လူတိုင်း၏အမြင်တွင် စုရီသည် ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သတ်နေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် မည်သည့် အချိန်တွင်မဆို ပြိုလဲကျသွားနိုင်သည့် ပုံစံမျိုးဖြစ်နေသည်။
ရှေးခေတ်မျိုးနွယ်စုကြီးများမှ သေလွန်ဝိညာဉ်အချို့မှာမူ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ရန်ပင် တာစူနေကြချေပြီ။
ဤတိုက်ပွဲမှာ အဆုံးသတ်ရန် နီးကပ်နေပြီဖြစ်သောကြောင့် ယခုအချိန်သည် အခွင့်အရေးယူရန် အကောင်းဆုံးအချိန်ဖြစ်၏။
သို့သော် မျက်စိတမှိတ်အတွင်း ဓားဖျားသည် ပန်းချီဆရာ၏ ရင်ဘတ်ထံ တိုက်ရိုက်ထိုးဖောက် သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။
၎င်းမှာ လျှပ်တပြက်အတွင်း ဖြစ်ပေါ်လာသော အံ့သြဖွယ်ရာ ပြင်းထန်သည့် တိုက်ကွက်တစ်ခု ဖြစ်သည်။
ရန်ထောင်လင်၊ တံငါသည်နှင့် တျန်ကျောက်တို့သည် ချက်ချင်းမျက်နှာများ ပြောင်းလဲသွား၏။
သူတို့သည် ဗီဇအသိအရ ထိတ်လန့်စွာဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ သူတို့သည် စုရီနှင့်အနီးဆုံးတွင် ရှိနေသော်မှ မည်သို့တိုက်ခိုက်လိုက်သည်ကို မသိခဲ့ချေ။
“ မင်း ... ။ ”
ပန်းချီဆရာခမျာ မျက်လုံးများ မယုံနိုင်ဖွယ် ပြူးကျယ်လာသည်။ သည့်နောက် စုရီကို စိုက်ကြည့်ကာ၊
“ မင်းမှာ ဒီလို ဝှက်ဖဲမျိုးရှိနေရင် ဘာလို့ဒီလောက် ဒဏ်ရာအပြင်းအထန်ရတဲ့ အထိ စောင့်နေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ငါ မင်းကို စိတ်ပျက်အောင် ... လုပ်လိုက်မိလို့ တောင်းပန်ပါတယ် ငါ့အမှားပါ ငါ့မှာ ကစားချင်စိတ်များသွားတယ်။ ”
“ ဟမ့် ... ကစားချင်စိတ်များသွားလို့လား။ ”
ထိုအဖြေကို မမျှော်လင့်ထားသော ပန်းချီဆရာခမျာ အံကြိတ်လိုက်မိလေသည်။ ဤသည်မှာ မည်မျှယုတ္တိမဲ့သနည်း။ အဝေးမှ ပရိသတ်ကြီးသည်ပင် တိတ်ဆိတ်သွား၏။
“ မင်း ... တကယ်ပဲ အမြဲတမ်း ငါ့ကို ဒီလိုမျိုးကစားနေခဲ့တာလား။ ”
ပန်းချီဆရာ၏ အသံမှာ တဖြည်းဖြည်း အားနည်းလာပြီး သူ့အကြည့်များ မှိန်ဖျော့လာ ခဲ့သည်။ စုရီမှ ပြန်မဖြေချေ။
ပန်းချီဆရာတစ်ယောက် အဖြေကို သိရှိသွားသည့်အလား နာကျည်းစွာပြုံးမိသည်။ အဆုံး၌ သက်ပြင်းချလျက်၊
“ ငါ နားလည်သွားပြီ ... မင်းနဲ့ တစ်ခေတ်တည်းမှာ မွေးဖွားလာရတာဟာ တကယ့်ကို စိတ်ပျက်စရာကောင်းတယ် ... ။ ”
“ ခရစ် ... ။ ”
စကားဆုံးသည်နှင့် ပန်းချီဆရာ၏ ရုပ်ခန္ဓာကြီးသည် ချက်ချင်း အက်ကွဲသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွား၏။ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ လုံးဝ ပျက်စီးသွားခဲ့ခြင်း ဖြစ်လေသည်။
ဤမြင်ကွင်းကြောင့် လူအုပ်ကြီးမှာ ဆူညံသွားပြီး ရှေးခေတ်မျိုးရိုးမှသေလွန်ဝိညာဉ် အချို့သည်ပင် လေးနက်သွားခဲ့၏။
ထိုပန်းချီဆရာဟူသည် တစ်ချိန်က ကြယ်လွင်ပြင်တစ်ခုလုံးကို လွှမ်းမိုးခဲ့သူဖြစ်ပြီး လူအများ၏ လေးစားခြင်းကို ခံခဲ့ရသည်။
သို့သော် ယနေ့တွင် လောကကြီးမှ အပြီးတိုင်ပျောက်ကွယ်သွားပြီ ဖြစ်၏။ စုရီက ဝိုင်အိုးကို ထုတ်၍ ပင့်မြောက်ပြကာ၊
“ ငါမင်းကို အမြဲတမ်းအထင်သေးခဲ့တာ မှန်ပေမယ့် ငါတို့တွေသိနေခဲ့တာကြာရှည်ပါပြီ ဒါကြောင့် မင်းအတွက် ငါ့ရဲ့ နောက်ဆုံး သေရည်တစ်ခွက်နဲ့ နှုတ်ဆက်ပါတယ်။ ”
-ဟုဆိုပြီး ခေါင်းကိုမော့၍ သောက်ချလိုက်သည်။ ထို့နောက် တံငါသည်နှင့် ကျန်လူများဘက်သို့ လှည့်ကြည့်လျက်၊
“ ငါတို့ ဆက်ကြမလား။ ”
“ သေချာပေါက် ဆက်တိုက်မယ်။ ”
တျန်ကျောက်မှ အလွန်အမင်း တည်ငြိမ်လျက်ချက်ချင်း ပြန်ဖြေလိုက်သည်။ ရန်ထောင်လင်က ရှေ့သို့လှမ်းတက်ကာ၊
“ ငါ ကြိုးစားပါရစေ။ ”
-ဟု ဆိုလိုက်၏။
တစ်ဆက်တည်းမှာပင် ကြေးဝါဓားသေတ္တာကြီးကို ကိုင်လျက် စုရီထံ စိုက်ကြည့်ကာ၊
“ ဒီသေတ္တာထဲမှာ ကောင်းကင်ဘုံကိုးပါးလို့ခေါ်တဲ့ ဓားတစ်လက် ရှိနေတယ်။ ”
-ဟု ဆိုပြီး သေတ္တာကိုဖွင့်ချလိုက်သည်။
“ ချွင် ... ။ ”
ကြည်လင်လှသော ဓားမြည်သံကြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ရုတ်ချည်း ပဲ့တင်ထပ်သွားခဲ့၏။
ရိုးရှင်းပြီး သုံးပေခန့်ရှည်သော ဓားတစ်လက်သည် နှစ်ပေါင်းများစွာကို ဖြတ်ကျော်လာသည့်အလား ရှေးဟောင်း ရောင်ဝါများ ထုတ်ဖော်နေသည်။
ဤသည်မှာ ကောင်းကင်ဘုံကိုးပါး နန်းတော်သို့ဝင်ရောက်လိုကြသည့် တပည့်တိုင်း တာအိုကျိန်စာအဖြစ် သစ္စာပြုကြရသည့် ဓား ပေပင်။
သို့သော် ရန်ထောင်လင်မှ တစ်ပါး မည်သူမျှဤဓား၏အမည်နှင့် နောက်ခံကို မသိချေ။
ရန်ထောင်လင်က ကောင်းကင်ဘုံ ကိုးပါးဓားကိုဆွဲထုတ်လိုက်ပြီး ဓားသေတ္တာအား ဘေးသို့ ပစ်ချလိုက်၏။
“ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အပ်ချုပ်သမားက ဒီဓားကိုယူပြီးတော့ အထဲမှာ လျှို့ဝှက်အမှတ်အသားတစ်ခုကို ချိပ်ပိတ် ပေးထားခဲ့တယ် ...
... သူ့စကားအရတော့ ငါသာ ဒီဓားနဲ့ မင်းအပေါ်အသုံးပြုခဲ့မယ်ဆိုရင် မင်းအတွက် အန္တရာယ်ကြီးတစ်ခု ပေးနိုင်တယ်တဲ့။ ”
စုရီမှ မျက်လုံးများ မှေးစင်းလျက် ဓားကို စိုက်ကြည့်လိုက်တော့သည်။ ရန်ထောင်လင်က တာအိုဥပဒေကို ဓားအတွင်းသို့ ထည့်သွင်းကာ စုရီထံသို့ ထိုးညွှန်ပြလိုက်၏။
“ သွား ... ။ ”
ဓားချက်တစ်ချက်တည်းနှင့် ကြယ်တာရာ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသကဲ့သို့ ရောင်ဝါများ အရပ်မျက်နှာအနှံ့ ဖုံးလွှမ်းသွားလေသည်။
“ ဝုန်း ... ။ ”
စုရီသည်လည်း တုန့်ဆိုင်းခြင်းမရှိ သေမျိုးနယ်ပယ်ဓားဖြင့် သစ်ဆွေးတုံးကြီးကို ခုတ်ပိုင်းသကဲ့သို့ ဖြတ်တောက်ပစ်လိုက်၏။
သို့သော် ထိုဓားရောင်ဝါကြားမှ ချိပ်ပိတ်ထားသည့် စွမ်းအင်တစ်ခုပေါက်ကွဲ ထွက်လာခဲ့ပြီး သူ့အသိစိတ်ပင်လဲထဲ ပြေးဝင်လာတော့သည်။
ယင်းသည် နှင်းကဲ့သို့ ဖြူလွနေသော ဝတ်စုံဖြင့် ချစ်စရာကောင်းလှသည့် အမျိုးသမီး တစ်ဦး ဖြစ်ချေပြီ။
ထိုသူကိုမြင်ချိန်၌ အသိစိတ်ပင်လယ်ရှိ ငရဲဘုံကိုးပါးဓားသည် ပြင်းစွာတုန်ခါလာသည်။ အဆုံးတွင် ရှန့်မူဘဝကို ချိပ်ပိတ်ထားသည့် နတ်သံကြိုးတုန်ခါလျက် ပေါက်ကွဲသွား၏။
သူသည်လည်း နှင်းကဲ့သို့ ဖြူလွလွ ဝတ်စုံကိုဝတ်ဆင်ထားသော ခန့်ညားလှသည့် လူငယ်တစ်ဦး ဖြစ်နေသည်။
“ ရှန့်မူ ... ။ ”
စုရီတစ်ယောက် ချက်ချင်းပင် လေးနက်သွားလေသည်။ ဤကောင်းကင်ဘုံ ကိုးပါးဓားအတွင်း ချိပ်ပိတ်ထားသောတံဆိပ်မှာ ရှန့်မူထံ ရည်ရွယ်ချေပြီ။
ထိုအမှတ်အသားဖြင့် သတ္တမမြောက် နတ်သံကြိုးအတွင်းရှိ ရှန့်မူ၏မှတ်ဉာဏ်များကို နိုးထစေအောင် ပြုလုပ်ခြင်းဖြစ်သည်။
“ သတ် ... ။ ”
ထိုစဉ် ရန်ထောင်လင်း၊ တျန်ကျောက်နှင့် တံငါသည်သည် စုရီကို ပူးပေါင်းတိုက်ခိုက်လာပြီ ဖြစ်၏။
စုရီမှ ချက်ချင်း ခုခံလိုက်သော်လည်း နောက်သို့လွင့်ထွက်သွားကာ အတွင်းအင်္ဂါများ အကြီးအကျယ် ဒဏ်ရာရရှိသွားခဲ့သည်။
များပြားလှသော ဒဏ်ရာများမှလည်း သွေးများ ရေတံခွန်ပမာ ပန်းထွက်လာတော့၏။ လူအုပ်ကြီးမှာ မှင်သပ်ကုန်သည်။ ကောင်းကင် ကိုးပါးဓားကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် စုရီတစ်ယောက် ငေးငိုင်သွားချေပြီ။
“ ဒါက သံသယဖြစ်စရာ မလိုပါဘူး ... ကောင်းကင်ဘုံကိုးပါးဓားထဲမှာ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိနေပုံရတယ်။ ”
ကြည့်ရှုသူ အများအပြားမှ ဤအချက်ကိုသတိပြုမိကြသဖြင့် စိတ်လှုပ်ရှား လာတော့သည်။ သည်အဆင့်တိုက်ပွဲတွင် ယခု ကဲ့သို့ ငေးငိုင်သွားခြင်းသည် ကြီးစွာသော အားနည်းချက်ဖြစ်လာပေမည်။
ရန်ထောင်လင်တို့သည်လည်း တိုက်ခိုက်မှုအောင်မြင်ခဲ့သဖြင့် ရပ်တန့်မနေဘဲ တဟုန်ထိုးလိုက်ပါ တိုက်ခိုက်လိုက်ကြ၏။
“ ကလန် ... ကလန် ... ။ ”
စုရီခမျာ အကြည့်များ ရှုပ်ထွေးနေ သော်လည်း ထိုတိုက်ခိုက်မှုများကို ခုခံကာကွယ် နေရတော့သည်။
တစ်ချိန်တည်းမှာပင် သူ့အသိစိတ် ပင်လယ်အတွင်း၌ ပြောင်းလဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့၏။
“ ကျောက်စိမ်းနှင်းဆီလေး ... မင်း ငါ့ဆီလိုက်လာတာလား။ ”
ရှန့်မူတစ်ယောက် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကိုကြည့်ပြီး အံ့အားသင့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ဖြစ်ပေါ်လာခဲ့ရသည်။
သံသယဖြစ်စရာ မလိုချေ။ ဤအမျိုးသမီးပုံရိပ်သည် သူ့ချစ်သူအမျိုးသမီး ဖြစ်ချေပြီ။
ယင်းသည် စုရီကို အလွန်အမင်း ဒေါသထွက်သွားစေသည်။ ဤလူမိုက်သည် သူ့ကိုသတ်ခဲ့သော အမျိုးသမီးအကြောင်း တချိန်လုံး စဉ်းစားနေပုံရ၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် ဇာတိဓမ္မပုံရိပ်အဖြစ် အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လိုက်ကာ၊
“ အဲ့ဒီပုံရိပ်ယောင်ကို သတ်ပစ်လိုက် ဒီနေ့တိုက်ပွဲပြီးရင် ငါမင်းကို အရာအားလုံး ရှင်းပြပေးမယ်။ ”
-ဟု ပြောကြားလိုက်သည်။
ရှန့်မူတစ်ယောက် ငေးကြောင်သွားသည်။ ထိုအချိန်တွင် ပုံရိပ်ယောင်က စုရီထံညွှန်ပြကာ၊
“ ရှန့်မူ ... သူက မင်းရဲ့ဒုတိယဘဝပဲ နင်သူ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မယ်ဆိုရင် ငါနဲ့ ပြန်တွေ့နိုင်ပါလိမ့်မယ်။ ”
-ဟု ပြောကြားလာ၏။
သူမစကားကြောင့် ရှန့်မူခမျာ ရှုပ်ထွေးသောအကြည့်များဖြင့် တိတ်ဆိတ် သွားလေသည်။ စုရီမှ ထိုပုံရိပ်ယောင်ကို ဖျက်ဆီးရန် ကြိုးစားလိုက်တော့၏။
“ မလုပ်နဲ့ ... ဒီပုံရိပ်က ငါမသေခင် ချန်ထားခဲ့တဲ့ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုပဲ ကျေးဇူးပြုပြီး သနားညှာတာပေးပါ။ ”
သို့သော် အသိစိတ်ပင်လယ်ပြင်ကြီး တစ်ခုလုံးပြင်းစွာ တုန်ခါလာစဉ် ရှန့်မူပုံရိပ်သည် သူ့ရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့သည်။
စုရီမှာ ခေါင်းကိုက်သွားသည်။ သူသည် ရန်ထောင်လင်တို့နှင့် ပြင်ပတွင် တိုက်ခိုက်နေရ သဖြင့် အချိန်မဖြုန်းနိုင်ချေ။
အကယ်၍ ဤပုံရိပ်ယောင်ကို မဖျက်ဆီးပစ်ပါက ရှန့်မူ၏ တာအိုအမှတ်အသား အမျိုးသမီးသည် မခန့်မှန်းနိုင်သောရလာဒ်ကို ယူဆောင်လာပေမည်။
ဥပမာအားဖြင့် သူ တိုက်ပွဲအပေါ် အာရု့စိုက်နေစဉ် အသိစိတ်ပင်လယ်ပြင်ကြီးကို သိမ်းပိုက်ကာ ရုပ်ခန္ဓာထံ ထိန်းချုပ်လာနိုင်၏။
“ မင်းငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြံရွယ်နေတာလား။ ”
စုရီက ရှန့်မူကို မေးလိုက်သည်။
“ မဟုတ်ဘူး။ ”
ရှန့်မူမှ ချက်ချင်း ပြန်ဖြေ၏။
“ ဒါဆို အဲ့ဒီအမျိုးသမီးက မင်းကို အဲ့ဒီလိုလုပ်ဖို့ ခိုင်းလာရင်ရော။ ”
ဤတစ်ကြိမ်တွင်မူ ရှန်မူခမျာ အဖြေမပေးနိုင်တော့ဘဲ ရှုပ်ထွေးသွားသည်။ စုရီက စကားအပို မပြောတော့ဘဲ ငရဲဘုံကိုးပါး ဓားရောင်ဝါဖြင့် အမျိုးသမီးပုံရိပ်အပေါ် ချုပ်နှောင်ပစ်လိုက်၏။
ရှန့်မူတစ်ယောက် အကြီးအကျယ် ဒေါသထွက်သွားသည်။ သို့သော် စုရီသည် ဂရုမစိုက်ဘဲ၊
“ သတိရပါ ... ငါက မင်းပဲ ... မင်းကလည်းငါပဲ ... အခုငါတို့တွေရန်သူတွေကို ရင်ဆိုင်နေရတယ် မင်းထပ်ပြီး နှောင့်ယှက် ဦးမယ်ဆိုရင် ငါတို့နှစ်ယောက်စလုံး သေသွားလိမ့်မယ်။ ”
-ဟု သတိပေးလိုက်၏။
ထို့နောက် စုရီသည် အသိစိတ် ပင်လယ်အတွင်းမှ ချက်ချင်းထွက်ခွာလာ ခဲ့လေသည်။
ရှန့်မူတစ်ယောက် ရုတ်ချည်း တောင့်တင်းအေးခဲသွားပြီးနောက် လုံးဝပင် တိတ်ဆိတ်သွားချေပြီ။
“ ဘန်း ... ။ ”
ထိုအချိန်တွင် စုရီတစ်ယောက် ပြိုင်ဘက်သုံးဦး၏ တိုက်ခိုက်မှုများထိမှန်ကာ နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်၏။
“ အဟွတ် အဟွတ် ... ။ ”
သွေးချောင်းဆိုးလျက် နှုတ်ခမ်းမှ သွေးများစီးကျလာသည်။ သို့တိုင် သုတ်ဖယ်ရန် အချိန်မရှိဘဲ ရန်ထောင်လင်၊ တံငါသည်နှင့် တျန်ကျောက်တို့၏ အဆက်မပြတ် တိုက်ခိုက်မှု အပေါ် ဆုတ်ခွာပေးနေရသည်။
ခန္ဓာကိုယ်အနှံ့ စုတ်ပြတ်သတ်နေပြီး ဒဏ်ရာများသည်လည်း ပိုမို ဆိုးရွားလာခဲ့၏။ ဤမြင်ကွင်းက ကြည့်ရှုနေသူများကို အသက်ရှူရန် မေ့လျော့သွားစေသည်။
“ အချိန်မီတိုက်ခိုက်ဖို့ ပြင်ဆင်ထား ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ... အဲဒီဝင်စားသူကို ငါတို့မိအောင်ဖမ်းဆီးရမယ်။ ”
ရှေးခေတ်မျိုးနွယ်စု၏ သေလွန်ဝိညာဉ်များသည် ဝင်ရောက်လုယက် တိုက်ခိုက်နိုင်ရန် အသင့်ပြင်လာကုန်သည်။
“ သတိထား သူတို့လှုပ်ရှားတာနဲ့ နောက်မကျစေနဲ့။ ”
တစ်ဖက်တွင် လက်ရှိခေတ်၏ နတ်ဝိညာဉ်အဆင့် အဖိုးကြီးများသည်လည်း အချင်းချင်း ဆက်သွယ်လိုက်ကြ၏။
သူတို့အမြင်အရ ဤတိုက်ပွဲတွင် မည်သူအနိုင်ရသည်မှာ အရေးမကြီးတော့ချေ။ အရေးကြီးသည်မှာ ဝင်စားခြင်းဥပဒေကို မည်သူ ရယူနိုင်သည်ဖြစ်သည်။
***