား..."
ချူဖုန်းက စပ်စုတတ်သော ကလေးတစ်ယောက်လိုပင်။ သူက အစပိုင်းတွင် အားလုံးနှင့် သိပ်မရင်းနှီးသေးသဖြင့် အက်ရှလေယန်းကို မေးရန် အားနာနေခဲ့ရာ နောက်ဆုံးတွင် ထိုကိစ္စကို မေ့သွားခဲ့သည်။
ယခုအခါ အက်ရှလေယန်း မထွက်ခွာမီ မေးရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။ အခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်ပေ။
အက်ရှလေယန်း၏ မျက်နှာမှာ မူလကတည်းက မည်းနေပြီး ဖြစ်ရာ ဤစကားကို ကြားသောအခါ ပို၍ပင် မည်းမှောင်သွားလေသည်။ သို့သော် သူက သူ့ကိုယ်သူ သရော်သည့်ဟန်ဖြင့် ရယ်မောလိုက်ပြီး "တိတိကျကျ ပြောရရင် အဲဒါက ငှက်ချေး မဟုတ်ဘူး... ခိုချေးလေ... ပြီးတော့..."
အက်ရှ်လေယန်းက သူ့ကိုယ်သူ ရှင်းပြရန် ကြိုးစားသော်လည်း ပွဲစဉ်၏ ကြည်လင်ပြတ်သားသော ဗီဒီယိုတွင် သူသည် ငှက်ချေးစင်ခံရရုံသာမက စကားပြောနေစဉ် ယင်းကို မျိုချလိုက်ကြောင်းပါ အထင်းသား မြင်တွေ့နေရလေသည်။
"အန်တိုနီယို... ခင်ဗျားက ဘာလို့ ရယ်လေ့ရယ်ထ မရှိတာလဲ။ ကျွန်တော် ပထမအသင်းကို ရောက်ကတည်းက ခင်ဗျား ရယ်တာ လေးငါးခါလောက်ပဲ မြင်ဖူးသေးတယ်..."
ထို့နောက် ချူဖုန်းက သူ၏ အတင်းပြောချင်သော စွမ်းအင်များကို ဗလင်စီယာထံသို့ လှည့်ပြောင်းလိုက်သည်။
မန်ယူ ဝါရင့် ကစားသမားကြီးမှာ ယင်းစကားကို ကြားသောအခါ ခါးသက်သက် ပြုံးလိုက်လေသည်။
သူသည် ဘောလုံးကစားသည့်အခါ အလွန် လေးနက်တည်ကြည်သူ ဖြစ်သည်။ သူ၏ မျက်နှာအမူအရာ လုံးဝ မပြောင်းလဲလောက်အောင် လေးနက်လွန်းသဖြင့် အချိန်ကြာလာသောအခါ "မပျော်ရွှင်သူ" ဟု ထင်မှတ်ခံလာရခြင်း ဖြစ်သည်။
"ချူ... မင်းက အခု မန်ယူရဲ့ အသင်းခေါင်းဆောင် ဖြစ်နေပြီ။ မင်းရဲ့ တာဝန်တွေကို သတိရရမယ်... ဥရောပ စူပါဖလား ဗိုလ်လုပွဲတုန်းကလို စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူးနော်..."
ဗလင်စီယာက လေးနက်စွာ အကြံပေးလိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် ချူဖုန်းက အလွန် ရင့်ကျက်ပြီး စိတ်ခံစားမှုနောက်သို့ လိုက်ခဲသည်ဟု သူ ထင်ခဲ့သည်။ သို့သော် တစ်ခါတစ်ရံတွင်မူ လုံးဝ မတူညီသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
"ခင်ဗျား ပြောတာ အဓိပ္ပာယ် မရှိဘူးလေ... လိပ်တစ်ကောင်လို အေးဆေးတည်ငြိမ်နေမယ် ဆိုရင်တော့ ဘောလုံးကစားတာမှာ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားမှာပေါ့..."
"ကန်တိုနာနဲ့ ကိန်းတို့ အသင်းခေါင်းဆောင် လုပ်တုန်းကဆိုရင် အသင်းက တံဆိပ်ရိုက်နှိပ်ထားသလိုပဲ... သူတို့က ပိုပြီး စိတ်အားထက်သန်မှု အပြည့်နဲ့ ကစားခဲ့ကြတာ မဟုတ်ဘူးလား..."
အက်ရှလေယန်းက ဝင်ရောက် ချေပလိုက်သည်။
သူတို့နှစ်ဦးက ထိုပြဿနာနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးနေကြစဉ် ချူဖုန်းက ဆိုဖာပေါ်တွင် မှီထိုင်ကာ ဝိုင်ကို တစ်ငုံချင်း သောက်ရင်း အောင်ပွဲအပြီး အားလပ်ချိန်ကို ဇိမ်ကျကျ ခံစားနေလေသည်။
သန်းခေါင်ယံ အချိန်လောက် ရောက်မှသာ ချူဖုန်းက ကျသင့်ငွေ ရှင်းရန် ထလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ သူသည် မန်ယူတွင် လစာအများဆုံး ရရှိသူ ဖြစ်ရာ တစ်ခါတစ်ရံတွင် အသင်းဖော်များကို ကျွေးမွေး ပြုစုရမည်မှာ ဓမ္မတာပင်…။
ထို့အပြင် အသင်းဖော်များက သူ့ကို ဖန်တီးပေးခဲ့သော ဂိုးဖန်တီးမှုများမှာလည်း အလကားရသော ငွေများပင် ဖြစ်လေသည်။
သို့သော် သူ ရေချိုးခန်း အနီးမှ ဖြတ်သွားစဉ် မက်ဂွိုင်းယား၏ ညီမဖြစ်သူကို သူစိမ်း အမျိုးသား တစ်ဦးက ဖက်ထားသည်ကို တွေ့လိုက်ရသည်။
“ဒေစီလား”
သူက ရှေ့တိုးပြီး မေးရန် ပြင်လိုက်စဉ်မှာပင် အခြား လူအချို့က သူ့ကို တားဆီးလိုက်ကြသည်။ လက်ဆေးကန်ပေါ်ရှိ ဆေးထိုးအပ်ကို ချူဖုန်း တွေ့လိုက်ရချိန်တွင် ဘာဖြစ်သွားသည်ကို ချက်ချင်း သဘောပေါက်လိုက်လေသည်။
မကြာသေးမီက ဗြိတိန်နိုင်ငံရှိ ဘားများစွာတွင် အမျိုးသမီးများကို အမည်မသိ အရည်များဖြင့် မသမာသော ရည်ရွယ်ချက်ဖြင့် ထိုးသွင်းသည့် ဖြစ်ရပ်များ ရှိနေကြောင်း သတင်းများတွင် သူ တွေ့ခဲ့ရသည်။
"ထွက်သွားစမ်း"
ခေါင်းဆောင်လုပ်သူက ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်လိုက်ပြီး သူ၏ အပေါင်းအပါများကို အတူတကွ ထွက်ခွာရန် လက်ဟန်ပြလိုက်သည်။
ချူဖုန်း နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။
သူ မတုံးအပေ။ လူခြောက်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရန်မှာ အလွန် ခက်ခဲသော ကိစ္စပင် ဖြစ်သည်။
သူသည် ဘောလုံး ကစားသမား တစ်ယောက် ဖြစ်နေလျှင်တောင်မှပေါ့။
အကယ်၍ တစ်ဖက်လူများတွင် လက်နက် ပါလာပါက ဓားတစ်ချက် အထိုးခံရရုံဖြင့် အသက်ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် တည်ငြိမ်မှ ဖြစ်မည်။
"ဒီကို တစ်ယောက်ယောက် လာကြပါဦးဟေ့"
ချူဖုန်းက ဘတ်စကက်ဘော ကွင်းထဲတွင် အော်သကဲ့သို့ သူ၏ အသင်းဖော်များကို အသံကုန် အော်ခေါ်လိုက်သည်။
ထိုအသံကြီးက သီချင်းသံများကိုပင် ဖုံးလွှမ်းသွားပြီး ဘား၏ ထောင့်တိုင်းတွင် ဟိန်းထွက်သွားကာ မန်ယူ ကစားသမားများ၏ နားထဲသို့ ရောက်ရှိသွားလေသည်။
ဝှစ်
မျက်စိတစ်မှိတ်အတွင်းမှာပင် မန်ယူ ကစားသမားများက စုရုံးရောက်ရှိလာကြပြီး ထိုလူစုကို ရေချိုးခန်းထဲတွင် ထောင့်ပိတ် ဖမ်းထားလိုက်ကြသည်။ မန်စီးတီး ကစားသမားများကလည်း နောက်မှ လိုက်ပါလာကြသည်။
ငါတို့က ကွင်းထဲမှာတော့ ပြိုင်ဘက်တွေ ဖြစ်ပေမဲ့ ကွင်းပြင်မှာတော့ သူငယ်ချင်းတွေပဲ။ တစ်ခုခု ဖြစ်ရင် ငါ တတ်နိုင်သလောက် ကူညီပေးရမှာပေါ့...
ဒီဘရိုင်းမှာ တကယ်ကို သဘောကောင်းလှပေသည်။
"ဒေးဗစ် (ဒီဂီယာ)... ရဲကို အရင် ဖုန်းဆက်... ပြီးရင် ဘားပိုင်ရှင်ကို ဒီကို ခေါ်ခဲ့"
***