"ကျွန်မသာ ရှင့်နေရာမှာဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ရွံရှာမိမှာပဲ" အိုင်ဗီ၏ စကားသံဟာ တိတ်ဆိတ်ငြိမ်သက်နေသော လေ့ကျင့်ရေးကွင်းအတွင်း ပဲ့တင်ထပ်သွားပြီး လေထုကို ပိုမို တင်းမာသွားစေသည်။
"အိုင်ဗီ၊ မင်း အဲ့ဒီလိုမျိုး..." ဆိုင်းလပ်စ်က စကားစလိုက်သော်လည်း စက်ရုပ်တစ်ရုပ်ကဲ့သို့ အေးစက်တည်ငြိမ်စွာ ဆက်ပြောနေသော အိုင်ဗီကြောင့် စကားရပ်တန့်သွားရသည်။
"ရှင် စိုးရိမ်တာကို ကျွန်မ နားလည်ပါတယ်၊ ကျွန်မက သူ့ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပေမဲ့ ရာဗင်ခရော့ဖ် မိသားစုက သူ့ကို အ အတစ်ယောက်လို အခွင့်အရေးယူနေတာကိုတော့ ဒီအတိုင်း ကြည့်နေခဲ့မိတယ်၊ သူ့ကို နာကျင်စေဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေမဲ့ နောက်ဆုံးတော့ ကျွန်မရဲ့ မိုက်မဲမှုတွေကပဲ သူ့ကို ဒုက္ခပေးခဲ့တာပါ"
ဆိုင်းလပ်စ်၏ ပူနွေးစေးကပ်သော သွေးစက်များရဲ့ အထိအတွေ့ကို အိုင်ဗီ့ စိတ်ထဲမှာ ဖျောက်ဖျက်မရသော အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။
တခြားသူတွေက သူမကို အရေးမစိုက်ဘဲ ပစ်ထားခြင်းကို သူမ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါ။ သို့သော် အခန်းထဲတွင် သူမ တစ်ယောက်တည်း ရှိနေသည့် အချိန်တိုင်း၊ သူမနောက်သို့ အမြဲတစေ လိုက်ပါခဲ့ဖူးသော ကလေးငယ်တစ်ဦးကို သတိရမိစမြဲ ဖြစ်သည်။
ငယ်စဉ်ဘဝမှသည် ဆယ်ကျော်သက်၊ အ့ကနေ အရွယ်ရောက်သည်အထိ သူဟာ သူမကဲ့ အနားမှာ အမြဲရှိနေခဲ့သည်။ သူမကို အလွန်အမင်း ချစ်မြတ်နိုးခဲ့သည်။ သူဟာ လူအများအတွက် မျှော်လင့်ချက် အလင်းတန်း ဖြစ်ခဲ့သော်လည်း သူကိုယ်တိုင်ကမူ သူမ၏ အချစ်ကို ရရှိရန်သာ မျှော်လင့်ခဲ့သူ ဖြစ်သည်။
ထက်မြက်တယ်။ ပါရမီ ရှိတယ်။ စွမ်ူဆောင်နိုင်တယ်။ အုပ်ချုပ်သူတစ်ဦးရဲ့ ပြည့်စုံသော ပုံစံမျိုး ရှိသည်။ သို့သော် သူ ဘယ်လို သေဆုံးသွားခဲ့ရတာလဲ။ သူမရဲ့မိုက်မဲမှုကြောင့်ပဲ။
အမှောင်ထုက သူမကို ဝန်းရံထားချိန်မှာ သူ့ကို လွမ်းမိတိုင်း၊ သူမသာ အသိတရား ရှိခဲ့မည်ဆိုလျှင် အရာအားလုံးက ဘယ်လို ဖြစ်လာမလဲဟု တွေးနေမိတတ်သည်။
သူ အသက်ရှင်နေနိုင်လောက်သလို၊ သူ့မိသားစုလည်း ပျော်ရွင်နေလိမ့်မည်။
သူတို့နှစ်ဦးမှာလည်း ပျော်ရွှင်စရာကောင်းသော စုံတွဲတစ်တွဲ ဖြစ်နေနိုင်သလို၊ ဘလက်သွန်း မိသားစုသည်လည်း ယခုကဲ့သို့ အထီးကျန်စွာနှင့် ဆင်းရဲဒုက္ခများစွာကို ခံစားရမည် မဟုတ်ပေ။
သူမကို အနာကျင်စေဆုံး အချက်က ဘလက်သွန်း မိသားစုရဲ့ လက်ခံပေးမှုပင် ဖြစ်သည်။ သူတို့သည် အိုင်ဗီ့ကို အပြစ်တင်ရန် တစ်ခါမှ ရောက်မလာခဲ့ကြ။
ဖရီယာက သူမကို အပြစ်တင်ခဲ့သော်လည်း နောက်ဆုံးတွင် သူမသည်ပင် အိုင်ဗီ့၏ အမှားမဟုတ်ကြောင်း လက်ခံသည့် စာတစ်စောင် ချန်ထားခဲ့သည်။
ဒါဟာ သူမရဲ့ အမှားဆိုတာ ထင်ရှားနေသော်လည်း သူတို့က သူမကို မဆူပူရက်ကြပေ။ အကြောင်းမှာ ထိုသို့ပြုမူခြင်းသည် ဆိုင်းလပ်စ် အလိုရှိသောအရာ ဖြစ်ကြောင်း သူတို့ နားလည်ထားသောကြောင့် ဖြစ်သည်။
သူမ သူတို့ကို တောင်းပန်ရန်နှင့် ရှင်းပြရန် အကြွေးတင်နေခဲ့သည်။ သူတို့ရဲ့ အသက်များအတွက်လည်း အကြွေးတင်နေခဲ့သလို သူတို့၏ ဒေါသကို ခံယူရန်မှာ သူမ၏ တာဝန်သာ ဖြစ်သည်။
"တာလီယာ၊ ကျွန်မ တောင်းပန်ပါတယ်၊ နောက်နောင်မှာ ဆိုင်းလပ်စ်က ကျွန်မကြောင့် ဘယ်တော့မှ အန္တရာယ် မကြုံစေရဘူးလို့ ကတိပေးပါတယ်၊ သူ့ကို ကျွန်မကိုယ်တိုင် ကာကွယ်သွားမှာပါ" အိုင်ဗီ၏ အသံမှာ သာမန်စကား ပြောနေသကဲ့သို့ပင် တည်ငြိမ်နေသည်။
တာလီယာသည် အိုင်ဗီကို စိုက်ကြည့်နေပြီးနောက် လှောင်ပြောင်သရော်သည့် ရယ်သံများ ထွက်ပေါ်လာတော့သည်။
"ဟားဟား၊ ဟားဟား"
"တာလီယာ" ဆိုင်းလပ်စ်က တားရန် ကြိုးစားသော်လည်း တာလီယာက ဂရုမစိုက်ဘဲ ဆက်၍ ရယ်မောနေသည်။
ထို့နောက် ရယ်သံများ ရုတ်တရက် ရပ်တန့်သွားပြီး အိုင်ဗီကို လှောင်ပြောင်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဟိုး … အိုင်ဗီ၊ နင်က အခုတော့ စိတ်ပညာ လေးနဲ့ပ့ ကစားတတ်နေပြီပေါ့၊ တကယ့်ကို ပါးနပ်တဲ့ လုပ်ရပ်ပဲ"
"ကျွန်မ ဘာဂိမ်းမှ မကစားနေဘူး" အိုင်ဗီက တည်ငြိမ်သော်လည်း စူးရှသော လေသံဖြင့် ပြန်ပြောလိုက်သည်။
သို့သော် တာလီယာက သူမ စကားကို မကြားသကဲ့သို့ပင် ပို၍ ကျယ်လောင်စွာ ဆက်ပြောနေတော့သည်။ "ဟင်း... ဒီတစ်ခါရော နင်က ဘာကို မျက်စိကျနေပြန်တာလဲ၊ ဆိုင်းလပ်စ်ဆီက ရိက္ခာတွေလား၊ နင့်မှာ ရိက္ခာတွေ ကုန်နေပြီ မဟုတ်လား၊ ဒါမှမဟုတ် ကပ်ဘေးထဲမှာ နင့်ကို ကာကွယ်ပေးမယ့်သူ မရှိမှာ ကြောက်နေတာလား..."
"အိုင်ဗီ၊ သူ့ကို ဂရုမစိုက်နဲ့၊ သွားကြစို့" ဆိုင်းလပ်စ်က အိုင်ဗီ၏ လက်ကို ဆွဲကာ ထွက်သွားရန် ကြိုးစားသော်လည်း အိုင်ဗီက မရွေ့ဘဲ တာလီယာကိုသာ စိုက်ကြည့်နေသည်။
အိုင်ဗီ ထွက်မသွားသည်ကို မြင်သောအခါ တာလီယာက လှောင်ပြုံးပြုံးလိုက်ပြန်သည်။ "ဘာလဲ၊ အစော်ကား ခံရတာကို မနာတတ်ဘူးလား၊ ဒါမှမဟုတ် နင်က အနှိပ်စက်ခံရတာကို သဘောကျတဲ့သူလား"
"ရှင်က ရှင့်မောင်လေးကို ကျွန်မက အသုံးမချတော့မှာ စိုးရိမ်နေတာပဲ"
တာလီယာ၏ စကားထဲမှ ဆိုလိုရင်းကို အိုင်ဗီက လွယ်လွယ်ကူကူပင် ဖော်ထုတ်လိုက်သည်။
တာလီယာ၏ မျက်နှာထက်မှ အပြုံးများ တောင့်တင်းသွားပြီး ဆိုင်းလပ်စ်ပင် မှင်သက်သွားရသည်။ အိုင်ဗီက ဆက်ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ စစ်တပ်တစ်ခုလုံးကို ရေသတ္တဝါတွေရော အသားတွေနဲ့ နေ့တိုင်း ကျွေးမွေးရင်တောင် နောက်ထပ် ဆယ်စုနှစ်တစ်ခုစာလောက် လောက်ငတဲ့ ရိက္ခာတွေ ကျွန်မမှာ ရှိတယ်"
တာလီယာ၏ မျက်နှာထက်မှ အပြုံးများ လုံးဝ ပျောက်ကွယ်သွားပြီး ခါးသီးလှသော အသံဖြင့် မေးလိုက်သည်။
"ဘာလဲ၊ ဒါဆိုရင် ဒီတစ်ခါ နင် ဘာကို လိုချင်နေတာလဲ၊ ပိုက်ဆံလား၊ ရွှေလား၊ ကာကွယ်မှုလား၊ အာဏာလား"
"ဘယ်ဟာမှ မဟုတ်ဘူး" အိုင်ဗီက ခေါင်းခါပြလိုက်သည်။ "ကျွန်မ တင်နေတဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ လာတာပါ၊ တာလီယာ၊ စစ်တပ်ဝင်းထဲကနေ အပြင်မထွက်ပါနဲ့၊ မကြာခင်မှာ ရှင့်ရဲ့ ဒုတိယမြောက် စွမ်းအားက နိုးထလာတော့မှာ၊ အဲ့ဒီအချိန်မှာ ရှင်က အရမ်းကို အားနည်းနေလိမ့်မယ်၊ အဲ့ဒီအချိန်က ရှင့်ရဲ့ စေ့စပ်ထားသူက တွေ့ဖို့ ခေါ်တဲ့ အချိန်နဲ့လည်း သွားတိုက်ဆိုင်နေလိမ့်မယ်"
တိတ်ဆိတ်မှုက ကြာရှည်စွာ လွှမ်းမိုးသွားပြီးနောက် တာလီယာက စိန်ခေါ်သည့် လေသံဖြင့် မေးလိုက်သည်။
"တကယ်လို့ ငါက အပြင်ထွက်ခဲ့ရင်ရော ဘာဖြစ်မလဲ"
အိုင်ဗီ၏ မျက်မှောင်များ ကြုတ်သွားစဉ် ဆိုင်းလပ်စ်က ဝင်၍ ဆူလိုက်သည်။
"တာလီယာ၊ အရမ်း လွန်မလာနဲ့၊ သူက နင့်ကောင်းကျိုးအတွက် ပြောနေတာ၊ နားထောင်လိုက်ပါ"
"ငါလည်း နင့်ကောင်းကျိုးအတွက် ဒီမိန်းကလေးနဲ့ ဝေးဝေးနေဖို့ ပြောခဲ့တာပဲလေ" တာလီယာက စူးစူးဝါးဝါး ပြန်ပြောလိုက်သည်။ "နင်တောင် ငါ့စကားကို မနားထောင်တာ၊ ငါက ဘာလို့ နားထောင်ရမှာလဲ"
ပထမဆုံးအကြိမ်အဖြစ် ဆိုင်းလပ်စ်ဟာ စိတ်ပျက်အားလျော့မှုကို ခံစားလိုက်ရသည်။
သူသည် တာလီယာအတွက် စိုးရိမ်နေသော်လည်း သူမကို နားထောင်လာအောင် အတင်းအကျပ် မလုပ်နိုင်ပေ။
ထိုအချိန်တွင် တာလီယာသည်လည်း တစ်လျှောက်လုံး ဘယ်လို ခံစားခဲ့ရမည်ကို ရုတ်တရက် နားလည်သွားပြီး သူ၏ စိတ်ထဲတွင် အပြစ်မကင်းသလို ဖြစ်သွားရသည်။
အိုင်ဗီကို ချစ်မြတ်နိုးမိခြင်းကြောင့် မဟုတ်ဘဲ တာလီယာကို လျစ်လျူရှုခဲ့မိခြင်းကြောင့်ပင် ဖြစ်သည်။
"အစ်မ စစ်တပ်ဝင်းထဲမှာ နေဖို့အတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ" သူက စိုးရိမ်တကြီး မေးလိုက်ရာ တာလီယာ ခဏတာ တုံ့ဆိုင်းသွားသည်။
သူက ဘာလို့ အိုင်ဗီ့စကားကို နားမထောင်ရင် လောကကြီးတစ်ခုလုံး ပျက်စီးတော့မယ့်အတိုင်း လုပ်နေရတာလဲ၊ သူ မှန်ခဲ့တာ အန်ကယ်စတီဖင် ကိစ္စ တစ်ခုပဲ ရှိတာလေ၊ ဒါတွေအားလုံးက အိုင်ဗီက ကြိုတင် စီစဉ်ထားပြီး သူ့ကို ထပ်ပြီး လှည့်စားဖို့အတွက် အနာဂတ်ကို မြင်သယောင် ဟန်ဆောင်နေတာဆိုရင်ရော သူ မစဉ်းစားမိဘူးလား။
သို့သော်လည်း သူမအပေါ် ဂရုစိုက်လှသော မောင်ဖြစ်သူ၏ လုပ်ရပ်ကြောင့် သူမ၏ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
သူမ၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်လိုက်ပြီး အိုင်ဗီ့ဘက်သို့ လှည့်ကာ တွေးလိုက်သည်။
သူ ပြောင်းလဲသွားပုံပဲ၊ ဒါပေမဲ့ သူ့ကို ကျွန်မ မယုံကြည်နိုင်သေးဘူး၊ သူ့မကို ငါ့မောင်လေးနဲ့ ခွဲထားတာ ပိုကောင်းလိမ့်မယ်၊ အခုခေတ်ရဲ့ ရက်စက်လှတဲ့ လက်တွေ့ဘဝနဲ့ ရင်ဆိုင်လိုက်ရရင် သူကတော့ ကြောက်လန့်ပြီး သူ့ရဲ့ အကြံအစည်တွေကို လက်လျှော့သွားမှာပဲ
"နင် မဟုတ်ဘူး" တာလီယာက ပြုံးလိုက်သော်လည်း သူမ၏ မျက်ဝန်းများက အိုင်ဗီကိုသာ စိုက်ကြည့်နေသည်။
"သူပဲ၊ ဟိုးအရင်တုန်းက အိုင်ဗီက ပါတီပွဲတက်ချင်လို့ဆိုပြီး အိုင်စလာက ဆိုင်းလပ်စ်ကို တစ်နာရီကြာအောင် ဒူးထောက်ခိုင်းခဲ့ဖူးတယ်၊ သူလည်း ဒူးထောက်ခဲ့တာပဲ၊ အခုတော့... အဲ့ဒီ အပြစ်ကို ပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ”
ဒီ ကောင်မလေးကတော့ ကျိန်းသေပေါက် ငြင်းမှာပဲ၊ ပိုဆိုးရင် ငိုတောင် ငိုဦးမယ်။
"မဖြစ်ဘူး" ဆိုင်းလပ်စ်က ကန့်ကွက်လိုက်သည်။
"ကျွန်မ သဘောတူပါတယ်" အိုင်ဗီ၏ အသံက ဆိုင်းလပ်စ်ထက် ပို၍ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"စည်းကမ်းချက်က ဘာလဲ"
တာလီယာက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "ရိုးရိုးလေးပါ၊ အခု ဆင့်ကဲ့ပြောင်းလဲလာတဲ့ ဇမ်ဘီတွေရဲ့ ကိုယ်ထဲမှာ အမြူတေတွေ ရှိနေတယ်လို့ ငါ ကြားတယ်၊ အဲ့ဒါ အခု ၁၀၀၀ လိုချင်တယ်၊ နင်ကိုယ်တိုင် သွားသတ်ပြီး ခုနစ်ရက်အတွင်း ယူလာပေးနိုင်ရင်၊ တခြားသူဆီက မဝယ်ဘဲ နင်ကိုယ်တိုင် လုပ်နိုင်ရင်၊ ငါ နင့်စကားကို နားထောင်ပြီး ဒီနေရာကနေ မထွက်သွားဘဲ နေပေးမယ်"
***