မကြာမီပင် အမျိုးသားအစောင့်တပ်ဖွဲ့မှ လူတိုင်း ဒူးထောက်ကာ လက်နက်ချ အရှုံးပေးနေကြသည်။ သူတို့သည် ငွေအတွက်သာ တိုက်ခိုက်နေကြခြင်း ဖြစ်သောကြောင့် သေသည်အထိ တိုက်ခိုက်မည့် စိတ်ပိုင်းဖြတ်မှု မရှိကြပေ။
လေကြောင်းပစ်ဗုံးများက သူတို့ကို ခြေမှုန်းပစ်ခဲ့ပြီး ဖြစ်သော်လည်း သူတို့၏ စိတ်များမှာ ပေါက်ကွဲမှုကြောင့် ရှုပ်ထွေးနေသဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်ခြင်းသာ ဖြစ်သည်။
ယခု ကျဲခယ် အဖွဲ့၏ စစ်သားများ ချီတက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့တွင် ခုခံရန် သတ္တိ မည်ကဲ့သို့ ရှိတော့မည်နည်း။ သူတို့သည် လက်နက်များကို အမြန် လွှင့်ပစ်ကာ လက်မြှောက်၍ အရှုံးပေးလိုက်ကြသည်။
အမျိုးသား အစောင့်တပ်ဖွဲ့ဝင် အများအပြားသည် သူတို့ကို ငှားရမ်းခဲ့သော ချမ်းသာသည့် စီးပွားရေးသမားများကို ကျိန်ဆဲနေကြသည်။
အလုပ်ခေါ်တုန်းက လေယာဉ်နဲ့ ဗုံးကြဲခံရမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူးလေ။
အကယ်၍ ရှင်းရှင်းလင်းလင်းသာ ပြောခဲ့လျှင် ဘယ်လောက်ပဲ ပိုက်ဆံပေးပေး သူတို့ လာခဲ့မည် မဟုတ်ပေ။
သုံးဖို့ အသက်မရှိရင် ပိုက်ဆံရှိလည်း ဘာလုပ်ရမှာလဲ။
ထို့ကြောင့် ကျဲခယ် အဖွဲ့သည် လူတစ်ထောင်ကျော် ပါဝင်သော အမျိုးသား အစောင့်တပ်ဖွဲ့ လက်နက်ကိုင် အဖွဲ့အစည်းကို လွယ်ကူစွာ ချေမှုန်းနိုင်ခဲ့သည်။
ကျန်တာကတော့ ရိုးရှင်းပါသည်။ ဗီလာအိမ်ရာထဲရှိ ဩဇာတိက္ကမ ကြီးမားသော လူကုံထံများနှင့် ချမ်းသာသော စီးပွားရေးသမားများ အားလုံးကို ကျဲခယ် အဖွဲ့က ဖမ်းဆီးကာ လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားခဲ့သည်။
သူတို့သည် အမျိုးသား အစောင့်တပ်ဖွဲ့များကို ဖွဲ့စည်းခဲ့သောကြောင့် သူတို့၏ ရာဇဝတ်မှုများမှာ ပိုမို ကြီးလေးလာမည်ဖြစ်ပြီး ပိုမို နာကျင်စရာ ကောင်းသော ကံကြမ္မာက သူတို့ကို စောင့်ကြိုနေလေသည်။
ဩဇာတိက္ကမ ကြီးမားသော လူကုံထံများသည် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းကာ အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် ကျဲခယ်အဖွဲ့ကို အံတုရန် ဆိုသည်မှာ စိတ်ကူးယဉ် အိပ်မက်သက်သက်သာ ဖြစ်ကြောင်း သက်သေပြသွားခဲ့သည်။
သူတို့၏ ပုံမှန်စစ်တပ်ပင်လျှင် ကျဲခယ် အဖွဲ့နှင့် ထိတွေ့လိုက်သည်နှင့် ပြိုကျသွားခဲ့ရာ ဤကဲ့သို့ ပုဂ္ဂလိက တပ်ဖွဲ့များဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းသည့်အပြင် ဩဇာတိက္ကမ ကြီးမားသော လူကုံထံများသည် ဒေသခံ ပြည်သူများကိုလည်း လှုံ့ဆော်ခဲ့ကြပြီး အင်ဒိုနီးရှားလူမျိုးများ၏ ကျဲခယ် အဖွဲ့အပေါ် မကျေနပ်မှုကို အသုံးပြုကာ ကျဲခယ် အဖွဲ့အတွက် ပြဿနာများ ဖန်တီးရန် ကြိုးစားခဲ့ကြ၏။
ယင်းအချိန်တွင် ကျဲခယ် အဖွဲ့၏ နည်းလမ်းမှာလည်း အလွန် ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။ ပြဿနာ ဖန်တီးဝံ့သော ဤအင်ဒိုနီးရှားလူမျိုးများကို စစ်တပ်အား တိုက်ခိုက်မှု စွဲချက်ဖြင့် ဖမ်းဆီးကာ အသုတ်လိုက် ကွပ်မျက်ပြီး နာမည်များကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။
ဤအရာက ကျန်ရှိနေသော လူများကို လျင်မြန်စွာ ခြိမ်းခြောက်နိုင်ခဲ့သည်။ ဤကဲ့သို့ ခြိမ်းခြောက်မှုက အချိန် မည်မျှကြာကြာ ခံမည်ကို မသိရသော်လည်း အနည်းဆုံးတော့ ကျဲခယ် အဖွဲ့၏ ချီတက်မှုကို ထိခိုက်စေမည် မဟုတ်ပေ။
……………….
ဇွန်လ ၂၈ ရက်၊ ဂျကာတာမြို့ပြင်…
အင်ဒိုနီးရှား၏ မြို့တော်ဖြစ်သော ဤနေရာသည် အင်ဒိုနီးရှားတွင် ခုခံမှု ကျန်ရှိနေသေးသည့် နောက်ဆုံးနေရာ ဖြစ်သည်။
ဤသည်ကလည်း ဂျာကာတာရှိ အင်ဒိုနီးရှား တပ်များ၏ ခုခံမှုက အားကောင်းနေ၍ မဟုတ်ဘဲ ကျဲခယ် အဖွဲ့က ဖားကို အရှင်လတ်လတ် ရေနွေးအိုးထဲထည့်ပြီး ဖြည်းဖြည်းချင်း ပြုတ်နေသောကြောင့် ဖြစ်သည်။
အကယ်၍ ဂျကာတာမြို့ကို လျင်မြန်စွာ သိမ်းပိုက်လိုက်ပါက ကျဲခယ် အဖွဲ့အနေဖြင့် နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုးများအား လက်နက်ကိုင် အကာအကွယ်ပေးရေး ဟူသော ခေါင်းစဉ်အောက်မှနေ၍ အတိုက်အခံ အားလုံးကို အကြီးအကျယ် ဖမ်းဆီးနိုင်တော့မည် မဟုတ်ပေ။
အင်ဒိုနီးရှား၏ ဩဇာတိက္ကမ ကြီးမားသော လူကုံထံများကို စာရင်းရှင်းပြီးနောက် ကျဲခယ် အဖွဲ့၏ ပင်မတပ်ဖွဲ့များသည်လည်း ဂျကာတာမြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၁၅၀,၀၀၀ အင်အားရှိသော ဧရာမ စစ်တပ်ကြီးက ဂျကာတာမြို့ကို ရေစက်တောင် မကျနိုင်အောင် ပိတ်ဆို့ထားပြီး စစ်တိမ်မည်းကြီးက မြို့လေထုအား လေးလံစွာ ဖုံးလွှမ်းနေသည်။
ဂျကာတာမြို့တွင်းတွင် အင်ဒိုနီးရှားအစိုးရ၏ ကွပ်ကဲမှုအောက်ရှိ ပုံမှန်စစ်တပ် အင်အား ၅၀,၀၀၀ အောက်သာ ကျန်ရှိတော့ပြီး ကျန်သူများမှာ အရေးပေါ် စုဆောင်းထားသူများ၊ ရက်အနည်းငယ်သာ လေ့ကျင့်မှု ပေးသော တပ်သားသစ်များ (ခေါ်) အမြောက်စာများ ဖြစ်ကြကာ အရေအတွက်အားဖြင့် ၂၀၀,၀၀၀ ကျော် ရှိသည်။
သို့သော် လူအင်အား များပြားနေ၍လည်း အလကားပင်။ တပ်သားသစ် အများအပြားတွင် သေနတ်ပင် မရှိကြပေ။ အကြောင်းမှာ လက်နက် အများအပြားကို ထောက်ပံ့ရေး အရာရှိများက အမျိုးသား အစောင့်တပ်ဖွဲ့များထံ လက်လွှဲရောင်းချထားသောကြောင့်ပင်…။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျဲခယ် အဖွဲ့၏ အပြင်းအထန် ဝိုင်းရံပိတ်ဆို့မှုနှင့် ရင်ဆိုင်ရချိန်၌ သူတို့၏ ကံကြမ္မာမှာ အဆုံးအဖြတ် ပေးပြီးသား ဖြစ်နေလေပြီ။
ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းများ ရောက်ရှိလာရန် ၃ ရက်ကြာ ခေတ္တ အနားယူပြီးနောက် ကျဲခယ် အဖွဲ့သည် ဇူလိုင်လ ၁ ရက်နေ့တွင် ဂျကာတာမြို့ကို တရားဝင် စတင် တိုက်ခိုက်ခဲ့သည်။ ၎င်းသည် အင်ဒိုနီးရှားအပေါ် နောက်ဆုံးသော အလုံးစုံ ထိုးစစ်ဆင်မှုလည်း ဖြစ်သည်။
အရှေ့တောင်အာရှ၏ အကြီးဆုံး မြို့တော်ကြီး တစ်ခွင်တွင် အမြောက်သံများနှင့် သေနတ်သံများ ပျံ့နှံ့သွားပြီး ကျဲခယ် အဖွဲ့ထံမှ ထွက်ပေါ်လာသော အကြောက်တရားကို သူတို့ကို ပြန်လည် သတိရစေခဲ့သည်။
ဂျကာတာမြို့ရှိ ကူရှီလမ်းမပေါ်တွင်...
ထိုလမ်းမပေါ်တွင် အင်ဒိုနီးရှားတပ်ဖွဲ့ဝင် ခြေလျင်တပ်ရင်း တစ်ဝက်ခန့် တပ်စွဲထားပြီး အနည်းစုကသာ အင်ဒိုနီးရှား ပုံမှန်စစ်တပ်ဖြစ်ကာ အများစုမှာ တပ်သားသစ်များ ဖြစ်ကြသည်။
“ကျဲခယ် အဖွဲ့က မြို့ပြင်မှာ ရောက်နေတာ နှစ်ရက်ရှိပြီ။ သူတို့ ထိုးစစ်မဆင်တော့ဘူးလား။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာ လူထုအမြင်ရဲ့ သက်ရောက်မှုကိုလည်း သူတို့ ထည့်သွင်းစဉ်းစားရမှာပဲလေ”
“ငါတို့က ဒီပတ်ဝန်းကျင်ကို ကျွမ်းဝင်တယ်။ ကျဲခယ် အဖွဲ့သာ ဝင်လာရဲရင် သူတို့ အသက်ရှင်လျက် ပြန်မထွက်သွားနိုင်အောင် ငါတို့ သေချာပေါက် လုပ်ပြမယ်”
“ဂျကာတာကို ကာကွယ်ထား။ အမေရိကန်က စစ်ပွဲထဲ ဝင်ပါလာတဲ့အထိ ငါတို့ တောင့်ခံထားနိုင်ရင် ကျဲခယ် အဖွဲ့ရဲ့ နိဂုံးချုပ်သွားမှာပဲ”
“ငါတို့ အင်ဒိုနီးရှားက ကျဲခယ် အဖွဲ့ရဲ့ လက်အောက်ခံ လုံးဝ မဖြစ်စေရဘူး။ ငါ့ရဲ့ မွေးရပ်မြေ အတွက် ဆိုရင် ငါ့အသက်ကိုတောင် စတေးရဲတယ်”
“ကျဲခယ် အဖွဲ့က သိပ်ထူးဆန်းတာ မဟုတ်ပါဘူး။ ငါတို့ စည်းလုံးနေသရွေ့ သူတို့ ငါတို့ကို မအောင်နိုင်ပါဘူး”
“သူတို့ကို ဂျကာတာမြို့ထဲ လုံးဝ ပေးဝင်လို့ မဖြစ်ဘူး။ ငါ့မိဘတွေက အရင်တုန်းက တရုတ် ဆန့်ကျင်ရေး အုံကြွမှုတွေမှာ ပါဝင်ခဲ့ဖူးတယ်။ ကျဲခယ် အဖွဲ့သာ ဝင်လာရင် ငါ့မိဘတွေ ရှင်းလင်းခံရမှာပေါ့။ သူတို့ကို တားဆီးဖို့ ငါ့အသက်ကို စတေးပြီး တိုက်မယ်”
အဆောက်အအုံ အတွင်း၌ အင်ဒိုနီးရှား တပ်သားသစ်များ အချင်းချင်း ဆွေးနွေးနေကြသည်။ စစ်ပွဲ၏ ရက်စက် ကြမ်းကြုတ်မှုကို မကြုံဖူးသေးသောကြောင့် သူတို့သည် အနာဂတ်အတွက် လှပသော မျှော်လင့်ချက်များ ထားရှိကာ ယုံကြည်မှု အပြည့် ရှိနေကြသည်။
တစ်ချိန်က ဒတ်ချ် ကိုလိုနီ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဂျပန်နိုင်ငံ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသော အင်ဒိုနီးရှားနိုင်ငံသည် တပ်သားသစ်များ၏ ပါးစပ်ဖျားတွင် ကမ္ဘာ့သူရဲကောင်း နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်နေလေသည်။
“ပါးစပ်ပိတ်ထားစမ်း... သောက်ကောင်လေးတွေ တိတ်တိတ်နေ။ မင်းတို့ပြောသလို ကျဲခယ် အဖွဲ့က အဲဒီလောက် အသုံးမကျဘူးဆိုရင် မင်းတို့ အခု ဒီမှာ ရှိနေမှာ မဟုတ်ဘူး။ ထိုင်းမှာ ဒါမှမဟုတ် လာအိုနိုင်ငံမှာ ဒါမှမဟုတ် လောင်နမ်သက ကျဲခယ် အဖွဲ့ ဌာနချုပ် အဆောက်အအုံ ရှေ့မှာပဲ ရှိနေလောက်တယ်”
အင်ဒိုနီးရှား ပုံမှန်စစ်သား တစ်ယောက်က သူတို့ အရမ်း ဆူညံနေသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ရာ အခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
“တပ်ကြပ်ကြီး ဘာဘူ... ကျဲခယ် အဖွဲ့က တကယ်ပဲ အဲဒီလောက် ကြောက်စရာ ကောင်းလို့လား”
တပ်သားသစ် တစ်ယောက်က ဒေါသထွက်နေသော ပုံမှန်စစ်သားကို ကြည့်ကာ သတိထား၍ မေးလိုက်သည်။
“သောက်ရူးစကားတွေ... အဲဒီလိုမှ မဟုတ်ရင်…”
အင်ဒိုနီးရှား ပုံမှန်စစ်သားက စကားပြောရန် ပြင်လိုက်စဉ်မှာပင် အနီးအနားမှ ရုတ်တရက် ထွက်ပေါ်လာသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီး တစ်ခုက သူ၏ စကားကို ဖြတ်တောက်သွားပြီး သူ၏ မျက်လုံးများ တင်းမာသွားတော့သည်။
ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်ရာ ခုနစ်ထပ် အဆောက်အအုံ တစ်လုံးကို ဗုံးထိမှန်သွားသည်ကို မြင်လိုက်ရသည်။ ပေါက်ကွဲမှုကြောင့် အဆောက်အအုံမှာ ပျက်စီးပြိုကျသွားပြီး မီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုနေရာတွင် တပ်စွဲထားသော စစ်သားတစ်စုမှာ ဗုံးဒဏ်မှ မလွတ်မြောက်နိုင်ခဲ့ချေ။
“ကျဲခယ် အဖွဲ့ တိုက်ခိုက်မှု စတင်ပြီ”
အင်ဒိုနီးရှား ပုံမှန်စစ်သားက အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ် ပေါက်ကွဲမှု မြင်ကွင်းကို တွေ့လိုက်ရသော အခန်းတွင်းရှိ အင်ဒိုနီးရှား တပ်သားသစ်များမှာ ခေါင်းနပန်းကြီးသွားကာ ခြေထောက်များ ပျော့ခွေသွားတော့သည်။
နောက်ထပ် ဒုံးကျည်များနှင့် အမြောက်ဆန်များ ကျရောက်လာပြီး နားကွဲမတတ် ပေါက်ကွဲသံများက ထိုနေရာရှိ အင်ဒိုနီးရှား စစ်သားများ၏ နှလုံးသားများကို တုန်ယင်သွားစေသည်။ အများအပြားမှာ ဘောင်းဘီထဲ သေးပန်းထွက်ကုန်ပြီး အချို့မှာ ပေါက်ကွဲမှုကြောင့် အလွန်အမင်း ကြောက်လန့်ကာ စိတ်ဖောက်ပြန်သွားပြီး ဟိုဟိုဒီဒီ ပြေးလွှားရင်း အော်ဟစ်နေကြသည်။
နာရီဝက်ကြာပြီးနောက် ဗုံးကြဲတိုက်ခိုက်မှု ပြီးဆုံးသွားသည်။
ဗုံးဒဏ်ကြောင့် ကူရှီလမ်းမပေါ်ရှိ အဆောက်အအုံ အများအပြား ပြိုကျသွားပြီး နေရာအနှံ့ အပျက်အစီးများသာ ကျန်ရစ်တော့သည်။
ထိုနေရာတွင် တပ်စွဲထားသော ခြေလျင်တပ်ရင်း တစ်ဝက်မှာ အသေအပျောက် အလွန်များပြားခဲ့သည်။ တစ်ချိန်က ကြီးကျယ်ခမ်းနားသော စကားများ ပြောခဲ့ကြသည့် တပ်သားသစ် အများအပြားမှာ ယခုအခါ အေးစက်နေသော အလောင်းများ ဖြစ်နေကြပြီ သို့တည်းမဟုတ် အပိုင်းပိုင်း အစစ ဖြစ်သွားကြလေပြီ။
ဗုံးဒဏ်ကြောင့် ကြောင်အမ်းအမ်း ဖြစ်နေသော အင်ဒိုနီးရှား စစ်သားများ သူတို့၏ ခံစစ်နေရာများသို့ မဝင်ရောက်နိုင်မီမှာပင် ကောင်းကင်မှ ရဟတ်ယာဉ် ဒလက်များ၏ တဝီဝီ မြည်သံများ ထွက်ပေါ်လာသည်။
ရဟတ်ယာဉ် တစ်အုပ်စုသည် ကူရှီလမ်းမပေါ်သို့ ပျံသန်းလာပြီး အဆောက်အအုံများ အထက်တွင် ဝဲပျံနေကြသည်။ ရဟတ်ယာဉ် တံခါးများ ပွင့်သွားသည်နှင့် မီတာ တစ်ဒါဇင်ကျော် အမြင့်မှ လူရိပ်များ ခုန်ဆင်းလာကြသည်။
သူတို့သည် ပြဒါးကဲ့သို့ စီးဆင်းနေသော တိုက်ပွဲဝင် သံချပ်ကာ ဝတ်စုံများဖြင့် တစ်ကိုယ်လုံးကို ဖုံးကွယ်ထားပြီး အရပ်အမြင့် ၂ ဒသမ ၅ မီတာခန့် ရှိသည်။ ငွေရောင် သံချပ်ကာသည် သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ဖုံးကွယ်ထားပြီး နေရောင်အောက်တွင် အေးစက်သော သတ္တုရောင်များ တောက်ပနေကာ စက်ကိရိယာနှင့် ဇီဝဗေဒ ပေါင်းစပ်ထားသော အနာဂတ် စစ်သည်တော်များနှင့် တူနေသည်။
ဤပုဂ္ဂိုလ်များသည် သံမဏိ တပ်ရင်းမှ မျိုးဗီဇ စစ်သည်များ ဖြစ်ကြသည်။ သူတို့သည် ဒုတိယ မျိုးဆက် ဇီဝသံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့နှင့် အသင့်တော်ဆုံး ဖြစ်သော မြို့ပြ စစ်မြေပြင်သို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
“ဒီနေရာကို ရှင်းလင်းလိုက်”
မြောင်လွန်းက နားကြပ်မှတစ်ဆင့် စစ်ဆင်ရေး တာဝန်ကို အမိန့်ပေးလိုက်ပြီး ခေါင်မိုးစွန်းမှ ဖြည်းညှင်းစွာ လျှောက်သွား၏။ သူ၏ ခြေလှမ်းတိုင်းက လေးလံသော မြည်သံများကို ဖြစ်ပေါ်စေသည်။
လေထုထဲတွင် ယမ်းငွေ့နှင့် သွေးနံ့များ ပြည့်နှက်နေသည်။ ခေါင်မိုးပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်ရာ အဆောက်အအုံ အပျက်အစီးများ၊ ပေါ်ထွက်နေသော သံချောင်းများ၊ ပြန့်ကျဲနေသော ကွန်ကရစ်တုံးများ၊ လောင်ကျွမ်းနေသော မီးတောက်များနှင့် ထိတ်လန့် တုန်လှုပ်နေသော အင်ဒိုနီးရှား တပ်ဖွဲ့ဝင်များကို နေရာတိုင်းတွင် မြင်တွေ့နေရသည်။
စစ်မြေပြင် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် မြောင်လွန်း၏ လက်မောင်းများတစ်လျှောက် ပြဒါးများ ပြန့်နှံ့သွားပြီး ငွေဖြူရောင် ဓားသွားနှစ်လက် အဖြစ် ပြောင်းလဲသွားသည်။ မျက်နှာဖုံးအောက်ရှိ သူ၏ မျက်နှာမှာ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်နေသည်။
သူ ရှေ့သို့ လှမ်းလိုက်ရာ သူ၏ ခြေထောက်များမှ ထက်မြက်သော သစ်မြစ်ကဲ့သို့ ဆူးချွန်များ ထွက်ပေါ်လာပြီး နံရံထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ ထို့နောက် သူသည် အထပ်မြင့် အဆောက်အအုံ၏ အပြင်ဘက် နံရံတစ်လျှောက် ပြေးဆင်းသွားတော့သည်။
ခွပ်
၁၂ ထပ်သို့ ရောက်သောအခါ မြောင်လွန်းသည် မှန်ပြတင်းပေါက်ကို အကြမ်းပတမ်း ရိုက်ခွဲကာ အထဲသို့ ခုန်ဝင်လိုက်သည်။
ဤအထပ်တွင် အင်ဒိုနီးရှား စစ်သား ငါးယောက် ရှိနေသည်။ မြောင်လွန်း ရုတ်တရက် ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူတို့သည် သေနတ်များ မြှောက်ရန် သို့မဟုတ် အရှုံးပေးရန်ပင် အချိန် မရလိုက်ဘဲ သူတို့၏ လည်ပင်းများတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သေဆုံးသွားကြတော့သည်။
***