နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ အမြင်တွင် စုရီသည် သားကောင်ဖြစ်သလို လမ်းလျှောက်နေသော ရတနာသိုက်လည်း ဖြစ်နေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝင်စားခြင်း ဥပဒေ စွမ်းအားသည် လောကကြီးအပေါ်စိုးမိုးနိုင်သည့် နတ်ဘုရားလက်နက်နှင့် တူသည်။ ယင်းသည် ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။
ဤလောကရှိ သေလွန်ဝိညာဉ်များ မည်မျှအစွမ်းထက်နေပါစေ ကျိန်စာများ ကပ်ငြိ နေကြပြီး ဝင်စားခြင်းဥပဒေ၏ ဖိနှိပ်မှုကို ခံစားကြရလေသည်။
ထို့အတူဝင်စားခြင်း ဥပဒေသာလျှင် သူတို့၏ခန္ဓာကိုယ်ပေါ်မှ ကျိန်စာကိုဖယ်ရှား ပေးနိုင်၏။
အကယ်၍သာ ဝင်စားခြင်းဥပဒေ ရရှိနိုင်မည်ဆိုပါက ထိုကျိန်စာများကိုချိုးဖျက် နိုင်ရုံသာမက တစ်လောကလုံးရှိ သေလွန် ဝိညာဉ်များကို ဖိနှိပ်နိုင်ပေမည်။ မည်သူသည် မရူးသွပ်ဘဲ နေမည်နည်း။
ယခုအချိန်တွင် စုရီသည် ပြင်းစွာ ဒဏ်ရာရရှိထားပြီး ကျင့်ကြံမှုကုန်ဆုံးတော့မည် ဖြစ်ရာ အခွင့်အရေးကို မည်သူမျှ လက်လွှတ်မခံလိုကြချေ။
ကောင်းကင်နှင့် မြေကြီးကြားတွင် ပိုမို ရှုပ်ထွေးသောတိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ တောက်ပသော ရတနာအလင်းတန်းများမှာ ရူးသွပ်စွာ ပေါက်ကွဲနေပြီး အဖျက်စွမ်းအားများ ရေတံခွန်ကြီးတစ်ခုပမာ ပြန့်နှံ့နေ၏။
သတ်ဖြတ်ရန် အော်ဟစ်သံများ၊ ဆဲဆိုသံများနှင့် ခြိမ်းခြောက်သံများနားမဆံ့နိုင် ဖြစ်လာခဲ့သည်။
တိုက်ပွဲအတွင်း ကနဦး နတ်ဝိညာဉ် အဆင့်ရှိသူ အများအပြား ဒဏ်ရာရရှိကုန်ကြပြီး သွေးများစင်ထွက်ကုန်ကာ မြင်ကွင်းမှာ အလွန်ပင် ဖရိုဖရဲ ဖြစ်နေချေပြီ။
မိုင်ပေါင်းရှစ်ထောင်ဧရိယာအတွင်း တောင်တန်းနှင့် မြစ်များသည် ပြိုကျပျက်စီး သွားခဲ့ရသည်။
“ သိမ်းဆည်းလိုက် ... ။ ”
အဆုံးတွင် လုချန်ထင်သည် ရတနာပုလင်းတစ်လုံးကို ထုတ်ယူကာ ချက်ချင်း အသက်သွင်းအော်ဟစ်လိုက်၏။
ပုလင်းသည် လေထုအလယ် တစ်ပေခန့် ကြီးထွားလာခဲ့သည်။ နှင်းကဲ့သို့ ဖြူဆွတ်နေကာ ကျောက်စိမ်းဖြင့် သွန်းလုပ်ထားသကဲ့သို့ အလင်းတန်းများ စီးဆင်းနေ၏။
ပုလင်းဝမှနေ၍ နံနက်ခင်း အာရုဏ်ဦး အလင်းကဲ့သို့ တောက်ပသောနတ်မီးတောက် အလင်းများထွက်လာခဲ့ပြီး လေဟာနယ်ကို ဖုံးအုပ်သွားခဲ့သည်။
စုရီ၏ ပုံရိပ်သည်လည်း ထိုအလင်းများအကြား ပိတ်မိသွားကာ ရတနာ ပုလင်းအတွင်းသို့ ဆွဲယူခြင်း ခံလာရသည်။
ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ အခြားသောအင်အားစုများမှ ကျွမ်းကျင်သူများ အားလုံး မကျေမနပ်ဖြစ်ကုန်၏။
“ ဟားဟားဟား ... ။ ”
လုချန်ထင်မှ ခေါင်းမော့ကာ ကျယ်လောင်စွာရယ်မောလျက် စိတ်လှုပ်ရှားမှု အပေါ် မဖုံးကွယ်နိုင်တော့ချေ။
“ အားလုံးပဲ ... ထပ်ပြီး တိုက်ခိုက်မနေကြနဲ့တော့ ငါ့ရဲ့ကောင်းကင်ဘုံ သန့်စင်ခြင်းပုလင်းနဲ့ ဖမ်းလိုက်ပြီ၊ သူ ဘယ်လိုမှ မလွတ်နိုင်တော့ဘူး။ ”
ထိုစကားကြောင့် မူလက ရှုပ်ထွေးသော တိုက်ပွဲကြီးသည် ရုတ်ချည်းရပ်တန့်သွားခဲ့သည်။ လူတိုင်း၏အကြည့်များသည် လုချန်ထင်ထံသို့ စုရုံးရောက်ရှိလာတော့၏။
“ သူ့ကို သတ်စမ်း ... ။ ”
တစ်စုံတစ်ယောက်မှ အော်ဟစ်လျက် လုချန်ထင်ထံတိုက်ရိုက် တိုက်ခိုက်လိုက်သည်။ အခြားသူများသည်လည်း နောက်ကျ ကျန်ရစ်ခြင်းမရှိချေ။
“ မြန်မြန် ... အဲ့ဒီရတနာပုလင်းကို လုယူကြ။ ”
လုချန်ထင်တစ်ယောက် ရယ်မောသံများ ရုတ်ချည်းရပ်တန့်သွားပြီး အပြုံးသည် အေးစက် တောင့်တင်းသွားခဲ့၏။
“ မြန်မြန် ... ငါ့ကို ကာကွယ်ကြ။ ”
ချက်ချင်း အော်ဟစ်လိုက်ပြီး အဝေးသို့ လှည့်ကာထွက်ပြေးရန်ပြင်၏။ အကယ်၍သာ ဤဝိုင်းရံပိတ်ဆို့မှုမှ လွတ်မြောက်သွားပါက အဝါရောင်နွေဦးမိစ္ဆာတောင်သည် ဝင်စားခြင်း ဥပဒေကို ပိုင်ဆိုင်မည်ဖြစ်သည်။
ထိုအခါ သူတို့ဂိုဏ်းသည် သေလွန် ဝိညာဉ်များကိုယ်ပေါ်မှ ကျိန်စာများကို ချိုးဖျက် နိုင်ရုံသာမက လောကကြီးအပေါ် အုပ်စိုးနိုင်ပေတော့မည်။
တိုက်ပွဲကြီးမှာ ယခင်ထက် ပို၍ ပြင်းထန်လာတော့သည်။ မျက်စိတမှိတ်အတွင်း မှာပင် အဝါရောင်နွေဦးမိစ္ဆာတောင် အဖွဲ့တွင် နတ်ဝိညာဉ် ဆယ်ဦးကျော် သတ်ဖြတ်ခြင်း ခံလိုက်ရ၏။
“ မင်းတို့တွေက ငါတို့ အဝါရောင်နွေဦး မိစ္ဆာတောင်နဲ့ စစ်ဖြစ်ချင်နေတာလား။ ”
လုချန်ထင်တစ်ယောက် အကြီးအကျယ်ဒေါသထွက်လျက် အော်ဟစ် လိုက်လေသည်။
သို့သော် ဤသို့သောခြိမ်းခြောက်မှုသည် အခြားအချိန်များတွင်ဆိုပါက လူတိုင်းအပေါ် တွန့်ဆုတ်သွားစေနိုင်သည်။ ယခုအချိန်တွင်မူ မည်သူမျှ ဂရုစိုက်မစိုက်တော့ချေ။
“ ဒီကောင့်ကို အသေသတ်ကြစမ်း။ ”
အဘိုးအိုတစ်ဦးက အော်ဟစ်လိုက်၏။ အင်အားစုအသီးသီးမှ နတ်ဝိညာဉ်အဆင့်ရှိသော အဖိုးကြီးများမှာ ရူးသွပ်ကုန်သည်။
ဤမြင်ကွင်းက လုချန်ထင်ကို ကျောရိုးထဲအထိအေးစက်သွားစေပြီး သူသည် တွန့်ဆုတ်မနေဝံ့တော့ဘဲ လက်ထဲမှ ရတနာ ပုလင်းကို အဝေးသို့ ပစ်ထုတ်လိုက်တော့၏။
မည်မျှပင် ကြီးမားသော ကံကောင်းခြင်း ရတနာဖြစ်ပါစေ ယခုအချိန်၌ လက်လွှတ်မခံက သူ သေချာပေါက် သေရမည် ဖြစ်သည်။
ပေါင်းစည်းခြင်းအဆင့် အဖိုးကြီးများ စုပေါင်းတိုက်ခိုက်မှုသည် ကြောက်မက်ဖွယ် ကောင်းလှပြီး သေချာပေါက် သူတစ်ဦးတည်း မတားဆီးနိုင်ချေ။
မျှော်လင့်ထားသည့်အတိုင်းပင် လူတိုင်း ရတနာပုလင်းထံသို့ ရူးသွပ်စွာ ပြေးဝင်ကုန်၏။ ထို့ကြောင့် လုချန်ထင်သည် အဝေးသို့ လွတ်မြောက်သွားပြီဖြစ်သည်။
“ သောက်ကျိုးနည်း ငါမရရင် ဘယ်သူမှ မရစေရဘူး ဖက်ဆီးပစ်စမ်း။ ”
အဖြူရောင်ဝတ် အဘိုးကြီးတစ်ဦးမှ ဒေါသထွက်လာပြီး အင်္ကျီလက်ဝှေ့ယမ်းလိုက်ရာ နတ်မီးတောက်များ လှည့်ပတ်နေသော တာအို ဓားတစ်လက်ထွက်ပေါ်လာကာ ရတနာ ပုလင်းပေါ် ကျဆင်းသွား၏။
“ ဝုန်း ... ။ ”
ရတနာပုလင်းသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် ကြောက်စရာကောင်းလှသော အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ ဝှစ် ... ။ ”
“ ဝေါ့ ... ။ ”
အဆုံးတွင် ထိုရတနာသည် လုချန်ထင်ထံ ပြန်လည်ရောက်ရှိသွား၏။ သို့သော် ပျက်စီးသွား သဖြင့် တုန့်ပြန်မှုတစ်ခုကို ခံစားလိုက်ရကာ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ရသည်။
“ မင်းတို့တွေ စောင့်နေပါ ငါဝင်စားခြင်းဥပဒေကို သန့်စင်ပြီးရင် မင်းတို့ အားလုံးကို တစ်ယောက်ချင်းစီရှာပြီး စာရင်းရှင်းမယ်။ ”
“ ဘောင်း ... ။ ”
လုချန်ထင်က လှည့်မကြည့်ဘဲ ချက်ချင်းထွက်ပြေးတော့၏။ သို့သော် ထိုအခိုက် ရတနာပုလင်းသည် ပေါက်ကွဲသွားသည်။
ထိုကြောက်စရာကောင်းလှသော အဖျက်စွမ်းအင်လှိုင်းများသည် လုချန်ထင်ကို တိုက်ရိုက်လွင့်ထွက်သွားစေခဲ့၏။
တစ်ချိန်တည်းမှာပင် စုရီပုံရိပ်မှာ လေထဲထုအလယ် ပေါ်ထွက်လာခဲ့လေသည်။ ရုတ်တရက် ဤရလာဒ်သည် လုချန်ထင်သည် သာမကဘဲ အဝေးမှ လူအုပ်ကြီးကိုပင် တိတ်ဆိတ်သွားစေသည်။
ကောင်းကင်ဘုံ သန့်စင်ခြင်း ရတနာပုလင်းသည် အဝါရောင်နွေဦး မိစ္ဆာ တောင်၏ ထိပ်တန်း နတ်ဝိညာဉ်အဆင့် ရတနာဖြစ်၏။
ရှေးခေတ်၌ အလွန်နာမည်ကြီးသော ထိပ်တန်းရတနာပေပင်။ ပေါင်းစည်းခြင်းအဆင့် တစ်စုံတစ်ဦးကို ဤပုလင်းအတွင်းသို့ ဆွဲယူခြင်း ခံရပါက ချက်ချင်းပင် စွမ်းအားများ ကုန်ဆုံးသွားပေမည်။
သုံးရက်အတွင်း ပြာအဖြစ် သန့်စင်ခြင်း ခံရမည်ဖြစ်၏။ သို့သော် ယခုမူထိုရတနာသည် ဖျက်ဆီးခြင်း ခံလိုက်ရချေပြီ။
“ မင်း ... ။ ”
လုချန်ထင်တစ်ယောက် တုန်လှုပ်သွားခဲ့ရသည်။ စုရီမှ သက်ပြင်းချ လိုက်ပြီး၊
“ စိတ်မကောင်းပါဘူး မင်းသာ ထွက်ပြေးလွတ်မြောက်သွားရင် ဒီကစားပွဲကို ဘယ်လိုလုပ် ဆက်ကစားနိုင်တော့မှာလဲ။ ”
- ဟု ဆိုလိုက်သည်။ ထိုစကားကြောင့် လုချန်ထင်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် သွေးအန်ချင်စိတ်ပင် ပေါက်သွားတော့၏။
“ မင်းငါတို့ကို ကစားနေတာလား။ ”
တစ်ဖက်လူကို ဖမ်းဆီးနိုင်ရန်အတွက် သူ့ဂိုဏ်းမှ နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ အသက်ပေးခဲ့ရသည်။ သူမှတပါး အသက်ရှင်သူ မရှိတော့ချေ။
အခြားသော အင်အားစုကြီးများမှ နတ်ဝိညာဉ်အဆင့် အဖိုးကြီးများသည်လည်း မျက်နှာပျက်ယွင်းသွားကြ၏။
“ မင်းက ငါတို့ကို တစ်လျှောက်လုံး လှည့်စားနေခဲ့တာလား။ ”
ကျန်းထျန်းချွမ်က မျက်နှာမသာမယာဖြင့် အော်ဟစ်လိုက်သည်။ စုရီမှပတ်ဝန်းကျင်အပေါ် ဝေ့ကြည့်လိုက်ပြီး၊
“ ကောင်းပြီ ... ကောင်းပြီ၊ ငါထပ်ပြီး မလှည့်စားတော့ဘူး ငါ အမှန်အတိုင်းပြောမယ် ဒီနေ့ကစားချင်လို့ ခွန်အားကို နည်းနည်း ဖုံးကွယ်ထားမိတယ်။ ”
- ဟု ဆိုလိုက်သည်။
ထိုစကားများသည် နတ်ဝိညာဉ်အဆင့် အဖိုးကြီးများကို မျက်နှာများ မည်းမှောင်လျက် ပျက်ယွင်းသွားစေ၏။ တလျှောက်လုံး သူတို့ကို လှည့်စားနေခဲ့ပုံပေပင်။
“ အခုချိန်မှာ မင်းတို့အားလုံး ငါ့ကို သတ်ချင်နေကြမယ်ဆိုတာ ငါယုံကြည်ပါတယ် ငါကိုယ်တိုင်လည်း ... သတ်ချင်နေမိတယ်။ ”
စုရီက ပြုံးလျက် ဆိုလိုက်သည်။ တစ်ဆက်တည်းမှာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသော အရှိန်အဝါကြီးတစ်ခု ကောင်းကင်ပေါ် ထိုးတက်လာခဲ့၏။
ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး ပတ်ဝန်းကျင် လေဟာနယ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။ ပြင်းထန်သော ဒဏ်ရာများ သည်လည်း ခဏအတွင်း ပျောက်ကွယ် သွားခဲ့တော့၏။
ရောင်ဝါသည် ရူးသွပ်စွာ မြင့်တက်လာပြီး တုံ့ယွီအဆင့်ရောက်ရှိသွား၏။ စုတ်ပြဲနေခဲ့သော သွေးစွန်းဝတ်စုံမှအပ လုံးဝခြားနားသော လူတစ်ယောက် ဖြစ်လာခဲ့သည်။
“ တုံ့ယွီအဆင့်လား ... ။ ”
လူတိုင်းသည် အံ့သြခြင်း၊ ဒေါသထွက်ခြင်းများနှင့်အတူ သူတို့အခြေအနေ မဟန်တော့ကြောင်း သတိပြုမိကုန်၏။
ကွေ့ယီအဆင့်ဖြင့်ပင် နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကို သတ်နိုင်နေပြီဖြစ်ရာ တုံ့ယွီ အဆင့် ခွန်အားကို ထုတ်ဖော်လိုက်ပါက မယုံနိုင်ဖွယ် ဖြစ်လာပေလိမ့်မည်။
“ မဖြစ်နိုင်တာ ငါမင်းရဲ့ကျင့်ကြံမှုကို လျှို့ဝှက်နည်းစနစ်တစ်ရပ်နဲ့ စစ်ဆေးကြည့်ပြီး ပါပြီ ဒီလိုဖုံးကွယ်ထားတာကို ဘာလို့ လုံးဝ မတွေ့ခဲ့ရတာလဲ။ ”
တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။ ရောက်ရှိနေသူများအတွင်း မည်သူမဆို စုရီ၏ ကျင့်ကြံမှုကို စစ်ဆေး အတည်ပြုထားခဲ့ကြသည်။
မည်သည့် ချွင်းချက်မျှမရှိဘဲ သေချာပေါက်ကွေ့ယီအဆင့် နယ်ပယ်ဘုရင် တစ်ပါးပေပင်။ စုရီမှ သက်ပြင်းချလိုက်ပြီး၊
“ ငါတကယ်ပဲ ဖုံးကွယ်ထားတာပါ ... မဟုတ်ရင် မင်းတို့တွေ ဒီပွဲကို ဒီလောက်အထိ စိတ်ပါလက်ပါ ဝင်ကစားပေးဖို့ ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ။ ”
-ဟု အတည်ပြုလိုက်သည်။
“ လူတိုင်း ... ဒီနေ့ အရှက်တရားအတွက် ဒီလူကို ငါတို့တွေအတူတူဖမ်းကြရအောင်။ ”
ကျန်းထျန်းချွမ်က အံကြိတ်ကာ အော်ဟစ်လိုက်သည်။ လူတိုင်း ခေါင်းညိတ်ကာ သဘောတူလိုက်ကြ၏။ ထိုမြင်ကွင်းသည် စုရီ အတွက် အလိုချင်ဆုံးဆန္ဒပေပင်။ ပြုံးရွှင်စွာဖြင့် ခါးကျောဆန့်ထုတ်လိုက်၏။
“ လာခဲ့ ... ဒီလောက် အပင်ပန်းခံပြီးတော့ မင်းတို့ရဲ့ဒေါသတွေကို ဆွပေးလိုက်ရတာ ငါ့ကို ကျေနပ်မှုပေးနိုင်မလား ကြည့်ရအောင် ... ။ ”
***