မန်ချက်စတာမှ မက်ဒရစ်သို့ အကွာအဝေးမှာ ၁၂၃၀ ကီလိုမီတာခန့် ရှိလေသည်။
မန်စီးတီးတို့မှာ အလွန် ချမ်းသာကြွယ်ဝပြီး အီတီဟတ် လေကြောင်းလိုင်းက သူတို့၏ စပွန်ဆာများထဲမှ တစ်ခု ဖြစ်သောကြောင့် သူတို့က ပွဲစဉ်များ သွားရောက်ရာတွင် ကိုယ်ပိုင် ဂျက်လေယာဉ်များဖြင့် သွားရောက်လေ့ ရှိကြသည်။
သို့သော် မန်ယူ၏ အမေရိကန် ပိုင်ရှင်များမှာမူ အလွန် ကပ်စေးနဲလှပေသည်။
သို့သော် ကစားသမားများကို ပုံမှန် လေကြောင်းလိုင်းများမှ စီးနင်းခိုင်းရန်တော့ မလိုအပ်ပေ။ သီးသန့် လေယာဉ်တစ်စင်း ငှားရမ်းခြင်းမှာ ပြဿနာ မရှိချေ။
ချူဖုန်းကလည်း ဘယ်သွားသွား အဆင်ပြေစေရန် သူ့အတွက် ကိုယ်ပိုင် လေယာဉ်တစ်စင်း ဝယ်ရန် စဉ်းစားနေမိသည်။
ဒါပေမဲ့ ပြဿနာက ကိုယ်ပိုင် လေယာဉ်တွေက အရမ်း ဈေးကြီးလွန်းနေတာပဲ။
သူက လေယာဉ်ပြတင်းပေါက်နားတွင် ထိုင်ကာ တဖြည်းဖြည်း ဝေးကွာသွားသော မြေပြင် မြင်ကွင်းများကို တိမ်တိုက်များက ဖုံးကွယ်သွားသည် အထိ ငေးကြည့်နေမိသည်။
"ချူ... ဖလော်ရန်တီနို ပီရက်ဇ်က ငါ့ကို လာရှာတယ်။ ပွဲအပြီးမှာ မင်းနဲ့ တွေ့ချင်တယ်တဲ့..."
ရုတ်တရက် ချူဖုန်း၏ ဖုန်းထဲသို့ စာတိုတစ်စောင် ဝင်လာသည်။ သူ တစ်ချက် ဖတ်ကြည့်လိုက်ပြီးနောက် ဖုန်းကို ချက်ချင်း ပိတ်လိုက်သည်။
မန်ဒက်စ်သည် ရီးရဲလ်မက်ဒရစ်နှင့် ဆက်ဆံရေး ကောင်းမွန်လေသည်။ ပီပီ၊ မာဆယ်လိုနှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့လို ကစားသမားများ အားလုံးက သူ၏ အဆက်အသွယ်များမှတစ်ဆင့် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ဖလော်ရန်တီနိုက သူ့ထံ ချဉ်းကပ်လာသောအခါ မန်ဒက်စ် အနေဖြင့် ငြင်းဆန်ရန် အခက်တွေ့နေခဲ့ခြင်း ဖြစ်သည်။
လူမှုရေးအရ နားလည်မှုလေးတွေတော့ ရှိရမှာပေါ့။
သို့သော် ချူဖုန်းက ဖလော်ရန်တီနိုနှင့် မည်သည့် အဆက်အသွယ်မှ မရှိသဖြင့် ငြင်းဆန်ရန် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မခံစားရချေ။
သို့သော် ထိုသတင်းကို မည်သူက ပေါက်ကြားသွားစေသနည်းတော့ မသိ။ စပိန်ရှိ အဓိက မီဒီယာကြီးများက မန်ယူ၏ နံပါတ် ၇ ကစားသမားသည် အစဉ်အလာအတိုင်း ဆုဖလားများ အလုံအလောက် ရယူပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာမည်ဟု ရေးသား ဖော်ပြနေကြလေသည်။
ဘက်ခမ်းနှင့် ရော်နယ်ဒိုတို့က ဥပမာများပင် မဟုတ်ပါလား။
ယင်းက ရီးရဲလ်မက်ဒရစ် ပရိသတ် အများအပြားကို စိတ်လှုပ်ရှားစေခဲ့ပြီး အနာဂတ် ရီးရဲလ်မက်ဒရစ် ကစားသမားများကို ကြိုဆိုပွဲ အခမ်းအနား ကျင်းပရန် လေဆိပ်သို့ သွားရောက်ကြရန် ကိုယ့်အစီအစဉ်နှင့် ကိုယ် စုစည်းခဲ့ကြလေသည်။
နှစ်နာရီကျော် အကြာတွင်...
လေယာဉ်က ကောင်းကင်ယံမှ ဟိန်းဟောက်သံများပေးကာ ဆင်းသက်လာပြီး ဘာရာဟတ်စ် လေဆိပ်တွင် ရပ်တန့်လိုက်သည်။
အရောင်ရင့်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး နေကာမျက်မှန် တပ်ထားသည့် ချူဖုန်းက လေဆိပ်ထဲမှ ထွက်လာစဉ် ရုတ်တရက် လန့်ဖျပ်သွားလုနီးပါး ဖြစ်သွားရသည်။
ဟိုဟာက ဘာကြီးလဲ။
သံပန်းတံခါးကြောင့် မျက်နှာကို သေချာ မမြင်ရသော ပရိသတ် တစ်ဦးက ကျောဘက်တွင် "CHU-7" ဟု ရိုက်နှိပ်ထားသော ရီးရဲလ်မက်ဒရစ် ဂျာစီတစ်ထည်ကို ကိုင်ဆောင်ထားလေသည်။
အဓိက အချက်က အနှီ ပရိသတ်မှာ ယင်းဂျာစီကို သူ့အပေါ် လာစွပ်ရန် ကြိုးစားနေခြင်းပင်။
ဘာလဲ... မင်းတို့က ဘာစီလိုနာကို လုပ်ခဲ့တဲ့ ကွက်မျိုး လာသုံးချင်သေးတာလား။ မင်းတို့ရဲ့ ဂျာစီကို ဝတ်လိုက်ရုံနဲ့ ငါက မင်းတို့ လူ ဖြစ်သွားရောလား...
အနီးနားရှိ မန်ယူ ပရိသတ်များက မကျေမနပ် ဖြစ်သွားကြသည်။
ငါတို့က ချူ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တာ... မန်ယူ လူငယ်အကယ်ဒမီကနေ ပထမအသင်း အထိ... မန်ယူအသင်းကို ကိုယ်စားပြုတဲ့ နံပါတ် ၇ ဂျာစီကို ဝတ်ဆင်ပြီး တာဝန်ယူမှုကို ကိုယ်စားပြုတဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ပတ်ထားတဲ့အထိလေ...
ဘန်း... ဘန်း... ဘန်း
မျက်စိတစ်မှိတ်အတွင်းမှာပင် ရီးရဲလ်မက်ဒရစ် ပရိသတ်မှာ မန်ယူ ပရိသတ်များ ကြားထဲတွင် မြိုချခံလိုက်ရပြီး ပျောက်ကွယ်သွားလေတော့သည်။ ထိုအခါ အပြင်ဘက်ရှိ ရီးရဲလ်မက်ဒရစ် ပရိသတ်များကလည်း မကျေမနပ် ဖြစ်လာကြသည်။
ယခင်က မည်သည့် ပတ်သက်မှုမှ မရှိခဲ့သော အုပ်စုနှစ်စုမှာ ရုတ်တရက် ပြင်းထန်သော ပဋိပက္ခများ စတင် ဖြစ်ပွားလာကြလေတော့သည်။
"မြန်မြန် မြန်မြန် မြန်မြန်လုပ်ကြဗျ"
လုံခြုံရေး ဝန်ထမ်းများက မန်ယူ ကစားသမားများကို ကားပေါ်သို့ အမြန် ခေါ်ဆောင်သွားကြရာ နောက်ဘက်ရှိ မော်ရင်ညိုကိုပင် မေ့ကျန်ရစ်လုနီးပါး ဖြစ်သွားခဲ့သည်။ ကလပ်အသင်း၏ ဘတ်စ်ကား ထွက်ခွာသွားပြီးနောက်မှသာ လူအုပ်ကြီးမှာ တဖြည်းဖြည်း တည်ငြိမ်သွားကြလေသည်။
"သောက်ကျိုးနည်း... စပိန် ပရိသတ်တွေက တော်တော် ရူးသွပ်တာပဲ။ ကံကောင်းလို့ ငါတို့ကို မထိခိုက်သွားတာ..."
မက်ဂွိုင်းယားက ကြောက်လန့်တကြားဖြင့် သူ၏ ရင်ဘတ်ကို ပွတ်သပ်လိုက်ပြီး နောက်တန်းရှိ ချူဖုန်းကို ကြည့်ကာ "ချူ... မင်း ထွက်မသွားဘူး မဟုတ်လား..." ဟု မေးလိုက်သည်။
"အင်းပေါ့။ ငါက မန်ယူရဲ့ အသင်းခေါင်းဆောင်လေ။ လစာလည်း အမြင့်ဆုံး ရတယ်... ပြီးတော့ ဒီမှာ ငါ့စကားနားထောင်တဲ့ လူတွေလည်း အများကြီး ရှိတယ်။ ငါက ဘာကိစ္စ ရီးရဲလ်မက်ဒရစ် သွားပြီး နံပါတ် နှစ် နေရာ ယူရမှာလဲ..."
ချူဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ချူ... ငါ အတည်ပြောတယ်လို့တော့ အပြစ်မတင်နဲ့နော်။ ဒါပေမဲ့ အသက်အရွယ်အရ ကြည့်ရင် မင်းက အငယ်ဆုံးလေ... ငါတို့က မင်းစကားကို အမြဲတမ်း ဘာလို့ နားထောင်ရမှာလဲ"
မာရက်ဇ်က မျက်စိတစ်ဖက် မှိတ်ပြရင်း ဝင်ပြောလိုက်သည်။
"လခွီး…"
ချူဖုန်းက နှုတ်ခမ်းကို စုလိုက်ပြီး အသက်အရွယ်အရ တွက်မည်ဆိုလျှင် သူက အကြီးဆုံး ဖြစ်ကြောင်း စိတ်ထဲမှ တွေးလိုက်မိသည်။
ဟိုတယ်သို့ ရောက်ရှိသွားသောအခါ မော်ရင်ညိုက ကစားသမားများကို ညွှန်ကြားချက် အချို့ ပေးပြီး နောက်နေ့ လေ့ကျင့်ရေးကွင်းသို့ မသွားမီ ကောင်းကောင်း အနားယူကြရန် ပြောကြားလိုက်သည်။
တစ်ချိန်တည်းမှာပင်...
တရုတ်နိုင်ငံမှ ပရိသတ်များစွာကလည်း စပိန်နိုင်ငံ၏ မြို့တော် မက်ဒရစ်သို့ ရောက်ရှိလာကြသည်။
သူတို့ အားလုံးက မန်ယူ၏ နံပါတ် ၇ ဂျာစီကို ဝတ်ဆင်ထားကြလေသည်။
လူဦးရေ စာရင်းကို ရေတွက်ပြီးနောက် လီထောင်က အလံကို မြှောက်ကိုင်ကာ ပြောလိုက်သည်။ "အားလုံးပဲ ကျေးဇူးပြုပြီး လျှောက်မသွားကြပါနဲ့နော်။ ဒီည စပိန်မှာ နည်းနည်း ရှုပ်ထွေးနေတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲလည်း ရှိနေတော့ မတော်တဆမှုတွေ အလွယ်တကူ ဖြစ်သွားနိုင်လို့ပါ..."
ပြီးခဲ့သည့် ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကတည်းက ချူဖုန်းသည် တရုတ်နိုင်ငံတွင် အိမ်တိုင်းသိသည့် နာမည်ကျော် တစ်ဦး ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် ချူဖုန်း၏ "ပရီးမီးယားလိဂ် ပွဲကြည့် ခရီးစဉ်" နှင့် "ချန်ပီယံလိဂ် ပွဲကြည့် ခရီးစဉ်" ကဲ့သို့သော ခရီးများကို စီစဉ်သည့် ခရီးသွား အဖွဲ့များ အများအပြား ပေါ်ထွက်လာခဲ့သည်။
ကျန်းဝေက လီထောင်၏ ဘေးမှ လမ်းလျှောက်လာရင်း "အစ်ကိုလီ... ကုမ္ပဏီက ဒီပရောဂျက်ကို စလုပ်တုန်းက အစ်ကိုသာ ကျွန်တော့်ကို အဖွဲ့ထဲ မခေါ်ခဲ့ရင်တော့ ဒုက္ခပါပဲ..." ဟု ပြောလိုက်သည်။
"အဲဒီတုန်းက မင်းက ငါ့ကို ညည်းသေးတယ်လေ... အင်န်ဘီအေက ပိုပြီး အနာဂတ် ရှိတယ်ဆိုပြီး... အခုတော့ ကြည့်လေ..." လီထောင်က နောက်ပြောင်လိုက်သည်။
ကျန်းဝေက တဟဲဟဲ ရယ်မောလိုက်သည်။ တကယ်တော့ ထိုစဉ်က သူသည် ဘောလုံးကို စိတ်မဝင်စားခဲ့ဘဲ ဘောလုံးလောကတွင် အနာဂတ် မရှိနိုင်ဟု ထင်ခဲ့မိသည်။
အရာအားလုံးက ညတွင်းချင်း ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက သိမည်နည်း။
"ရှောင်ချူ ကျေးဇူးကြောင့်သာ ကျွန်တော်တို့ အရာရာကို ဆက်ထိန်းထားနိုင်ခဲ့တာပါ..."
လီထောင်မှာ အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးနေလေသည်။
သူသည် နှစ်ပေါင်းများစွာ ဘောလုံး ပရိသတ် တစ်ဦး ဖြစ်ခဲ့ပြီး အလုပ်မှတစ်ဆင့် ပွဲစဉ်များကို ကြည့်ရှုခွင့် ရခြင်းက သူ၏ ဝါသနာကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု အဖြစ် ပြောင်းလဲလိုက်ခြင်းပင် ဖြစ်သည်။
"ပရီးမီးယားလိဂ် ပွဲကြည့်အဖွဲ့" ကို စတင် တည်ထောင်စဉ်က ရှောင်ချူ ကစားနေသည်ကို သူ ပထမဆုံးအကြိမ် တိုက်ရိုက် မြင်တွေ့ခဲ့ရပြီး တီဗီမှ ကြည့်ရသည်ထက် များစွာ ပိုမို ပြင်းထန်သော တုန်လှုပ်ချောက်ချားမှုကို ခံစားခဲ့ရလေသည်။
ထိုးဖောက်မှုများ... ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုများ... အမြန်နှုန်း...
ဂိုးပေါက်ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသော ရှောင်ချူ၏ သွင်းဂိုး မြင်ကွင်းကို သူ မှတ်မိနေဆဲပင်။
ထိုနေ့မှ စ၍ မန်ယူ၏ ပွဲစဉ် တစ်ပွဲကိုမျှ သူ လက်မလွတ်ခဲ့တော့ဘဲ ဤအရာများမှာ သူ၏ မှတ်ဉာဏ်ထဲတွင် ထာဝရ တန်ဖိုးရှိသော ရတနာများ ဖြစ်လာခဲ့လေသည်။
နာမည်ကျော် အားကစား သတင်းကြေညာသူ ဟယ်ဝေသည် တစ်ခါက အလွန် မှန်ကန်သော စကားတစ်ခွန်း ပြောခဲ့ဖူးသည်။ "သူ့ဘဝရဲ့ အထွတ်အထိပ် အချိန်ကာလတွေကို အတူတူ ဖြတ်သန်းခွင့် ရတာက... ကျွန်တော့်ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုပါပဲ..."
နောင်တစ်ချိန် သူ အိုမင်းလာသောအခါ တီဗီတွင် မြေးဖြစ်သူနှင့် အတူ ဘောလုံးပွဲ ကြည့်နေစဉ် ဖန်သားပြင်ပေါ်ရှိ ထူးချွန်သော ကစားသမားကို လက်ညှိုးထိုးပြကာ ဤသို့ ပြောကောင်း ပြောပေလိမ့်မည်။
"အဘိုးမှာလည်း အဲဒီတုန်းက အရမ်း သဘောကျရတဲ့ ကစားသမား တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းခဲ့တယ်... မန်ချက်စတာ ဒါဘီပွဲမှာ မယုံနိုင်စရာ နောက်ကနေ လိုက်ပြီး အနိုင်ယူပြခဲ့တယ်... တစ်ရာသီတည်းမှာ မန်စီးတီးကို ငါးကြိမ်တောင် အနိုင်ယူခဲ့ပြီး စံချိန်ပေါင်းများစွာကိုလည်း တင်ထားခဲ့သေးတာ။ စကားမစပ်... အခု မြေး သဘောကျနေတဲ့ ကစားသမားကလေ အဲဒီ ချူဖုန်းကို အိုင်ဒေါလ် အဖြစ် သတ်မှတ်ထားတာကွ..."
"ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် သုံးရက် လိုသေးတော့ ဒီအချိန်အတွင်းမှာ မက်ဒရစ်မြို့ကို လှည့်လည် ကြည့်ရှုဖို့ ကျွန်တော်တို့ ခေါ်သွားပေးပါမယ်..."
"မက်ဒရစ်မြို့က စပိန်နိုင်ငံရဲ့ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ စားသုံးမှု ဗဟိုချက် ဖြစ်ရုံသာမက..."
အတွေးများကို ဖယ်ရှားရန် ခေါင်းခါယမ်းပြီးနောက် လီထောင်က မက်ဒရစ်မြို့အကြောင်း ပရိသတ်များကို စတင် ရှင်းပြနေလေသည်။
ဗိုလ်လုပွဲ အကြို လေ့ကျင့်ရေး အစီအစဉ်များနှင့် ကွင်းစမ်းသပ်မှုများကို ဝမ်ဒါ မက်ထရိုပိုလီတာနို ကွင်းကြီးတွင် ပြုလုပ်ခဲ့ကြသည်။ တင်းမာမှုများ ရှိမနေဘဲ အသင်းနှစ်သင်းလုံးမှ ကစားသမားများက အလွန် ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ကာ ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ကြသည်။
ဒါက ယောကျ်ားတွေကြားက ခင်မင်ရင်းနှီးမှု ဆိုတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
သူတို့ ပခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့ကြလို့ ဒီလိုမျိုး ဖြစ်လာတာပေါ့။
သေချာသည်မှာတော့ သူတို့က မတူညီသော အသင်းနှစ်သင်းကို ကိုယ်စားပြုနေကြ သူများ ဖြစ်သဖြင့် အများကြီးတော့ စကားမပြောဖြစ်ခဲ့ကြပေ။
***