မကြာမီ...
ဒိုင်လူကြီးအဖွဲ့ ဦးဆောင်မှုဖြင့် ကစားသမားများက ကစားသမား ဥမင်လှိုဏ်ခေါင်းထဲမှ ထွက်လာကြလေသည်။
ဝိုး...
ကွင်းကြီး တစ်ခုလုံး ရေနွေးအိုး ဆူပွက်လာသကဲ့သို့ ရုတ်တရက် ဆူညံ ပေါက်ကွဲထွက်သွားတော့သည်။
ချူဖုန်းက ချန်ပီယံလိဂ်ဖလား အနီးမှ ဖြတ်သွားစဉ် သူက လက်လှမ်းကာ ဆုဖလားကြီးကို ပွတ်သပ်လိုက်သေးရာ မက်ဂွိုင်းယားမှာ လန့်သေမတတ် ဖြစ်သွားရလေသည်။
ဘောလုံးလောက၏ ကြောက်မက်ဖွယ် အကောင်းဆုံး ကျိန်စာတစ်ခုကို သူ အလွန် ကောင်းကောင်း သိထားလေသည်။ ပွဲမစခင် ဆုဖလားကို ကိုင်တွယ်တဲ့ ဘယ်သူမဆို အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်တဲ့လေ။
"ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ငါ အဲဒီဆုဖလားကြီးကို ကိုင်ခဲ့တယ် ဆိုတာ မင်း သိလား..."
ချူဖုန်းက ပြုံးရင်း အမေးကို အမေးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
မက်ဂွိုင်းယား: "အဲဒါကြောင့်ကိုး..."
သူက စိတ်လှုပ်ရှားစွာဖြင့် ဟိုဒီ လှည့်ပတ် ကြည့်ရှုနေပြီး ရှုခင်းလှလှလေးတွေ မြင်ရတဲ့ ရွာသူမကြီး လျှောက်ကြည့်နေသလိုမျိုး ဖြစ်နေလေသည်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီး…
ကစားသမား အများအပြားမှာ သူတို့၏ တစ်သက်တာလုံး ဤကဲ့သို့သော ပွဲမျိုးကို ကစားခွင့် မရကြသော်လည်း သူကတော့ သူ၏ ကစားသမားဘဝ အစောပိုင်းမှာပင် ဘောလုံးလောက၏ အမြင့်မားဆုံး စင်မြင့်ထက်တွင် ရပ်တည်ခွင့် ရနေလေပြီ။
"ပါရမီဆိုတာ ငါ့ရဲ့ နားလည်နိုင်စွမ်း အတွက် အောက်ခြေ အဆင့်လေး တစ်ခုမျှသာပါပဲ..."
မက်ဂွိုင်းယားက ဘယ်ကနေ ကောက်ရလာမှန်း မသိသော စကားတစ်ခွန်းကို ပြောလိုက်ပြီး စိတ်ခံစားချက် အပြည့် ပါဝင်နေဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"ငါကတော့ ဒီစကားအတွက် ၁၀ မှတ်မှာ ၈.၅ မှတ် ပေးချင်တယ်... ဘာလို့လဲဆိုတော့ ငါ ပြောစရာ စကားတောင် မရှိတော့လို့လေ..."
ချူဖုန်းက စိတ်ထဲမှ ညည်းတွားလိုက်သည်။
မကြာမီ အသင်းနှစ်သင်းလုံး တန်းစီ ရပ်လိုက်ကြသည်။
ကင်မရာက ကစားသမား တစ်ယောက်ချင်းစီကို အလှည့်ကျ ရိုက်ကူးသွားပြီး ချူဖုန်းဆီ ရောက်သောအခါ အချိန်အကြာဆုံး ရပ်တန့်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အသင်းနှစ်သင်းလုံးတွင် အထူးချွန်ဆုံး စူပါစတား တစ်ဦး အဖြစ် သတ်မှတ်ခံထားရသောကြောင့် ဖြစ်သည်။
ပြီးခဲ့သည့် ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပရိသတ် အများအပြားက ဂန္ထဝင်မြောက် ပွဲစဉ်တစ်ခု အဖြစ် သတ်မှတ်ထားကြသည်။
ချူဖုန်း၏ ဟက်ထရစ်၊ ဆက်တိုက် ချေပဂိုးများနှင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့မှု။
ထိုအချက်များထဲမှ တစ်ချက် ပါဝင်လာလျှင်ပင် သင့်သွေးများကို ဆူပွက်လာစေရန် လုံလောက်နေပြီ ဖြစ်ရာ ယင်းအချက်များ အားလုံး ပါဝင်နေမည် ဆိုပါက ဆိုဖွယ်ရာ မရှိတော့ချေ။
"Goal" ဆိုသော နာမည်ကျော် ဘောလုံးရုပ်ရှင်ပင် ယင်းပွဲစဉ်ကို ယှဉ်နိုင်မည် မဟုတ်ချေ။
လက်ရှိတွင် ချူဖုန်းသည် ကမ္ဘာပေါ်၌ အကျော်ကြားဆုံး လူငယ် ဘောလုံးကြယ်ပွင့် ဖြစ်နေလေပြီ။
ကမ္ဘာ့ဖလား ချန်ပီယံသစ်လေး အမ်ဘာပေပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် ပြင်သစ် လီဂူး-၁ မှာ အင်္ဂလိပ် ပရီးမီးယားလိဂ်လောက် ဩဇာလွှမ်းမိုးမှု မရှိသောကြောင့် ဖြစ်သည်။
လက်ဆွဲနှုတ်ဆက်ခြင်း၊ အသင်းအလံများ ဖလှယ်ခြင်းနှင့် ကွင်းရွေးချယ်ခြင်း စသည့် လုပ်ငန်းစဉ်များ အားလုံး ပြီးဆုံးသွားပြီးနောက် မန်ယူ ကစားသမားများက ကွင်းဘေးသို့ လာကာ အသင်းလိုက် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။
ထိုအချိန်တွင် အသံလွှင့်ခန်း၌...
နဗီးလ်နှင့် ကာရေဂါ၊ ကျန်းကျွင်းနှင့် ဆရာကျန်းလု အစရှိသော ဝါရင့် တွဲဖက် ဋီကာဆရာများက အနှီ ဘောလုံး ပွဲတော်ကြီးကို အသံလွှင့် တင်ဆက်ရန် စုဝေးရောက်ရှိနေကြလေပြီ။
"အားလုံးပဲ မင်္ဂလာညချမ်းပါ ခင်ဗျာ..."
"ကျွန်တော်တို့ အခု ၂၀၁၈-၁၉ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက်နေပါပြီ"
"မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ပွဲစဉ်ပါ"
"ဒါဟာ ဒီရာသီမှာ မန်ချက်စတာ ကလပ်အသင်း နှစ်သင်းကြား (၅) ကြိမ်မြောက် ထိပ်တိုက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်"
"အချိန်မဆွဲတော့ဘဲ အသင်းနှစ်သင်းလုံးရဲ့ ပွဲထွက် လူစာရင်းကို မိတ်ဆက်ပေးပါမယ်။ မန်ယူက အနီရောင် ဂျာစီကို ဝတ်ဆင်ထားပြီး မော်ရင်ညိုက ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုထားပါတယ်။ ဂိုးသမားက..."
"အဓိက ခံစစ် ကစားသမား ကန်တေ မပါဝင်နိုင်တာကြောင့် မော်ရင်ညိုက ဟန်ချက်ညီတဲ့ ၄-၂-၃-၁ ကစားကွက်ကို ရွေးချယ်ခဲ့တာပါ။ ဒါကြောင့် ဒီပွဲက သိပ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းလာမှာတော့ မဟုတ်ပါဘူး..."
ကျန်းကျွင်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီး တစ်ခုခု လွဲချော်နေသည်ကို သတိပြုမိသွားသဖြင့် အကြောင်းအရာကို ပြောင်းကာ ဆက်လက် တင်ဆက်လိုက်သည်။
"မန်စီးတီးရဲ့ ပွဲထွက် လူစာရင်းကိုလည်း ကြည့်ရအောင်ဗျာ... အမ်…"
"အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ဂွါဒီယိုလာက လှည့်ကွက်တွေ သုံးရတာ ကြိုက်တယ်လို့ အရင်က ကြားဖူးပေမဲ့ ဒီနေ့တော့ နောက်ဆုံး ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီဗျာ..."
"မန်စီးတီးရဲ့ ၃-၂-၂-၃ ကစားကွက်ဗျ... ဂိုးသမားက..."
"၂၀၁၁ ခုနှစ် မေလတုန်းက ဘာစီလိုနာအသင်းက ဝင်ဘလေကွင်းမှာ မန်ယူကို အနိုင်ရခဲ့တယ်။ အဲဒီတုန်းက အရန်ခုံတန်းမှာ ဖာဂူဆန်ရဲ့ လက်တွေ တုန်ယင်နေတာကို မြင်လိုက်ရတာကတင် အဲဒီအချိန်က ဘာစီလိုနာ ဘယ်လောက် အင်အားကြီးလဲ ဆိုတာကို ထင်ဟပ်နေပါတယ်..."
"ဒါပေမဲ့ အဲဒီနောက်ပိုင်း ၈ နှစ်တာ ကာလအတွင်းမှာ ဂွါဒီယိုလာက ချန်ပီယံလိဂ် ဖလားကို ထပ်မရခဲ့တော့ဘူး။ ကံမကောင်းတာအပြင် သူရဲ့ အမြဲတမ်း လှည့်ကွက်တွေ သုံးတတ်တဲ့ အကျင့်က သူ့ကို အကြိမ်ကြိမ် ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တဲ့ အရေးကြီးဆုံး အကြောင်းရင်း ဖြစ်နိုင်ပါတယ်..."
"ဥပမာ နည်းနည်းလောက် ပေးပါရစေ..."
"၂၀၁၁-၁၂ ရာသီတုန်းက ဘာစီလိုနာ ဆီမီးဖိုင်နယ်ကို ရောက်ခဲ့တယ်။ ပထမအကျော့ အဝေးကွင်းမှာ ချယ်လ်ဆီးကို ၀-၁ နဲ့ ရှုံးခဲ့ပြီးတဲ့နောက် ဒုတိယအကျော့မှာ ဂွါဒီယိုလာက ၃-၃-၁-၃ ကစားကွက်ကို သုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီနည်းဗျူဟာက အချိန်အတိုင်းအတာ တစ်ခုအထိ အလုပ်ဖြစ်ခဲ့ပြီး ဘာစီလိုနာက ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရာမီးရက်ဇ်နဲ့ တောရက်စ်တို့က တန်ပြန်တိုက်စစ်ကနေ ဂိုးတွေ သွင်းသွားခဲ့လို့ ဘာစီလိုနာ ပြုတ်ခဲ့ရတယ်..."
"၂၀၁၃-၁၄ ရာသီမှာ ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်တဲ့ ဂွါဒီယိုလာက အသင်းကို ဖလား ၄ လုံး ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးပြီး ထွက်ခဲ့ရတယ်။ ပထမအကျော့မှာ ၀-၁ နဲ့ ရှုံးခဲ့ပြီးနောက် ဂွါဒီယိုလာက ဒုတိယအကျော့မှာ ၄-၂-၄ ကစားကွက်ကို သုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ အကျိုးဆက် အနေနဲ့ကတော့ ပြိုင်ဘက်က ပထမ ၃၄ မိနစ် အတွင်းမှာပဲ ၃ ဂိုး သွင်းသွားခဲ့တယ်..."
"၂၀၁၄-၁၅ ရာသီမှာ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လာခဲ့ပြီး ဘာစီလိုနာနဲ့ တွေ့တယ်။ ပထမအကျော့ အဝေးကွင်းမှာ ဂွါဒီယိုလာက ၃-၅-၂ ကစားကွက်ကို ပြောင်းသုံးခဲ့ပြီး လီဝန်ဒေါစကီးနဲ့ မူလာတို့ကို တိုက်စစ်မှူး နှစ်ယောက် အဖြစ် တွဲသုံးခဲ့တယ်။ ရလဒ်အနေနဲ့ မက်ဆီက လေးမိနစ် အတွင်း နှစ်ဂိုး သွင်းခဲ့ပြီး နေမာက နောက်ဆုံး မိနစ်ပိုင်းလေးမှာ တစ်ဂိုး ထပ်သွင်းခဲ့လို့ ဘိုင်ယန်က ပထမအကျော့မှာ ၀-၃ နဲ့ ရှုံးခဲ့တယ်။ ဒုတိယအကျော့မှာ နောက်ခံလူ လေးယောက် ကစားကွက် ပြန်ပြောင်းပြီး ၃-၂ နဲ့ နိုင်ခဲ့ပေမဲ့လည်း ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပဲ..."
"..."
ကံကောင်းထောက်မစွာဖြင့် ကျန်းကျွင်းသည် ပွဲမစမီကတည်းက သတင်းအချက်အလက်များကို ကြိုတင် ပြင်ဆင်ထားသဖြင့်သာ တော်တော့သည်။ သို့မဟုတ်ပါက အချိန်တိုအတွင်း ဤမျှ အများကြီး ပြောနိုင်မည် မဟုတ်ချေ။
"အခု ဒီနေ့ သုံးလာတဲ့ ၃-၂-၂-၃ ကစားကွက် အကြောင်း ပြောရအောင်။ မန်ယူရဲ့ ကွင်းလယ်ကို အဓိက အာရုံစိုက်ထားတာ ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ပြီးတော့ တခြား ကစားသမားတွေရဲ့ နေရာယူမှုကလည်း သင့်တော်ပါတယ်..."
"ဒါပေမဲ့ စတုန်းစ်ကို ကွင်းလယ်ခံစစ် နေရာမှာ သုံးတာက ဘာအဓိပ္ပာယ်လဲ။ ဂွါဒီယိုလာက ဆန်းသစ် တီထွင်မှုတွေ လုပ်ချင်လို့ ကွင်းလယ်ခံစစ်-နောက်ခံလူ ဆိုတာမျိုး တစ်ခုခု ထုတ်သုံးလာတာများလား..."
ကျန်းကျွင်းက ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်ခြင်း ဖြစ်သော်လည်း ၎င်းက အချက်ကျကျ မှန်ကန်သွားမည်ကို သူ မသိခဲ့ချေ။
ယခုအချိန်တွင် ပရိသတ် မည်သူကမျှ နားမလည်ကြသော်လည်း ဂွါဒီယိုလာ ဆိုလိုရင်းကို ချူဖုန်းကတော့ ကောင်းကောင်း သိလေသည်။
လှည့်စားမှုပင်…။
မန်စီးတီး၏ လက်ရှိ လူစာရင်းနှင့် စတုန်းစ်၏ စွမ်းရည်တို့ လိုအပ်နေသေးသဖြင့် အနှီ "ကွင်းလယ်ခံစစ်-နောက်ခံလူ" နည်းဗျူဟာက လာမည့်ရာသီမှသာ ပေါ်ထွက်လာမည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် မန်ယူတို့က ဂွါဒီယိုလာကို ဖိအား အလွန်အမင်း ပေးထားသောကြောင့် ဖြစ်မည်။ ဂွာဒီယိုလာက သူ၏ ဆန်းသစ်သော စိတ်ကူးကို စောစောစီးစီးပင် အကောင်အထည် ဖော်နေလေပြီ။
“ငါ့ရဲ့ အနာဂတ် ယောက္ခမလောင်းက တကယ်ကို မလွယ်တဲ့လူပဲ...”
ချူဖုန်းက ရင်ထဲမှနေ၍ လှိုက်လှဲစွာ ချီးကျူးလိုက်မိသည်။
ဒါပေမဲ့ ဒီနည်းဗျူဟာက တကယ်ရော ထိရောက်နိုင်ပါ့မလား။
ချူဖုန်းကတော့ သိပ်ပြီး မျှော်လင့်ချက် မထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းကို လက်တွေ့ ပြိုင်ပွဲများတွင် စမ်းသပ်ထားခြင်း သို့မဟုတ် ချိန်ညှိထားခြင်းမျိုး မရှိသေးသောကြောင့် ဖြစ်သည်။
လေ့ကျင့်ရေး သက်သက်ဖြင့် ပြဿနာ အများအပြားကို မဖော်ထုတ်နိုင်ချေ။
ဘောလုံးတွင် တည်ငြိမ်မှုက အရေးအကြီးဆုံးပင်…
ဂွါဒီယိုလာသည်လည်း ဤအခြေခံသဘောတရားကို သေချာပေါက် နားလည်ထားသည်။ အဘယ်ကြောင့် ဆိုသော် သူသည် တစ်ချိန်က ဘာစီလိုနာ အိမ်မက်အသင်းကို ကိုင်တွယ်စဉ်က တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်ကို အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။
သို့သော် သူက ခေါင်းမာသော လူစားမျိုး ဖြစ်နေသည်လေ။
သူ့ကို မာနကြီးတယ်လို့ပဲ ခေါ်ခေါ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် ဝင်နေတယ်လို့ပဲ ခေါ်ခေါ် ကိစ္စမရှိပါဘူး။
"မင်းက ပြိုင်ဘက်ရဲ့ တိုက်စစ်မှူး နှစ်ယောက်ကို ကာကွယ်ဖို့ နောက်ခံလူ လေးယောက်ကို သုံးမယ် ဆိုရင်... ကွင်းလယ်မှာ မင်းမှာ ကစားသမား ခြောက်ယောက်ပဲ ကျန်တော့မယ်။ ပြိုင်ဘက်ကတော့ ရှစ်ယောက် ရှိနေမှာပေါ့..."
“ဒီလိုမျိုးနဲ့တော့ ကွင်းလယ်တိုက်ပွဲမှာ မင်း နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့ နောက်ခံလူ တစ်ယောက်ကို ရှေ့ကို တက်ခိုင်းရမယ်လေ”
ဂွါဒီယိုလာက သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။
၎င်းမှာ ခရိုက်ဖ် ၏ စကားတစ်ခွန်း ဖြစ်ပြီး သူ၏ နည်းဗျူဟာများအတွက် စိတ်ကူးဉာဏ် ရင်းမြစ်လည်း ဖြစ်ပေသည်။
ဘောလုံးလောကသည်လည်း အသင့်တော်ဆုံးသူသာ ရှင်သန်နိုင်သည် ဆိုသော နိယာမ အတိုင်းသာ လည်ပတ်နေလေသည်။
နေရာတစ်ခုတည်းမှာ အမြဲတမ်း ရပ်တန့်နေမယ် ဆိုရင် ဘာအဓိပ္ပာယ် ရှိမှာလဲ။
ဂွါဒီယိုလာ အနေဖြင့်တော့ ယင်းသို့ ရပ်တန့်နေခြင်းမျိုးကို လုံးဝ မကြိုက်ချေ။ ချန်ပီယံဆု ရမည် ဆိုလျှင်တောင်မှပေါ့။
***