မိစ္ဆာလှိုင်းလုံးကြီး တိုးဝင်လာသည်ကို ရင်ဆိုင်ရင်း မုန့်ဝမ်၏ မျက်ဝန်းများသည် အေးစက်ကြည်လင်နေပြီး ဆုတ်ခွာမည့် အရိပ်အယောင် လုံးဝမရှိချေ။
"ချင်းယွီ... နင် အကျွမ်းကျင်ဆုံးဖြစ်တဲ့ ပုံရိပ်ယောင်အတတ် ကို သုံးပြီး သူတို့နှလုံးသားထဲက နက်ရှိုင်းတဲ့ အသိစိတ်ကို နှိုးဆွလိုက်......."
၎င်းကို ကြားလိုက်ရသောအခါ ချင်းယွီသည် မဆိုင်းမတွဘဲ သူ၏ ပုံရိပ်ယောင်အတတ်ကို အစွမ်းကုန် အသက်သွင်းလိုက်တော့သည်။
သူသည် လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ သွယ်လျသော လက်ချောင်းများသည် မမြင်ရသော ကြိုးများကို တီးခတ်နေသည့်အလား လေထဲတွင် လှပစွာ လှုပ်ရှားနေသည်။
မမြင်ရသော ဂယက်လှိုင်းများသည် သူ၏ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာပြီး အိပ်မက်ဆန်သော ပုံရိပ်များအဖြစ် နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
မွှေးပျံ့သော ရနံ့တစ်ခု လေထဲတွင် ပျံ့လွင့်လာပြီး စိတ်နှလုံးကို ယိမ်းနွဲ့သွားစေသည်။ ဤရနံ့သည် အလွန်နူးညံ့ပြီး ကမ္ဘာမြေကို ဖြတ်တိုက်သွားသော နွေဦးလေပြည်ကဲ့သို့ပင် မတည်ငြိမ်သော ခံစားချက်အားလုံးကို ငြိမ်သက်သွားစေနိုင်စွမ်းရှိသည်။
ဂယက်လှိုင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ အရူးအမူး ဟောက်နေကြသော ရက်စက်ကြမ်းကြုတ်သည့် "မိစ္ဆာများ" သည် သူတို့၏ လှုပ်ရှားမှုများကို တဖြည်းဖြည်း နှေးကွေးသွားစေသည်။
သူတို့၏ နီမြန်းသော မျက်လုံးများမှ သွေးရောင်များမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားပြီး ဇဝေဇဝါဖြစ်မှုများနှင့် အစားထိုးဝင်ရောက်လာသည်။
ရှောင်ရိ ၊ ဟွာလီ ၊ လီဖော်တျန်း နှင့် လင်းယွီ တို့သည်လည်း တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူတို့၏ မျက်ဝန်းထဲသို့ အသိစိတ် အစအနလေးများ ပြန်လည်ဝင်ရောက်လာသည်။
ချင်းယွီ၏ ပုံရိပ်ယောင်အတတ်မှာ ရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားပြီး မိစ္ဆာအများအပြား နိုးထလာကာ သူတို့၏ အသိစိတ်များကို ပြန်လည်ရရှိလာကြသည်။
မိစ္ဆာအုပ်စုမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားတော့သည်။
နိုးထလာသူများသည် အမည်မသိ စွမ်းအားတစ်ခု၏ ထိန်းချုပ်မှုကို ထပ်မံ အလိုမရှိကြတော့ဘဲ အသိစိတ် လုံးဝပျောက်ဆုံးနေသော ပတ်ဝန်းကျင်မှ မိစ္ဆာများကို ပြန်လည် တိုက်ခိုက်ကြတော့သည်။
"သတ်ဖြတ်ဖို့ပဲ သိတဲ့ ရုပ်သေးရုပ်တွေ လုံးဝ ဖြစ်မသွားချင်ဘူးဆိုရင် သူ့ကို (ချင်းယွီ) သေချာ ကာကွယ်ထားကြ......."
မုန့်ဝမ်၏ ကြည်လင်အေးစက်သော အသံမှာ ရှုပ်ထွေးနေသော စစ်တလင်းတွင် မိုးကြိုးသံကဲ့သို့ ဟိန်းထွက်လာသည်။
ရှောင်ရိ၊ ဟွာလီနှင့် အခြားသူများသည် ပုံရိပ်ယောင်အတတ်ကို ထုတ်ဖော်နေသော ချင်းယွီကို မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ပြီးနောက် သူတို့ပတ်ဝန်းကျင်မှ ရူးသွပ်နေသော မိစ္ဆာများကို ကြည့်ကာ လက်ရှိအခြေအနေကို ချက်ချင်း သဘောပေါက်သွားကြသည်။
သူတို့သည် မဆိုင်းမတွဘဲ ချက်ချင်း လှုပ်ရှားလိုက်ကြပြီး လူသားဒိုင်းသဖွယ် ကာကွယ်ရေးတန်းတစ်ခု ပြုလုပ်ကာ ချင်းယွီ၊ မုန့်ဝမ်နှင့် ရွှမ်ကျီ တို့ကို အလယ်တွင် ထား၍ မြဲမြံစွာ ကာကွယ်လိုက်ကြသည်။
အသားနှင့် သွေးများ လွင့်စင်လာပြီး အော်ဟစ်သံများမှာလည်း မပြတ်တမ်း ထွက်ပေါ်နေသည်။ အသက်ရှူအနည်းငယ်အတွင်းမှာပင် အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပြီး "မိစ္ဆာ" အုပ်စုနှစ်စုသည် အချင်းချင်း သတ်ဖြတ်နေကြတော့သည်။
ချင်းယွီသည် သူ၏ ရှေ့မှ ဒေသခံဂိုဏ်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးတန်းကို ခဏမျှ ကြည့်လိုက်သည်။
သူ မဝမ်းသာနိုင်မီမှာပင် သူ၏ မျက်လုံးထောင့်မှ မလှမ်းမကမ်းရှိ မုန့်ဝမ်နှင့် ရွှမ်ကျီတို့ကို ကြည့်လိုက်ရာ သူ၏ ရင်ထဲတွင် ထိတ်လန့်သွားရသည်။
ရိပ်ခနဲ ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ကာ မုန့်ဝမ်သည် ထိုချိန်တွင် ရွှမ်ကျီကို ခေါ်ကာ တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
သူမ၏ အသုံးချခံ နယ်ရုပ်တစ်ခု ဖြစ်သွားရသည်ကို သဘောပေါက်လိုက်သောအခါ ချင်းယွီ၏ ရင်ထဲတွင် အတိုင်းအထက်အလွန် ဒေါသများ ထွက်ပေါ်လာပြီး သူ၏ မျက်နှာမှာလည်း ခန့်မှန်းရခက်သော အမူအရာများ ဖြစ်ပေါ်နေသည်။
ယခုအချိန်တွင် သူသည် မရေမတွက်နိုင်သော မိစ္ဆာများ၏ သုံးထပ်ခန့် ဝိုင်းရံခြင်းကို ခံထားရသဖြင့် ဒဏ်ရာမရဘဲ ဖောက်ထွက်ရန်မှာ မဖြစ်နိုင်သလောက်ပင်.......
ချင်းယွီသည် သူ့ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေဆဲ ဖြစ်သော မိစ္ဆာများကို စူးစိုက်ကြည့်လိုက်ပြီးနောက် သူ၏ အသိစိတ်များ တဖြည်းဖြည်း ပြန်ဝင်လာသည်။
လက်ရှိ အခြေအနေတွင် ဇွတ်ဖောက်ထွက်ခြင်းမှာ သေကြောင်းကြံခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤနေရာမှာပဲ နေပြီး လက်ရှိ အခြေအနေကို တတ်နိုင်သမျှ ထိန်းထားကာ မိစ္ဆာအချင်းချင်း အထိနာသွားချိန်မှသာ မျှော်လင့်ချက် အလင်းတန်းတစ်ခု ပေါ်လာနိုင်ပေမည်။
ချင်းယွီသည် အံကြိတ်ကာ မုန့်ဝမ် ဘယ်ရောက်သွားလဲဆိုသည်ကို ဆက်မလိုက်တော့ဘဲ လက်ရှိ ပြဿနာကို ရင်ဆိုင်ရန်သာ သူ၏ စွမ်းအင်အားလုံးကို အာရုံစိုက်လိုက်တော့သည်။
သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီး ပုံရိပ်ယောင်အတတ်ကို အစွမ်းကုန် အသက်သွင်းကာ တိုက်ပွဲကို ထိန်းချုပ်ရန် ကြိုးစားနေတော့သည်။
တစ်ချိန်တည်းမှာပင် မုန့်ဝမ်သည် ရွှမ်ကျီကို ဦးဆောင်ကာ နက်ရှိုင်းသော ကျောက်စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းနေသည်။
သူမ၏ ခြေလှမ်းများမှာ ပေါ့ပါးလှသဖြင့် မည်သည့် အသံမျှ ထွက်မလာချေ။
မှောင်မိုက်နေသော ပတ်ဝန်းကျင်တွင် သူမ၏ ခန္ဓာကိုယ်ပေါ်မှ တဖျတ်ဖျတ် လက်နေသော သွေးရောင်အလင်းနုများကသာ လမ်းပြနေသည်။
လမ်းချိုးတစ်ခုသို့ ရောက်သောအခါ မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြောသွားပြီး ကြီးမားသော ကျောက်ခန်းမဆောင်ကြီး တစ်ခု ပေါ်လာသည်။
ခန်းမဆောင်၏ အလယ်တွင် အလွန်ပင် ထွားကျိုင်းသော မိစ္ဆာကြီး လေးကောင် မတ်တပ်ရပ်နေကြသည်။
သူတို့သည် အမြင့် နှစ်လံ ခန့် ရှိကြပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြွက်သားများ ဖောင်းကားနေကာ လှုပ်ရှားနေသော တောင်ငယ်လေးများအလား ရှိနေသည်။
သူတို့၏ တုတ်ခိုင်သော ခြေလက်များတွင် ထက်မြက်သော အရိုးများ ဖုံးလွှမ်းနေသဖြင့် မြင်ရသူကို ထိတ်လန့်စေသည်။
လှုပ်ရှားမှုကို ကြားလိုက်ရသောအခါ သူတို့ လေးကောင်စလုံး ခေါင်းလှည့်ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းထဲတွင် အဆုံးမရှိသော ရူးသွပ်မှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
ရွှမ်ကျီသည် မသိစိတ်ဖြင့် မုန့်ဝမ်၏ ရှေ့တွင် ကာရပ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်တွင် ရွှေရောင် မဟာယာနဗုဒ္ဓအလင်းများ တဖျတ်ဖျတ် လက်လာကာ ထိုမိစ္ဆာများကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။
သို့သော် မုန့်ဝမ်သည် ရွှမ်ကျီကို လှုပ်ရှားခွင့် ပေးရန် အစီအစဉ်မရှိချေ။ သူမသည် သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက် ကို အသက်သွင်းလိုက်ရာ မမြင်ရသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ထိုတောင်တမျှ ကြီးမားသော မိစ္ဆာလေးကောင်ကို အောင်မြင်စွာ ထောင်ချောက်ဆင်လိုက်သည်။
မိစ္ဆာများသည် မမြင်ရသော လှောင်အိမ်ထဲတွင် ပိတ်မိသွားကြသည်။
သူတို့သည် သူတို့၏ ကြီးမားသော လက်သည်းကြီးများကို ဆန့်ထုတ်လိုက်သော်လည်း ဘာမျှ ဆုပ်ကိုင်၍ မရဘဲ ပုံရိပ်ယောင်ထဲတွင် အချည်းနှီး ရုန်းကန်ရင်း အကူအညီမဲ့စွာ ဟိန်းဟောက်နေကြတော့သည်။
မုန့်ဝမ်သည် အကြည့်ကို လွှဲလိုက်ပြီး ပုံရိပ်ယောင်ထဲတွင် ရုန်းကန်နေဆဲဖြစ်သော မိစ္ဆာများကို ဂရုမစိုက်တော့ဘဲ ကျောက်ခန်းမ၏ အနက်ပိုင်းသို့ အမြန် လျှောက်သွားသည်။
ရွှမ်ကျီသည်လည်း ကပ်လျက် လိုက်ပါလာပြီး မုန့်ဝမ်နှင့်အတူ မြင့်မားသော ကျောက်နံရံကြီးတစ်ခု၏ အောက်သို့ ရောက်ရှိလာသည်။
ကျောက်နံရံပေါ်တွင် နက်နဲသော မှော်စာလုံးများကို ထွင်းထုထားပြီး စိမ်းဖန့်ဖန့် အလင်းနုများကို ထုတ်လွှတ်နေသည်။
သူတို့နှစ်ဦး အနားသို့ ရောက်သွားသောအခါ ၎င်းမှာ အမှန်တကယ်တော့ မရေမတွက်နိုင်သော ကျောက်နံရံများဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော လျှို့ဝှက်ဝင်္ကပါ အစီအရင် ကြီး တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းအား ကိုးကွေ့တစ်ပတ် အစီအရင် ဟု ခေါ်သည်။
ဤအစီအရင်တွင် ဝင်ပေါက်တစ်ခုတည်းသာ ရှိသော်လည်း အတွင်း၌ မရေမတွက်နိုင်သော လမ်းခွဲများနှင့် ကွေ့ကောက်နေသော လမ်းများ ရှိသည်။
ကြီးမားသော ပင့်ကူအိမ်ကြီးကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ ဖြန့်ကျက်ထားသော်လည်း လမ်းမှန်မှာမူ တစ်ခုတည်းသာ ရှိသည်။
လမ်းမှားကို ရွေးချယ်မိသည်နှင့် ဝိညာဉ်အာရုံ တိုက်ခိုက်မှုများကို ခံရမည် ဖြစ်သည်။ လမ်းမှားကို ရွေးမိသည့် အကြိမ်ရေ များလာလေလေ ဝိညာဉ်အာရုံ တိုက်ခိုက်မှုမှာ ပိုမို ပြင်းထန်လာလေလေ ဖြစ်သည်။
နောက်ဆုံးတွင် စိန်ခေါ်သူ၏ ဝိညာဉ်အာရုံမှာ အားနည်းသွားပြီး စိတ်များ ဝေဝါးလာကာ ဝင်္ကပါအတွင်း ထာဝရ ပိတ်မိသွားမည် ဖြစ်သည်။
မုန့်ဝမ်သည် သူမရှေ့ရှိ အစီအရင်ကို သေချာ စစ်ဆေးနေစဉ်မှာပင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမ ဖန်တီးထားသော ပုံရိပ်ယောင်မှာ မိစ္ဆာလေးကောင်၏ တိုက်ခိုက်မှုကြောင့် တုန်ခါလာနေပြီး အချိန်မရွေး ပျက်ပြယ်သွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။ သူမတွင် အချိန်အများကြီး မရှိတော့ချေ။
"သွားကြရအောင်။ ဒီအစီအရင် နောက်ကွယ်မှာ ပုန်းနေတာ လူလား၊ သရဲလားဆိုတာ ငါ သိချင်လှပြီ"
မုန့်ဝမ် စကားဆုံးသည်နှင့် သူမသည် ကြီးမားသော အစီအရင်၏ ဝင်ပေါက်ဆီသို့ ရိပ်ခနဲ ပြေးဝင်သွားသည်။ ရွှမ်ကျီသည်လည်း မျက်ခုံးတစ်ချက်ပင် မတွန့်ဘဲ မုန့်ဝမ်နှင့်အတူ လိုက်ဝင်သွားသည်။
ကိုးကွေ့တစ်ပတ် အစီအရင်ထဲသို့ ရောက်သည်နှင့် တူညီသော နက်ရှိုင်းပြီး ကျဉ်းမြောင်းသည့် လမ်းကိုးလမ်းမှာ မုန့်ဝမ်၏ ရှေ့တွင် ပေါ်လာသည်။
မုန့်ဝမ်သည် ခဏမျှ စဉ်းစားပြီးနောက် လက်ဟန်များ ပြုလုပ်လိုက်ရာ သူမ၏ လက်ချောင်းထိပ်များမှ နီမြန်းသော သွေးစက်များ ထွက်ကျလာသည်။
သွေးစက်များ မြေပေါ်ကျသွားသည်နှင့် သွေးမြူများအဖြစ် ပြောင်းလဲသွားပြီးနောက် အခြေခံစွမ်းအင်အဆင့် ခန့်သာရှိသော သွေးဝိညာဉ် ကြွက်အုပ်စုများအဖြစ် သူမ၏ ခြေရင်းတွင် ပေါ်လာသည်။
ဤကြွက်များသည် အသားနှင့် သွေးဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ သွေးဝိညာဉ်ဆင့်ခေါ်ခြင်း ကျင့်စဉ်ဖြင့် ဆင့်ခေါ်ထားခြင်း ဖြစ်သည်။
သူတို့၏ စွမ်းအားမှာ အလွန်အားနည်းသဖြင့် တိုက်ခိုက်ရေးအတွက် အသုံးမဝင်သော်လည်း လမ်းစူးစမ်းရန်အတွက်မူ အသင့်တော်ဆုံးပင်။
"သွားကြ" မုန့်ဝမ်က တိုးတိုးလေး အမိန့်ပေးလိုက်ရာ သွေးကြွက်များသည် လေးမှ ထွက်သွားသော မြားများကဲ့သို့ လမ်းကိုးလမ်းထဲသို့ တစ်ကောင်စီ ပြေးဝင်သွားကြသည်။
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။ မုန့်ဝမ်သည် ထိုနေရာမှာပင် ငြိမ်သက်စွာ ရပ်နေပြီး သွေးကြွက်များ ပြန်လည် ပေးပို့လာသော သတင်းအချက်အလက်များကို အာရုံခံနေသည်။
အားနည်းသော သွေးကြွက်များအတွက် လမ်းမှားကို ရွေးမိခြင်း၏ ရလဒ်မှာ တစ်ခုတည်းသာ ရှိသည် - အသေခံရခြင်းပင်။ မကြာမီမှာပင် သွေးကြွက် နှစ်ကောင်သာ အသက်ရှင် ကျန်ရစ်တော့သည်။
မုန့်ဝမ်သည် နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်ပြီး လမ်းတစ်ခုထဲသို့ မဆိုင်းမတွ လှမ်းဝင်လိုက်သည်။ ထို့နောက် ဤနည်းလမ်းကိုပင် ထပ်ခါတလဲလဲ အသုံးပြုကာ လမ်းပြရန်အတွက် သွေးကြွက်အုပ်စုများကို ထပ်မံ ဆင့်ခေါ်လိုက်သည်။
သွေးကြွက်များ၏ လမ်းပြမှုဖြင့် မုန့်ဝမ်သည် ဝင်္ကပါအတွင်း လှုပ်ရှားနေပြီး ခြေလှမ်းတိုင်းမှာ အလွန် တိကျလှသည်။
သာမန်လူများအတွက် ကိုးကွေ့တစ်ပတ် အစီအရင်မှာ ကောင်းကင်သို့ တက်ရသကဲ့သို့ ခက်ခဲလှသော်လည်း သူမအတွက်မူ ပန်းခြံထဲတွင် လမ်းလျှောက်နေသည့်အလား ပေါ့ပါးနေတော့သည်။
တစ်နာရီခန့် ဤသို့ သွားလာပြီးနောက် မုန့်ဝမ်သည် နောက်ဆုံးတွင် ကိုးကွေ့တစ်ပတ် အစီအရင်၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားတော့သည်။
***