“ စီနီယာလီ ... ငါ့ရဲ့ သခင်လေး အဆင်ပြေနိုင်လား။ ”
ဝေရှန်းက စိုးရမ်စွာဖြင့် မေးမြန်းလိုက်သည်။ လီပေ့ရှန်က ရေနွေးကြမ်းသောက်နေရာမှ သူ့ထံ လှည့်ကြည့်၏။
“ မင်းရဲ့ သခင်လေးကို ဒီလောက်တောင် ယုံကြည်မှု မရှိဘူးလား။ ”
“ ဒါကို ယုံကြည်မှုရှိပေမယ့် နည်းနည်းတော့စိုးရိမ်မိတယ် ငါနဲ့သခင်လေးက ညီအစ်ကိုအရင်တွေလို ကြီးပြင်းခဲ့ရတာ။ ”
“ လွန်ခဲ့တဲ့ရက်တုန်းက အပ်ချုပ်သမား ကိုယ်ပွားထွက်ခွာသွားပြီးနောက် မကြာခင်မှာပဲ မင်းရဲ့သခင်လေးက တုံ့ယွီအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ ”
“ ဟမ့် ... အဆင့်ချိုးဖြတ်သွားတာလား ငါဘာလို့မသိရတာလဲ။ ”
ဝေရှန်းခမျာ မျက်လုံးပြူးသွား၏။
“ အဲဒီအချိန်က ညဉ့်နက်သန်းခေါင်ယံ အချိန်လေ မင်းက အိပ်ပျော်နေတာဆိုတော့ မသိလိုက်တာပါ။ ”
လီပေ့ရှန်မှ လှောင်ပြုံးဖြင့် တုန့်ပြန်လာသည်။ သို့သော်ဝေရှန်းတစ်ယောက် ပို၍ပင် မယုံနိုင်ဖြစ်လာပြီး၊
“ ဒီလို ဆူညံတဲ့ ကပ်ဘေးအတွင်းမှာ ငါတကယ်ပဲ အိပ်ပျော်နေတာလား ဘာလို့ နည်းနည်းလေးတောင် မနိုးရတာလဲ။ ”
-ဟု မေးမြန်းလေသည်။
ထိုမေးခွန်းကြောင့် လီပေ့ရှန်းက သက်ပြင်းချကာ အဝေးသို့ငေး၏။ ထို့နောက် ရေနွေးကြမ်းတစ်ခွက် လောင်းငှဲ့လိုက်ပြီး၊
“ ဘာလို့လဲဆိုတော့ ... အဲဒီကပ်ဘေးကြီး စုရုံးနေစဉ်မှာပဲ သခင်စုက ဓားတစ်ချက်တည်းနဲ့ အပိုင်းပိုင်းခုတ်ဖြတ်ပစ်လိုက်လို့ပါပဲ ဒါကြောင့် သစ်ဆွေးတုံးကြီးတစ်တုံးလို အိပ်ပျော်နေတဲ့ မင်းအတွက် မသိနိုင်ခဲ့တာပါ။ ”
-ဟု ရှင်းပြလိုက်သည်။
ဝေရှန်းခမျာ မှင်သပ်သွား၏။ ဓားတစ်ချက်တည်းဖြင့် မိုးကြိုးကပ်ဘေးကြီးကို ဖျက်ဆီးပစ်လိုက်သည်လော။ မည်မျှ ကြီးစိုးလွန်းသနည်း။
“ ဒါပေမဲ့ ဘာလို့ ငါ့ကို မပြောပြခဲ့တာလဲ။ ”
ဝေရှန်းက မကျေမနပ် ဖြစ်လာသည်။ သူတစ်ယောက်တည်း အမှောင်ထဲရှိနေပုံပေပင်။ ဤတစ်ကြိမ်တွင် လီပေ့ရှန်သည် စကားမဆိုဘဲ တိတ်ဆိတ်သွားတော့၏။
ပြိုကျနေသော ခရမ်းရောင် တိမ်တောင်အထက် ကောင်းကင်တွင် စုရီသည် ကျောက်စိမ်းရောင်ဝတ်ရုံစများ တဖျပ်ဖျပ် လှုပ်ခတ်လျက် ရောင်ဝါကို ဖွင့်ချထား၏။
တုံ့ဟူသည် တာအိုအမြစ်ဖြစ်ပြီး ယွီသည် အတိုင်းအဆမဲ့ဟင်းလင်းပြင်ဖြစ်သည်။ ယင်းက ခန္ဓာကိုယ်အတွင်း စကြာဝဠာငယ်တစ်ခုကို ဖန်တီးခြင်းဖြစ်၏။ ယင်းသည် စကြာဝဠာ ပေါက်ကွဲမှုအစ အချိန်နှင့် ဆင်တူသည်။
ထို့ကြောင့် ဤအဆင့်ရှိသူများကို လောကဘုရင်ဟု ခေါ်ဝေါ်ခဲ့ကြခြင်းပေပင်။ ဤအဆင့်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်အတွင်းရှိ တာအိုဆေးအိုးကြီးသည် နဂါးငွေ့တန်းလေးပမာ ပြောင်းလဲသွား၏။
၎င်းအတွင်း အမျိုးမျိုးသော တာအိုစွမ်းအားများသည် နေ၊ လ၊ ကြယ်များ၊ တောင်တန်းများ၊ မြစ်များနှင့် ကောင်းကင် စည်းမျဉ်းများအဖြစ် ပြောင်းလဲသွားသည်။
ခြေလက် လုပ်ရှားလိုက်သည့် အကြိမ်တိုင်းတွင် စကြာဝဠာငယ်လေးတစ်ခု၏ တန်ခိုးစွမ်းအားမျိုး ထုတ်ဖော်နိုင်၏။ စုရီ၏ တုံ့ယွီအဆင့် အုတ်မြစ်မှာ စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် ကြောက်စရာ ကောင်းလှသည်။
ဒါန်တမ်အတွင်း တည်ဆောက်ထားသော စကြာဝဠာသည် အတိုင်းအဆမရှိ ကျယ်ပြောပြီး တောက်ပလွန်းလှ၏။ လောကသခင် ဘဝထက် အဆပေါင်းများစွာ သာလွန်၏။
လွန်ခဲ့သော ရက်များအတွင်း ဘုံကျောင်းတွင် အေးချမ်းစွာနေထိုင်ခဲ့ခြင်းသည် ကောင်းကင်ကြီးထံမှ ဥပဒေများကို စုပ်ယူကာ စကြဝဠာငယ်တစ်ခု ဖန်တီးနေခြင်းပေပင်။
တံငါသည်တို့ သုံးဦးနှင့် တိုက်ခိုက်စဉ် ထိုစွမ်းအားကို စမ်းသပ်လိုသော်လည်း သည်းခံ ထားရချေပြီ။
ယခုအခါ ကျင့်ကြံမှုကို ထုတ်ဖော်လိုက်ရာ သတ်ဖြတ်ခြင်းရည်ရွယ်ချက်သည် ရေလှိုင်းများ ပမာ ဆူပွက်လျက် ကောင်းကင်နှင့် မြေကြီးကြား မှောင်မိုက်သွားစေ၏။
“ သတ် ... ။ ”
မတူညီသော အင်အားစုများမှ နတ်ဝိညာဉ်ပေါင်း တစ်ရာကျော်သည် ယခုအခါ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
နတ်ဘုရားအလင်းများ တောက်ပလျက် ရတနာများပျံဝဲလာခဲ့ပြီး အတိုင်းအဆမရှိသော အဖျက်စွမ်းအားများ ထွက်ပေါ်လာသည်။
ဤကောင်းကင်နှင့် မြေကြီးသည် ပြိုကျပျက်စီးလုနီးပါး ဖြစ်လာပြီး ထိုကဲ့သို့သော ဖိအားအပေါ် တောင့်မခံနိုင်တော့ချေ။
အထူးသဖြင့် တာအိုပေါင်းစည်းခြင်း အဆင့်တွင်ရှိသော သေလွန်ဝိညာဉ်များသည် တစ်ဦးထက်မက ပါရှိနေသောကြောင့်ပေပင်။
ထိုသူများသည် ပို၍ ကြောက်စရာကောင်းလှပြီး သူတို့ပတ်ဝန်းကျင် လေဟာနယ်သည် လုံးဝကြေမွှနေ၏။
“ ဟမ့် ... ။ ”
တစ်ဖက်တွင် ဤမျှပြင်းထန်လှသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ၌ စုရီသည် ရှောင်တိမ်းခြင်းမပြုဘဲ ရှေ့သို့သာ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။
ရှေးဟောင်း နီလာရောင် ဓားအလင်း တောက်ပလာပြီး တောင်နှင့်မြစ်ပြင်တလျှောက် လင်းထိန်သွားစေသည်။ ဤသည်မှာ စုရီသည် ဓားကိုဝှေ့ယမ်းပြီး ခုတ်ပိုင်းလိုက်ခြင်းဖြစ်၏။
ကောင်းကင်နှင့် မြေကြီးသည် နှစ်ပိုင်းပြတ်သွားသကဲ့သို့ရှိနေပြီး လေထုမှာ ပြင်းစွာ တုန်ခါသွားခဲ့ရသည်။
ပေတစ်ထောင်ခန့် ရှည်လျားသော ဓားရောင်ဝါကြီးသည် ဝင်စားခြင်းဥပဒေများ သယ်ဆောင်လျက် ဖြတ်သန်းသွား၏။
ဤဓားချက်သည် နတ်ဝိညာဉ် တစ်ရာကျော်၏ ပူးပေါင်းတိုက်ခိုက်မှုကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် ကမ္ဘာဖျက် ကပ်ဘေးကြီးအလားပေပင်။
“ ဝုန်း ... ။ ”
“ ဘန်း ... ဘန်း ... ။ ”
“ ဘောင်း ဘောင်း ... ။ ”
မိုင်ပေါင်းရှစ်ထောင်အတွင်းရှိ တောင်နှင့်မြစ်များ ရုတ်ချည်းပေါက်ကွဲလျက်ဖြင့် အဖျက်စွမ်းအားများ အရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့လေသည်။
ကောင်းကင်ကြီးတစ်ခုလုံး ဖြူဖွေးသွားတော့၏။ ဤဓားချက်အောက်တွင် များပြားသောရတနာများနှင့် နည်းစနစ်များ ပျက်စီးသွားခဲ့ရသည်။
အထူးသဖြင့် ဓားအတွင်းပါရှိသော ဝင်စားခြင်းဥပဒေစက်ဝန်းသည် မြင်သမျှကို ဝင်စားခြင်းသံသရာအတွင်း ဆွဲသွင်းနေ၏။
“ ဘယ်လောက် အစွမ်းထက်လိုက်လဲ။ ”
ထိုမြင်ကွင်သည် မယုံနိုင်လောက်အောင် နတ်ဘုရားဆန်သည်။ ခေတ်များ၊ သမိုင်းများနှင့် အချိန်များ မွေးဖွားသေဆုံးပြောင်းလဲနေ၏။
ထိုသံသရာအတွင်း ဆွဲငင်ခံရသော နတ်ဝိညာဉ်ရတနာများသည် အရေးမပါသည့် စက္ကူချပ်များအလား ပဲ့ကြွေကုန်၏။
“ မကောင်းတော့ဘူး ။ ”
ထိတ်လန့်တုန်လှုပ်သော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ရှေ့ဆုံးမှဝင်ရောက်သော နတ်ဝိညာဉ်အချို့မှာ ရှောင်တိမ်းချိန်မရတော့ဘဲ ဝင်စားခြင်းသံသရာစက်ဝန်းထဲ ပဲ့ကြွေသွား၏။
သို့သော် ကံကောင်းသည်မှာ ထိုဝင်စားခြင်းစက်ဝန်းသည် အချိန်အကြာကြီး တည်ရှိနိုင်ခြင်းမရှိခဲ့ချေ။ စွမ်းအားမှာ ချက်ချင်း လျော့ပါးသွားလေသည်။
သည်မျှ ပြင်းထန်ကြောက်စရာ ကောင်းလှသော တိုက်ခိုက်မှုမျိုး ထုတ်ဖော်ခဲ့ရ သောကြောင့် စုရီသည်လည်း လေထုအလယ် ခြေလှမ်းအနည်းငယ်မျှ ဆုတ်ခွာခဲ့ရ၏။
သွေးနှင့် ချီသည် ခန္ဓာကိုယ်အတွင်း၌ ပွက်ပွက်ဆူနေတော့သည်။ ယင်းကြောင့် စုရီမှ မျက်မှောင်ကြုတ်လိုက်၏။ ကနဦးတုံ့ယွီအဆင့် ခွန်အားသည် အနည်းငယ်အားနည်းနေပုံပင်။
သူ့ပြိုင်ဘက်များအတွင်းတွင် ပေါင်းစည်းခြင်းအဆင့် သေလွန်ဝိညာဉ်များ (၂၀)ကျော်ပါရှိနေသည်။
လက်ရှိခေတ်၏ မည်သည့် တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ပညာရှင်ကိုမဆို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်မည်။
သို့သော် ယခုအခါတွင် စုရီသည် ထိုသူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုတွင် ခြေလှမ်း အနည်းငယ်မျှ ဆုတ်ခွာပေးလိုက်ရသည်ကို မကျေမနပ်ဖြစ်နေချေပြီ။
“ အရမ်း သန်မာတယ် ... ရှေးခေတ်မှာဆိုရင်တောင် အင်မော်တယ်တွေရဲ့ တိုက်ရိုက်မျိုးဆက်တွေကြား သူ့ကိုယှဉ်နိုင်သူ ရှာတွေ့ဖို့ ခဲယဉ်းလိမ့်မယ်။ ”
တစ်စုံတစ်ယောက်မှ တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။ တုံ့ယွီအဆင့်သို့ တက်လှမ်း ပြီးချိန်တွင် တစ်ဖက်လူသည် လုံးဝခြားနားသော လူတစ်ယောက်ဖြစ်လာခဲ့၏။
“ မဟုတ်ဘူး ... သူ ထိန်းချုပ်ထားတဲ့ ဝင်စားခြင်းသံသရာစက်ဝန်းစွမ်းအားက အရမ်း ကြောက်စရာကောင်းလွန်းလို့ပဲ ...
... ဒီဥပဒေက ငါတို့ကိုဖိနှိပ်ထားသလို ဖြစ်နေတာကြောင့်သာ ဒီတိုက်ခိုက်မှုအတွင်းမှာ ဆုတ်ခွာပေးလိုက်ရတာ။ ”
လုချန်ထင်မှ မျက်နှာမည်းမှောင်လျက် မှတ်ချက်ပေးလိုက်သည်။ အခြားသော အဖိုးကြီး များသည်လည်း စုရီကု မုန်းတီးစွာကြည့်ပြီး၊
“ ဒီလူကို မသတ်နိုင်ရင် လောကကြီးမှာ ငြိမ်းချမ်းရေးဆိုတာရှိမှာမဟုတ်ဘူး ဘယ်သူများ အိပ်ပျော်နိုင်မှာလဲ ... သူ့ကိုသတ်ကြစမ်း။ ”
-ဟု ထပ်မံ ကြွေးကြော်လိုက်ကြသည်။
ဤနည်းဖြင့် တိုက်ပွဲကြီးသည် ဆက်လက်ဖြစ်ပွားနေသည်။ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန်လိုက်သကဲ့သို့ အရာအားလုံး ပျက်စီးကုန်၏။
စုရီသည် ရှောင်တိမ်းခြင်း မပြုဘဲ တိုက်ခိုက်မှုတိုင်းကို ထိပ်တိုက်ရင်ဆိုင်နေသဖြင့် များမကြာမီ ကျင့်ကြံမှုလျော့ပါးလာသည်။
ဤလူများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း၌ အနိုင်ရရှိနိုင်သော်လည်း သေချာပေါက်တန်ဖိုး တစ်ခုပေးဆပ်ရပေတော့မည်။ ထို့ကြောင့် မူလ နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားသည်။
ပြန်ပေါ်လာချိန်၌ သူ့လမ်းအပေါ် ပိတ်ဆို့ထားသော ရတနာများ၊ ဥပဒေများကို ဓားဖြင့် ခုတ်ဖယ်ရှင်းလင်းလိုက်၏။
“ သေကြစမ်း ... ။ ”
သေမျိုးနယ်ပယ်ဓားမှ မီးခိုးရောင် ဥပဒေနှစ်ခု အဆက်မပြတ် ထွက်ပေါ်လာသည်။ တစ်ခုသည် ဝင်စားခြင်းဥပဒေဖြစ်ကာ ကျန်တစ်ခုသည် အရာခပ်သိမ်း ဖျက်သိမ်းခြင်းဖြစ်၏။
ထို့ကြောင့် ရှေ့မှောက်ရှိ နတ်ဝိညာဉ်အဆင့် သေလွန်ဝိညာဉ်အုပ်စုတစ်စုသည် နေရာမှာတင် သေဆုံးသွားခဲ့ကြသည်။
“ ဒေါင် ... ။ ”
ပြင်းထန်သော တိုက်မိသံကြီးတစ်သံ ပဲ့တင်ထပ်လာပြီး ငွေလှံတစ်စင်းပေါ်လာမှသာ စုရီ၏ သတ်ဖြတ်မှုများ ရပ်တန့်သွား၏။
ဤသည်မှာ အနက်ရောင်ဝတ်စုံဝတ် အသက်လတ်ပိုင်း အရွယ် အမျိုးသား ဖြစ်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်ပေပင်။
ထိုသူ၏ခွန်အားသည် ဤလူများကြား ကြောက်စရာကောင်းကြောင်း စုရီမှသတိပြုမိ ထား၏။ သို့သော် စုရီအတွက်မူ ထိုကဲ့သို့သော ခွန်အားသည် တားဆီရန်မလုံလောက်ချေ။
“ မင်းအလှည့်ပဲ ... ။ ”
စကားဆုံးသည်နှင့် လျှပ်စီးပမာ တဟုန်ထိုးပြေးဝင်သွား၏။ သေမျိုးနယ်ပယ် ဓားသည်လည်း တောင်တန်းကြီးတစ်ခုပမာ လိုက်ပါလာသည်။
သူ့နောက်တွင် အဖြူအမည်း ဝင်စားခြင်းသံသရာစက်ဝန်းကြီး လိုက်ပါလျက် ငွေလှံကို တိုက်ရိုက်ဝါးမျိုးသွားလေသည်။
ဝင်စားခြင်းဥပဒေ နတ်တောင်ကြီးသည် ထိုအနက်ရောင်ဝတ်စုံဝတ် အမျိုးသားပခုံးပေါ် ထိမှန်ကာ ယိမ်းယိုင်ဆုတ်ခွာသွားစေခဲ့၏။
“ အား ... ။ ”
“ မကောင်းတော့ဘူး ... ။ ”
“ ငါ့ကို ကယ်ပါ။ ”
အဆိုပါအခွင့်အရေးကို အရယူကာ စုရီသည်ဓားလက်ဖြင့် မြင်မြင်သမျှသောရန်သူ များစွာထံ ခုတ်ပိုင်းသတ်ဖြတ်တော့သည်။
လူတိုင်းသည် မတူညီသောအင်အားစုများမှ ဖြစ်သော်လည်း တူညီသည့်ကျင့်ကြံမှုများရှိ၏။ ထို့ကြောင့် ဝင်စားခြင်းဥပဒေ ရှေ့မှောက်တွင် ကူကယ်ရာမဲ့ ကုန်တော့သည်။
“ နှိမ်နင်းပစ် ... ။ ”
ရှအကြီးအကဲတစ်ယောက်က အော်ဟစ်လျက် ဧရာမတံဆိပ်တုံးကြီးတစ်ခုကို အသုံးပြုကာ စုရီထံဖိနှိပ်ဟန့်တားလာ၏။ သို့သော် စုရီသည် လှည့်ပင်မကြည့်ဘဲ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
“ ဘောင်း ... ။ ”
တံဆိပ်တုံးသည် ပေါက်ကွဲသံနှင့်အတူ အစိတ်စိတ်အမွှာမွှာ ပဲ့ကြွေသွားခဲ့တော့သည်။ ဓားအလင်းမှာ ထိုမျှဖြင့် ရပ်တန့်ခြင်းမရှိသေးဘဲ သူ့ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲသွား၏။
ဝင်စားခြင်း ဥပဒေစွမ်းအားသည် လက်ရှိခေတ် နတ်ဝိညာဉ်အဆင့် အဖိုးကြီးများမှ ရင်ဆိုင်နိုင်သော ဥပဒေမဟုတ်သည်မှာ သဘာဝပေပင်။
လက်ရှိနားလည်မှုအရ ယင်းသည် အုပ်စိုးရှင်အဆင့်ဥပဒေဖြစ်ပြီး ပြီးပြည့်သော် ၎င်းထက်ပင် ကျော်လွန်နိုင်သော အလားအလာမျိုး ပြသနေသည်။
ခဏချင်းအတွင်းမှာပင် အတားအဆီးမဲ့လှသော ထက်မြက်လှသည့် ဓားစွတ်ကြောင်းကြီးပေါ်လာ၏။
ဓားအလင်းသွားရာ လမ်းတလျှောက် သွေးချင်းချင်းနီနေသော လမ်းကြောင်းတစ်ခုကို ပြသလာသည်။ အတားအဆီးမဲ့ခြင်းဟူသည်မှာ ဤသို့သော မြင်ကွင်းပေပင်။
“ မလုပ်နဲ့ ... ။ ”
နာကျင်စွာ အော်ဟစ်သံများ၊ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်နေ၏။ ယင်းသည် ငရဲခန်းတစ်လိုပေပင်။
***