ဝါးမျှော်စင်ထဲတွင် ယွီလီက အဓိပ္ပာယ်မရှိသည့် စကားများကို ဂရုမစိုက်ဘဲ သူမ၏ ဖြူဝင်းသော လက်ကို ညင်သာစွာ မြှောက်လိုက်သည်။
ဝါးလုံးတစ်ခုက ရုတ်တရက် ပေါ်လာပြီး ရှေ့သို့ ရိုက်ချလိုက်ရာ ဟင်းလင်းပြင်ကို ပြိုကျသွားစေ၏။
သူမက မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်ရာ ဤဝါးလုံးကလည်း ဝိညာဉ်ရတနာတစ်ခုနှင့် နီးစပ်လာခဲ့ပြီ ဖြစ်သည်။ ကွေ့ယွမ်ဇီသာကဲ့သို့ပင် ဤဝါးလုံးက သူမ၏ ကိုယ်ပိုင် မိစ္ဆာရတနာ မဟုတ်သော်လည်း သူမ၏ မူလအသွင်သဏ္ဌာန်မှ မြစ်ဖျားခံလာခြင်း ဖြစ်၏။
သူတို့၏ စိတ်များက ဆက်သွယ်နေပြီး ကြီးမားသော စွမ်းအားဖြင့် သူမ အလိုရှိသလို အသုံးပြုနိုင်ပေသည်။ မြေမှုန့်အဖြစ် လုံးဝ အကြိတ်မခံရသရွေ့ ဝါးလုံးက အကြိမ်ကြိမ် ပြန်လည် ရှင်သန်နိုင်စွမ်း ရှိသည်။
မြစိမ်းရောင် ဝါးလုံးက နီရဲသော ဓမ္မဓားနှင့် အကြိတ်အနယ် ထိပ်တိုက်တွေ့သွား၏။
ဟင်းလင်းပြင်က လှုပ်ခတ်သွားပြီး ကောင်းကင်ကို ဖောက်ထွင်းသွားသော ဓားအလင်းတန်းကို ချေမွပစ်လိုက်ရာ ညကောင်းကင်ယံတွင် အစိမ်းနှင့် အနီရောင်များ ပြည့်နှံ့သွားသည်။
ယွီလီ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော ခြေဖဝါးများက အနည်းငယ် လှုပ်ရှားသွားပြီး လေထဲတွင် ချက်ချင်း ပေါ်လာ၏။
မဟာမိစ္ဆာသခင် လေးပါးက ဝါးမျှော်စင်ထဲမှ လိုက်ထွက်လာကြပြီး လူသားမျိုးနွယ်စုကလည်း အနောက်မှ ကပ်လျက် လိုက်ပါလာကြသည်။
ကောင်းကင်ယံတွင် နီရဲသော ဓမ္မဓားက နောက်ပြန်လွင့်သွားပြီး သူ၏ ကျောပေါ်ရှိ ဓားသေတ္တာထဲသို့ ပြန်လည် ကျရောက်သွား၏။ တာအိုဝတ်ရုံများက လွင့်ဝဲနေပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် တာအိုဘုန်းကြီးအိုကြီး တစ်ပါး ပေါ်လာသည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များက နီရဲနေပြီး မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်နေ၏။
ထိုဓားသေတ္တာကို မြင်လိုက်ရသည်နှင့် ရောက်လာသော ရန်သူ၏ မည်သူမည်ဝါဖြစ်ကြောင်းက ရှင်းလင်းသွားပြီ ဖြစ်သည်။
ယွီလီက စိတ်ထဲတွင် နားလည်သွားပြီး စကားတစ်ခွန်းမှ မဆိုဘဲ တည့်တည့် ပျံတက်သွား၏။
သူမ၏ နယ်ပယ်ကို ခိုင်မာအောင် လုပ်ပြီးကတည်းက သူမ၏ လက်များက ယားယံနေခဲ့ပြီး အဆင့်တူ ပြိုင်ဘက်တစ်ဦးနှင့် သေသေချာချာ တိုက်ခိုက်ချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မိစ္ဆာဘုရင်တစ်ပါး၏ အဆင့်အတန်းက မဟာမိစ္ဆာတစ်ကောင်နှင့် ကွာခြားလွန်းလှ၏။ အတိုင်းအတာ တစ်ခုအထိ သူမက ဗဟိုနယ်မြေ မိစ္ဆာမျိုးနွယ်စုကို ကိုယ်စားပြုနေပြီ ဖြစ်ရာ စစ်ပွဲတစ်ခုကို အလွယ်တကူ စတင်၍ မရနိုင်ပေ။
သူမရှေ့မှ ဤလူယုတ်မာအိုကြီးက အချိန်ကိုက် ရောက်လာခြင်းပင် ဖြစ်၏။
ဓားနတ်ဘုရား ဟန်ကွမ်က မူလက မိစ္ဆာဘုရင်ကို ပြစ်တင်ရှုတ်ချရန် ရည်ရွယ်ထားသော်လည်း မိစ္ဆာက တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်လာသည်ကို မြင်သောအခါ သူက ပေါ့ပေါ့ဆဆ မနေရဲတော့ဘဲ စိန်ခေါ်မှုကို ချက်ချင်း ရင်ဆိုင်လိုက်သည်။
သူ၏ လက်မောင်းများကို ဝှေ့ယမ်းလိုက်ရာ ဓားလက်ချောင်းများက နက်နဲဆန်းကြယ်သော လမ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်၏။ ဓားသေတ္တာက တဝီဝီ မြည်လာပြီး ဓမ္မဓား ရာပေါင်းများစွာက ဒေါင်းမြီးဖြန့်သကဲ့သို့ အစီအရီ ထွက်ပေါ်လာကာ ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားသည်။
“သွားစမ်း”
ဓားတစ်ထောင်က ထန်းခနဲ မြည်သံနှင့်အတူ ဒေါင်လိုက်မှ အလျားလိုက်သို့ ပြောင်းလဲသွားပြီး မြှားတစ်သောင်းကဲ့သို့ ပစ်ထွက်သွား၏။
သူတို့က လေထဲတွင် အဆက်မပြတ် ပေါင်းစပ်သွားကြပြီး ပေတစ်ထောင်ခန့်ရှိသော ဓားကြီးတစ်လက်အဖြစ် စုစည်းသွားကြသည်။ ကောင်းကင်ကို ဖောက်ထွင်းသွားသော ဓားအလင်းတန်းက ယွီတောင်တန်း၏ ထက်ဝက်ခန့်ကိုပင် ဖြိုချပစ်လုနီးပါး ဖြစ်သွား၏။
မဟာမိစ္ဆာသခင် အသီးသီးနှင့် လူသား သံတမန်အဖွဲ့တို့က ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် မြင်တွေ့လိုက်ရရုံသာမက တောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လူသားစစ်တပ်ကလည်း မြင်တွေ့လိုက်ရသည်။
ခဏမျှ စဉ်းစားပြီးနောက် သံတမန်အဖွဲ့က တစ်ခုခု အမှားအယွင်း ဖြစ်မည်ကို စိုးရိမ်သဖြင့် ယွီတောင်တန်းထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြ၏။
အစိမ်းရောင် ဝတ်ရုံများက တဖျပ်ဖျပ် လွင့်ဝဲနေပြီး အနက်ရောင် ဆံပင်များက လွင့်မျောနေကာ ယွီလီ၏ ရင်တွင်း၌ တိုက်ခိုက်လိုစိတ်များ ဆူပွက်နေပြီး သူမ၏ ဝါးလုံးကို ဝှေ့ယမ်းလိုက်သည်။
ကောင်းကင်ကို ဖောက်ထွင်းသွားသော ဝါးလုံးကြီးတစ်ခုက လေခွင်းသံများနှင့်အတူ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထွက်ပေါ်လာပြီး ကျောက်စိမ်းကဲ့သို့ မြစိမ်းရောင် အလင်းများ တောက်ပနေ၏။
ဝါးလုံးနှင့် ဓားကြီးတို့ ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့သွားကြသည်။ ဓားအလင်းတန်းနှင့် အစိမ်းရောင် အလင်းတန်းတို့က အားပြိုင်နေကြပြီး ညကောင်းကင်ယံတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများစွာကို ဆွဲဖြဲပစ်လိုက်၏။ တိမ်ပင်လယ်ကြီးက ကောင်းကင်ကြီး အချိန်မရွေး ပြိုကျတော့မည့်အလား လှုပ်ခတ်လွင့်စင်သွားပြီး လမင်းကြီးက အရောင်မှိန်သွားကာ ကြယ်ရောင်များကလည်း မှေးမှိန်သွားသည်။
ဓားသွားက ထက်မြက်ပြီး ဝါးခေါင်းက နက်ရှိုင်းလှ၏။
ဓားအလင်းတန်းက ရွှံ့နွားတစ်ကောင် ပင်လယ်ထဲ ဝင်သွားသကဲ့သို့ ဝါးလုံးထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး မည်သည့် အရိပ်အယောင်မျှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားကာ လှိုင်းတံပိုးလေး တစ်ချက်မျှပင် မဖြစ်ပေါ်စေခဲ့ပေ။
တစ်ခုက သိုင်းကွက်တစ်သောင်းကို ချိုးဖျက်နိုင်သော ဓားစွမ်းရည်ဖြစ်ပြီး အခြားတစ်ခုက အရာအားလုံးကို ဝါးမျိုနိုင်သော စွမ်းရည် ဖြစ်သည်။
တစ်ခုက နက်နဲသော ဓမ္မစွမ်းအားများနှင့် ရင့်ကျက်သော အတွေ့အကြုံများရှိသည့် အခြေတကျဖြစ်နေသော နတ်ဘုရားသခင် တစ်ပါးဖြစ်ပြီး အခြားတစ်ခုကတော့ ကြီးမားသော အလားအလာနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားများရှိသည့် အသစ်တက်လှမ်းလာသော မိစ္ဆာဘုရင်တစ်ပါး ဖြစ်၏။
လူသားနှင့် မိစ္ဆာတို့ ထိပ်တိုက်တွေ့ကြပြီး အကြိတ်အနယ် တိုက်ခိုက်နေကြကာ ခေတ္တမျှ အနိုင်အရှုံးကို ခွဲခြားရန် ခက်ခဲနေသည်။
…
ကျောင်းအုပ်ကြီး ဂျီမို၏ မျက်နှာက မှိုင်းညို့နေ၏။
“ကြည့်ရတာ ဓားနတ်ဘုရားတောင်တန်းက လူယုတ်မာအိုကြီး ရောက်လာပြီထင်တယ်”
ပုံမှန်အားဖြင့် ပြေပြစ်ယဉ်ကျေးလှသော ဤမိစ္ဆာမလေးက ယခုတော့ ခနဲ့တဲ့တဲ့နှင့် အဆိပ်ပြင်းလှပြီး ဓားနတ်ဘုရားတောင်တန်းအပေါ် အလွန်အမင်း မကျေမနပ် ဖြစ်နေကြောင်း သိသာလှ၏။
မီးလျှံနီက မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်သည်။
“တကယ်ကို အရှက်မရှိတာပဲ”
မိစ္ဆာသခင်မ ကျိုကွမ်းက ခေါင်းညိတ်လိုက်၏။
“သူတို့ကို ထပ်ကျိန်ဆဲလိုက်ပါဦး”
မီးလျှံနီ၏ စိတ်ဓာတ်က ချက်ချင်း တက်ကြွသွားသည်။ သူက အော်ဟစ်ဆဲရေးတော့မည့် အချိန်မှာပင် ဖူရှောင်ကွမ်းက သူ့ကို ဆွဲဖမ်းလိုက်ပြီး နားနားကပ်၍ တစ်စုံတစ်ခု တီးတိုး ပြောလိုက်၏။
မီးလျှံနီ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။ သူက အင်္ကျီလက်ကို ခါလိုက်ပြီး မေးစေ့ကို အနည်းငယ် မော့ကာ မထီမဲ့မြင်ပြုသည့် အကြည့်၊ ရွံရှာစက်ဆုပ်သည့် အမူအရာဖြင့် သူ၏ ပါးစပ်ကို ဟ၍ ကျိန်ဆဲလိုက်ရာ သူ၏ အသံက ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ အလွန် ကျယ်လောင်လှ၏။
“ဂုဏ်သိက္ခာရှိတဲ့ နတ်ဘုရားသခင်တဲ့လား... ထွီး”
“ဂုဏ်သိက္ခာရှိတဲ့ ဓားနတ်ဘုရားတောင်တန်းတဲ့လား... ထွီး”
“ဂုဏ်သိက္ခာရှိတဲ့ ဓားနတ်ဘုရားတောင်တန်းက ဘိုးဘေးကြီးတဲ့လား... ထွီး”
“ဂုဏ်သိက္ခာရှိတဲ့ ဓားနတ်ဘုရား အရှင်သခင်ကြီးတဲ့လား... ထွီး”
“ဂုဏ်သိက္ခာရှိတဲ့ လူသားမျိုးနွယ်စု ဓားနတ်ဘုရား မျိုးဆက်တဲ့လား... ထွီး”
“ဂုဏ်သိက္ခာရှိတဲ့... ထွီး… ထွီး… ထွီး”
လူသား သံတမန်အဖွဲ့က တုန်လှုပ်ချောက်ချားလျက် မီးလျှံနီကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြပြီး အနည်းငယ် ကြောက်လန့်သွားကြသည်။
ဤပေါ့တန်သော မိစ္ဆာသခင်က အော်ဟစ်ဆဲရေးရာတွင် ဤမျှလောက် ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ‘ထွီး’ ဟူသော စကားတစ်ခွန်းတည်းက မရေမတွက်နိုင်သော ရိုင်းစိုင်းသည့် စကားလုံးများထက် ပိုကောင်းနေပြီး အလွန်အမင်း ပြင်းထန်သော သေစေနိုင်စွမ်း ရှိ၏။
ဓားနတ်ဘုရားတောင်တန်း၏ ဘိုးဘေးများနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ မထီမဲ့မြင်ပြုသော လေသံနှင့် ရွံရှာစက်ဆုပ်သည့် အမူအရာတို့က သေစေနိုင်စွမ်းကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေကာ နားထောင်ရသည်မှာ မခံမရပ်နိုင်ဖြစ်ပြီး နှလုံးသားကို လုံးဝ ထိုးဖောက်သွားစေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ သူတို့က တစ်ကြိမ်သာ ကြားလိုက်ရသော်လည်း ထိုစကားများကို မှတ်မိနေခြင်းပင် ဖြစ်၏။ ထိုစကားလုံးများက မိစ္ဆာဆန်သော အရည်အသွေးတစ်ခု ပါဝင်နေသကဲ့သို့ သူတို့၏ နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေပြီး တစ်ချိန်လုံး နှင်ထုတ်၍ မရနိုင်အောင် ဖြစ်နေသည်။
သံတမန်အဖွဲ့ဝင်များက သူ့ဘေးရှိ ငွေရောင်ဆံပင်နှင့် မိစ္ဆာသခင်ကို ချက်ချင်း လှမ်းကြည့်လိုက်ကြပြီး မနေနိုင်ဘဲ သတိထားလိုက်မိကြ၏။ မိစ္ဆာသခင် မီးလျှံနီကို ယခုလေးတင် အကြံပေးလိုက်သူမှာ သူဖြစ်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ သို့မဟုတ်ပါက ဤမျှလောက် ကြောက်စရာကောင်းသည့် အကျိုးသက်ရောက်မှုမျိုး ရရှိရန် ခက်ခဲပေလိမ့်မည်။
ဆွေးနွေးပွဲအတွင်း သူပြောခဲ့သည့် စကားလုံးတိုင်းက အချက်ကျကျ ထိမှန်ခဲ့ပုံကို ပြန်လည်တွေးတောမိသောအခါ သူတို့က ပို၍ပင် စိုးရိမ်လာကြ၏။
ကျန်းထျန်းမင်က ဤငွေရောင်ဆံပင်နှင့် မိစ္ဆာသခင်၏ အန္တရာယ်အဆင့်ကို မိစ္ဆာဘုရင်ပြီးလျှင် ဒုတိယအဆင့်အဖြစ် သတ်မှတ်လိုက်သည်။ အကယ်၍ အနာဂတ်တွင် သူနှင့် ဆက်ဆံရမည်ဆိုပါက သူတို့က အလွန်အမင်း သတိထားရပေမည်။
နောက်တစ်ခဏတွင် ဖူရှောင်ကွမ်းက နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးတက်၍ သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများအထိ မရောက်သော အပြုံးတစ်ခုကြောင့် လူသား သံတမန်အဖွဲ့၏ နှလုံးသားများက ရုတ်တရက် ဗုံတစ်လုံးကဲ့သို့ ခုန်ပေါက်သွားပြီး သူတို့၏ အာရုံကြောများက အလိုအလျောက် တင်းကျပ်သွား၏။
“အားလုံးပဲ... ကျွန်တော်တို့ ယွီတောင်တန်းနဲ့ ဓားနတ်ဘုရားတောင်တန်းကြားက ရန်ငြိုးတွေအကြောင်း နားထောင်ချင်ကြလား”
လူသား သံတမန်အဖွဲ့ ပြန်ဖြေသည်ကို မစောင့်ဘဲ ဖူရှောင်ကွမ်းက အကြီးအကဲလီရှု တောင်တန်းနက်များ အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး အမှားအမှန် မခွဲခြားဘဲ မိစ္ဆာဘုရင်ကို မည်သို့ တိုက်ခိုက်ခဲ့ကြောင်း သူ့ဖာသာ ပြောပြလိုက်သည်။
သူက ပြောပြီးသွားသောအခါ အပြုံးတစ်ခုနှင့် မေးလိုက်၏။
“အခု အကောင်ပေါက်လေး အရိုက်ခံရတော့ အကောင်ကြီး ရောက်လာပြီ… လူကြီးမင်းတို့ အနေနဲ့ ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ”
ထိုသို့ပြောပြီးနောက် သူက ထပ်ဖြည့်ပြောလိုက်သည်။
“မဟာမိတ် စာချုပ် လက်မှတ်ထိုးပြီးပြီးချင်း ဒီလိုကိစ္စမျိုး ဖြစ်လာတာက ကျုပ်ကို လူသားမျိုးနွယ်စုရဲ့ စရိုက်လက္ခဏာအပေါ် သံသယဝင်သွားစေတယ်”
လူသား သံတမန်အဖွဲ့၏ တုံ့ပြန်မှုများက ကွဲပြားခြားနားကြ၏။
အချို့၏ မျက်နှာများက ရေကဲ့သို့ နစ်မြုပ်သွားပြီး အချို့၏ မျက်ခုံးများက တင်းကျပ်စွာ တွန့်ချိုးသွားကာ အချို့ကတော့ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှံ့နေကြသည်။
အကြောင်းပြချက်များဖြင့် ငြင်းခုံချင်နေပြီး ဒေါသထွက်နေသူများလည်း ရှိသော်လည်း ဆုန့်ဝမ်ထောင်က သူတို့ကို ဟန့်တားလိုက်၏။
သံတမန်အဖွဲ့၏ ခေါင်းဆောင်က ဖူရှောင်ကွမ်းကို တောင်းပန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တွင်းမှ ဟောက်ရန် ချီစွမ်းအင်များကို လှည့်ပတ်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
“တာအိုဘုန်းကြီးက ဓားနတ်ဘုရားတောင်တန်းရဲ့ နတ်ဘုရားသခင် တစ်ပါးဖြစ်နေမှတော့ အရှင်သခင် လင်းရှောင်နဲ့ မိစ္ဆာမျိုးနွယ်စုကြားမှာ လက်မှတ်ရေးထိုးခဲ့တဲ့ တောင်တန်းနှစ်ခု စာချုပ်အကြောင်း သိထားသင့်တယ်… ဒီတစ်ကြိမ် ပဋိပက္ခကို ဖန်တီးလိုက်တဲ့အတွက် ဓားနတ်ဘုရားတောင်တန်းဆီ ပြဿနာတွေ ယူဆောင်လာပြီး ဂိုဏ်းကို ထိခိုက်မှာနဲ့ ဓားနတ်ဘုရားတောင်တန်းရော လူသားမျိုးနွယ်စုရဲ့ အပြစ်သည်ပါ ဖြစ်လာမှာကို မကြောက်ဘူးလား”
ဓားနတ်ဘုရား ဟန်ကွမ်က ဒေါသကြီးသူ ဖြစ်၏။
မီးလျှံနီ၏ စကားများကြောင့် သူ အတော်လေး ဒေါသထွက်နေပြီ ဖြစ်သည်။
အကယ်၍ သူသာ လက်မအားတာ မဟုတ်လျှင် ထိုလူယုတ်မာကောင်ကို ချက်ချင်း သတ်ပစ်ချင်နေမိ၏။
ယခု အစိုးရအရာရှိ၏ မေးခွန်းထုတ်မှုကို ကြားလိုက်ရသောအခါ သူ စကားပြောရမည်ကို နားလည်သွားသည်။ ဝါးမိစ္ဆာမ၏ မုန်တိုင်းကဲ့သို့ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရင်း သူက အသံနက်ကြီးဖြင့် ပြောလိုက်၏။
“ဓားနတ်ဘုရားတောင်တန်းက ဒီလူအိုကြီး ကလဲ့စားချေချင်နေတာကို မကျေနပ်လို့ ငါ့နာမည်ကို ဖယ်ရှားပစ်ခဲ့ပြီးပြီ… ငါက ဓားနတ်ဘုရားတောင်တန်းက လူမဟုတ်တော့ဘူး… တောင်တန်းနှစ်ခု စာချုပ်နဲ့ ပတ်သက်ပြီးတော့ ဒီလူအိုကြီးက တပည့်အတွက် ကလဲ့စားချေပြီးသွားရင် ငါ့အပြစ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး လူမျိုးစု နှစ်ခုစလုံးကို ရှင်းပြပေးမယ်”
သူ စကားပြောနေစဉ်မှာပင် ယွီလီက အခွင့်အရေးတစ်ခုကို ရှာတွေ့သွားပြီး ဝါးလုံးဖြင့် တာအိုဘုန်းကြီးအိုကြီးကို အားကုန် လွှဲရိုက်လိုက်၏။
ဤသည်က ဓားနတ်ဘုရား ဟန်ကွမ်ကို ဒေါသထွက်သွားစေသည်။ သူက အံကို တင်းတင်းကြိတ်လျက် ဓားသေတ္တာထဲမှ ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်၏။ ဓားကိုယ်ထည်တစ်ခုလုံးက ရွှေနီရောင်ဖြစ်ပြီး တိမ်တိုက်ပုံစံများ ထွင်းထုထားကာ ရှေးကျသော ဒီဇိုင်းရှိသည်။ သုံးပေရှည်သော ဓားသွားပေါ်တွင် ရွှေရောင်နှင့် အနီရောင်တို့က ချောမွေ့စွာ ပေါင်းစပ်နေ၏။
ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီးက အရောင်ပြောင်းသွားသည်။ တောက်ပသော နေမင်းကြီးက ကျယ်ပြန့်သော တိမ်ပင်လယ်ကြီးထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာပြီး တိမ်လွှာများကို အရောင်ဆိုးကာ မနက်ခင်းနေရောင်ကို ရောင်ပြန်ဟပ်နေ၏။
ယွီတောင်တန်း တစ်ခုလုံးက ချက်ချင်းပင် နေ့လယ်နေ့ခင်းကဲ့သို့ လင်းထိန်သွားသည်။
ထိုဓားက ဓားနတ်ဘုရား ဟန်ကွမ် ဘိုးဘေးခန်းမထဲမှ ယူဆောင်လာခဲ့သော ကျောက်မင်ဓားပင် ဖြစ်၏။
“ဝိညာဉ်ရတနာတစ်ခု”
ထို့ပြင် သာမန် ဝိညာဉ်ရတနာတစ်ခု မဟုတ်ပေ။
ယွီလီက မကြောက်ရွံ့သည့်အပြင် သူမ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာ၏။
သူမက လက်ဖြင့် အစိမ်းရောင် ဇာထီးကို ဖွင့်လိုက်သည်။ မိစ္ဆာနှင့် ထီးတို့က တစ်သားတည်း ဖြစ်သွားပြီး လည်ပတ်ကာ ဓားဆီသို့ တည့်တည့် ပျံတက်သွား၏။ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်က တစ်လွှာပြီးတစ်လွှာ ပြိုကျသွားပြီး မိစ္ဆာထီး၏ ရှေ့တွင် ဧရာမ ဟင်းလင်းပြင် ဝဲကတော့ကြီးတစ်ခု ပေါ်လာကာ အတွင်း၌ ခမ်းနားကြီးကျယ်သော ကမ္ဘာကြီးတစ်ခုက ဝိုးတဝါး လွင့်မျောနေသည်။
ဤသည်က ကန်းသတ္တု သတ်ဖြတ်ခြင်း၊ အပျက်အစီးမရှိသော ခန္ဓာကိုယ်နှင့် ဟင်းလင်းပြင် ချိုးဖျက်ခြင်းဟူသော နတ်ဘုရားစွမ်းရည် သုံးခုကို ပေါင်းစပ်ပြီးနောက် သူမ ဖန်တီးခဲ့သည့် မဟာနတ်ဘုရားစွမ်းရည် ဖြစ်သော ဟင်းလင်းပြင်ကမ္ဘာပင် ဖြစ်၏။
ထိုမဟာနတ်ဘုရားစွမ်းရည်က ပုံရိပ်ယောင် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်သည်။ အကယ်၍ သူမက ကောင်းကင်ဘုံ ကိုးခုအထိ ကျင့်ကြံနိုင်မည်ဆိုပါက ကမ္ဘာကြီးက ပုံရိပ်ယောင်တစ်ဝက် အစစ်အမှန်တစ်ဝက် ဖြစ်လာပေလိမ့်မည်။
ဤသည်က သူမ၏ မဟာနတ်ဘုရားစွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပြီး ၎င်း၏ စွမ်းအားအတွက် မျှော်လင့်ချက်များစွာ ရှိနေ၏။
ဝါးမျှော်စင်ထဲတွင်…
ဆုန့်ဝမ်ထောင်၏ မျက်နှာက မည်းမှောင်နေသည်။ သူက မိစ္ဆာသခင် ရှောင်ကွမ်း၏ အသုံးချခြင်းကို ခံလိုက်ရကြောင်း သဘောပေါက်သွား၏။ သို့မဟုတ်ပါက ဓားနတ်ဘုရား ဟန်ကွမ်က ထိုဝါးလုံးရိုက်ချက်ကို ခံရမည် မဟုတ်ပေ။
ဖူရှောင်ကွမ်းကို ကြည့်ရင်း သူက ပြောလိုက်သည်။
“မိစ္ဆာသခင်လည်း ဓားနတ်ဘုရား ဟန်ကွမ်ရဲ့ စကားတွေကို ခုနက ကြားပြီးပြီပဲ… ဒီအရာရှိက အားနည်းပြီး မကူညီနိုင်ဘူး… နောက်ပြီး မဟာယွီ ဧကရာဇ်နန်းတော်က ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စု ဂိုဏ်းတွေကြားက အငြင်းပွားမှုတွေမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားပြီးသားပါ”
ဆုန့်ဝမ်ထောင်က ဤအချက်ကို ယခုလေးတင် ရှင်းလင်းထားခဲ့သည့်အတွက် ဝမ်းသာနေ၏။ မဟာယွီ မင်းဆက်က အဓိကအားဖြင့် ဗဟိုနယ်မြေရှိ လူသားများ၏ လုံခြုံရေးကို ကာကွယ်ပေးခြင်း ဖြစ်ပြီး သာမန်ပြည်သူများကို မထိခိုက်သရွေ့ မိစ္ဆာမျိုးနွယ်စုနှင့် ဂိုဏ်းများကို သူတို့ ဂရုစိုက်မည် မဟုတ်ပေ။
ဖူရှောင်ကွမ်းက ပြန်ပြောလိုက်သည်။
“ဒါက သဘာဝကျပါတယ်… ကျုပ်က လူသားမျိုးနွယ်စုရဲ့ စရိုက်လက္ခဏာကို သံသယဝင်တယ်ဆိုပြီး နောက်ပြောင်လိုက်တာပါ… သခင်ကြီးဆုန့်က တကယ် အလေးအနက်ထားပြီး ရှင်းပြဖို့ ဒီလောက်တောင် လောနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ… အခုတော့ နားလည်မှုလွဲတာ ရှင်းသွားတာ ကောင်းပါတယ်…”
“ဒါမှ ကျွန်တော်တို့ နှစ်ဖက်ကြားက သဟဇာတဖြစ်မှုကို မထိခိုက်မှာ… ကျုပ်တို့ ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုနဲ့ ဓားနတ်ဘုရားတောင်တန်းကြားက အငြင်းပွားမှုနဲ့ ပတ်သက်ပြီးတော့ ကျုပ်တို့ ယွီတောင်တန်းကပဲ သဘာဝကျကျ ဖြေရှင်းပါလိမ့်မယ်…”
“တောင်အပြင်ဘက်မှာ စောင့်နေတဲ့ လူသားစစ်သည်တွေလည်း ဝင်လာလောက်ပြီ ထင်တယ်… ကျုပ် လိုက်မပို့တော့ဘူး… မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် သခင်ကြီးဆုန့် အရင် ပြန်သွားပေးဖို့ အကူအညီတောင်းပါရစေ… ခင်ဗျားတို့လည်း စာချုပ်ကို လက်မှတ်ထိုးပြီးတာနဲ့ ချက်ချင်း ဖြဲပစ်လိုက်ချင်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်ပါတယ်”
ဆုန့်ဝမ်ထောင်မှာ ထိုစကားအားကြားလျှင် နှင်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရ၏။
အခုချိန်မှာတော့ ငါ တကယ် ထွက်မသွားချင်သေးဘူး…
***