သူ့ရဲ့ တိတ်ဆိတ်ငြိမ်သက်မှုက အိုင်ဗီ့ ရင်ကို ထိုးနှက်နေသကဲ့သို့ ခံစားရသည်။ တစ်ခါတစ်ရံမှာ အလိုက်သိလွန်းတဲ့ ကလေးတွေက ပိုပြီး သနားစရာကောင်းတယ်။ ဆိုင်းလပ်စ်ရဲ့ အလိုက်သိလှတဲ့ ပုံစံကြောင့် အိုင်ဗီ သူမကိုယ်သူမ လူမဆန်သူတစ်ဦးကဲ့သို့ပင် ထင်မှတ်လာမိသည်။
နင်ကလည်း အ အပဲ၊ သူက နင့်ဘေးမှာ အိပ်ချင်ရုံတင် ပြောတာကို၊ ဒါက အရမ်းလွန်သွားတဲ့ တောင်းဆိုမှု မဟုတ်ပါဘူးဟာ သူမရဲ့ စိတ်ထဲမှ အသံက သူမကို ကျိန်ဆဲနေတော့သည်။
သူမ နှုတ်ခမ်းလေးကိုက်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး သတ္တိမွေးရင်း ဆိုင်းလပ်စ်ရဲ့ အင်္ကျီလက်ကို ဆွဲလိုက်သည်။
သူ သူမကို အာရုံစိုက်လာသည့်အခါ အိုင်ဗီက မျက်လုံးကို စုံမှိတ်ကာ စကားလုံးများကို အမြန်ပင် ပြောချလိုက်တော့သည်။
"ကျွန်မဒီနေ့ကစပြီးရှင့်အခန်းထဲမှာပဲလာအိပ်မယ်"
"ဘယ်လို ပြောလိုက်တယ်" အိုင်ဗီ၏ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာသော စကားလုံးများကို ဆိုင်းလပ်စ် နားမလည်နိုင်ဘဲ မေးလိုက်သည်။
အိုင်ဗီ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး နှုတ်ခမ်းကို ကိုက်ကာ ပြန်ပြောလိုက်ရသည်။ "ဒီနေ့ကစပြီး ရှင့်အခန်းထဲမှာပဲ ကျွန်မ လာအိပ်ပါ့မယ်လို့"
ထိုစကားကြောင့် ဆိုင်းလပ်စ်၏ စိတ်ထဲတွင် တစ်ခုခု ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ အိုင်ဗီက သဘောတူလိုက်တာလား။ ဒီလောက် လွယ်လွယ်လေးနဲ့လေ။ သူမဆီက 'ဟုတ်ကဲ့' ဆိုတဲ့ အဖြေရဖို့ တစ်လ နှစ်လလောက် ဂျီတိုက်ရဦးမည်ဟု သူ မှန်းထားခဲ့သော်လည်း အခုတော့။
ဆိုင်းလပ်စ်ရဲ့ ရင်ထဲ ဝမ်းသာအားရမှုတို့ကြောင့် တုန်နေရသည်။ အိုင်ဗီ့ဆီက ထိုစကားကို ထပ်ခါထပ်ခါ ကြားချင်မိသော်လည်း နောက်တစ်ကြိမ် ထပ်မေးလိုက်လျှင် သူမ စိတ်ပြောင်းသွားမှာကိုလဲ သူ စိုးရိမ်မိသည်။
"ကောင်းပြီလေ၊ ဒါဆိုရင် မင်းရဲ့ အဝတ်အစားတွေနဲ့ အသုံးအဆောင် ပစ္စည်းအားလုံးကို ကိုယ့်အခန်းထဲ အခုပဲ ရွှေ့လိုက်တော့မယ်" ဆိုင်းလပ်စ်က မိုးရွာတုန်းရေခံလိုက်ဆိုသလို အခွင့်အရေးကို လက်လွှတ်မခံဘဲ အမြန်ပင် စီစဉ်တော့သည်။ ရလဒ်ကောင်းရဖို့ဆိုလျှင် ပြတ်သားဖို့ လိုတယ်လေ။
အိုင်ဗီဟ ဆိုင်းလပ်စ်ရဲ့ စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ "ဒါပေမဲ့... ရှင်ပြောတော့... ရှင့်ဘေးမှာ အိပ်ပေးရုံတင်ဆို... ဘာလို့ ကျွန်မ အဝတ်အစားတွေကိုပါ ရှင့်အခန်းထဲ ရွှေ့ရမှာလဲ"
ဆိုင်းလပ်စ်က ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်သည်။ "မင်း ကိုယ့်အခန်းထဲမှာ အိပ်ရင် နိုးလာတဲ့အခါ ရေချိုးခန်း သုံးချင်တာမျိုး ရှိမှာပေါ့၊ အဲ့ဒီအခါ အဝတ်အစားလဲဖို့ မင်းအခန်းကို မင်း ပြန်သွားနေရရင် အလုပ်ရှုပ်နေမှာ စိုးလို့ပါ၊ ဒါကြောင့်..."
"မဖြစ်ဘူး" အိုင်ဗီက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ သူမရဲ့ ကံဆိုးမှုများက ဘယ်အချိန်မှာ ထဖောက်လာမလဲကို မသိနိုင်လို့ ဆိုင်းလပ်စ်နှင့် အနီးကပ် ရှိနေလျှင် သူ့ကိုပါ ထိခိုက်မည်ကို သူမ စိုးရိမ်မိသည်။
ဆိုင်းလပ်စ်လဲ စကားများများ ထပ်မပြောမိအောင် ထိန်းလိုက်သည်။ အိုင်ဗီက သူ့ကို ခြေတစ်လှမ်း အနီးကပ် ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် ကျန်နေသော ခရီးကို သူ ဖြည်းဖြည်းချင်း နီးကပ်သွားနိုင်အောင် လိမ္မာပါးနပ်စွာ ကြိုးစားရပေမည်။
အတွေးများထဲ သာယာရင်း သူ သဘောတူလိုက်သည်။ "ကောင်းပြီ၊ မင်း စိတ်မသက်မသာ ဖြစ်မယ်ဆိုရင် ကိုယ် အတင်းအကျပ် မလုပ်ပါဘူး၊ ဒါပေမဲ့... ညတိုင်း ကိုယ့်ဆီ လာဖို့တော့ မမေ့နဲ့နော်၊ ကိုယ်က..."
သူသည် စကားကို အဆုံးထိ မပြောဘဲ ကိုယ်ကို အနည်းငယ် ယိုင်နဲ့ပြလိုက်ရာ အိုင်ဗီမှာ ထိတ်လန့်သွားပြီး ကတိပေးလိုက်တော့သည်။
"လာမှာပါ" သူမ၏ အသံတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး ဆိုင်းလပ်စ်ကိုလည်း တွဲကူပေးထားသည်။ သူရဲ့ နွေးတေးတေး အသက်ရှူသံများဟာ သူမ လည်ပင်းနားသို့ ကျရောက်လာသောအခါ သူမရဲ့ ပါးပြင်များ နီမြန်းလာရသည်။
ဆိုင်းလပ်စ်လဲ ကိုယ်ကို ပြန်တည့်ရန် ကြိုးစားလိုက်စဉ် သူ နွေးထွေးသော နှုတ်ခမ်းများက သူမရဲ့ နုနယ်သော ရွှေလည်တိုင်ကို မတော်တဆ နမ်းမိလိုက်သည်။ ထိုအခါ အိုင်ဗီ သူမရဲ့ နှုတ်ဖျားမှ ထွက်ပေါ်လာသော ညည်းညူသံကို မတားဆီးနိုင်ခဲ့ပေ။
"အွမ်းးး" ထိုသာယာသော ညည်းတွဲသံလေးဟာ တိတ်ဆိတ်နေသော ဧည့်ခန်းအတွင်း ပဲ့တင်ထပ်သွားရာ အိုင်ဗီမှာ အလွန်အမင်း ရှက်ရွံ့သွားပြီး မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလိုပဲ ရှက်သွေးများဖြာလျက်။
တောက်စ် ဘယ်လောက်တောင် ချိုလိုက်သလဲ၊ သူ့ရဲ့ ညည်းသံလေးလေးက ဒီထက်ပိုပြီး ကြားချင်မိတယ် သူ တွေးလိုက်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ထွက်ပြေးသွားသော အိုင်ဗီ၏ ကျောပြင်ကို ကြည့်နေမိသည်။
သူမကို လှမ်းတားပြီး ထိုအသံလေးက ဘယ်လောက်တောင် သာယာကြောင်းနှင့် သူ ဘယ်လောက် နှစ်သက်ကြောင်း ပြောပြချင်သော်လည်း ထိုသို့ပြောလိုက်လျှင် သူမ ပို၍ ရှက်သွားမည်ကို သူ သိနေသည်။
အခြားတစ်ဖက်တွင်မူ အိုင်ဗီသည် သူမကိုယ်သူမ ပြန်လည် ဆူပူနေမိသည်။
ဆိုင်းလပ်စ်ရှေ့မှာ အဲ့ဒီလို အသံမျိုး…အဲ့လိုအသံမျိုးဘယ်လိုလုပ် ထွက်သွားရတာလဲ၊ သူကတော့ ငါ့ကို တကယ်ပဲ အရှက်မရှိတဲ့ မိန်းကလေးလို့ ထင်သွားမှာ သေချာတယ်'
အောင့်သက်သက်နဲ့ မနက်စာ စားချိန် ပြီးဆုံးသွားပြီးနောက် သူတို့နှစ်ဦး အခန်းထဲမှ ထွက်လာခဲ့ကြသည်။ ဆိုင်းလပ်စ်ကသာ စကားလမ်းကြောင်းကို အစဖော်ပြီး ပုံမှန်အတိုင်း စကားပြောနေသော်လည်း အိုင်ဗီကမူ တိတ်ဆိတ်နေမိသည်။
အိုင်ဗီသည် ပုံမှန်အတိုင်း ဖြစ်အောင် အစွမ်းကုန် ကြိုးစားနေသော်လည်း သူမ သိသိသာသာကြီး ပုံစံပိက်နေသည်။ သူမရဲ့ ဖြူဝင်းသော အသားအရေကြောင့် နီမြန်းနေသော ပါးပြင်များမှာ ပို၍ ထင်ရှားနေသည်။
ဆိုင်းလပ်စ်က အပြင်ပန်းတွင် မပြသော်လည်း စိတ်ထဲမှာတော့ အတော်လေး ဘဝင်ခိုက်နေလေရဲ့။
ဒီနေ့တော့ သူမရဲ့ မျက်နှာလေးဟာ ရဲနေတယ်၊ မနက်ဖြန်ကျရင်တော့ သူမရဲ့ တစ်ကိုယ်လုံး ရဲတက်သွားအောင်... အို... ဘယ်လောက်တောင် လှလိုက်တဲ့ မြင်ကွင်းဖြစ်မလဲ။
တကယ်လို့သာ ဆိုင်းလပ်စ် ဘာတွေ တွေးနေသလဲဆိုတာကို အိုင်ဗီ သိသွားလျှင်တော့ သူမ သူ့ကို စိတ်ဆိုးမာန်ဆိုးဖြင့် မျက်နှာလွှဲထားမှာ သေချာပါသည်။
စစ်ရေးလေ့ကျင့်ကွင်းသို့ ရောက်သောအခါ ဆိုင်းလပ်စ်က သီးသန့် လေ့ကျင့်ရေးကွင်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာသို့ အိုင်ဗီ ဝင်လိုက်သည်နှင့် သူမ၏ အသက်ရှူသံများ ရပ်တန့်သွားရသည်။
ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ လွန်စွာ ဆွဲဆောင်မှု ရှိလှသည်။ စူးရှသော အစိမ်းရောင်မျက်ဝန်းများနှင့် ရွှေအိုရောင် ဆံနွယ်ပိုင်ရှင် အလှနတ်ဘုရားမတစ်ဦးသည် သူမ၏ ခြေကန်ချက်နှင့် လက်သီးထိုးချက်များကို လေ့ကျင့်နေသည်။
သူမ၏ မျက်နှာပေါ်မှ ချွေးစက်များက သူမကို ပို၍ တောက်ပစေပြီး ကြွက်သားအနည်းငယ်ရှိသော သွယ်လျသည့် ခန္ဓာကိုယ်မှာလည်း လျင်မြန်ဖြတ်လတ်စွာ လှုပ်ရှားနေသည်။
"တော်တော်လှတာပဲ" အိုင်ဗီ၏ နှုတ်ဖျားမှ စကားလုံးများ မရည်ရွယ်ဘဲ ထွက်ကျသွားရာ ထိုအလှပဂေးမှာ လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး ရောက်ရှိလာသူ နှစ်ဦးကို အာရုံစိုက်လာသည်။
တာလီယာက ဆိုင်းလပ်စ်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီး အိုင်ဗီရဲ့ တည်ရှိမှုကိုတော့ လုံးဝ လျစ်လျူရှုကာ ခုံတန်းဆီသို့ လျှောက်သွားပြီး သဘက်ကို ယူလိုက်သည်။
သူမ ချွေးများကို သုတ်ကာ အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက် ရေသောက်လိုက်သည်။
သူမ၏ အေးစက်တည်ငြိမ်သော ပုံစံကို ပြန်လည် ရရှိသွားသည့်အခါမှ မေးလိုက်သည်။
"ဘာကိစ္စလဲ" သူမက ဆိုင်းလပ်စ်ကို ကြည့်ပြီး မေးနေသော်လည်း ထိုမေးခွန်းမှာ အိုင်ဗီကို ရည်ရွယ်ခြင်း ဖြစ်သည်။
အိုင်ဗီက သူမအပေါ် ထားရှိသော တာလီယာ၏ အေးစက်မှုကို ကျင့်သားရနေပါပြီ။ ကိုယ့်ရဲ့ မောင်လေးအပေါ် အမြဲတမ်း အခွင့်အရေးယူတတ်သော မိန်းကလေးတစ်ယောက်ကို ဘယ်သူက ကြည်ဖြူမှာလဲ။
"ရှင့်ရဲ့ စေ့စပ်ထားတဲ့သူက တွေ့ဖို့ ပြောလာရင် ငြင်းလိုက်ပါ" အိုင်ဗီ့ စကားလုံးများမှာ တည်ငြိမ်အောင် အတင်းအကျပ် ထိန်းထားရသည်။
တာလီယာကို သူမ၏ စကားအား ယုံကြည်စေချင်သဖြင့် ထိုအေးစက်လှသော အလှပဂေးလေးရဲ့ ဖိအားများကြားတွင် သူမ အစွမ်းကုန် ကြိုးစားပြောဆိုလိုက်ခြင်းသာ။
လေထုမှာ ပို၍ လေးလံသွားပြီး တာလီယာက လှောင်ပြုံးဖြင့် ဆိုလိုက်သည်။
"ဘာလဲ၊ နင်က ငါ့ကိုပါ နင့်ရဲ့ မာယာတွေနဲ့ သိမ်းသွင်းဦးမလို့လား၊ ငါ့ကို ချစ်တဲ့သူကို လျစ်လျူရှုခိုင်းပြီး နင်ကတော့ သူ့ဆီကနေ အခွင့်အရေးပဲ ဆက်ယူနေမယ်ပေါ့ ဟုတ်လား"
အိုင်ဗီ၏ မျက်နှာ ဖြူဖျော့သွားပြီး ဆိုင်းလပ်စ်၏ မျက်နှာမှာမူ ခက်ထန်သွား တာလီယာကို ခပ်တင်းတင်း မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"တာလီယာ၊ စကားပြောတာ ဆင်ခြင်"
"နင်ကတော့ ခွေးတစ်ကောင်လို လာဟောင်မနေနဲ့" တာလီယာက ဆိုင်းလပ်စ်ကို ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။ "ဒီမိန်းကလေးကို စွန့်လွှတ်ဖို့ နင့်ကို ငါ ပြောခဲ့တာ ကြာလှပြီ၊ ငယ်ငယ်ကတည်းက သူက ပြဿနာတွေပဲ ပေးနေတာ..."
"တော်တော့" ဆိုင်းလပ်စ်က ဟိန်းဟောက်လိုက်သည်။ အိုင်ဗီနှင့် ပတ်သက်ပြီး မကောင်းပြောသည်ကို သူ ဘယ်လိုမှ သည်းမခံနိုင်ပေ။
တာလီယာက မျက်လုံးလှန်ပြလိုက်ကာ အိုင်ဗီ ငိုတော့မည်ဟု မျှော်လင့်ပြီး ကြည့်လိုက်သော်လည်း အိုင်ဗီမှာ တိတ်ဆိတ်နေဆဲပင်။ သူမက တာလီယာကို အမှန်တရားအား လက်ခံထားသူတစ်ဦးကဲ့သို့ စိုက်ကြည့်နေသည်။
"ဘာလဲ၊ နောက်မှ သွားငိုပြဖို့ ကြံနေတာလား၊ အိုင်ဗီ၊ တစ်ခါတစ်လေကျရင် နင့်ကို ငါ တကယ်ပဲ ရွံတယ်..."
"တောင်းပန်ပါတယ်" အိုင်ဗီက စကားဖြတ်ပြောလိုက်သည်။ သူမ၏ လေသံမှာ တည်ငြိမ်နေသည်။ ထိုသို့ ရုတ်တရက် တောင်းပန်မှုကြောင့် တာလီယာ အံ့အားသင့်သွားပြီး ပြန်လည် မချေပနိုင်ခင်မှာပင် အိုင်ဗီက ဆက်ပြောလိုက်သည်။
"ရှင် ကျွန်မကို ရွံတယ်ဆိုတာ သိပါတယ်၊ အဲ့ဒီအတွက်လည်း ရှင့်ကို ကျွန်မ အပြစ်မတင်ပါဘူး"
***