"သခင်... ခုလေးတင်ပဲ ကျွန်မရဲ့ နယ်မြေထဲကို ရွှေအမြုတေအဆင့် ကျင့်ကြံသူ အတော်များများ ကျူးကျော်ဝင်ရောက်လာတာကို အာရုံခံမိတယ်။ ကျွန်မတို့ ဘာလုပ်ကြမလဲ.......
ရွှေအမြုတေအဆင့် ကျင့်ကြံသူ အတော်များများ ဒီကို ရောက်နေတာလား...........
မုန့်ဝမ် မျက်မှောင်ကြုတ်သွားသည်။ ဤနေရာသို့ ဝင်သွားသော တပည့်များမှာ အချိန်အတော်ကြာသည်အထိ ပြန်မလာသဖြင့် ဂိုဏ်းအသီးသီးမှ ရွှေအမြုတေအဆင့် အကြီးအကဲများမှာ စိုးရိမ်တကြီးနှင့် အခြေအနေကို လာရောက်စစ်ဆေးခြင်း ဖြစ်ပေလိမ့်မည်။
"နင်က ဘာကို ထိတ်လန့်နေတာလဲ........... အဲဒီ ရွှေအမြုတေကျင့်ကြံသူတွေက ငါ့ရဲ့ အကြီးအကဲတွေပဲ။ သူတို့ နင့်ကို ရှာမတွေ့နိုင်ဘူးဆိုတာ သေချာလား..........."
နက်ရှိုင်းသော မြူပိုးကောင်အမက အလွန်ယုံကြည်မှုရှိစွာဖြင့် "ကျွန်မ သေချာပါတယ်........နက်နဲသော ဝိညာဉ်အဆင့် ပညာရှင်ကြီးတွေတောင် ကျွန်မရှိတာကို အာရုံခံနိုင်မှာ မဟုတ်ဘူး၊ ဒီ ရွှေအမြုတေကျင့်ကြံသူ တစ်သိုက်ကိုတော့ ပြောနေစရာတောင် မလိုပါဘူး" ဟု ပြန်ပြောလိုက်သည်။
မုန့်ဝမ် ခေါင်းငြိမ့်လိုက်ပြီး "အရမ်းကောင်းတယ်။ 'ယူဝူပိုး' တွေ လုံးဝအမြစ်တွယ်ပြီးတဲ့ မိစ္ဆာအသွင် ပြောင်းသွားတဲ့သူတွေနဲ့ ကျင့်ကြံခြင်းဂူ အနက်ပိုင်းက ကိုးကွေ့တစ်ပတ် အစီအရင် ကို ငါ အကုန်သိမ်းမယ်။ ငါတို့ ဒီနေရာကနေ အမြန်ထွက်သွားရမယ်"
"ထွက်သွားမယ်..........."
နက်ရှိုင်းသော မြူပိုးကောင်အမက ချက်ချင်း တုံ့ပြန်လိုက်သည်။ "သခင်... ဒီမိုင်တစ်ထောင်အတွင်းမှာ ပျံ့နှံ့နေတဲ့ နက်ရှိုင်းသောမြူတွေက ကျွန်မ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ထားတဲ့ ရလဒ်တွေပါ။ အဲဒါတွေကိုပါ တစ်ခါတည်း ယူသွားလို့ ရမလား..........."
"ရတာပေါ့၊ ဒါပေမဲ့ နင်လုပ်နေတာကို ဘယ်သူမှ သတိမထားမိစေနဲ့"
ခွင့်ပြုချက်ရသည်နှင့် နက်ရှိုင်းသော မြူပိုးကောင်အမက ဂရုတစိုက် ဆောင်ရွက်ပါမည်ဟု ကတိပေးကာ ပတ်ဝန်းကျင်ရှိ မြူထုများကို စတင်စုပ်ယူတော့သည်။
မုန့်ဝမ်သည်လည်း အခွင့်အရေးကို ဆုပ်ကိုင်ကာ မြူပိုးကောင်အမကို နက်ရှိုင်းသောမြူသစ်များ ထုတ်လွှတ်ခိုင်းပြီး ကျင့်ကြံခြင်းဂူ တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
ထို့နောက် ရှောင်ရိ၊ ဟွာလီ ၊ လီဖော်တျန်း နှင့် အခြားသူများ သတိမရလာမီမှာပင် ယူဝူပိုးများ ကပ်ပါးပြုခြင်းခံရပြီး အသိစိတ်ပျောက်ဆုံးကာ မိစ္ဆာအဖြစ် လုံးဝပြောင်းလဲသွားသော ကျင့်ကြံသူအားလုံးကို သူမ သိမ်းဆည်းလိုက်သည်။
မိစ္ဆာအရေအတွက်မှာ မူလက တစ်ရာနီးပါး ရှိသော်လည်း ယခင်တိုက်ပွဲတွင် အချို့သေဆုံးသွားခဲ့ပြီး ပိုးကောင် အောင်မြင်စွာ အမြစ်မတွယ်နိုင်သူများကို ဖယ်ထုတ်လိုက်ရာ (၃၀) မှ (၄၀) ခန့်သာ ကျန်ရှိတော့သည်။
သို့သော်ငြားလည်း ဤသည်မှာ များပြားလှသော တိုက်ခိုက်ရေးအင်အားပင် ဖြစ်သည်။
ထိုအထဲတွင် အခြားမိစ္ဆာများထက် ကိုယ်လုံးကိုယ်ထည် ပိုမိုထွားကျိုင်းသော မိစ္ဆာကြီး လေးကောင်လည်း ပါဝင်ရာ ထိုလေးကောင်သာ ပူးပေါင်းတိုက်ခိုက်လာလျှင် မုန့်ဝမ်ပင်လျှင် ကိုင်တွယ်ရခက်ပေလိမ့်မည်။
ကိုးကွေ့တစ်ပတ် အစီအရင်ကို သိမ်းဆည်းပြီးနောက် သိမ်းယူနိုင်သမျှ အရာအားလုံးကို သိမ်းဆည်းကာ မုန့်ဝမ်သည် ရွှမ်ကျီနှင့်အတူ ဂူအတွင်းမှ တိတ်တဆိတ် ထွက်ခွာခဲ့သည်။
မုန့်ဝမ် ထွက်သွားပြီးနောက် ကျောက်ခန်းမအတွင်းရှိ မြူထုများမှာ တဖြည်းဖြည်း လွင့်စင်သွားပြီး ခန္ဓာကိုယ်အတွင်းမှ ယူဝူပိုးများကို အသိစိတ်ဖြင့် ပြန်လည်ခုခံနေကြသောသူများမှာလည်း တဖြည်းဖြည်း အသိစိတ် ပြန်ဝင်လာကြသည်။
ရှောင်ရိသည် သူ၏ ကိုက်ခဲနေသော ဦးခေါင်းကို ဝေဝါးစွာ ပွတ်သပ်နေမိသည်။ သူ၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေပြီး အရေးကြီးသော မှတ်ဉာဏ်တစ်ခုခု ပျောက်ဆုံးနေသကဲ့သို့ ခံစားနေရသည်။
သူ ဝေ့ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ဟွာလီကို တွေ့ရပြီး သူမမှာလည်း အလားတူ အမူအရာမျိုး ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
"ငါ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ..........."
လီဖော်တျန်းက သူမ၏ခေါင်းကို အားပါးတရ ခါယမ်းလိုက်ပြီး မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။
သူမ၏ ခန္ဓာကိုယ်မှာ အားနည်းနေပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသကဲ့သို့ ခံစားနေရသော်လည်း ဘာဖြစ်ခဲ့သည်ကိုမူ လုံးဝ မမှတ်မိချေ။
ဟွာလီ မျက်မှောင်ကြုတ်လိုက်သည်။ မှတ်ဉာဏ်များ ပျောက်ဆုံးနေသော ဤခံစားချက်က သူမကို အလွန် မသက်မသာ ဖြစ်စေပြီး အခြေအနေများမှာ ထိန်းချုပ်မှုအပြင်ဘက် ရောက်နေပြီဟု ခံစားနေရသည်။
အနီးအနားရှိ အစောပိုင်းက ဝင်ရောက်လာကြသော ထူးချွန်တပည့်များမှာလည်း သူတို့၏ ဝေဝါးမှုများမှ တဖြည်းဖြည်း ပြန်လည် နိုးထလာကြသည်။
သူတို့မှာလည်း မှတ်ဉာဏ် အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေပြီး စောစောက ဘာဖြစ်ခဲ့သည်ကို ဘာမျှ မသိကြချေ။
အစအဆုံး ယူဝူပိုးလောက်ကောင်များ၏ ကပ်ပါးပြုခြင်းကို မခံခဲ့ရသော ချင်းယွီ တစ်ဦးတည်းသာလျှင် မှတ်ဉာဏ်အားလုံး ကျန်ရှိနေခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော ခေတ္တခဏက ဤနေရာမှာ မြူထုများဖြင့် လုံးဝဖုံးလွှမ်းနေသဖြင့် ဘာဖြစ်ခဲ့သည်ကို သူလည်း အပြည့်အစုံ မသိချေ။
သို့သော် သူ၏ အာရုံကမူ ဤကိစ္စသည် မုန့်ဝမ်နှင့် ဆက်စပ်နေနိုင်သည်ဟု ပြောနေသည်။
ထိုစဉ်မှာပင် မုန့်ဝမ်နှင့် ရွှမ်ကျီတို့ ကျောက်ခန်းမဝင်ပေါက်တွင် ပေါ်လာကြသည်။ မုန့်ဝမ်သည် အံ့သြသွားဟန်ဆောင်ကာ ဝေ့ကြည့်လိုက်ပြီး
"ဟင်........... နင်တို့အားလုံး ဘာလို့ ဒီမှာ ရှိနေကြတာလဲ........... ဘာတွေ ဖြစ်ခဲ့လို့လဲ..........." ဟု မေးလိုက်သည်။ သူမ၏ မျက်နှာမှာ ဘာမှမသိနားမလည်သည့်အလား ဝေဝါးမှုများ ပြည့်နှက်နေသည်။
"မုန့်ဝမ်... ဒါ နင့်လက်ချက်လား..........." ရှောင်ရိက မုန့်ဝမ်ကို စူးစိုက်ကြည့်ကာ စစ်မေးသည့်လေသံဖြင့် မေးလိုက်သည်။
မုန့်ဝမ်က နှာခေါင်းရှုံ့ကာ ပြန်လည် တုံ့ပြန်လိုက်သည်။
"နတ်သားတော် ရှောင်... အစားအသောက်ကို ကြိုက်သလို စားလို့ရပေမဲ့ စကားကိုတော့ ကြိုက်သလို ပြောလို့မရဘူးနော်။ ငါ ခုလေးတင် ကျောက်တံခါး ကနေ ဝင်လာတာ၊ ဘာမှမသိဘူး။ ဘာဖြစ်လို့ ငါ့ကို လာစွပ်စွဲနေတာလဲ..........."
ဟွာလီက သူတို့နှစ်ဦးကြား ဖြစ်လာတော့မည့် စကားများခြင်းကို လက်မြှောက်၍ တားလိုက်ပြီး လေးနက်သော အမူအရာဖြင့်—
"ဒီက မြူတွေ လွင့်စင်သွားပြီ။ ငါ အကြီးအကဲဆီက သတင်းရတယ်၊ သူတို့ မကြာခင် ရောက်လာလိမ့်မယ်။ အကြီးအကဲတွေနဲ့ တွေ့ရင် အရာအားလုံး ရှင်းလင်းသွားမှာပါ" ဟု ပြောလိုက်သည်။
၎င်းကို ကြားသောအခါ အားလုံးက စကားရပ်လိုက်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။ အမွှေးတိုင် တစ်ဝက်ခန့်အကြာတွင် ကျောက်ခန်းမအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
အကြီးအကဲများ ရောက်လာပြီဟု အားလုံးက ထင်မှတ်ထားသော်လည်း မမျှော်လင့်ဘဲ ကျင်းချန်းနှင့် မုရွှယ်ယန် တို့ ဖြစ်နေသည်။
သူတို့နှစ်ဦးမှာလည်း သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းအကြီးအကဲများထံမှ သတင်းရရှိထားပုံပေါ်သည်။ သူတို့မှာ ဘယ်သူနှင့်မျှ စကားမပြောဘဲ ကျောက်ခန်းမကို ဝေ့ကြည့်ပြီးနောက် နေရာတစ်ခုတွင် တိတ်တဆိတ် စောင့်နေကြသည်။
မကြာမီမှာပင် ရွှေအမြုတေအဆင့် အကြီးအကဲများ နောက်ဆုံး၌ ရောက်ရှိလာကြသည်။ ပထမဆုံး မြင်တွေ့လိုက်ရသူမှာ ရွှန်ထျန်းဓားဂိုဏ်း မှ အကြီးအကဲ ရွှမ်ကျီဇီ ဖြစ်သည်။ သူသည် ဓားပုံစံများ ပန်းထိုးထားသော စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ လေးနက်ကာ အလိုလို ကြောက်ရွံ့ရိုသေမှုကို ဖြစ်စေသည်။
ကပ်လျက်ပါလာသူမှာ ရွှေတိမ်တိုက်ဂိုဏ်း မှ အကြီးအကဲ ချင်ကျန်းရှန်း ဖြစ်သည်။ သူသည် ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းပြီး သူ၏ အရှိန်အဝါမှာ တည်ငြိမ်လှကာ ကျားမျက်လုံးကဲ့သို့ စူးရှသော အကြည့်ဖြင့် တပည့်အားလုံးကို ဝေ့ကြည့်လိုက်သည်။
အကြီးအကဲ နှစ်ဦး၏ နောက်တွင် နတ်သမီးဝူမုံ့ အပါအဝင် အခြား ရွှေအမြုတေအဆင့် အကြီးအကဲ ဆယ်ဦးကျော် ပါဝင်လာသည်။
အားလုံး၏ အမူအရာမှာ လေးနက်နေပြီး ဤနေရာ၏ အခြေအနေကို အလွန်စိုးရိမ်နေကြပုံရသည်။
"အားလုံးပဲ... ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ..........."
အကြီးအကဲ ရွှမ်ကျီဇီက ဦးစွာ စကားစလိုက်သည်။ သူ၏အသံမှာ ကျယ်လောင်ဟိန်းထွက်နေပြီး မငြင်းဆန်နိုင်သော အရှိန်အဝါ ပါဝင်နေသည်။
၎င်းကို မြင်သောအခါ ရှောင်ရိက ရှေ့သို့ လှမ်းထွက်ကာ ဦးညွှတ်လိုက်သည်။
"အကြီးအကဲကို တင်ပြပါတယ်၊ ကျွန်တော်တို့ မြူထုထဲကို ဝင်သွားပြီးတဲ့နောက် မှတ်ဉာဏ် အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသွားပါတယ်။ သတိရလာတဲ့အချိန်မှာ ဒီကို ရောက်နေတာပါ။ အဲဒီအချိန်အတွင်း ဘာဖြစ်ခဲ့သလဲဆိုတာ ဘာမှမသိရပါဘူး"
ဟွာလီကလည်း ခေါင်းငြိမ့်ပြကာ "စီနီယာအစ်ကို ရှောင်ရိ ပြောတာ မှန်ပါတယ်။ ကျွန်မတို့အားလုံး အတူတူပါပဲ။ စွမ်းအားတစ်ခုခုက ကျွန်မတို့ရဲ့ မှတ်ဉာဏ်တွေကို နှောင့်ယှက်နေပြီး အဲဒီအချိန်က အခြေအနေကို ပြန်မမှတ်မိအောင် တားဆီးထားပုံရပါတယ်" ဟု ပြောလိုက်သည်။
သူမ၏ လှပသော မျက်ခုံးလေးများမှာ ထိုဟာလာဟင်းလင်း ဖြစ်နေသော မှတ်ဉာဏ်ကို ပြန်စဉ်းစားရင်း အနည်းငယ် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။
လင်းယွီနှင့် လီဖော်တျန်းတို့ကလည်း "ကျွန်မလည်း အတူတူပဲ........... ဒီမှာ နိုးလာတာ၊ ခေါင်းတွေလည်း တအား မူးနေတယ်" ဟု ထောက်ခံလိုက်ကြသည်။
အကြီးအကဲ နှစ်ဦးသည် အားလုံး၏ စကားကို နားထောင်ပြီးနောက် မျက်မှောင်များကို တင်းကြပ်စွာ ကြုတ်လိုက်ကြသည်။ သူတို့ အချင်းချင်း ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် လေးနက်မှုများကို မြင်နေရသည်။
ဤမြူထုအတွင်းရှိ စွမ်းအားမှာ အလွန်ထူးဆန်းလှပြီး လူများကို မသိမသာ မှတ်ဉာဏ်ပျောက်ဆုံးသွားအောင် လုပ်ဆောင်နိုင်ခြင်းမှာ အမှန်တကယ်ပင် အံ့သြစရာကောင်းလှသည်။
"နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်သူ ရှိသေးလဲ..........."
အကြီးအကဲ ရွှမ်ကျီဇီက တပည့်အားလုံးကို ဝေ့ကြည့်ရင်း နက်ရှိုင်းသောအသံဖြင့် မေးလိုက်သည်။ သူ၏ စူးရှသော အကြည့်မှာ လူတို့၏ နှလုံးသားကို ဖောက်ထွင်းမြင်နိုင်သည့်အလားပင်။
ကျင်းချန်း၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း မုန့်ဝမ်က ဦးစွာ စကားဖြတ်ပြောလိုက်သည်။
"အကြီးအကဲတို့... ဒီတပည့်ကတော့ မြူထုထဲမှာ လှည့်လည်နေရင်း မှတ်ဉာဏ် မပျောက်ဆုံးခဲ့ပါဘူး။ ခုနက ဒီနေရာကနေ ဆူညံသံအချို့ ကြားလိုက်ရလို့ အပြေးအလွှား လာကြည့်တာပါ၊ ဘာဖြစ်ခဲ့လဲဆိုတာတော့ မသိပါဘူး"
ဤစကားကို ပြောလိုက်သည်နှင့် အားလုံး၏ အကြည့်မှာ မုန့်ဝမ်ထံသို့ ချက်ချင်း ရောက်ရှိသွားသည်။ ချင်းကျန်းရှန်း၏ အကြည့်မှာ အနည်းငယ် အေးစက်သွားပြီး "နင် တကယ်ပဲ ဘာမှမသိတာလား..........." ဟု မေးလိုက်သည်။
ချင်းကျန်းရှန်း၏ ရန်လိုသော စစ်ဆေးမှုကို ရင်ဆိုင်ရသောအခါ မုန့်ဝမ်သည် အနည်းငယ် တုန်လှုပ်သွားဟန်ပြကာ တွေဝေစွာဖြင့်—
"ဒီနေရာကို မဝင်ခင်မှာ အလွန်ထူးဆန်းတဲ့ အရာအချို့ကိုတော့ တွေ့ခဲ့ရပါတယ်" ဟု ပြောလိုက်သည်။
အားလုံးက အသက်ရှူပင် ရပ်တန့်သွားကြပြီး သူမ၏ နောက်ထပ်စကားကို စောင့်ဆိုင်းနေကြသည်။
"စောစောက စီနီယာအစ်မ လီဖော်တျန်းနဲ့အတူ သွားနေတုန်းမှာ သူမက အမည်းရောင် အမွှေးရှည်တွေ ဖုံးလွှမ်းနေတဲ့ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားတာကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကလည်း အနည်းငယ် ထွားကျိုင်းလာပြီး သောင်းကျန်းနေတဲ့ သားရဲတစ်ကောင်လိုပါပဲ"
မုန့်ဝမ်က ထိတ်လန့်နေဆဲ အမူအရာဖြင့် "ကျွန်မသာ အချိန်မီ မရှောင်နိုင်ခဲ့ရင် သူမရဲ့ လက်ချက်နဲ့ သေသွားလောက်ပါပြီ။ ဒါဟာ ကြာမြင့်စွာ ပျောက်ဆုံးနေတဲ့ ကျိန်စာအတတ်တစ်ခုခု ဖြစ်နိုင်တယ်လို့ ကျွန်မ သံသယရှိပါတယ်" ဟု ပြောလိုက်သည်။
***