ဘုန်း...
လွင်ပြင်ကျယ်ကြီးထဲတွင် မိုးခြိမ်းသံတစ်ခုက ကောင်းကင်ကို ခွဲထွက်သွားသည်။
အဝေးမှ အရုဏ်တက်လာသည်နှင့်အမျှ အာရုဏ်ဦး အလင်းစက်များက ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာတစ်ခုအဖြစ် စုစည်းသွား၏။ ထိုမျက်နှာက ဓားနတ်ဘုရားတောင်တန်း၏ ဘိုးဘေးခန်းမထဲရှိ ကျောက်စိမ်းရုပ်တုနှင့် လုံးဝနီးပါး ဆင်တူနေသည်။
သူက သက်ပြင်းတစ်ချက်ချလိုက်ရာ သူ၏ အသံက ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ ဟိန်းထွက်လာ၏။
“သောက်မိစ္ဆာမ... မင်းက ငါ့ရဲ့ ဓားနတ်ဘုရားတောင်တန်း တပည့်ကို သတ်ပြီး ငါ့ရဲ့ လျှို့ဝှက်ရတနာကို ကြားဖြတ်ယူရဲတယ်ပေါ့… မင်းရဲ့ အပြစ်က ခွင့်လွှတ်လို့မရဘူး… ကောင်းကင်ဘုံ မိုးကြိုးရဲ့ အပြစ်ပေးမှုနဲ့ ထာဝရ ငရဲကျခြင်းကို ခံယူလိုက်စမ်း”
ယွီလီက ပျင်းရိစွာဖြင့် နားကို ကလော်လိုက်သည်။
“စကားလုံး အသစ်လေးတွေ မရှိတော့ဘူးလား… အရင် ဇာတ်ညွှန်းဟောင်းကြီးပဲ… ရှင် ဘာပြောမလဲဆိုတာ ဘယ်သူမဆို ခန့်မှန်းလို့ရတယ်… ရှင်တို့လို ကျောက်ဖြစ်နေတဲ့ မြည်းအိုကြီးတွေလိုပဲ ရိုးအီနေပြီ”
ဓားနတ်ဘုရား အရှင်သခင်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
အထက်ကောင်းကင်ယံတွင် တိမ်မည်းများ စုရုံးလာပြီး လျှပ်စီးများ လက်ကာ မိုးများ ခြိမ်းလာသည်။
မိုးကြိုးအချို့က တည့်တည့် ပစ်ချလာ၏။
အစိမ်းရောင် ဇာထီးက မြစိမ်းရောင် အလင်းတန်းများ တောက်ပလာသည်။ ယွီလီက ကွဲပြားခြားနားသော နေရာတစ်ခုတွင် ရပ်နေသကဲ့သို့ ဖြစ်နေ၏။ မိုးကြိုးများ မည်မျှပင် ပြင်းထန်ပါစေ၊ သူမကို အန္တရာယ် မပေးနိုင်ချေ။
သူမ၏ အေးစက်သော အကြည့်များနှင့်အတူ မထီမဲ့မြင်ပြုသော အပြုံးတစ်ခုက နှုတ်ခမ်းထောင့်တွင် ချိတ်ဆွဲလျက် သူမက ဟင်းလင်းပြင်ကို ကျောက်စိမ်းခြေဖဝါးဖြင့် တစ်ချက်ခတ်လိုက်ပြီး မိုးကြိုးတိမ်တိုက်များထဲသို့ ထိုးတက်သွားကာ ၎င်းတို့ကို ချေမွပစ်ပြီး မိုးကြိုးတိုင်းကို ဖြတ်တောက်ချပစ်လိုက်သည်။
“မင်း ရဲလှချည်လား”
“ငါက ဘာလို့ မရဲရမှာလဲ”
“သတ္တိရှိရင် ကောင်းကင်ဘုံကနေ ဆင်းခဲ့လေ… မဆင်းရဲရင်လည်း ပါးစပ်ပိတ်ထားလိုက်တော့ လူအိုကြီး”
ယွီလီ၏ အရှိန်အဝါက ပေါက်ကွဲထွက်လာ၏။ သူမ၏ အရှိန်အဝါက လွှမ်းမိုးနိုင်စွမ်းရှိပြီး တားဆီး၍မရနိုင်ပေ။
ဓားနတ်ဘုရား အရှင်သခင်ကြီးက ဓမ္မနယ်ပယ်၏ အဋ္ဌမမြောက် ကောင်းကင်ဘုံတွင် ရှိနေသော်လည်း ကောင်းကင်ဘုံက မပြည့်စုံသေးပေ။ သက်တမ်းတိုးရန်အတွက် ယန်ဝိညာဉ်ဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းသွားသူများက အလိုရှိတိုင်း အောက်သို့ ဆင်းသက်လာ၍ မရနိုင်ချေ။
ကောင်းကင်ဘုံမှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက် လောက၏ ဖိနှိပ်မှုက သူတို့၏ စွမ်းအားကို နယ်ပယ်တစ်ခုစာ အပြည့်အဝ ဖယ်ရှားပစ်မည် ဖြစ်သည်။ အကယ်၍ တကယ်တမ်း တိုက်ခိုက်ရမည်ဆိုပါက သူမက ရှုံးနိမ့်မည် မဟုတ်ပေ။
ထို့ပြင် ကိုယ်ရေးကိုယ်တာ ရန်ငြိုးများကြောင့် ဓားနတ်ဘုရား အရှင်သခင်ကြီးကို အောက်သို့ ဆင်းသက်ခွင့် ပြုရန် ကောင်းကင်ဘုံကလည်း ခွင့်ပြုမည် မဟုတ်ချေ။
ထိုအချက်ကို တွေးမိပြီးနောက် ယွီလီက အစိမ်းရောင် ဇာထီးကို ရှေ့သို့ တွန်းပို့လိုက်သည်။ သူမ၏ ဟင်းလင်းပြင် နတ်ဘုရားစွမ်းရည်က ဖြန့်ကြက်သွားပြီး နက်ရှိုင်းကာ မှောင်မည်းနေသော ဟင်းလင်းပြင် ဝဲကတော့ကြီးတစ်ခုက ဓားနတ်ဘုရား အရှင်သခင်ကြီး၏ ရွံရှာဖွယ်ကောင်းသော မျက်နှာကြီးကို ဝါးမျိုသွား၏။
ကောင်းကင်ကြီးက နောက်တစ်ဖန် ပြန်လည် ကြည်လင်သွားသည်။ အလင်းတန်းတစ်ခုက မှောင်မည်းမှုကို ထိုးဖောက်သွားပြီး တိမ်ပင်လယ်ကြီးကို ရွှေရောင်ဆိုးပေးလိုက်၏။ ထိုမြင်ကွင်းက ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုအပေါ် ကျရောက်နေသော အရိပ်မည်းများ ကွဲလွင့်သွားခြင်းကို ကိုယ်စားပြုနေပေသည်။
…
ဖူရှောင်ကွမ်းက ဆုန့်ဝမ်ထောင်ကို နောက်တစ်ကြိမ် ပြုံးပြလိုက်သည်။
“သခင်ကြီး... စာချုပ်ကို လက်မှတ်ထိုးပြီးတာနဲ့ ခင်ဗျားတို့ရဲ့ လူသားစစ်တပ်က ယွီတောင်တန်းထဲကို ကျူးကျော်ဝင်ရောက်လာတာပဲ… မဟာယွီအနေနဲ့ ကျွန်တော်တို့ကို ရှင်းပြသင့်တယ် မဟုတ်ဘူးလား”
“သူတို့က ကျွန်တော့်ရဲ့ လုံခြုံရေးကို စိုးရိမ်လို့ လုပ်ခဲ့ကြတာပါ… နားလည်ပေးလို့ ရနိုင်ပါတယ်”
“နားလည်ပေးလို့ ရပေမဲ့ ကျူးကျော်မှုကတော့ ကျူးကျော်မှုပါပဲ”
“မိစ္ဆာသခင်က ဘာများ အလိုရှိလို့လဲ”
“ဒီကိစ္စကို လျစ်လျူရှုနိုင်မလား ဆိုတာကတော့ ခင်ဗျားတို့ရဲ့ ရိုးသားမှုအပေါ်မှာ မူတည်ပါတယ်… ကျွန်တော်တို့ ယွီတောင်တန်းက မဟာမိတ်တွေအပေါ် အမြဲတမ်း ဖော်ရွေပါတယ်… အနိုင်ကျင့် မခံရသရွေ့၊ မတရား မခံရသရွေ့ စာချုပ်တွေကို ဆွဲဖြဲပစ်မှာ မဟုတ်ပါဘူး”
ဆုန့်ဝမ်ထောင်က ဒေါသစိတ်ကို မနည်း ထိန်းချုပ်ထားရ၏။
ဤမိစ္ဆာက အရှက်မရှိဘဲ မှန်ကန်နေသယောင်ဟန်ဆောင်ပြီး ငွေညှစ်နေခြင်းပင်။ သူက ဤငွေရောင်ဆံပင်နှင့် မိစ္ဆာသခင်ကို အထင်သေးမိနေဆဲ ဖြစ်သည်။
ကျန်းထျန်းမင်မှာ ဓားနတ်ဘုရား ဟန်ကွမ် ကျဆုံးမှုအတွက် နာကြည်းချက်များကို မြိုသိပ်ထားရသဖြင့် ဖူရှောင်ကွမ်း၏ စကားများကြောင့် ဒေါသထွက်လာပြီး အော်ဟစ်လိုက်၏။
“ဒါက ယွီတောင်တန်း မိစ္ဆာမျိုးနွယ်စုက မဟာမိတ်တွေဆီကနေ ငွေညှစ်တဲ့ နည်းလမ်းလား”
ဖူရှောင်ကွမ်း၏ အပြုံးက ပျောက်ကွယ်သွားပြီး သူ၏ ချောမောသော မျက်နှာက တည်ကြည်လေးနက်သွားသည်။
“ကျေးဇူးဆပ်ရုံ သက်သက်ပါ… အကယ်၍ စစ်သူကြီးက နားမလည်ဘူးဆိုရင် ကျွန်တော် သေချာ ရှင်းပြပေးလို့ ရပါတယ်… အကျိုးဆက်တွေကို ခင်ဗျားတို့ ခံနိုင်ရည်ရှိမယ်ဆိုရင်ပေါ့”
ကျန်းထျန်းမင်က ပြန်လည် ချေပရန် ပြင်လိုက်၏။
ဆုန့်ဝမ်ထောင်က သူ့ကို ပြတ်ပြတ်သားသား တားမြစ်လိုက်သည်။
“တိတ်စမ်း... ငါက ခေါင်းဆောင်… မင်း ကိုယ့်နေရာ ကိုယ်နေစမ်း”
အဆုံးတွင်တော့ သူတို့ဘက်က အရင် ရိုင်းစိုင်းခဲ့ခြင်း ဖြစ်၏။
အကယ်၍ သူတို့သာ အလွယ်တကူ အမြတ်ထွက်လိုစိတ်ဖြင့် အချိန်ဆွဲမနေခဲ့လျှင် သူတို့ အလှည့်စားခံရမည် မဟုတ်ပေ။ လက်ရှိပြဿနာမှာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာခြင်းသာ ဖြစ်သည်။
ကျန်းထျန်းမင်က နှုတ်ပိတ်သွားပြီး တောင်းပန်သည့်အနေဖြင့် ဖူရှောင်ကွမ်းကို လက်ယှက်ကာ အရိုအသေပေးလိုက်၏။
ဖူရှောင်ကွမ်းက သူ၏ အရိုအသေပေးမှုကို တွေဝေခြင်းမရှိဘဲ လက်ခံလိုက်သည်။ မျက်နှာသာပေးခြင်းကို ငြင်းဆန်ခဲ့မှတော့ ယဉ်ကျေးပျူငှာမှုများကို ရုပ်သိမ်းရမည်သာ။
“စိတ်ချပါ မိစ္ဆာသခင်... မဟာယွီက မဟာမိတ်တွေကို တန်ဖိုးထားပါတယ်… ကျွန်တော် ချက်ချင်း လျော်ကြေးတွေ စီစဉ်ပေးပါ့မယ်”
“သခင်ကြီးဆုန့်က တကယ်ကို အကြောင်းအကျိုး နားလည်တဲ့သူပါပဲ”
ဆုန့်ဝမ်ထောင် “…”
ကျေးဇူးတင်ပါတယ်ဗျာ...
ဖူရှောင်ကွမ်းက ဆုန့်ဝမ်ထောင်၏ စိတ်ခံစားချက်ကို လုံးဝ ဂရုမစိုက်ပေ။ သူ့ကိုယ်ပိုင် ကျေနပ်မှုကသာ ပထမဖြစ်၏။
“သခင်ကြီးဆုန့်... ဓားနတ်ဘုရားတောင်တန်းကို အသိပေးပေးပါဦး… အကယ်၍ သူတို့က ဓားနတ်ဘုရား ဟန်ကွမ်နဲ့ သူ့တပည့်ရဲ့ ရုပ်အလောင်းတွေ၊ အသုံးအဆောင်တွေကို လိုချင်တယ်ဆိုရင် တန်ဖိုးတူ ပစ္စည်းတွေနဲ့ လာလဲလှယ်ဖို့ပါ… မဟုတ်ရင် နောက်နှစ် နွေဦးရာသီမှာ ကျင်းပမယ့် ကျွန်တော်တို့ အရှင်မရဲ့ မိစ္ဆာဘုရင် စားသောက်ပွဲတော်မှာ အရပ်လေးမျက်နှာက မိစ္ဆာမိတ်ဆွေတွေအတွက် လေလံပွဲလုပ်ပြီး ရောင်းချပစ်ပါမယ်”
“သေချာတာကတော့ မဟာယွီက လိုချင်တယ်ဆိုရင် မဟာမိတ်တွေအနေနဲ့ အရင်ဆုံး ဝယ်ယူခွင့် ရှိပါတယ်… မဟာယွီ ဧကရာဇ်နန်းတော်အတွက် အထူး အခွင့်အရေးပါ”
ရက်စက်လိုက်တာ…
ကျန်းထျန်းမင်၏ မျက်နှာက တည်ကြည်လေးနက်နေပြီး မျက်လုံးများက သတိထားနေ၏။ ဤမိစ္ဆာက ကောက်ကျစ်စဉ်းလဲလှသည်။ အနာဂတ်တွင် သူနှင့် ဆက်ဆံရမည်ဆိုပါက အလွန်အမင်း သတိထားရပေမည်။
သံတမန်အဖွဲ့မှ လူအများစုကလည်း ထိုအတိုင်းပင် တွေးတောနေကြသည်။
ဆုန့်ဝမ်ထောင်က သံတမန်အဖွဲ့ကို ဦးဆောင်၍ ထွက်ခွာသွား၏။ သူတို့က ခမ်းနားထည်ဝါစွာဖြင့် ရောက်ရှိလာခဲ့ပြီး ယဉ်ကျေးပျူငှာစွာ ကြိုဆိုခံခဲ့ရသည်။ ယခုတော့ အရှက်တကွဲဖြင့် ထွက်ခွာသွားရပြီး လေနှင့်အတူ လွင့်ပါသွားခဲ့ရ၏။
ဘီယွင်ရေကန်ကို ဖြတ်ကူးပြီးနောက် သံတမန်အဖွဲ့က တိတ်ဆိတ်စွာ ချီတက်သွားပြီး ခရီးကို အမြန်နှင်နေကြသည်။
အတော်လေး ဝေးသွားမှသာ ဆုန့်ဝမ်ထောင်က နောက်သို့ လှည့်ကြည့်လိုက်၏။ တောင်တန်းကြီးက ယခင်ကထက် ပို၍ မြင့်မား၊ မတ်စောက်ပြီး အန္တရာယ်များနေသကဲ့သို့ ထင်ရသည်။
သူက သက်ပြင်းတစ်ချက်ချလျက် ပြောလိုက်၏။
“သွားကြစို့”
ယွီတောင်တန်းအတွင်း၌ ဧကရီယွီလီနှင့် သစ်ခွမြက် မိစ္ဆာဘုရင်မတို့က တိုက်ခိုက်နေကြ၏။
မဟာမိစ္ဆာသခင် လေးပါးက ဝင်မပါကြပေ။
သစ်ခွမြက်၏ အကူအညီပေးမှုမှစ၍ ဧကရီယွီလီ၏ တုံ့ပြန်မှုအထိ အကဲခတ်ကြည့်ပြီးနောက် မိစ္ဆာဘုရင်မ နှစ်ပါးက အသိဟောင်းများ ဖြစ်ကြောင်း သူတို့ သိရှိသွားကြသည်။
သူတို့တိုက်ပွဲက ဒဏ်ရာရကောင်း ရနိုင်သော်လည်း အသက်အန္တရာယ်တော့ မရှိနိုင်ပေ။
ကျောင်းအုပ်ကြီး ဂျီမိုနှင့် မိစ္ဆာသခင်မ ကျိုကွမ်းတို့ နှစ်ဦးစလုံးက ဖူရှောင်ကွမ်းကို တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးကဲ့သို့ စိုက်ကြည့်နေကြ၏။
ပြဿနာကို အာရုံခံမိသွားသော ဖူရှောင်ကွမ်းက ကျောင်းအုပ်ကြီး ဂျီမို စကားမစနိုင်မီ အရင်ဦးအောင် ပြောလိုက်သည်။
“သခင်မတို့... ကျွန်တော် ရုတ်တရက် အသိဉာဏ်ပွင့်လင်းမှု တစ်ခု ရသွားတယ်… အခွင့်အရေးဆိုတာ တစ်ခါပဲ လာတတ်တာလေ… သွားလိုက်ပါဦးမယ်”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူက အချိန်ရေစီးကြောင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ အရိပ်အယောင်မျှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွား၏။
ကျောင်းအုပ်ကြီး ဂျီမိုက အံကို တင်းတင်းကြိတ်လိုက်သည်။
မိစ္ဆာသခင်မ ကျိုကွမ်းက လက်မြှောက်အရှုံးပေးသည့်အနေဖြင့် သက်ပြင်းချလိုက်၏။
မီးလျှံနီက မိစ္ဆာသခင်နှစ်ဦး၏ မျက်လုံးများက ထိုကျိန်ဆဲချင်စရာ ပိုးကောင်အပေါ်တွင်သာ စူးစိုက်နေသည်ကို မြင်သောအခါ အေးစက်စွာဖြင့် တောက်ပနေသော အစွယ်များကို ဖော်ပြလိုက်သည်။
သူလည်း ကူညီခဲ့တာပဲလေ။ ထိုနှစ်ယောက်က ရှင်းရှင်းလင်းလင်းကို မျက်ကန်းတွေ ဖြစ်နေကြသည် မဟုတ်လား။
“ဟေး... ဒီသခင်ကြီးက ဒီမှာ ရှိနေသေးတယ်လေ”
“မိစ္ဆာမိတ်ဆွေ မီးလျှံနီ... ရှင် မသွားသေးဘူးလား”
“မိစ္ဆာမိတ်ဆွေ မီးလျှံနီ... ဘာလို့ ဒီမှာ ရှိနေသေးတာလဲ”
မီးလျှံနီ “…”
ဒါက ခွေးကို အနိုင်ကျင့်တာပဲ…
ဝုတ်…
ဒေါသတကြီး ဟောင်သံတစ်ချက်နှင့်အတူ မီးလျှံနီက သူ၏ မူလအသွင်သဏ္ဌာန်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် မီးတောက်များ ရစ်ပတ်နေပြီး လေကဲ့သို့ မြန်ဆန်သော ခြေလှမ်းများဖြင့် ဝါးမျှော်စင်ထဲမှ ပြေးထွက်သွား၏။
ဂျီမိုနှင့် ကျိုကွမ်းတို့က အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ အလိုလိုက်တာလား။ လုံးဝ မဟုတ်ပေ။ အကြွင်းမဲ့ကို မဟုတ်ခြင်း ဖြစ်သည်။
ဘီယွင်ရေကန်စပ်တွင် ငွေရောင်ဆံပင်နှင့် လူငယ်လေး ပြန်လည်ပေါ်လာပြီး ကျွန်းဆီသို့ စိတ်သက်သာရာရစွာဖြင့် လှည့်ကြည့်လိုက်၏။
နယ်မြေများကို ခွဲဝေပြီးသွားသော်လည်း ပူးတွဲလုပ်ဆောင်ရမည့် ကိစ္စများ ရှိနေသေးသည်။ ကျောင်းအုပ်ကြီးနှင့် ကျိုကွမ်းတို့က ဝန်ထုတ်ဝန်ပိုးကို မျှဝေထမ်းဆောင်မည့်သူ ရှာနေကြောင်း သူ သိထားပြီး သူက ချုပ်နှောင်မခံချင်သဖြင့် ခိုးထွက်လာခဲ့ခြင်း ဖြစ်သည်။
“ဒီသခင်ကြီးက အလုပ်လုပ်ရမှာ ကြောက်တာ မဟုတ်ပါဘူး… ခင်ဗျားတို့ကို ယုံကြည်လို့ပါ”
သူက သူ့ဖာသာ တတွတ်တွတ် ရေရွတ်လိုက်၏။ ထို့နောက် မိစ္ဆာဈေးတန်းဆီသို့ ဦးတည်သွားလိုက်သည်။
ခုံးတံတားပေါ်တွင် မီးလျှံနီက မီးလျှံတစ်ခုကို မှုတ်ထုတ်လိုက်ရာ စမ်းချောင်းကို ပူလောင်သွားစေပြီး မြူခိုးများ ထတက်လာစေ၏။
လိပ်အိုကြီးတစ်ကောင်က ရေပေါ်ပေါ်လာပြီး ခွေးကြီးကို လျှို့ဝှက်စွာ စူးစူးရဲရဲ ကြည့်လိုက်သည်။
မင်းက အသက်ကြီးတဲ့သူတွေကိုပဲ အနိုင်ကျင့်တယ်ပေါ့လေ…
ထို့နောက်တွင်တော့ မီးလျှံနီကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးလိုက်၏။
မိစ္ဆာများကြားတွင် ခွန်အားကြီးသူကသာ အုပ်စိုးသည် မဟုတ်လား။ သူက ဤခွေး မိစ္ဆာသခင်အပေါ် အနည်းငယ်မျှသော လေးစားမှုတစ်ခု ခံစားလိုက်ရသည်။
ဓားနတ်ဘုရားတောင်တန်း၊ ဘိုးဘေးခန်းမ။
ဓားနတ်ဘုရား ဟန်ကွမ် ထွက်ခွာသွားကတည်းက ဆရာသခင် ဟန်ယင်းက ဤနေရာတွင် ဒူးထောက်ကာ ဘိုးဘေးများကို တောင်းပန်ရင်း ဝိညာဉ်မီးအိမ် တစ်လုံးကို စောင့်ကြပ်နေခဲ့သည်။
နေထွက်ချိန်တွင် ခန်းမထဲက ရုတ်တရက် မှောင်ကျသွားပြီး မီးအိမ်က ငြိမ်းသွား၏။ ဆရာသခင် ဟန်ယင်းက သူ၏ မျက်လုံးများကို တင်းတင်းကြိတ်မှိတ်လိုက်ရာ မျက်ရည်တစ်ပေါက် စီးကျလာပြီး နာကျင်စွာ ရေရွတ်လိုက်သည်။
“ညီလေး”
ဓားနတ်ဘုရား ဟန်ကွမ်က အဆုံးတွင်တော့ ဘေးအန္တရာယ်ကို မကျော်လွှားနိုင်ခဲ့ပေ။
ဝမ်းနည်းပူဆွေးမှုများ မပြေပျောက်မီမှာပင် ဘိုးဘေးရုပ်တုကြီး အက်ကွဲသွားပြီး ကျောပေါ်ရှိ ဓားသေတ္တာက အပိုင်းပိုင်းအစစ ကွဲအက်သွားကာ ကျောက်စိမ်းအကွဲစများက ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွား၏။ ဆရာသခင် ဟန်ယင်း၏ မျက်ဝန်းများက လှုပ်ခတ်သွားပြီး သူ၏ မျက်နှာက ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှံ့သွားသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
တိမ်အုံ့နေသော ကောင်းကင်အောက်တွင် နွေရာသီ၏ အရောင်အသွေးများက မှေးမှိန်သွားပြီး သစ်ရွက်များကြားတွင် ဆောင်းဦး၏ အသံက လှုပ်ရှားလာသည်။
ဆောင်းနှောင်းပိုင်း မိုးရွာပြီးနောက်တွင် အပူရှိန်က နောက်ဆုံး၌ ဆုတ်ခွာသွားပြီး ယွီတောင်တန်းကို အေးမြလတ်ဆတ်သွားစေ၏။
အန်းလဲ့လမ်းကြား၊ နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း။
ရွှေ၊ ငွေများ ထက်ဝက်ခန့် ပြည့်နေသော သေတ္တာတစ်လုံးနှင့် အဝါရောင်အဆင့် ဝိညာဉ်ပစ္စည်းများ အပြည့်ပါသော သေတ္တာတစ်လုံးကို ကြည့်ရင်း ဖူရှောင်ကွမ်းက ကျေနပ်စွာ ပြုံးလိုက်သည်။
စာချုပ် လက်မှတ်ထိုးပြီးနောက် ငါးရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဆုန့်ဝမ်ထောင်က ကတိတည်စွာဖြင့် အရုဏ်တက်ချိန်တွင် ရက်ရောသော လျော်ကြေးများကို ပေးပို့လာခဲ့၏။
ညနေခင်းတွင် ဧကရီယွီလီက ဆုလာဘ်များ ချီးမြှင့်ခဲ့ပြီး မဟာမိစ္ဆာသခင် လေးပါးထဲတွင် သူက အများဆုံး ရရှိခဲ့သည်။ ဤအရာများအပြင် အဆင့်နိမ့် ရွှမ်းအဆင့် ဝိညာဉ်ပစ္စည်းတစ်ခုလည်း ပါဝင်သေး၏။
ထိုအကြောင်းကို တွေးမိသောအခါ ဖူရှောင်ကွမ်းက စားပွဲပေါ်ရှိ ကျောက်စိမ်းသေတ္တာကို ယူလိုက်သည်။ ထိုကျောက်စိမ်းသေတ္တာ အတွင်း၌ အစိမ်းဖျော့ရောင် သဲတစ်လွှာ ရှိနေ၏။
၎င်းကို သန့်စင်သော အလင်းသဲဟု ခေါ်ဆိုပြီး မြေကြီး၏ အဝါရောင်နှင့် ရေ၏ အပြာရောင်တို့ ပေါင်းစပ်မှုမှတစ်ဆင့် ၎င်း၏ အစိမ်းဖျော့ရောင်ကို ရရှိလာခြင်း ဖြစ်သည်။ ထိုသန့်စင်သော အလင်းသဲက ဓာတ်နှစ်ခုစလုံး၏ အသက်ဝင်မှုကို ပိုင်ဆိုင်ထားပြီး သူ၏ သဘာဝနှင့် အပြည့်အဝ ကိုက်ညီကာ သူ၏ မိစ္ဆာခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ပြီး သူ၏ လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိ၏။
“အရှင်မက သူ့ရဲ့ လက်အောက်ငယ်သားတွေကို တကယ် ဂရုစိုက်တာပဲ”
သက်ပြင်းတစ်ချက်ချပြီးနောက် သူက ကျန်သည့်အရာများကို သိမ်းဆည်းလိုက်သည်။ ရေချိုး၊ အမွှေးတိုင်ထွန်းကာ လမင်းပူဇော်ပွဲ လုပ်ပြီးနောက် သူက ကျောက်စိမ်းသေတ္တာကို ဂူထဲသို့ သယ်သွားလိုက်၏။
သူ၏ မူလအသွင်သဏ္ဌာန်သို့ ပြောင်းလဲလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သဲများ ဖုံးလွှမ်းသွားသည်အထိ လိမ့်လိုက်သည်။ ထို့နောက် ကွေ့ယွမ်ဇီသာကို ယူ၍ မိုးကြိုးသံစဉ်ကို တီးခတ်လိုက်၏။ ရာသီဥတုလေးခု မိုးခြိမ်းသံက သူ၏ ကလီစာများထဲမှ လှိမ့်ထွက်လာပြီး ဇီသာကြိုးများနှင့် ပေါင်းစပ်သွားကာ အချိန်စွမ်းအားများနှင့်အတူ ပဲ့တင်ထပ်သွားသည်။
မြေဓာတ်နှင့် ရေဓာတ်တို့က မြင့်တက်လာပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန်မာစေ၏။ သဲစေ့များက အစိမ်းဖျော့ရောင်မှ အညိုရောင်သို့ ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ ကြွေကျသွားတော့သည်။
***