"အိုင်ဗီ၊ ဒါ ဘယ်လိုနေရာကြီးလဲ၊ ခုနက သရဲတစ်ကောင်… အု အွန်းးးး" အိုင်စလာ၏ စကားတို့သည် ပါးစပ်ထဲသို့ အကြမ်းပတမ်း ထိုးသွင်းခံလိုက်ရသော အဝတ်စုတ်ကြောင့် တိကနဲ ပြတ်တောက်သွားရသည်။ သူမရင်ထဲတွင် ကြောက်ရွံ့မှုတို့က မခံမရပ်နိုင်အောင် ပြင်းထန်နေပြီး ရုန်းကန်လှုပ်ရှားရင်း အသံဗလံတို့မှာလည်း ဗလုံးဗထွေးသာ ထွက်ပေါ်လာတော့သည်။
ဖြန်း….
အိုင်ဗီသည် အိုင်စလာ၏ ပါးကို အားပါပါ ရိုက်နှက်လိုက်ပြီး သူမကို လုံးဝ နှုတ်ပိတ်လိုက်သည်။
"နင် အဲ့ဒီလို စူးစူးဝါးဝါး အော်တဲ့အသံကို ငါ တော်တော်လေး အမြင်ကတ် နေတာ၊ အဲ့ဒီအစား နင် အမြဲဟန်ဆောင်နေကျ အသံ ချိုချိုလေးနဲ့ ပြောကြည့်ပါလား၊ အဲ့ဒါဆိုရင်တော့ နင့်ကို ငါ နည်းနည်းလောက် အဖတ်လုပ်ဖို့ စဉ်းစားပေးဦးမယ်"
ထို့နောက် သူမသည် အိုင်စလာကို ကြမ်းပြင်ပေါ်သို့ ပစ်လှဲလိုက်ပြီး ရာဗင်ခရော့ဖ် မိသားစုကို ကြည့်ကာ ပြောလိုက်သည်။ "အခု နင်တို့ ဖြတ်သန်းနေရတဲ့ ဘဝကိုပဲ ကျင့်သားရအောင် လုပ်ထားကြ၊ ဒ့ါက နင်တို့ရဲ့ လက်တွေ့ဘဝ အသစ်ပဲ"
သူမ၏ စကားလုံးများကြောင့် ရာဗင်ခရော့ဖ် မိသားစုဝင်အားလုံး သွေးပျက်သွားကြရသည်။ မက်ဂနပ်စ်က တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း အိုင်ဗီက အဝတ်စုတ်ဖြင့် ပါးစပ်ကို ပိတ်ကာ စကော့တိပ်ဖြင့် အထပ်ထပ် ပတ်လိုက်သည်။
သူမ၏ လက်ရာကို ကိုယ့်ဘာသာ ကျေနပ်သွားကာ အိုင်ဗီသည် သူတို့အားလုံးကို တုပ်နှောင်၍ ပစ်ထားလိုက် တော့သည်။ သူတို့ကို စိုစွတ်ထိုင်းမှိုင်း နေသော မြေအောက်ခန်းထဲတွင် ပိတ်လှောင်ထားချင်သေးသော်လည်း သူမတွင် မြေအောက်ခန်း မရှိပေ။
သူတို့ ထွက်ပြေး လွတ်မြောက်သွားမှာကိုလည်း အိုင်ဗီ မစိုးရိမ်ပါ။ ကြိုးချည်ပုံကို ပြန်စစ်ဆေးကြည့်သောအခါ ဆိုင်းလပ်စ်ရဲ့ စစ်ဘက်သုံး ကြိုးချည်နည်းစနစ်ဖြင့် ပြောင်းလဲ ချည်ထားတာကို သူမ သတိပြုမိလိုက်သည်။
သူမ၏ စိတ်ထဲတွင် လွန်ခဲ့သော မိနစ်ပိုင်းက အဖြစ်အပျက်တို့ ပြန်လည် ပဲ့တင်ထပ်နေသည်။ ထိုစဉ်က အိုင်စလာမှာ စွမ်းအင်သိုလှောင်ရုံအတွင်းရှိ ရေချိုးခန်းထဲတွင် ရောက်ရှိနေချိန် ဖြစ်သည်။
.......
"ကျွန်မ... ကျွန်မ သူ့အစား အပြစ်ခံချင်ခဲ့တာပါ၊ ဒါပေမဲ့... ဒါပေမဲ့ ကျွန်မက တော်တော်လေး အားနည်းနေတာဆိုတော့" ဆာဖီနာ၏ မရေမရာ ဆင်ခြေကြောင့် မက်ဂနပ်စ်၏ မျက်ဝန်းထဲမှ မျှော်လင့်ချက် အလင်းတန်းလေးမှာ ကွယ်ပျောက်သွားရသည်။
သူသည် ဆာဖီနာကို စိတ်ပျက်လက်ပျက် ကြည့်ပြီးနောက် မျက်နှာလွှဲလိုက်သည်။ အိုင်ဗီကတော့ ခပ်တိုးတိုး ရယ်မောမိသည်။ လိမ်ညာပြီးနောက် ဆာဖီနာဟာ အရှက်ရသွားလိမ့်မည်ဟု သူမ ထင်ခဲ့သော်လည်း ဆာဖီနာ၏ အရှက်မရှိမှုကို သူမ အထင်သေးခဲ့မိခြင်းသာ ဖြစ်သည်။
"ဒေမီယန် ဘယ်မှာလဲ"
စိုးရိမ်ပူပန်နေသော မျက်နှာထားကို မြင်သောအခါ အိုင်ဗီက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ "သူကတော့ သူလုပ်ခဲ့တဲ့ အပြစ်တွေအတွက် တခြားတစ်နေရာမှာ နောင်တရနေလေရဲ့"
ဆာဖီနာ၏ မျက်ဝန်းမှ မျှော်လင့်ချက်ရောင်ခြည်တွေဟာ တဖြည်းဖြည်းနဲ့ စိတ်ပျက်အားငယ်မှုအဖြစ် ပြောင်းလဲသွားပြီး စိတ်ပါလျှော့သွားသည်။ သူမ မသိလိုက်သည့် အချက်မှာ အိုင်ဗီက တစ်လျှောက်လုံး လိမ်ညာနေခဲ့တာပဒ။
ရှုပ်ထွေးလှတဲ့ အခြေအနေများကြားတွင် အိုင်ဗီကိုယ်တိုင်လဲ သူ့အကြောင်းကို မေ့နေခဲ့တာ ဖြစ်သည်။
......
"သူ အခန်းကို ပြန်သွားလောက်ပြီ မဟုတ်လား" အိုင်ဗီသည် ရေရွတ်ရင်း ဖုန်းကိုထုတ်ကာ တစ်စုံတစ်ဦးထံ စာပို့လိုက်သည်။
"နှမြောစရာပဲ၊ တကယ်လို့သာ ဒေမီယန်က အဲ့ဒီလက်စွပ်ကို ဝတ်မထားခဲ့ရင် ငါ ယူထားလို့ ရဦးမှာ" လက်စွပ်ပေါ်သို့ သွေးတစ်စက် ကျလိုက်သည်နှင့် ထိုသူကို အရှင်သခင်အဖြစ် အသိအမှတ်ပြုသွားမည်ဟူသော စည်းမျဉ်းကို သူမ သိရှိပြီးသား။
ယခုဘဝတွင် ဒေမီယန်၏ လက်စွပ်မှ မှိန်ဖျော့ဖျော့ အလင်းတန်း ထွက်ပေါ်နေသည်ကို မြင်ကတည်းက သူသည် လက်စွပ်နှင့် ပဋိညာဉ်ပြုပြီးပြီ ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။
ဒေမီယန်၏ လက်ချောင်းကို ဖြတ်ပြီး လက်စွပ်ကို ချွတ်ယူရန် ကြိုးစားလျှင်ပင် ထိုလက်စွပ်သည် ကျွတ်ထွက်လာမည် မဟုတ်ပေ။
"ကြည့်ကြရသေးတာပေါ့၊ သူ သေသွားရင်တော့ ဒီလက်စွပ်ကို ငါ ရနိုင်မလားဆိုတာ" အိုင်ဗီသည် ခပ်တိုးတိုး ရေရွတ်ကာ ဖုန်းကို သိမ်းလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ မနက် အိုင်ဗီ နိုးလာပြီး ကိုယ်လက်ဆန့်ကာ သူမရဲ့ အချိန်ရပ်တန့် သိုလှောင်ခန်းအတွင်း၌ပင် ရေချိုးပြီးနောက် မီးဖိုချောင်သို့ ထွက်လာခဲ့သည်။
ဒီနေ့တော့ ဆိုင်းလပ်စ်အတွက် မနက်စာ ပြင်ဆင်ပေးမည်ဟု စဉ်းစားထားသော်လည်း သူမ မီးဖိုချောင်သို့ ရောက်ချိန်တွင် ဆိုင်းလပ်စ်မှာ နိုးနှင့်နေပြီး မနက်စာပင် ပြင်ဆင်ပြီးလုနီးပါး ဖြစ်နေတာကြောင့် အံ့ဩသွားရသည်။
"ကောင်းသောနံနက်ခင်းပါ" သူမ ရောက်လာသည်ကို မြင်သောအခါ သူက တက်ကြွစွာ နှုတ်ဆက်သော်လည်း ဆိုင်းလပ်စ်၏ မျက်နှာမှာ သိပ်မကောင်းလှသည်ကို အိုင်ဗီ သတိထားမိသည်။ သူ၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုများ ရှိနေသဖြင့် သူမ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မနေ့ညက အစည်းအဝေး ရှိလို့လား"
ဆိုင်းလပ်စ်က ခေါင်းခါပြလိုက်သည်။ ပွယောင်းနေသော သူ၏ ဆံပင်များမှာ လှုပ်ရှားမှုကြောင့် ခါယမ်းသွားပြီး ကြည့်ရသည်မှာ ချစ်စရာကောင်းသလိုလိုနဲ့ တစ်ဖက်မှာလည်း ဆွဲဆောင်မှု ရှိနေပြန်သည်။
သူ၏ စူးရှသော မျက်ဝန်းများက သူမကို စိုက်ကြည့်နေတာကိုက ဒီလောကကြီးတစ်ခုလုံး သူ့အတွက် ဘာမှ အရေးမပါသကဲ့သို့ပင်။ အိုင်ဗီ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး သူ့ကို နမ်းချင်စိတ်များ ရုတ်တရက်ဖြစ်လာသည်။
အဖြူရောင် တီရှပ်နှင့် ဘောင်းဘီရှည် အမည်းရောင်ကို ဝတ်ဆင်ကာ အေပရွန် ပါ ဝတ်ထားသော သူ့ပုံစံမှာ အိမ်ထောင်ရှင် အမျိုးသားတစ်ယောက်လိုပဲ နွေးထွေးမှုတွေ ပေးနေပြီး တီရှပ်လက်တိုမှ ပေါ်ထွက်နေတဲ့ ကြွက်သားများမှာဟာ အားကိုးချင်စရာ ကောင်းလှသည်။
ရုတ်တရက် ဗိုက်ဆာလာသလိုပဲ အိုင်ဗီက ထိုမြင်ကွင်းကို ကြည့်ရင်း တံတွေးမြိုချကာ တွေးမိသည်။ ဆိုင်းလပ်စ်၏ အက်ရှရှ အသံက လေထုအတွင်းမှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
သတိထားစမ်း၊ သူ နေမကောင်းဖြစ်နေတာ ဖြစ်နိုင်တယ်၊ နင်က သူ့ကို ဂရုစိုက်ရမှာလေ၊ သူ့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး နှာဘူးထနေရမှာ မဟုတ်ဘူး
"ဒါနဲ့... ရှင် ဘာလို့ ဒီလောက် ပင်ပန်းနေတဲ့ ပုံပေါက်နေရတာလဲ" အိုင်ဗီက တုံ့ဆိုင်းစွာ မေးလိုက်ရာ ဆိုင်းလပ်စ်၏ မျက်ဝန်းထဲတွင် တွေဝေသွားသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲဟင်" သူမ၏ အသံတွင် စိုးရိမ်မှုများ သိသိသာသာကို ဖြစ်နေသည်။
"ကိုယ်... လွန်ခဲ့တဲ့ ရက်ပိုင်းကနေစပြီး အိပ်မပျော်တဲ့ ရောဂါ ဖြစ်နေလို့ပါ၊ လုံးဝကို ကောင်းကောင်း အိပ်လို့မရဘူး" ဟု ဆိုင်းလပ်စ်က ဝန်ခံလိုက်သည်။
အိုင်ဗီသည် မျက်တောင်တခတ်ခတ်ဖြင့် ယခင်ဘဝက ဆိုင်းလပ်စ်တွင် ထိုကဲ့သို့ ပြဿနာမျိုး ရှိခဲ့ဖူးသလားဟု ပြန်စဉ်းစား နေသည်။ ထိုအခါမှ သူ ဒါမျိုး အမှန်တကယ် ဖြစ်ခဲ့ဖူးကြောင်း သူမ သတိရသွားတော့သည်။
ယခင်ဘဝက ဆိုင်းလပ်စ်ဟာ သုံးရက်ဆက်တိုက် မအိပ်ဘဲ နေတတ်သလို တစ်ခါတစ်ရံဆိုရင်လည်း တစ်နေ့မှ သုံးနာရီ လောက်သာ အိပ်တတ်သူ ဖြစ်သည်။
ကပ်ဘေးကျရောက်ပြီး ဒုတိယနှစ်တွင် သူ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။ ထိုစဉ်က အိုင်ဗီက သူမ၏ ကိုယ်ပိုင် ပြဿနာများဖြင့်သာ လုံးပန်းနေရသဖြင့် သူ့ကို ဂရုမစိုက်နိုင်ခဲ့ပေ။
အခုတော့ ယခင်ဘဝက သူမရဲ့ ဆုံးဖြတ်ချက်များအတွက် နောင်တရမိသည်။ တစ်ကယ်လို့သာ သူမ သူ့ကို ပိုပြီး ဂရုစိုက်ပေးခဲ့မည်ဆိုလျှင်။
"ကျွန်မ ရှင့်ခေါင်းကို နှိပ်ပေးရမလား" အိုင်ဗီ အကြာကြီး စဉ်းစားပြီးနောက် သူမ တတ်နိုင်သည့် တစ်ခုတည်းသော ဖြေရှင်းနည်းကို အကြံပြုလိုက်သည်။
သို့သော် ဆိုင်းလပ်စ်က ခေါင်းခါပြကာ ခါးသပ်သပ် အပြုံးဖြင့် ပြန်ပြောကာ
"မလိုပါဘူး၊ အဲ့ဒါနဲ့လည်း ထူးခြားလာမှာ မဟုတ်ဘူး"
အိုင်ဗီလည်း စိတ်ပျက်ကာ စိုးရိမ်ပူပန်မှုတို့ကြောင့် စိတ်မကောင်း ဖြစ်သွားရသည်။ ဆိုင်းလပ်စ်က ဆက်ပြောလိုက်သည့် အခါတွင်မှ သူမ၏ စိတ်ကလေး ပြန်လည် ကြည်လင်သွားရသည်။
"ဒါပေမဲ့ တခြား နည်းလမ်းတစ်ခုတော့ ရှိတယ်၊ မင်းက ကူညီဖို့ အဆင်ပြေမပြေတော့ ကိုယ် မသိဘူး"
"ကူညီမှာပေါ့၊ ပြောသာပြောပါ" အိုင်ဗီ၏ စိတ်ထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ ယခုအချိန်တွင် အနည်းငယ်မျှသော အကူအညီကပင် ဆိုင်းလပ်စ်အတွက် များစွာ ထူးခြားသွားနိုင်တယ်လေ။
"ကိုယ် နောက်ဆုံးအကြိမ် ကောင်းကောင်း အိပ်ပျော်ခဲ့တာက..." သူသည် သူမကို တစ်ချက် ကြည့်လိုက်ရာ အိုင်ဗီ၏ နှလုံးခုန်သံများ ပိုမို ကျယ်လောင်လာသည်။ "...မင်းနဲ့အတူ အိပ်ခဲ့တဲ့ အချိန်ကပဲ"
အိုင်ဗီက ဆိုင်းလပ်စ်၏ စကားကို နားလည်အောင် လေးမိနစ်ခန့် အချိန်ယူ စဉ်းစားလိုက်ရပြီးနောက် နှုတ်ခမ်း လေးကိုက်ကာ မေးလိုက်သည်။
"ရှင် ကျွန်မကို သီချင်းဆိုပြီး သိပ်ပေးစေချင်တာလား"
သူမ စကားလမ်းကြောင်းကို လွှဲရန် ကြိုးစားလိုက်သော်လည်း ဆိုင်းလပ်စ်၏ ခါးသပ်သပ် ရယ်သံကြောင့် တွန့်ခနဲ ဖြစ်သွားရသည်။
"ကိုယ် ထင်သားပဲ" သူသည် သူတို့နှစ်ဦးသာ ကြားနိုင်သော အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"ကိုယ် လောဘကြီးမိတာပါ၊ ကိုယ် ဘယ်လောက်ပဲ ခံစားနေရပါစေ မင်းနဲ့မှ မဆိုင်တာ၊ ပြီးတော့ မင်းဘေးမှာ အိပ်ရတာက မင်းအတွက်လည်း တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းမှာပေါ့"
အိုင်ဗီသည် ခေါင်းခါလိုက်ပြီး စိတ်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ "မဟုတ်ပါဘူး... အဲ့ဒီလို မဟုတ်..."
ဆိုင်းလပ်စ်က လက်ကိုမြှောက်ကာ တားလိုက်ပြီး တည်ငြိမ်သွားအောင် အတင်းအကျပ် ကြိုးစားလိုက်ရသည်။ "ရပါတယ် အိုင်ဗီ၊ ကိုယ် နားလည်ပါတယ်"
ထို့နောက် သူ လှည့်ထွက်သွားပြီး ဟင်းဆက်ချက်နေတော့သည်။
တကယ်လို့သာ ဟင်နရီ ဒီနေရာမှာ ရှိနေခဲ့ရင် ဆိုင်းလပ်စ်၏ သရုပ်ဆောင်ချက်ကို မတ်တပ်ရပ်ပြီး လက်ခုပ်တီး ချီးကျူးမိမှာ အသေအချာပါပဲ။
***