"ဘောလုံးရဲ့ အလှတရား အစစ်အမှန် ဆိုတာ ချန်ပီယံဆုနဲ့ အောင်ပွဲခံခြင်းမှာ ရှိနေတာ မဟုတ်ဘူး... အမှတ် ၂၂ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဂျီသြမေတြီ အလှတရားမှာ ရှိနေတာပဲ..."
ဂွါဒီယိုလာက ကောင်းကင်ယံကို တွေဝေစွာ ငေးမော ကြည့်နေလေသည်။
ကင်မရာက ဂွာဒီယိုလာ အပေါ်သို့ ရောက်ရှိသွားချိန်တွင် ကျန်းကျွင်းက မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။
"ရူးသွပ်တဲ့ ဘောလုံး စူးစမ်းရှာဖွေသူကြီး... လေးစားစရာ ကောင်းတဲ့ ပြီးပြည့်စုံမှုကို လိုလားသူကြီး။ သူတို့လို လူမျိုးတွေ ရှိနေလို့သာ ဘောလုံးလောကက အလျင်အမြန် တိုးတက်လာပြီး ဆက်လက် ကောင်းမွန်နေနိုင်တာပါ..."
တီ…
ဒိုင်လူကြီး၏ ခရာသံနှင့်အတူ ပွဲကြီး စတင်ပြီ ဖြစ်သည်
မန်စီးတီးတို့ ဘောလုံး စတင် ရရှိသည်။
အဂူရိုက ပွဲစတင် ကန်ထုတ်လိုက်ပြီး ဂန်ဒိုဂန်ထံသို့ နောက်ဆုတ် ပေးပို့လိုက်ရာ မန်စီးတီးတို့က နှေးကွေးစွာ ထိုးဖောက်သည့် တိုက်စစ်ကို စတင်လာကြသည်။
"နောက်မဆုတ်နဲ့"
ချူဖုန်းက အော်ဟစ်လိုက်ပြီး ရှေ့ဆုံးမှ ပြေးထွက်သွားလေသည်။
မန်စီးတီး၏ ၃-၂-၂-၃ ကစားကွက်ကို ရွေးချယ်မှုမှာ ကွင်းလယ်ကို လွှမ်းမိုးထားရန်နှင့် ထိုမှတစ်ဆင့် နေရာလွတ်များကို တဖြည်းဖြည်း အသုံးချသွားရန် ရည်ရွယ်ထားသည်မှာ ထင်ရှားပေသည်။
မန်စီးတီးတို့ သူတို့၏ ရည်မှန်းချက် အောင်မြင်သွားပါက ဂိုးပေးလိုက်ရရန်မှာ မလွဲမသွေပင်။
ထို့အပြင် မန်စီးတီးတွင် ကွင်းလယ်လူ လေးယောက် ရှိနေပြီး မန်ယူတွင် ငါးယောက် ရှိနေသဖြင့် သူတို့က လူအင်အား အသာစီး ရနေလေသည်။
ငါတို့က ဘာလို့ မယှဉ်နိုင်ရမှာလဲ။
သို့သော် လက်တွေ့ဘဝက ရက်စက်လှသည်။ သူတို့ တကယ်ကို မယှဉ်နိုင်ခဲ့ချေ။
မန်စီးတီး၏ တိုက်စစ်မှူးများက အသင်းဖော်များထံမှ ပေးပို့မှုများကို လက်ခံရယူရန် အလှည့်ကျ နောက်ဆုတ်လာကြပြီး တစ်ချိန်တည်းမှာပင် ရှေ့သို့ ထိုးဖောက်ရန် အခွင့်အရေးများကို ရှာဖွေနေကြသည်။
လှုပ်ရှားမှုများ မြန်ဆန်သည်။ ပြောင်းလွယ်ပြင်လွယ် ရှိသည်။
မန်စီးတီး ကစားသမားတိုင်း၏ ထိုကစားပုံက မန်ယူ အသင်းအပေါ် ကြီးမားသော ဖိအားများ သက်ရောက်စေခဲ့သည်။ မန်စီးတီး ကစားသမားများဆီမှ ဘောလုံး လုရ ခက်နေသောအခါ မန်ယူကစားသမားများ အားလုံးက ကန်တေကို သတိရလာကြသည်။
ပထမပိုင်း ၉ မိနစ်…
ကွင်းလယ်တွင် အသာစီး ရယူပြီးနောက် မန်စီးတီးတို့ ရုတ်တရက် အရှိန်မြှင့်ကာ ကစားကွက်ကို ပြောင်းလဲလိုက်သည်။
ဘောလုံးကို ဂန်ဒိုဂန်က ဘယ်ဘက်တောင်ပံသို့ ပေးပို့လိုက်သည်။
ဆာနေးက အဒရီနယ်လင် များလွန်းနေ၍လားတော့ မသိ။ ဒဏ်ရာရနိုင်ခြေကို ဂရုမစိုက်ဘဲ အတင်း ဖောက်ဝင်ရန် ကြိုးစားလေသည်။
သူ အနည်းငယ် တိုက်မိခိုက်မိ ဖြစ်သွားသော်လည်း တကယ်ကို ဖောက်ထွက်သွားနိုင်ခဲ့သည်။ ယင်းကို မြင်သောအခါ ဝမ်-ဘစ်ဆာကာက အတွင်းလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
သို့သော် ဆာနေးက ဖြတ်တင်ဘော တစ်လုံး ပေးပို့ပြီးသွားခဲ့လေပြီ။
ဘောလုံးက ခါးလောက် အမြင့်မှ ပျံသန်းလာပြီး ပင်နယ်တီ ဧရိယာ၏ အနီးတိုင်ရှိ အဂူရိုထံသို့ တိုက်ရိုက် ဦးတည်လာသည်။
အဂူရိုက ဗန်ပါစီကို အတုခိုးရန် ကြိုးစားကာ ခေါင်းတိုက်ရန် ကိုယ်ကို ဝပ်ချလိုက်ရာ ဘောလုံးကို အနည်းငယ် ထိသွားခဲ့သည်။
သို့သော် ဘောလုံးကို ဂိုးပေါက်ရှေ့ရှိ ဒေးဗစ်လူးဝစ်က ပိတ်ဆို့ ကာကွယ်လိုက်လေသည်။
ထို့နောက် ဘရာဇီး ကစားသမားက ဘောလုံးကို ကွင်းလယ်စက်ဝိုင်းဆီသို့ ကန်ထုတ်လိုက်သည်။
ချူဖုန်းက ဘောလုံးကျမည့် နေရာဆီသို့ အမြန် ပြေးသွားပြီး နောက်သို့ လှမ်းကြည့်လိုက်ရာ လန့်သေမတတ် ဖြစ်သွားရလေသည်။ လာပေါ့တ်၊ အော်တာမန်ဒီနှင့် စတုန်းစ်တို့က သူ့ကို တြိဂံပုံစံ ဝိုင်းရံထားကြသည်။
သူက မာရာဒိုနာဆီကနေ သင်ယူပြီး ဘုရားသခင်၏ လက်ကို မသုံးဘူး ဆိုရင်တော့ ဘောလုံးကို သေချာပေါက် ရနိုင်မည် မဟုတ်ချေ။ တကယ်လည်း အဲဒီလို ဖြစ်သွားခဲ့သည်။
ဘောလုံးကို အော်တာမန်ဒီက မန်ယူ ကွင်းဘက်ခြမ်းသို့ ပြန်လည် ခေါင်းတိုက် ချပေးလိုက်ရာ ပွဲက ပွဲစတုန်းက အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေသည်။
မန်စီးတီးတို့ တိုက်စစ်ဆင်သည့်အခါ စတုန်းစ်က ရှေ့သို့ တက်လာသည်။ ၎င်းက ကွင်းလယ်ခံစစ် ကစားသမား တစ်ဦးနှင့် ဆင်တူသော နေရာယူမှုကို လုပ်ဆောင်ကာ ကစားကွက်ကို အကူအညီ ပေးနေလေသည်။
ပွဲကို ကြည့်ရှုနေကြသော နာမည်ကျော် ဘောလုံးနည်းပြကြီးများကလည်း ထိုအချိန်တွင် ဂွာဒီယိုလာ ဖန်တီးထားသော နည်းဗျူဟာ၏ အရိပ်အမြွက်များကို သတိပြုမိသွားကြလေပြီ။
အနှီ အပြောင်းအလဲကြောင့် မန်စီးတီး၏ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်မှာ များစွာ ပိုမို ချောမွေ့လာခဲ့သည်။ အနှစ်သာရအားဖြင့် ယင်းသည် ဘောလုံးပိုင်ဆိုင်မှု ထိန်းချုပ်မှုကို အားဖြည့်ခြင်းပင် ဖြစ်သည်။
တိုက်စစ်နယ်မြေထဲရှိ သူ၏ မန်စီးတီး အသင်းဖော်များ အားလုံး လူကပ်ခံထားရချိန်တွင် စတုန်းစ်က ယာယီ ကစားကွက် ဖန်တီးရှင် အဖြစ် ပြောင်းလဲသွားကာ မကြာခဏ အတိုပေး ဘောလုံးများဖြင့် အသင်း၏ ကစားကွက်ကို ရှေ့သို့ တွန်းတင်လာလေသည်။
သူသည် ဘောလုံးကို ကောင်းစွာ နားလည်နိုင်စွမ်း ရှိသည်ဟု သူ အမြဲတမ်း ယုံကြည်ခဲ့သည်။ သို့သော် ဂွါဒီယိုလာ၏ လက်အောက်တွင် ကစားသမား တစ်ဦး ဖြစ်လာပြီးကတည်းက ဘောလုံးအပေါ် သူ၏ နားလည်မှုနှင့် အမြင်များမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားသကဲ့သို့ ခံစားနေရသည်။
"မင်းတို့ အသင်းက ဘောလုံး ပိုင်ဆိုင်ထားတဲ့အခါ အခြေအနေပေါ် မူတည်ပြီး မင်းရဲ့ နေရာယူမှုကို ဆုံးဖြတ်ရမယ်။ အသင့်တော်ဆုံး နေရာကို မင်း ရှာတွေ့သွားပြီ ဆိုတာနဲ့ ပြဿနာ အားလုံးက ရိုးရှင်းသွားတယ် ဆိုတာကို မင်း တွေ့ရလိမ့်မယ်..."
လွန်ခဲ့သော တစ်လက ဂွါဒီယိုလာက စတုန်းစ်ကို ဤစကားကို ပြောခဲ့ခြင်း ဖြစ်သည်။
ဤကာလအတွင်း ကြိုးစားပမ်းစား လေ့လာသင်ယူမှုများနှင့် သူ၏ ယခင် ကွင်းလယ် ကစားခဲ့ဖူးသော အတွေ့အကြုံများကို ပေါင်းစပ်ပြီးနောက် စတုန်းစ်သည် ကွင်းလယ်ခံစစ်-နောက်ခံလူ၏ အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာခဲ့လေပြီ။
ပထမပိုင်း ပွဲချိန် ၂၃ မိနစ်...
ဂန်ဒိုဂန်က ဘယ်ဘက်တောင်ပံရှိ အဂူရိုကို ရည်ရွယ်ပြီး ထောင့်ဖြတ် ပေးပို့မှု တစ်ခု ပြုလုပ်လိုက်သည်။ သို့သော် ပေါ့ဘာက လမ်းတစ်ဝက်မှနေ၍ ကြားဖြတ် လုယူသွားခဲ့သည်။
"ထင်တဲ့အတိုင်းပဲ... မန်စီးတီးက သူတို့ရဲ့ နည်းဗျူဟာနဲ့ အသားမကျသေးဘူး။ သူတို့ရဲ့ ကွင်းလယ် ဘောလုံးပေးပို့မှုတွေမှာ ပြဿနာတွေ ရှိနေတယ်..."
ချူဖုန်းက အော်တာမန်ဒီဆီသို့ ပြေးသွားရင်း စိတ်ထဲမှ တွေးလိုက်မိသည်။
ပေါ့ဘာကလည်း ဘောလုံး ပေးပို့မည့် ဟန်ရေးပြကာ မန်စီးတီး ခံစစ်ကစားသမား သုံးယောက်ကို ဆွဲဆောင်လိုက်ပြီးမှ တကယ်တမ်းတွင် ဘောလုံးကို အတွင်းဘက်သို့ လိမ်ခေါက် ဝင်ရောက်သွားခဲ့သည်။
မန်ယူ၏ တိုက်စစ် စည်းချက်မှာ တစ်ခဏမျှ ရပ်တန့်သွားသည်။
သို့သော် ထိုသို့ ရပ်တန့်သွားခြင်းက တိုက်စစ် ပြီးဆုံးသွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် ယင်းက မန်စီးတီး၏ စည်းချက်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
မန်စီးတီးတို့က မူလက ဘောလုံးကို ချက်ချင်း ပြန်လည် လုယူရန် အတင်း ဖိအားပေးမည်ဟု ရည်ရွယ်ထားသော်လည်း ပေါ့ဘာ၏ လှည့်စားမှုကြောင့် သူတို့ အားလုံး နောက်သို့ အစုလိုက်အပြုံလိုက် ဆုတ်သွားခဲ့ကြရသည်။
တောင်ပံ နှစ်ဖက်စလုံးရှိ နေရာလွတ်များက ချက်ချင်း ပေါ်ထွက်လာခဲ့လေသည်။
ဝှစ်…
ထိုအခိုက်အတန့်တွင် ပေါ့ဘာက ဘောလုံးကို ထပ်မံ ပေးပို့လိုက်ရာ မာရက်ဇ်ကို အလွယ်တကူ ရှာတွေ့သွားခဲ့သည်။ မာရက်ဇ်က ဘောလုံးကို လက်ခံရယူပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
"ဂွါဒီယိုလာရဲ့ ၃-၂-၂-၃ ကစားကွက်က တောင်ပံတွေကို အားနည်းသွားစေပြီး တောင်ပံ ကစားသမား နှစ်ယောက်ရဲ့ ခံစစ် ပြန်ဆင်းတဲ့ အပေါ်ကိုပဲ လုံးလုံးလျားလျား အားကိုးနေရတာ..."
"ဒါပေမဲ့ ရွေ့လျား တိုက်စစ်ဆင်တဲ့ နေရာမှာတော့ ဒါက လုပ်ရခက်ခဲတာ အထင်အရှားပါပဲ..."
"မန်ယူက အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး တောင်ပံက အားနည်းချက်တွေကို အသုံးချကာ ပြင်းထန်တဲ့ တိုက်စစ်ကို စတင်လာပါပြီ..."
ဆရာကျန်းလုက အခြေအနေကို သုံးသပ်ပြလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ကျန်းကျွင်းက ဝင်ပြောလိုက်သည်။ "မှန်ပါတယ်ဗျာ... ရှောင်ချူကလည်း မန်စီးတီး ခံစစ် ကစားသမားတွေရဲ့ လွှမ်းခြုံနိုင်စွမ်းကို ကန့်သတ်ဖို့ အလယ်ဗဟိုဆီကို တမင်တကာ ရွှေ့သွားပြီး သူ့အသင်းဖော်တွေ ဘောလုံး ကိုင်ထားနိုင်ဖို့ ပိုကောင်းတဲ့ နေရာလွတ်တွေ ဖန်တီးပေးနေပါတယ်..."
မျက်စိတစ်မှိတ်စာ အချိန်လေးသာ ကြာလိုက်သည်။
မာရက်ဇ်က တောင်ပံမှနေ၍ ပင်နယ်တီ ဧရိယာထဲသို့ ဖြတ်ဝင်လာပြီး မက်သယူးစ်၏ ပခုံးယိမ်း လူလိမ်ခေါက်ကွက်နှင့် ဆင်တူသော လှုပ်ရှားမှုကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ဟန်ပန်အား ပြောင်းလဲပြီး ဘယ်ခြေဖြင့် ပုတ်ကာ လာပေါ့တ်ကို ကျော်ဖြတ်သွားခဲ့သည်။
ဖာနန်ဒင်ဟို နောက်မှနေ၍ ဝင်မလုခင်မှာပင်...
ဘယ်ဘက် ဂိုးတိုင်ကို ချိန်ရွယ်ပြီး ဘယ်ခြေဖြင့် အားပါပါ ကန်သွင်းလိုက်လေသည်။
ဘောလုံးက မြေပြင်မှ ထွက်ခွာသွားပြီးနောက် လျင်မြန်စွာ လည်ထွက်သွားပြီး လှပသော သက်တံကွေး လမ်းကြောင်းလေး တစ်ခုကို ဖန်တီးကာ ဂိုး၏ ဘယ်ဘက် အပေါ်ထောင့်ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်
အီဒါဆန် တုံ့ပြန်နိုင်ခဲ့လျှင်တောင် အချိန်နှောင်းသွားပြီ ဖြစ်သည်။
သို့သော် ထိုကန်ချက်မှာ ထောင့်ကျလွန်းနေသဖြင့် ဂိုးတိုင်ကို ပွတ်တိုက်ကာ အပြင်သို့ ထွက်သွားခဲ့ပြီး မန်ယူတို့ ဦးဆောင်ဂိုး ရယူနိုင်မည့် အခွင့်အရေးကို လက်လွတ်ခဲ့ရလေသည်။
"ဒါတောင် မဝင်ဘူးလားကွာ..."
မာရက်ဇ်က အားနည်းနည်း လျှော့သုံးခဲ့သင့်သည်ဟု တွေးကာ နောင်တတရားဖြင့် သူ၏ ခေါင်းကို ကိုင်လိုက်မိသည်။
"မဆိုးပါဘူး... မဆိုးပါဘူး။ နည်းနည်းလေး လိုသွားတာပါ..."
ချူဖုန်းက ယနေ့ပွဲ၏ ပထမဆုံး လက်မထောင် ပြသမှုကို ပြုလုပ်လိုက်သည်။ ပွဲချိန် မိနစ်နှစ်ဆယ်ကျော် ကစားပြီးနောက် မန်စီးတီး လူစာရင်း၏ ဟာကွက်များကို သူ ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။
အလယ်လမ်းကြောင်း…
ဖာနန်ဒင်ဟိုနှင့် စတုန်းစ် ဆိုသော ကွင်းလယ်ခံစစ် ကစားသမား နှစ်ယောက်အနက် တိုက်စစ်ဆင်သည့် အချိန်များတွင် တစ်ယောက်က ရှေ့သို့ တက်သွားမည် ဖြစ်သည်။
အဲဒါ ဘာအဓိပ္ပာယ်လဲ။
ဆိုလိုသည်မှာ မန်ယူတို့ ဘောလုံး ပြန်ရသည်နှင့် သူ၏ ခြေထောက်ထဲသို့ တတ်နိုင်သမျှ မြန်မြန် ရောက်အောင် ပို့ပေးနိုင်ပါက သူသည် တစ်ယောက်ချင်း အနေအထားကို ဖန်တီးနိုင်မည် ဖြစ်သည်။
လက်ရှိ၌ စတုန်းစ်က အရှေ့တက်လွန်းပြီး ဖာနန်ဒင်ဟိုကသာ ခံစစ်တန်းတွင် နေရာယူထားသည်။ ထို့ကြောင့် သူက ဖာနန်ဒင်ဟိုနှင့် တွေ့ဆုံဖို့ ရာခိုင်နှုန်း များလေသည်။
ဖာနန်ဒင်ဟိုသည် ကစားသမားဘဝ နောက်ဆုံးအချိန်သို့ ရောက်နေသူ ဖြစ်၏။ ထို့ကြောင့် ချူဖုန်းက သူ့ကို သေချာပေါက် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်မှု အပြည့် ရှိနေသည်။
ပြီးရင် ဘာဆက်ဖြစ်မလဲ။
မန်စီးတီးက နောက်တန်း သုံးယောက်တန်းကို အသုံးပြုထားပုံ ရသော်လည်း တကယ်တမ်းတွင် ဘယ်ညာ နှစ်ဖက်ရှိ ဗဟိုနောက်ခံလူ နှစ်ဦးမှာ တောင်ပံများဆီသို့ မသိစိတ်အရ အလိုအလျောက် ရွှေ့သွားကြမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မန်ယူတို့က တောင်ပံများမှနေ၍ တိုက်စစ်ဆင်ရန် အာရုံစိုက်နေခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ ဖာနန်ဒင်ဟိုကို ကျော်ဖြတ်နိုင်ခဲ့ပါက သူ၏ လမ်းကြောင်းတွင် အော်တာမန်ဒီ တစ်ယောက်တည်းသာ ကျန်ရှိတော့မည် ဖြစ်သည်။
ဒါက နောက်ထပ် တစ်ယောက်ချင်း အနေအထား တစ်ခုပါပဲ။
ချူဖုန်းသည် မန်ယူ ပထမအသင်းသို့ စတင် ရောက်ရှိလာစဉ်ကတည်းက ခံစစ် ကစားသမား တစ်ဦး၏ နေရာတွင် ဝင်ရောက် ခံစားကြည့်ကာ ပြိုင်ဘက်၏ ခံစစ် ယုတ္တိဗေဒကို ချိုးဖျက်ရန် ပြောင်းပြန် နည်းဗျူဟာများကို အသုံးပြုလေ့ ရှိသည်။
ယခုလည်း ထိုအတိုင်းပင်။ အဆင့် အသစ်တစ်ခု ပါဝင်လာခြင်းသာ ကွာခြားသွားသည်။
အများစုကို ကျော်ဖြတ်ရမည့် အနေအထားမှ တစ်ယောက်ချင်း ကျော်ဖြတ်ရမည့် အနေအထားများ အဖြစ် ပြောင်းလဲပစ်လိုက်ခြင်းက ရှုပ်ထွေးသော ပြဿနာတစ်ခုကို ရိုးရှင်းအောင် ပြုလုပ်လိုက်ခြင်းနှင့် တူညီပေသည်။ ဒါက ဦးနှောက်သုံးပြီး ဘောလုံးကစားတယ် ဆိုတာပဲ။
မည်သို့ပင်ဆိုစေကာမူ ဦးနှောက်မပါဘဲ အတင်း ကန်သွင်းနေခြင်းက တကယ်တော့ ဆိုးရွားသော ချဉ်းကပ်မှု တစ်ခုပင် ဖြစ်သည်။ သို့သော် ဤကိစ္စကလည်း ပြောရတာ လွယ်သလောက် တကယ်တမ်း လုပ်ဖို့ကတော့ တော်တော်လေး ခက်ခဲလှပေသည်။
ချူဖုန်း အနေဖြင့် သူ့မှာ အကြံဉာဏ် တစ်ခု ရှိသည်ဟုသာ ပြောနိုင်ပြီး ယင်းကို အသင်းဖော်များအား အကြမ်းဖျင်း ရှင်းပြကာ တိုက်စစ်နယ်မြေဆီသို့ ဆက်လက် ပြေးထွက်သွားလိုက်သည်။
***