ချူဖုန်းက အစီအစဉ်တကျ ညွှန်ကြားလိုက်သည်။ အမူး တော်တော်လေး ပြေသွားပြီ ဖြစ်သော ဒီဂီယာက ဖုန်းဆက်ရန် သူ၏ ဖုန်းကို အမြန် ထုတ်လိုက်သည်။
အရက်၏ အရှိန်ကြောင့် လူရမ်းကား တစ်စုက မန်ယူ ကစားသမားများကို မှတ်မိသွားကြပြီး ရုတ်တရက် ရဲတင်းလာကြသည်။ လူသိများသော အကျော်အမော်များမှာ ပြဿနာများကို ကြောက်ရွံ့ကြပြီး အထူးသဖြင့် ဘားလိုမျိုး ရှုပ်ထွေးနိုင်သည့် နေရာများတွင် ပို၍ပင် ရှောင်ရှားလိုကြသည်ဟု သူတို့က ထင်မှတ်ထားကြသည်။
"ခုနလေးတင် ဒီအမျိုးသမီးက နည်းနည်း အမူးလွန်နေတာ တွေ့လို့ ကျွန်တော်က သဘောကောင်းပြီး ကူညီပေးထားတာပါ..."
ဒီစကားက ဘာသဘောလဲ။
"ငါ့ရှေ့ကနေ အခုချက်ချင်း ဖယ်ကြစမ်း"
"ပြီးတော့ မင်းတို့ ငါ့ကို လက်တစ်ဖျားလေးတောင် ထိရဲရင် မင်းတို့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတွေ ပြီးဆုံးသွားပြီသာ မှတ်"
ခေါင်းဆောင်လုပ်သူက ဒေစီကို တွန်းထုတ်လိုက်ပြီး သူ၏ အပေါင်းအပါများကို ထွက်ခွာရန် လက်ဟန်ပြလိုက်သည်။ မက်ဂွိုင်းယားမှာ အနည်းငယ် ဒေါသထွက်သွားပုံရသည်။
သောက်ရူးစကားတွေပဲ။
မည်သူမဆို မိမိ၏ ကိုယ်ပိုင် ညီမဖြစ်သူ ဆေးခတ်ခံရသည်ကို ကြည့်ပြီး ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
သူက ခေါင်းဆောင်လုပ်သူ၏ ကော်လာကို ဆွဲကိုင်ကာ "အားလုံး ရဲတွေ လာတဲ့အထိ စောင့်နေကြ။ ဒီမှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ်... ဘယ်သူမှ ဘယ်မှ ထွက်သွားလို့ မရဘူး..." ဟု ပြောလိုက်သည်။
ခေါင်းကြီး မက်ဂွိုင်းယားက အသိတရား ကပ်နေသေးသည်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲက နီးကပ်လာပြီ ဖြစ်ရာ မည်သည့် ပြဿနာမှ မဖြစ်စေရန် အကောင်းဆုံး ဖြစ်ကြောင်း သူ သိထားသည်။
အကယ်၍ တစ်စုံတစ်ယောက်က ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရဲ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရပါက သို့မဟုတ် မကောင်းသော လူထုထင်မြင်ချက် တစ်ခုခု ဖြစ်ပေါ်လာပါက ကလပ်အသင်းနှင့် အသင်းဖော်များ အတွက် များစွာ ထိခိုက်နစ်နာစေမည် ဖြစ်သည်။
ထို့ကြောင့် သူ ကိုယ်တိုင် လက်ပါခြင်း မပြုဘဲ ရဲရောက်လာသည်အထိ စောင့်ဆိုင်းရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုလူစုကတော့ မတူညီသော အကြံအစည်များ ရှိနေသည်မှာ ထင်ရှားပေသည်။
မှိန်ပျပျ အလင်းရောင်နှင့် အရက်၏ လှုံ့ဆော်မှုတို့က လူသားများ၏ ရန်လိုမှုကို နှိုးဆွပေးလေသည်။ လူရမ်းကား တစ်စုက မက်ဂွိုင်းယား အနီးသို့ တဖြည်းဖြည်း ကပ်လာကြပြီး အချို့က ဘီယာပုလင်းများကို သူ၏ ခေါင်းပေါ်သို့ ရိုက်ခွဲလိုက်ကြသည်။
“ဒါက ဘောလုံး မဟုတ်ဘူး... ဝိုင်ပုလင်းကွ”
ခွပ်…
ဖန်ကွဲသံက ဘားတစ်ခုလုံးကို တစ်ခဏမျှ တိတ်ဆိတ်သွားစေသည်။
ချူဖုန်း၏ အမြင်အာရုံ မှတ်ဉာဏ်က ဖန်ကွဲစများနှင့် မက်ဂွိုင်းယား၏ နဖူးမှ စီးကျလာသော သွေးများကို ရှင်းလင်းစွာ မြင်တွေ့နိုင်စေခဲ့သည်။
ချက်ချင်းပင်...
သူ စိတ်လိုက်မာန်ပါ မလုပ်ဖို့ ဆိုတာတွေကို ဂရုမစိုက်နိုင်တော့ချေ။
သူ့အတွက်တော့ အသင်းခေါင်းဆောင် တစ်ယောက်၏ တာဝန်ဆိုတာ ကိုယ့်အသင်းဖော်တွေ အနိုင်ကျင့်ခံရချိန်မှာ အရင်ဆုံး ပြေးထွက်သွားပြီး လက်စားချေပေးဖို့ပင်…။
သူက ဘေးရှိ ဘားကောင်တာပေါ်မှ ဘီယာပုလင်း တစ်ပုလင်းကို ဆွဲယူလိုက်သည်။
ရှေ့တစ်လှမ်း တိုးပြီး အတင်း ပြေးဝင်သွားလိုက်သည်။
ပထမဆုံး မက်ဂွိုင်းယားကို ရိုက်နေသောသူကို မြေပြင်ပေါ် လဲကျသွားအောင် ကန်ချလိုက်ပြီးနောက် တစ်ဖက်ရှိ လူတစ်ယောက်၏ ခေါင်းပေါ်သို့ ပုလင်းဖြင့် ရိုက်ခွဲလိုက်လေသည်။
ခွမ်း…
"သောက်ကျိုးနည်း... ချကြဟေ့…"
ယင်းကို မြင်သောအခါ မန်ယူ ကစားသမားများလည်း ဒေါသထွက်လာကြပြီး လူရမ်းကားများနှင့် ရူးသွပ်စွာ စတင် ချကြလေတော့သည်။
တိုက်ပွဲက လျင်မြန်စွာ စတင်ခဲ့ပြီး လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။
ဝမ်-ဘစ်ဆာကာက ဘောလုံးကို ကန်သကဲ့သို့ ပြင်းထန်စွာ လျှောထိုး ဝင်တိုက်လိုက်ရာ လူတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဒေးဗစ်လူးဝစ်ကမူ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကို အသုံးပြု၍ ဝင်ထိုးသည်။
ထို့နောက် ကန်တေ ရှိသေးသည်။ သူ၏ အရပ်ပုခြင်းကို ကြည့်ပြီး အထင်မသေးလိုက်ပါနှင့်။ သူက မယုံနိုင်လောက်အောင် တည်ငြိမ်လှပေသည်။
သူက လူတစ်ယောက်ကို မြေပြင်ပေါ်သို့ ချက်ချင်း ဖျက်ထုတ် လှဲချလိုက်လေသည်။
အနှီ အရက်သမားများမှာ ပရီးမီးယားလိဂ် ကစားသမားများကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။
သူတို့မှာ မြေပြင်ပေါ်တွင် လဲကျကာ နာကျင်စွာ ညည်းတွားနေကြရသည်။
အချို့လူများက ထွက်ပြေးရန် ကြိုးစားကြသော်လည်း အပြင်ဘက်ရှိ ဒီဘရိုင်း၏ တားဆီးခြင်းကို ခံလိုက်ရပြီး စတာလင်းနှင့် သူ၏ အဖွဲ့က ထိုလူများကို အလွယ်တကူပင် ဖမ်းချုပ်လိုက်ကြသည်။
"ခင်ဗျားက ဒီလောက် ချတတ်မှန်း ကျွန်တော် မသိခဲ့ဘူးဗျာ..."
ချူဖုန်းက ကျေးဇူးတင်စကား ပြောလိုက်သည်။ လူအများစုက ဤကဲ့သို့သော ကိစ္စမျိုးကို သေချာပေါက် ရှောင်ရှားကြမည် ဖြစ်သည်။ ထို့ကြောင့် သူက ကျေးဇူးတင်စကား ပြောလိုက်ခြင်း ဖြစ်၏။
"ဒါက ဘာလုပ်ရမလဲဗျ... အရင်တုန်းက ကျွန်တော် ဂျန့်ခ်မှာ ရှိတုန်းကလေ…"
ဒီဘရိုင်းက စကားပြောနေရင်း တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။
ထိုစဉ်က ကော်တွိုက်စ်က သူ့ချစ်သူကို လုယူခဲ့ပြီး နောက်ပိုင်း သူတို့နှစ်ဦး ပြန်လည် ဆုံတွေ့ကြသောအခါ သူက ကော်တွိုက်စ်နှင့် ထိပ်တိုက် ချခဲ့ဖူးလေသည်။
ကော်တွိုက်စ်က ဒီဘရိုင်းထက် အရပ် ၂၀ စင်တီမီတာခန့် ပိုရှည်သော်လည်း ကော်တွိုက်စ်၏ ချနိုင်စွမ်းမှာ တကယ်တမ်းတွင် ဒီဘရိုင်းလောက် မကောင်းမွန်ချေ။ ၎င်းမှာ အပြစ်ရှိစိတ်ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ချူဖုန်းက ပါးနပ်စွာဖြင့် အသေးစိတ် ဆက်မမေးတော့သော်လည်း ဘာအကြောင်းလဲ ဆိုတာကိုတော့ သူ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။ ၁၅ မိနစ်ခန့် အကြာတွင်တော့ ရဲများ ရောက်ရှိလာကြသည်။
ခင်ဗျားတို့က အမှိုက်သိမ်းဖို့ လာတာလား...
ချူဖုန်းက ဒေါသတကြီးဖြင့် စိတ်ထဲမှ ညည်းတွားလိုက်သည်။
ထို့နောက်...
ဘားပိုင်ရှင် အပါအဝင် အုပ်စု သုံးစုလုံး လန်ဒန် ရဲစခန်းသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရလေသည်။
"သူတို့က ပရော်ဖက်ရှင်နယ် ကစားသမားတွေလေ... ကျွန်တော်တို့က တော့တင်ဟမ် (စပါး) ပရိသတ်တွေ။ သူတို့ကို စကား နည်းနည်း ပြောလိုက်မိတာနဲ့ သူတို့က ဒေါသထွက်ပြီး ကျွန်တော်တို့ကို ထိုးကြိတ်ကြတာ..."
"မင်းတို့ရဲ့ ကစားသမား ဘဝတွေတော့ ပြီးသွားပြီသာ မှတ်"
"သောက်တောသား မန်ချက်စတာ ကောင်တွေ"
ချူဖုန်းက သူ၏ ထွက်ဆိုချက်ကို ပေးရန် ပြင်နေစဉ် လူယုတ်မာများက ပြောင်းပြန် စွပ်စွဲနေသည်ကို ကြားလိုက်ရသည်။
အို... စပါး ပရိသတ်တွေလား။ အဲဒါဆိုရင် အရမ်း ညှာတာလွန်းရာ ကျသွားပြီ...
နာရီဝက် အကြာတွင်...
The Sun သတင်းစာမှ သတင်းထောက် တစ်ဦး ရဲစခန်း အပေါက်ဝတွင် ပေါ်လာသည်။
နှစ်နာရီ အကြာတွင်...
မော်ရင်ညိုနှင့် ဂွါဒီယိုလာတို့က ကလပ်အသင်း နှစ်ခုလုံးမှ ရှေ့နေများနှင့်အတူ ရဲစခန်းသို့ ရောက်ရှိလာကြသည်။
နှစ်ယောက်ပေါင်းလျှင် အသက် ရာဂဏန်းကျော်နေပြီ ဖြစ်သော အမျိုးသား နှစ်ဦးမှာ သူတို့၏ တပည့် အသီးသီးကို အကူအညီမဲ့သော အမူအရာများဖြင့် လှမ်းကြည့်နေကြလေသည်။
ပြဿနာရှာတဲ့ နေရာမှာတော့ သောက်ရမ်း တော်ကြတာပဲကွာ
ချူဖုန်းက အနာဂတ် ယောက္ခမလောင်းနှင့် သူ၏ ဘော့စ်ကို အဖြစ်အပျက် အကြောင်းစုံ အကြမ်းဖျင်း ရှင်းပြလိုက်သည်။
"မာရီယာလည်း သိသွားပြီ။ မင်းဘာသာမင်း နောက်မှ သွားရှင်းပြလိုက်တော့..."
"ကောင်းကောင်း လုပ်ခဲ့တယ်... ဒါက မန်ယူ ကစားသမားတွေ ဖြစ်သင့်တဲ့ ပုံစံပဲ။ ဒါပေမဲ့ နောက်တစ်ခါ ဆိုရင်တော့ ငါ့ကို စောစောလေး အကြောင်းကြားသင့်တယ်..."
ချူဖုန်း: "..."
ဤစကားများက သူတို့နှစ်ဦး၏ အများပြည်သူ ရှေ့မှောက်ရှိ ပုံရိပ်များနှင့် တကယ်ကို ကိုက်ညီလှပေသည်။
လန်ဒန်ရဲများ၏ လုပ်ရည်ကိုင်ရည်မှာ စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် အလွန် နှေးကွေးလွန်းလှသည်ဟု ဆိုရပေမည်။
သက်သေများ၊ သက်သေခံ ပစ္စည်းများနှင့် စောင့်ကြည့်ကင်မရာ ဗီဒီယိုများလည်း အပြည့်အစုံ ရှိနေလေသည်။ ယင်းက ညဉ့်နက်သည်အထိ ကြာမြင့်နေပြီး သူတို့က ကစားသမားများကို အချုပ်ခန်းထဲသို့ပင် ခေါ်ဆောင်သွားလိုနေကြသေးသည်။
မန်ယူ၏ ဥပဒေရေးရာ အဖွဲ့က ထိုတောင်းဆိုချက်ကို ငြင်းပယ်လိုက်ပြီး လန်ဒန်ရဲများကို ဥပဒေရေးရာ အကြံဉာဏ်များပင် ပြန်ပေးလိုက်သေးကာ သူတို့၏ အမှုသည်များမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အရ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလိုက်ကြသည်။
ဤကဲ့သို့ စုံစမ်းစစ်ဆေးမှုက ဥရောပ ဘောလုံးလောကတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့လေပြီ။
[မန်ယူနှင့် မန်စီးတီး ကစားသမားများ ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် ရဲစခန်းတွင် ထိန်းသိမ်းခံထားရ။ အတွင်းလူများ၏ အဆိုအရ သူတို့သည် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် တရားစွဲဆိုခံရနိုင်ပြီး ထောင်ဒဏ် ရက် ၂၀ မှ သုံးလအထိ (ဆိုင်းငံ့) ချမှတ်ခံရနိုင်ဖွယ် ရှိနေ — The Sun]
[မန်ယူ အသင်းခေါင်းဆောင် ချူဖုန်းက စပါး ပရိသတ်နှင့် ထိုးကြိတ်ခဲ့ပြီးနောက် ဦးနှောက် အနည်းငယ် လှုပ်ရှားသွားသည့် ဒဏ်ရာ ရရှိခဲ့ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွဲချော်နိုင်ဖွယ် ရှိနေ — The Sun]
[မန်ယူ ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား၏ ညီမဖြစ်သူကို အမည်မသိ အရည်တစ်မျိုး ထိုးသွင်းခံခဲ့ရပြီးနောက် ဘားတစ်ခုတွင် ခိုက်ရန်ဖြစ်ပွားမှုကြီး ပေါ်ပေါက်ခဲ့ကြောင်း The Guardian သတင်းစာက ဖော်ပြ။]
[ကလပ်အသင်း အနေဖြင့် ယင်းဖြစ်ရပ်ကို သိရှိထားပြီး ချူနှင့် သူ၏ ကစားသမားများမှာ ခြိမ်းခြောက်ခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်အရ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ပါသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ကျွန်ုပ်တို့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ — မန်ချက်စတာယူနိုက်တက် ကလပ်အသင်း]
"ချူရဲ့ စရိုက်ကို ကြည့်ရင် သူက ဘယ်တော့မှ လွယ်လွယ်နဲ့ ရန်ဖြစ်မယ့်လူမျိုး မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ Polaris Sport ရဲ့ ဥပဒေရေးရာ ဌာနက လန်ဒန်ကို ရောက်ရှိနေပြီ ဖြစ်ပြီး အခြေအမြစ် မရှိဘဲ ခန့်မှန်း ရေးသားနေကြတဲ့ မီဒီယာတွေကို ကျွန်တော်တို့ တရားစွဲဆိုသွားပါမယ်..." မန်ဒက်စ်
…………………
ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များမှာ ထိုသတင်းကြောင့် ရုတ်တရက် အိပ်ရာမှ နိုးထလာကြပြီး သတင်းမှတ်ချက်များ အောက်တွင် ဝင်ရောက် ရေးသားကြလေသည်။
ခိုက်ရန်ဖြစ်ပွားမှုများမှာ တကယ်တမ်းတွင် အတော်လေး အဖြစ်များသော်လည်း ပရော်ဖက်ရှင်နယ် အားကစားသမားများကြားတွင် ဖြစ်ပွားသည်ကို မြင်ရခြင်းကတော့ ထူးခြားလှပေသည်။ အထူးသဖြင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ကြမည့် အသင်းနှစ်သင်းမှ ကစားသမားများကြားတွင် ဖြစ်ပွားခြင်းမှာ ပို၍ပင် ရှားပါးလှလေသည်။
ယင်းက အလွန် ရှားပါးသော ဖြစ်ရပ်တစ်ခုပင်။
[အသင်းနှစ်သင်းလုံးက ကစားသမားတွေ ဖမ်းဆီးထိန်းသိမ်း ခံရမယ်ဆိုရင် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လူငယ်အသင်းတွေနဲ့ ကန်ရတော့မှာလား...]
[လူစာရင်းကို ကြည့်ရသလောက်တော့ မန်ယူက အကုန်လုံး ပါသွားလို့ အပြတ်အသတ် ရှုံးနိမ့်သွားတာပဲ။ မန်စီးတီးကတော့ ကစားသမား နည်းနည်းပဲ ပါသွားတော့ သူတို့ရဲ့ ပွဲထွက် လူစာရင်းအတွက် လုံလောက်သေးတယ်...]
[ဒါက အရမ်းကို ဒရမ်မာ ဆန်လွန်းတယ်။ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ရှောင်ချူနဲ့ သူ့ရဲ့ အသင်းဖော်တွေကတော့ တကယ့် ယောကျ်ားကောင်းတွေပဲကွာ...]
[ဗီဒီယိုကို မင်းတို့တွေ ကြည့်ပြီးကြပြီလား။ ရှောင်ချူက ပုလင်းကြီး ကိုင်ထားတာ သောက်ရမ်း မိုက်တာပဲ။ ဒါပေမဲ့ သူတော့ တရားစွဲခံရလောက်တယ်...]
[ရပါတယ်ကွာ... အာမခံကြေး နည်းနည်း ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ သိပ်အများကြီး ထိခိုက်မှုတော့ မရှိနိုင်ပါဘူး...]
[အက်ဖ်အေနဲ့ ယူအီးအက်ဖ်အေတို့ကများ ပြစ်ဒဏ် တစ်ခုခု ချမှတ်လာမလား မသိဘူးနော်...]
နောက်တစ်နေ့တွင်...
ချူဖုန်းနှင့် သူ၏ အသင်းဖော်များ ရဲစခန်းထဲမှ ထွက်လာကြပြီး အားလုံး သမ်းဝေနေကြသည်။
မန်ယူနှင့် မန်စီးတီးတို့တွင် အလွန် အင်အားတောင့်တင်းသော ဥပဒေရေးရာ အဖွဲ့များ ရှိလေသည်။ လူရမ်းကားများမှာမူ ခိုက်ရန်ဖြစ်ပွားမှုနှင့် အဓမ္မ ပြုကျင့်ရန် ကြိုးပမ်းမှု စသည့် ပြစ်မှုများဖြင့် တရားစွဲဆိုခြင်း ခံရပြီး လပေါင်းများစွာ ထောင်ကျနိုင်ဖွယ် ရှိလေသည်။
ကစားသမားများကလည်း တစ်ဦးချင်း အခြေအနေများအပေါ် မူတည်၍ မတူညီသော ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ သို့သော် အများစုမှာ ငွေဒဏ်များသာ ဖြစ်သည်။
"သွားကြစို့... ဒါက အထူးခြားဆုံး အောင်ပွဲခံတဲ့ နည်းလမ်းပဲ... ဘောလုံး သမိုင်းမှာ တစ်ခုတည်းသော ဖြစ်ရပ် ဖြစ်လောက်တယ်..."
ချူဖုန်းက ကုတ်အင်္ကျီကို ပခုံးပေါ် တင်လိုက်ပြီး မန်ယူ ကစားသမားများကို ဘတ်စ်ကားပေါ်သို့ ဦးဆောင် ခေါ်သွားလေသည်။ နောက်ဆုံးတော့လည်း ကလပ်အသင်း၏ ဘတ်စ်ကားနှင့်ပင် မန်ချက်စတာကို ပြန်ရတော့သည်ပင်…။
***