သုံးရက်အကြာ…
အန်းလဲ့လမ်းကြား၊ နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း…
သွယ်လျသော လက်ချောင်းများက ဇီသာကြိုးများကို ခတ်လိုက်ရာ မိုးကြိုးသံစဉ်က နောက်တစ်ဖန် ထွက်ပေါ်လာ၏။ သံစဉ်က အနိမ့်အမြင့် အမျိုးမျိုး ပြောင်းလဲနေပြီး တစ်ခါတစ်ရံ စူးရှကာ တစ်ခါတစ်ရံ တိုးလျတိတ်ဆိတ်သွားသည်။ တစ်ခါတစ်ရံ လျင်မြန်ပြီး တစ်ခါတစ်ရံ ငြိမ့်ညောင်း၏။
အကူးအပြောင်းများက သဘာဝကျကာ ချောမွေ့လှပြီး ခြံဝင်းအတွင်း၌ ရာသီလေးခု၏ ပုံရိပ်များ ထွက်ပေါ်လာသည်။ နွေဦးတွင် ပန်းများ၊ ဆောင်းဦးတွင် လမင်း၊ နွေရာသီတွင် လေအေးလေးနှင့် ဆောင်းရာသီတွင် နှင်းပွင့်များပင် ဖြစ်၏။
သိပ်သည်းလှသော အချိန်စွမ်းအားများ ပါဝင်သည့် ရာသီလေးခု မိုးကြိုးလျှပ်စီးများက ဖူရှောင်ကွမ်း၏ ခန္ဓာကိုယ်အနီးတွင် လှည့်ပတ်နေပြီး ရေကဲ့သို့ သူ့ကိုယ်ထဲ စိမ့်ဝင်သွားသည်။ သူ၏ ငွေရောင်ဆံပင်များက လွင့်ဝဲနေပြီး ငွေရောင်ဝတ်ရုံကလည်း ယိမ်းနွဲ့နေ၏။
ဖူရှောင်ကွမ်း၏ မိစ္ဆာခန္ဓာကိုယ်က ငွေရောင်အလင်းများ တောက်ပနေသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ရာသီလေးခု ချီစွမ်းအင်က နှလုံး၊ အသည်း၊ အဆုတ်နှင့် ကျောက်ကပ်တို့မှတစ်ဆင့် လှည့်ပတ်စီးဆင်းသွားပြီးနောက် သရက်ရွက်ထဲတွင် စုဆုံကာ ပေါင်းစပ်သွား၏။
ထိုစွမ်းအင်များက အထူး အချိန်စွမ်းအားတစ်ခုအဖြစ် စုစည်းသွားပြီး မိုးကြိုး၏ ဖျက်ဆီးခြင်းနှင့် ဖန်ဆင်းခြင်းတို့သာမက ရာသီလေးခု၏ သေခြင်းရှင်ခြင်း သဘောတရားများပါ ပါဝင်နေသည်။ ထိုသို့ စီးဆင်းနေမှုက သူ၏ မိစ္ဆာခန္ဓာကိုယ်ကို သန့်စင်ပေးပြီး ကလီစာများကိုပါ အားဖြည့်ပေးလေသည်။
တေးသွား ပြီးဆုံးသွားပြီးနောက် ဖူရှောင်ကွမ်းက ဇီသာကြိုးများကို ဖိ၍ အသံရပ်လိုက်၏။ သူက မျက်လုံးများကို မှိတ်၍ ကိုယ်တွင်းရှိ အပြောင်းအလဲများကို ခံစားကြည့်လိုက်ရာ မိစ္ဆာခန္ဓာကိုယ်က အနည်းငယ် ပိုမို သန်မာလာပြီး အချိန်စွမ်းအားမှာလည်း အနည်းငယ် တိုးတက်လာကြောင်း သိလိုက်ရသည်။
သူ မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားပြီး ငွေရောင်မျက်ဝန်းများက တောက်ပနေ၏။
ယခုလေးတင် သူ တီးခတ်ခဲ့သည့် သံစဉ်မှာ အသစ် ပြုပြင်ဖန်တီးထားသော မိုးကြိုးသံစဉ်ပင် ဖြစ်သည်။ သူက ဤသံစဉ် ပြီးမြောက်ရန် တစ်နှစ်ခန့် အချိန်ယူခဲ့ရပြီး ရန်သူကို အနိုင်ယူရန်နှင့် ခန္ဓာကိုယ်ကို သန့်စင်ရန် အသုံးပြုနိုင်သည့် အချိန်မိုးကြိုးများကို စုစည်းပေးနိုင်စွမ်း ရှိ၏။ သံစဉ်၏ အနိမ့်အမြင့်နှင့် အနှေးအမြန် စည်းချက်များက ရာသီလေးခု မိုးကြိုးနှင့် အချိန်စွမ်းအား၏ သဘောတရားများနှင့် ကိုက်ညီအောင် ညှိနှိုင်းထားခြင်း ဖြစ်သည်။
နွေဦးမိုးခြိမ်းသံက လှုပ်ခါစေပြီး ခိုအောင်းနေသော အရာအားလုံးကို နိုးထလာစေသဖြင့် အသံစူးရှ၏။
နွေရာသီမိုးခြိမ်းသံက ဒိန်းခနဲ မြည်ဟည်းပြီး လေနှင့် လျှပ်စီးများပါ အဆက်မပြတ် လိုက်ပါလာသဖြင့် အလျင်စလို နိုင်လှသည်။
ဆောင်းဦးမိုးခြိမ်းသံက ရုတ်တရက် လန့်ဖြတ်စေသော်လည်း ရာသီဥတု အေးမြလာသည်နှင့်အမျှ မိုးကြိုးပစ်ခတ်မှု နည်းပါးသွားသဖြင့် ငြိမ့်ညောင်း၏။
ဆောင်းရာသီ မိုးခြိမ်းသံမှာမူ အရာအားလုံး ရာသီဥတုဒဏ်ကြောင့် ပုန်းအောင်းနေချိန်တွင် ထွက်ပေါ်လာသဖြင့် အသံက နိမ့်ရှိုင်းပေသည်။
ရာသီလေးခု မိုးကြိုးနှင့် အချိန်စွမ်းအားက ကိုယ်တွင်းကလီစာ ငါးခုနှင့်လည်း ဆက်စပ်နေသေးသည်။
နွေဦးရာသီ၏ လသုံးလမှာ 'အဟောင်းများကို ခွာချခြင်း' ဖြစ်ပြီး အသည်းက နွေဦး ချီစွမ်းအင်ကို တုံ့ပြန်၍ လှုပ်ရှား၏။
နွေရာသီ၏ လသုံးလမှာ 'စည်ပင်ဝေဆာခြင်း' ဖြစ်ပြီး နှလုံးက နွေ ချီစွမ်းအင်ကို တုံ့ပြန်၍ လှုပ်ရှားသည်။
ဆောင်းဦးရာသီ၏ လသုံးလမှာ 'အေးချမ်းစွာ ရိတ်သိမ်းခြင်း' ဖြစ်ပြီး အဆုတ်က ဆောင်းဦး ချီစွမ်းအင်ကို တုံ့ပြန်၍ လှုပ်ရှား၏။
ဆောင်းရာသီ၏ လသုံးလမှာ 'ပိတ်လှောင်သိမ်းဆည်းခြင်း' ဖြစ်ပြီး ကျောက်ကပ်က ဆောင်း ချီစွမ်းအင်ကို တုံ့ပြန်၍ လှုပ်ရှားသည်။
ဤသည်တို့က ကောင်းကင်တာအို၏ သင်္ကေတလေးခုနှင့် မြေကြီးတာအို၏ အတိုင်းအတာလေးခု ဖြစ်သည်။ ဆိုလိုသည်မှာ ရာသီလေးခုက ယင်နှင့် ယန်ထက်ပင် ရှေးကျပြီး အရာအားလုံး၏ အခြေခံအုတ်မြစ်အဖြစ် တည်ရှိနေခြင်း ဖြစ်၏။
ထိုကလီစာလေးခုစလုံးက ဓာတ်ကြီးငါးပါး လမ်းစဉ်ကို အခြေခံထားသည့် သရက်ရွက်၌ ဆုံစည်းကြသည်။ သရက်ရွက်၏ မြေဓာတ်စွမ်းအားကို အသုံးပြု၍ ဓာတ်လေးပါး၏ စွမ်းအားများကို ညီညွတ်မျှတစေပြီးနောက် ရာသီလေးခု၏ စွမ်းအားများကိုပါ တစ်နေရာတည်း၌ ပေါင်းဆုံစေ၏။
ဤနည်းအားဖြင့် ညင်သာသော်လည်း အစွမ်းထက်သည့် အချိန်စွမ်းအားကို ထွက်ပေါ်လာစေကာ ခန္ဓာကိုယ်ကို သန့်စင်သည့် ရလဒ်ကို ရရှိစေခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ရလဒ်များက ကောင်းမွန်လှ၏။ သူ ထင်မှတ်ထားသည်ထက်ပင် သာလွန်နေသေးသည်။
သူက စတုတ္ထမြောက် ကောင်းကင်ဘုံနှင့် ကိုက်ညီသည့် သိုင်းကျင့်စဉ်ကိုသာ ဖန်တီးနိုင်ခဲ့သေးသော်လည်း ယခု အခြေခံအုတ်မြစ် ရရှိသွားပြီ ဖြစ်သဖြင့် ထိုသဘောတရားများအတိုင်း ဆက်လက်ဖြည့်စွက် ပြင်ဆင်သွားပါက ပဉ္စမမြောက် ကောင်းကင်ဘုံနှင့် ဆဋ္ဌမမြောက် ကောင်းကင်ဘုံအတွက် သိုင်းကျင့်စဉ်များ ဖန်တီးရန် ခက်ခဲတော့မည် မဟုတ်ချေ။
သိုင်းကျင့်စဉ်တစ်ခု အောင်မြင်စွာ ဖန်တီးနိုင်ခြင်းက သဘာဝကျကျပင် ဝမ်းမြောက်ဖွယ်ရာ ကိစ္စရပ် ဖြစ်၏။
ဖူရှောင်ကွမ်းက မြေအောက်ခန်းထဲမှ ဝိညာဉ်ဝိုင် တစ်အိုးကို ယူလာခဲ့သည်။ သူက လမင်းကြီးကို ငေးမောရင်း ဝိုင်ကို တစိမ့်စိမ့် သောက်ကာ ရှားရှားပါးပါး အေးချမ်းသည့် အခိုက်အတန့်လေးကို ခံစားနေ၏။
ဝိုင်တစ်အိုး ကုန်သွားပြီးနောက် သူက အနည်းငယ် မူးလာသဖြင့် ခပ်မြန်မြန် မျက်နှာသစ်ကိုယ်လက်ဆေးကြောပြီး ဂူထဲဝင်ကာ အနားယူလိုက်သည်။
နောက်တစ်နေ့ နံနက်ခင်း အရုဏ်တက်ချိန်တွင် ရွှေရောင်အလင်းတန်းလေး တစ်ခုက အဝေးဆီမှ တောင်တန်းများ၏ ပုံရိပ်ကို လင်းလက်သွားစေသည်။
ဖူရှောင်ကွမ်းက နိုးထလာပြီးနောက် တောင့်တင်းခိုင်မာသော ရှေးဟောင်း ထင်းရှူးပင်ကြီး တစ်ပင်ပေါ်တွင် ထိုင်လိုက်၏။ နွေရာသီ၏ အပူရှိန်က တဖြည်းဖြည်း လျော့ကျသွားပြီ ဖြစ်ရာ မနက်ခင်း ခရမ်းရောင် ချီစွမ်းအင်ကို နောက်တစ်ဖန် ပြန်လည် စုဆောင်းနိုင်တော့မည် ဖြစ်သည်။
…
ထိုအချိန် တစ်နေရာ၌…
အာရုဏ်ဦး အလင်းစက် မှိန်ပျပျအချိန်တွင် ရထားလုံးသံများနှင့် ချီတက်လာသည့် ခြေသံအနိမ့်အမြင့်များက ညီညာစွာ ထွက်ပေါ်လာပြီး နံနက်ခင်း နေရောင်ခြည်ထံသို့ ဦးတည်ကာ လူစုလူဝေးတစ်ခု အဝေးမှ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
ရထားလုံး အချို့ ရပ်တန့်သွား၏။ အစောင့်အရှောက် စစ်သည်များက သံချပ်ကာအင်္ကျီများ ဝတ်ဆင်ကာ ချွန်ထက်သော လက်နက်များကို ကိုင်ဆောင်ထားပြီး ထင်းရှူးပင်များကဲ့သို့ မတ်မတ်ရပ်ကာ သူတို့၏ မျက်နှာက တည်ကြည်ခက်ထန်နေကြသည်။
ရထားလုံးထဲမှ အစိမ်းရောင် ဝတ်ရုံဝတ် အရာရှိတစ်ဦး ဆင်းလာပြီး ယူနန်ခရိုင်၏ ပေသုံးဆယ်မြင့်သော မြို့ရိုးကြီးကို ကြည့်လိုက်သည်။ နေ့မနား ညမနား ငါးရက်ငါးညတိုင်တိုင် ခရီးနှင်လာပြီးနောက် နောက်ဆုံးတွင် ယူနန်ခရိုင်ကို ရောက်ရှိလာပြီ ဖြစ်သဖြင့် သူက သက်ပြင်းတစ်ချက် ချလိုက်၏။
“ကျွန်တော် ယူနန်ခရိုင်ဝန် ဝမ်ယိုလျန်ပါ… ဒီခရိုင်က အရာရှိတွေကို ဦးဆောင်ပြီး သခင်ကြီးဆုန့်ကို လာရောက်ကြိုဆိုရတာပါ”
“ဒီက မိတ်ဆွေတွေ အခုလို စောင့်ကြိုနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဆုန့်ဝမ်ထောင်က ရထားလုံးပေါ်မှ ဆင်းလာပြီး လက်နှစ်ဖက် ယှက်ကာ ပြန်လည် အရိုအသေပေးလိုက်သည်။
“ကျွန်တော်တို့ မဝံ့ရဲပါဘူး… သခင်ကြီးက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်နဲ့ လာရတာဆိုတော့ တာဝန် သိပ်ကြီးမားပါတယ်… ကျွန်တော်တို့လို အရည်အချင်း မရှိတဲ့သူတွေက စောင့်ကြိုနေဖို့ပဲ တတ်နိုင်တာပါ… ဒီကနေ့ကစပြီး သခင်ကြီးရဲ့ အမိန့်အတိုင်း ကျွန်တော်တို့ရဲ့ တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်ပြီး ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို အလဟဿ မဖြစ်စေရပါဘူး”
ဝမ်ယိုလျန်က သွက်လက်စွာ ပြောဆိုလိုက်ပြီး သူ၏ ရပ်တည်ချက်ကို ချက်ချင်း ပြသလိုက်သည်။ ယူနန်ခရိုင်၏ အရာရှိများက ဆုန့်ဝမ်ထောင်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါရန် ဆန္ဒရှိနေကြောင်း ပြသခြင်းပင် ဖြစ်၏။
ဆုန့်ဝမ်ထောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူက ဤခရီးစဉ်တွင် ကြီးလေးသော တာဝန်ကို ထမ်းပိုးလာခဲ့ရသဖြင့် ယူနန်ခရိုင် အရာရှိများ၏ လိမ္မာပါးနပ်မှုက သူ့အတွက် ပြဿနာများစွာကို ကင်းဝေးစေလိမ့်မည်။
“ဒီကနေ့ကစပြီး ကျွန်တော်နဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ပေးဖို့ အကုန်လုံးကို အားကိုးပါတယ်”
“ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်”
“သခင်ကြီး ခရီးပန်းလာလောက်ပြီ… သခင်ကြီးကို ကြိုဆိုဖို့အတွက် အစောင့်တပ်စခန်းမှာ အခန်းတွေ ပြင်ဆင်ထားသလို နွေဦးလေပြေ စံအိမ်မှာလည်း ညစာစားပွဲ ပြင်ဆင်ဖို့ အမိန့်ပေးထားပါတယ်...”
သူ စကားမဆုံးမီမှာပင် ဆုန့်ဝမ်ထောင်က ဖြတ်ပြောလိုက်၏။
“အဲဒါတွေက လောစရာမလိုပါဘူး… ယွီတောင်တန်းက မိစ္ဆာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပြင်ဆင်ထားဖို့ အရင်က ကျွန်တော် စာပို့ပြီး အမိန့်ပေးထားတယ်… အဲဒီကိစ္စ ပြီးပြီလား”
“ကျွန်တော် ပေါ့ပေါ့ဆဆ မနေဝံ့ပါဘူး… ဒီရက်ပိုင်းအတွင်း အဲဒီအချက်အလက်တွေ ရဖို့ ကြိုးကြိုးစားစား စုဆောင်းခဲ့ပါတယ်… တောင်ကမ်းပါး အကယ်ဒမီ၊ ငွေလမင်းဂိုဏ်းနဲ့ တောင်ပိုင်းအစောင့်စစ်တပ်ဆီကိုတောင် သီးသန့် သွားခဲ့ပါသေးတယ်… သတင်းအချက်အလက် တချို့တော့ ရထားပါတယ်”
“အဲဒါ အရင်သွားကြည့်ကြတာပေါ့”
“အမိန့်တိုင်းပါ သခင်ကြီး”
တစ်နာရီကြာပြီးနောက်…
ယူနန်ခရိုင်သို့ ဖုန်းယွမ်မြို့မှ အရာရှိတစ်ဦး ရောက်ရှိလာသည့် သတင်းကို မြေအောက် မိစ္ဆာဈေးတန်းရော ယွီတောင်တန်း မိစ္ဆာဈေးတန်းပါ သတင်း ရရှိသွားကြသည်။
ဧကရာဇ်အိုကြီးက အရာရှိတစ်ဦးကို စေလွှတ်လိုက်ပြီး ထိုအရာရှိမှာ ယူနန်ခရိုင်ထဲသို့ ဝင်ရောက်လာပြီ ဖြစ်၏။
မြေအောက် မိစ္ဆာဈေးတန်းက သတိကြီးကြီးထားကာ စောင့်ကြည့်နေသည်။
ယခု ယွီတောင်တန်းတွင် မိစ္ဆာဘုရင်တစ်ပါး ပေါ်ထွက်လာပြီဖြစ်ရာ သူတို့က ယွီတောင်တန်းနှင့် သဘာဝကျကျပင် တစ်သားတည်း ရပ်တည်ပြီး မိစ္ဆာဘုရင်၏ သဘောထားအတိုင်း လှုပ်ရှားကြမည် ဖြစ်၏။
ယွီတောင်တန်း၌ လေပြင်းတိုက်ခတ်နေပြီး ဝါးရွက်များက ယိမ်းနွဲ့ကခုန်နေကြသည်။
ဝါးအိမ်လေးထဲတွင် မဟာမိစ္ဆာသခင် လေးပါး စုဝေးကာ ယွီလီနှင့် တွေ့ဆုံနေကြ၏။
ဖုန်းယွမ်မြို့မှ လာသော ဤအရာရှိနှင့် ပတ်သက်၍ သူတို့ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး နည်းလမ်းနှစ်သွယ် သုံးရန် ဆုံးဖြတ်လိုက်ကြသည်။ တစ်ဖက်တွင် စောင့်ကြည့်မည် ဖြစ်ပြီး အခြားတစ်ဖက်တွင်တော့ စစ်ပွဲအတွက် လျှို့ဝှက်စွာ ပြင်ဆင်ထားမည် ဖြစ်၏။
မဟာယွီ ဧကရာဇ်က မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ပါက ထိုအရာရှိက တောင်ပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်လိမ့်မည် ဖြစ်ရာ သူတို့က စိတ်ရှည်ရှည်နှင့် စောင့်နေရုံသာ။ မဟာယွီ ဧကရာဇ်က တစ်ဦးနှင့်တစ်ဦး အနှောင့်အယှက် မပေးဘဲ နေလိုပါက သူတို့လည်း မသိချင်ယောင်ဆောင်ပြီး ခံစစ်ကိုသာ တိုးမြှင့်ထားမည်။
အကယ်၍ မဟာယွီ ဧကရာဇ်က ယဉ်ကျေးဟန်ဆောင်ထားသည့် မျက်နှာဖုံးကို ခွာချပြီး ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုကို ရှင်းလင်းရန် ရည်ရွယ်ပါက သူတို့ တိုက်ခိုက်ကြမည်။ အဆိုးဆုံး အခြေအနေမှာတော့ သေသည်အထိ တိုက်ခိုက်ရုံပင် ဖြစ်သည်။
ညအချိန်သို့ ရောက်ရှိလာကာ အင်းဆက်မြည်သံများ ထွက်ပေါ်လာပြီး တောင်ပေါ်သစ်တောကြီးက တိတ်ဆိတ်ငြိမ်သက်နေ၏။
ဓားနတ်ဘုရားတောင်တန်းပေါ်မှ ပုံရိပ်တစ်ခုက တိတ်တဆိတ် ဆင်းသက်လာသည်။
လရောင်က သူ၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး သူ၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်၊ ကျောပေါ်မှ ဓားနှင့် ဆံပင်အနီရောင်တို့ကို ထုတ်ဖော်ပြသလိုက်၏။ ထိုသူမှာ ဓားနတ်ဘုရား ဟန်ကွမ်ပင် ဖြစ်သည်။
ထိုနေ့က သူနှင့် သူ၏ ဂိုဏ်းတူအစ်ကိုတို့ သဘောထားကွဲလွဲကာ ပြင်းပြင်းထန်ထန် အငြင်းပွားခဲ့ကြပြီး ရှေ့ဆက်မရ ဖြစ်သွားခဲ့သည်။
အပေါ်ယံတွင်တော့ သူ၏ ဂိုဏ်းတူအစ်ကိုက သူ့ကို ဂိုဏ်းမှ ထွက်ခွာခွင့် ပြုလိုက်သော်လည်း ဘိုးဘေးကြီးအတွက် နောက်ဆုံး ကန်တော့ပွဲဟူသော အကြောင်းပြချက်ကို သုံး၍ ဘိုးဘေးခန်းမထဲသို့ ညာခေါ်သွားကာ တားမြစ်ကန့်သတ်ချက်များ ဖွင့်၍ သူ့ကို အကျဉ်းချထားခဲ့၏။
သို့သော်လည်း သူက ထွက်ပေါက် ရှာတွေ့ခဲ့ဆဲပင်။ ထိုသို့လုပ်ရန် တားမြစ်သိုင်းကျင့်စဉ်ကို အသုံးပြုရမည်ဖြစ်ပြီး သူ့သက်တမ်း၏ အနှစ်နှစ်ဆယ်ကို လောင်ကျွမ်းစေခဲ့ရပြီးမှသာ သူ ထွက်လာနိုင်ခဲ့သည်။
ဓားနတ်ဘုရား ဟန်ကွမ်က ဓားနတ်ဘုရားတောင်တန်းဆီသို့ ပြန်လှည့်ကြည့်ကာ သူ၏ ဝတ်ရုံကို မ,၍ ဒူးထောက်ချလိုက်ပြီး ကြမ်းပြင်နှင့် နဖူးကို သုံးကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ဆောင့်၍ ကန်တော့လိုက်သည်။ သူ ခေါင်းမော့လာချိန်တွင် သူ၏ နဖူးမှာ နီရဲရောင်ရမ်းနေ၏။ ထို့နောက် သူက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
“တန်ဖိုးမရှိတဲ့ မျိုးဆက် ဟန်ကွမ်က ဖြတ်သန်းသွားတဲ့ ခေတ်အဆက်ဆက်က ဘိုးဘေးကြီးတွေကို နှုတ်ဆက်ပါတယ်… ဒီတပည့်က ဆရာ့ရဲ့ ကျေးဇူးတရားတွေနဲ့ မထိုက်တန်ပါဘူး… နောက်ဘဝဆိုတာ ရှိခဲ့ရင် အရာရာတိုင်းမှာ ဂိုဏ်းကို အဓိကထားပြီး သေချာပေါက် ဦးစားပေးပါ့မယ်”
သူက လက်ချောင်းများကို ဓားပုံစံပြုလုပ်၍ သူ၏ ဆံပင်တစ်ဆုပ်ကို ဖြတ်တောက်ကာ တောင်ခြေတွင် ချန်ထားရစ်ခဲ့၏။
“ဂိုဏ်းတူအစ်ကို... ခင်ဗျားရဲ့ ညီလေးက ငယ်ငယ်ကတည်းက ခေါင်းမာခဲ့ပြီး ခင်ဗျားကို ဘဝတစ်ဝက်လောက် ဒုက္ခပေးခဲ့တယ်… ဒါက နောက်ဆုံးအကြိမ်ပါပဲ… ဒီနေ့ကစပြီး ဂိုဏ်းကို ခင်ဗျားဆီ အပ်နှံခဲ့ပါတယ်”
ထို့နောက် သူက မတ်တပ်ရပ်ကာ ခြေလှမ်းကျယ်ကြီးများဖြင့် လှည့်ထွက်သွားသည်။ သူ၏ ပုံရိပ်က အထီးကျန်ဆန်နေသော်လည်း သူ့ကျောပြင်ကတော့ မတ်မတ်ရပ်တည်နေ၏။
“ဒီခရီးစဉ်မှာ ငါက မိစ္ဆာဘုရင်ကို သတ်ဖြတ်ပြီး မိစ္ဆာတွေကို အမြစ်ပြတ်ချေမှုန်းမယ်… ယွီတောင်တန်းကိုလည်း မှောက်လှန်ပစ်မယ်… သေရရင်တောင်မှ နောင်တရစရာ တစ်စက်မှ မရှိဘူး”
ဟန်ကွမ်က ဆုံးဖြတ်ချက်ချပြီးသည်နှင့် မီးလျှံဓားအလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ မြောက်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
တောင်ထိပ်၌ ကြယ်များနှင့် လရောင်အောက်ရှိ ဘိုးဘေးခန်းမထဲတွင်…
ဖယောင်းတိုင်မီးများ တဖျပ်ဖျပ် လင်းလက်နေပြီး ဘိုးဘေးကမ္ပည်းပြားများက အတန်းလိုက် ရပ်တည်နေကြသည်။ အလယ်ဗဟိုတွင်တော့ ချောမောပြီး တိကျပြတ်သားသော မျက်နှာသွင်ပြင်ရှိကာ ကျောပေါ်တွင် ဓားအိမ် လွယ်ထားသည့် လူတစ်ရပ်စာအရွယ် ကျောက်စိမ်းဖြူ ရုပ်တုတစ်ခု ရှိ၏။
ဤရုပ်တုမှာ ဓားနတ်ဘုရားတောင်တန်းကို စတင်တည်ထောင်ခဲ့သော ဘိုးဘေးကြီး၊ ဓမ္မနယ်ပယ်၏ အဋ္ဌမမြောက် ကောင်းကင်ဘုံမှ အစွမ်းထက် သိုင်းပညာရှင် ဓားနတ်ဘုရား အရှင်သခင်ကြီးပင် ဖြစ်သည်။
ဆရာသခင် ဟန်ယင်းက ဆုတောင်းဖျာပေါ်တွင် ဒူးထောက်နေပြီး ဖယောင်းတိုင်မီးရောင်က သူ၏ အရိပ်ကို ရှည်လျားစွာ ဆွဲဆန့်ထား၏။ ဓားနတ်ဘုရား ဟန်ကွမ်၏ တိုးတိုးရွတ်ဆိုသံများကို ကြားလိုက်ရချိန်တွင် သူ၏ မျက်လုံးများ၌ မျက်ရည်များ ဝဲတက်လာပြီး နာကျင်စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။
လက်ရှိ ဂိုဏ်းချုပ်ဖြစ်သော အရှင်သခင် လီဖုန်းက သူ၏ ပူဆွေးသောကရောက်နေသော ဆရာကို ကြည့်၍ မနေနိုင်ဘဲ ပြောလိုက်သည်။
“ဆရာ... သူ့နောက်ကို လိုက်ဖမ်းဖို့ အချိန်မနှောင်းသေးပါဘူး”
ဆရာသခင် ဟန်ယင်းက လက်ကာပြလိုက်ပြီး သူ၏ အသံက နှစ်ပေါင်းများစွာ ပိုအိုမင်းသွားသကဲ့သို့ ရှိနေ၏။
“မင်းရဲ့ ဦးလေးကို ငါ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာခဲ့တာ… သူ့အကျင့်ကို ငါ အသိဆုံးပဲ… သူက မွေးကတည်းက ခေါင်းမာပြီး မကောင်းမှုဆိုရင် ရန်သူလို သဘောထားတတ်တယ်… အချစ်နဲ့ အမုန်းကို ပြတ်ပြတ်သားသား ခွဲခြားထားတာ…”
“သူက ခံစားချက်တွေအပေါ် အရမ်း စွဲလန်းတဲ့သူဆိုတော့ တစ်ခုခုကို ဆုံးဖြတ်ပြီးသွားရင် ဘာကမှ ပြောင်းလဲပစ်လို့ မရတော့ဘူး… သူ့ကို အတင်းအကျပ် တားဆီးတာက သူ့ရင်ထဲမှာ အတွင်းနတ်ဆိုးတစ်ကောင် ကြီးထွားလာအောင် လုပ်ပေးလိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်”
“မင်းရဲ့ ဆရာဘိုးဘိုး မကွယ်လွန်ခင်တုန်းက သူ့အတွက် ဗေဒင်တွက်ပေးဖို့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို စွန့်စားပြီး ကြည့်ခဲ့ဖူးတယ်… အသက်တစ်ရာပြည့်တဲ့အရွယ်မှာ သူက သေခြင်းရှင်ခြင်း ဘေးအန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်တဲ့… အဲဒီဘေးကနေ သူ လွတ်မြောက်သွားရင် နတ်ဘုရားအဖြစ် တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိတယ်… ဒါပေမဲ့ မလွတ်မြောက်ခဲ့ရင်တော့...”
ဆရာသခင် ဟန်ယင်းက ဆက်မပြောတော့ချေ။
သို့သော်လည်း အရှင်သခင် လီဖုန်းက နားလည်သွားပြီ ဖြစ်၏။
“ဒါကြောင့် ဆရာက ဦးလေးကို ဘိုးဘေးခန်းမထဲမှာ သော့ခတ်ပိတ်လှောင်ထားချင်ခဲ့တာကိုး”
အရှင်သခင် လီဖုန်းက ဘိုးဘေးကြီး၏ ရုပ်တုကို ကြည့်လိုက်သည်။
ထိုရုပ်တုအနောက်ရှိ ဓားအိမ်ထဲတွင် မူလက ကောင်းကင်ဘုံသို့ တက်လှမ်းသွားချိန်၌ တည်ထောင်သူ ဘိုးဘေးကြီး ချန်ရစ်ခဲ့သော ကျောက်မင်ဓား ရှိနေခဲ့သည်။ ယခုတော့ ထိုအနီရောင်လေး ပျောက်ကွယ်သွားပြီ ဖြစ်ပြီး နွေဦးရာသီ၏ စိမ်းလန်းစိုပြည်သော အသက်ဝင်မှု ခံစားချက်လေးပင် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ထိုဓားကို သူ၏ ဦးလေး ယူသွားခဲ့ပြီ ဆိုသည်မှာ ထင်ရှားနေပေသည်။
***