ဆိုင်းလပ်စ် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် ကန့်ကွက်လိုက်သည်။
"မဖြစ်ဘူး"
"ကောင်းပြီလေ" အိုင်ဗီက သဘောတူလိုက်ပြီးနောက် ခဏနားကာ စည်းကမ်းချက်တစ်ခု ထပ်တိုးလိုက်သည်။
"ကျွန်မ အမြူတေ ၂၀၀၀ ရှာပေးမယ်၊ အဲ့ဒီအစား ရှင့်ရဲ့ စေ့စပ်ထားသူနဲ့ လမ်းခွဲရမယ်"
တာလီယာသည် သူမ၏ မျက်ဝန်းများကို ကျဉ်းမြောင်းသွကာ အေးစက်သော အပြုံးဖြင့် တုံ့ပြန်သည်။ "မလိုပါဘူး၊ အမြူတေ ၁၀၀၀ ပဲ ပေး၊ နင်မလိုလားမချင်း ငါ သူ့ကို သွားမတွေ့ဘူး၊ ဒါပေမဲ့ စေ့စပ်ထားတာကိုတော့ ဖျက်မှာမဟုတ်ဘူး"
အိုင်ဗီသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ အချို့သောအရာများကို အလောတကြီး လုပ်၍မရမှန်း သူမ သိသည်၊ ထို့ကြောင့် ခေါင်းညိတ်လက်ခံလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်တော့သည်။
အမျိုးသမီးငယ်နှစ်ဦး၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသော ဆိုင်းလပ်စ်မှာ မျက်မှောင်ကြုတ်လျက် ကြားဖြတ်ပြောဆိုရန် ကြိုးစားပြန်သည်။
"အမြူတေ ၁၀၀၀ ဆိုတာ အရမ်းများလွန်း..."
"ပါးစပ်ပိတ်ထားစမ်း" တာလီယာက အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဟောက်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် စိတ်ပျက်အားလျော့မှုများ အထင်းသား ပေါ်လွင်နေပြီး ၎င်းမှာ ဆိုင်းလပ်စ်အပေါ် သူမ၏ သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်ကြောင်း သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
အိုင်ဗီ ထွက်ခွာသွားသည်ကို မြင်သောအခါ ဆိုင်းလပ်စ်မှာလည်း သူမနောက်သို့ လိုက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ တာလီယာသည် ထိုနှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"အိုင်ဗီက ဘာလို့ ငါ့ကို စစ်တပ်ဝင်းထဲမှာပဲ နေစေချင်နေရတာလဲ။ ရာဗင်ခရော့ဖ် မိသားစုက တစ်ခုခု ကြံစည်နေတာလား။ မဖြစ်နိုင်တာ... ငါကတော့ သူတို့ လာလုပ်သမျှ ငုတ်တုတ်ထိုင်ကြည့်နေမှာ မဟုတ်ဘူး"
သူမ သံသယလွန်ကဲသည်ဟု ဆိုနိုင်သော်လည်း အိုင်ဗီ့ကိုတော့ လုံးဝ မယုံကြည်ပေ။ မိသားစုမေတ္တာကို အကန်းလိာ ယုံကြည်ပြီး လိုက်ဆည်းကပ်နေခဲ့သော မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ရုတ်တရက် အသိတရား ရလာပါ့မလဲ။
တစ်ခုခုတော့ မှားနေပြီ။
တာလီယာ စဉ်းစားနေစဉ်မှာပင် စစ်ရေးလေ့ကျင့်ကွင်းအတွင်း ကြေညာချက်တစ်ခု ထွက်ပေါ်လာသည်။
"တပ်ခွဲမှူးများ၊ ဗိုလ်မှူးများနှင့် ဗိုလ်ချုပ်များအားလုံး အစည်းအဝေးခန်းမသို့ ကြွရောက်ပေးပါရန် အကြောင်းကြားအပ်ပါသည်"
တာလီယာ၏ မျက်နှာထား တင်းမာသွားပြီး ၅ မိနစ်အတွင်း အစည်းအဝေးခန်းမသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သူမ၏ ဖခင်၊ စတီဖင်၊ ဖရန့်ခ်၊ ဂျိုးဆက်၊ ဆိုင်းလပ်စ်နှင့် အခြားသော အရာရှိအချို့ကို တွေ့လိုက်ရသည်။
အားလုံး၏ မျက်နှာများမှာ တည်တင်းနေပြီး လေထုမှာလည်း ဖိအားများဖြင့် ပြည့်နှက်နေသည်။
တာလီယာ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဒန်တေး ဦးဆောင်သော ဆွေးနွေးပွဲ စတင်တော့သည်။
"တခြား မြို့တွေက ဒုက္ခသည်တွေဟာ ဂေါ့သမ်မြို့ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာနေကြပြီ။ အခု အခြေအနေအတိုင်းသာ စနစ်တကျ မစီမံနိုင်ရင် လူအုပ်ပိပြီး သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်။ လမ်းပေါ်မှာ ပစ်ထားခဲ့တဲ့ ကားတွေကြောင့်လည်း လမ်းပိတ်ဆို့မှုတွေ ဖြစ်နေသလို ဇမ်ဘီ ဖြစ်ပွားနှုန်းကလည်း တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုများလာနေတယ်"
ဒန်တေး၏ စကားကြောင့် တက်ရောက်လာသူအားလုံး၏ မျက်နှာများ ပို၍ ပျက်သွားကြသည်။ ဒန်တေးသည် အချိန်မီ မဖြေရှင်းနိုင်ပါက ပြည်သူများကြား ရုန်းရင်းဆန်ခတ် ဖြစ်လာနိုင်သည့် အရေးကြီးသော ပြဿနာများကို စာရင်းပြုစု တင်ပြလိုက်သည်။
"အထက်လူကြီးတွေကတော့ အဲ့ဒီ ဒုက္ခသည်တွေအတွက် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ပေးဖို့နဲ့ သူတို့အတွက် ရှင်သန်နေထိုင်နည်း စနစ်တစ်ခု ချမှတ်ပေးဖို့ အမိန့်ပေးထားတယ်" ဟု ဒန်တေး၏ အသံက အစည်းအဝေးခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။
"ဒါပေမဲ့ ဗိုလ်ချုပ်ဒန်တေး ၊ အခြေစိုက်စခန်း တည်ဆောက်ဖို့ဆိုတာ ငွေအင်အားနဲ့ လူအင်အား အများကြီး လိုအပ်ပါတယ်။ အခု လူအင်အား အများစုက ဇမ်ဘီတွေကို ရှင်းလင်းတဲ့ လုပ်ငန်းတွေမှာ အသုံးပြုနေရတာပါ" ဟု ဗိုလ်ချုပ် ကောနတ်က သူ၏ စိုးရိမ်မှုကို တင်ပြလိုက်သည်။
သူ၏ အညိုရောင်ဆံပင်များကြားတွင် ငွေရောင်ဆံပင်အချို့ ရောနှောနေခြင်းက သူ၏ ဝါရင့်မှုနှင့် ပညာရှိမှုကို ဖော်ပြနေသကဲ့သို့ပင်။
ဒန်တေးက သူ၏ သစ္စာအရှိဆုံး လက်အောက်ငယ်သားကို စိတ်ရှည်စွာ ပြန်လည် ဖြေကြားလိုက်သည်။
"အဲ့ဒီ လုပ်ငန်းစဉ်မှာ သုံးနေတဲ့ လူအင်အားကို ကျွန်တော်တို့ လျှော့ချပါ့မယ်။ အခုအချိန်အထိ ကျွန်တော်တို့ ကယ်တင်ထားတဲ့ အသက်ရှင်ကျန်ရသူတွေအားလုံးဟာ ယာယီစခန်းမှာ နေထိုင်နေကြရတာပါ။
ကျွန်တော်ရရှိထားတဲ့ အစီရင်ခံစာအရ အဲ့ဒီလူတွေကြားမှာ တိုင်ဖွိုက်အဖျားရောဂါတွေ စတင် ကူးစက်နေပြီလို့ သိရတယ်။ အဲ့ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော်တို့ ကြိုးစားသမျှ အချည်းနှီး ဖြစ်ကုန်လိမ့်မယ်။ သူတို့တွေဟာ အဖျားနဲ့ သေဆုံးသွားပြီးတဲ့နောက်မှာ ဇမ်ဘီတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်"
"ဗိုလ်ချုပ်ဒန်တေး၊ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရတော့ အခြေစိုက်စခန်း မတည်ဆောက်သင့်ဘူးလို့ ထင်ပါတယ်။ ရိက္ခာ ထောက်ပံ့မှုက မလုံလောက်ပါဘူး" ဟု ဗိုလ်ချုပ် မေလာက ကြားဖြတ်ပြောဆိုလိုက်သည်။ သူ၏ အနက်ရောင် မျက်ဝန်းများတွင် တည်ကြည်မှုများ ယှက်သန်းနေသည်။
သူက လောဘကြီးသူ ဖြစ်သော်လည်း မျိုးချစ်စိတ်ရှိသူ တစ်ဦးဖြစ်ပြီး မိမိ၏ ကန့်သတ်ချက်ကို သိရှိသူ ဖြစ်သည်။
သို့သော် အခြေစိုက်စခန်း တည်ဆောက်ခြင်းသည် အလုပ်ရှုပ်လွန်းသလို စစ်တပ်၏ အရင်းအမြစ်များစွာ ကုန်ဆုံးသွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
"ဇမ်ဘီတွေကို အပြီးအပိုင် ရှင်းလင်းပစ်ဖို့ကိုပဲ အာရုံစိုက်တာက ပိုကောင်းပါလိမ့်မယ်"
စတီဖင်က ခေါင်းခါလိုက်ပြီး ပြန်လည် ချေပလိုက်သည်။
"ဗိုလ်ချုပ်မေလာ၊ အဲ့ဒီနေရာမှာ ခင်ဗျား မှားနေပြီ။ နိုင်ငံအတော်များများက စစ်တပ်တွေဟာ ဒီဇမ်ဘီတွေကို နှိမ်နင်းဖို့ ကြိုးစားနေကြပေမဲ့ ဘယ်သူမှ မအောင်မြင်သေးဘူး။ ဒါကြောင့် အခြေစိုက်စခန်း တည်ဆောက်ရေးကိုပဲ အာရုံစိုက်ကြရအောင်"
"ကျွန်တော်လည်း ဗိုလ်ချုပ်စတီဖင်ကို ထောက်ခံပါတယ်" ဟု ဆိုင်းလပ်စ်က ဝင်ပြောလိုက်သည်။ သူသည် တပ်ခွဲမှူး အဆင့်သာ ရှိသော်လည်း သူ၏ အောင်မြင်မှုများနှင့် ဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုများကြောင့် အထက်လူကြီးများ၏ ချီးကျူးမှုကို ရရှိထားသူ ဖြစ်သည်။
"သုံးလကြာအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာတောင် ဇမ်ဘီတွေ ကုန်ဆုံးသွားမယ့် လက္ခဏာ မတွေ့ရသေးဘူး။ ဒါကြောင့် အခြေစိုက်စခန်းတစ်ခု တည်ဆောက်တာက ပိုကောင်းပါလိမ့်မယ်။
ကျွန်တော်တို့အနေနဲ့ ဒီလက်တွေ့ဘဝသစ်ကို လက်ခံပြီး ကိုယ့်နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းကို အရင် ကာကွယ်ထားရမယ်။ အဲ့ဒီနောက်မှာမှ ဆုံးရှုံးသွားတာတွေကို ဘယ်လို ပြန်ရယူမလဲဆိုတဲ့ ဗျူဟာတွေကို ချမှတ်သင့်ပါတယ်"
ဖရန့်ခ်က မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။
"တပ်ခွဲမှူး ဆိုင်းလပ်စ်၊ မင်းက အဲ့ဒီလို ထောက်ခံနေပေမဲ့ ရိက္ခာ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရော ရှိလို့လား"
သူ၏ စူးရှသော စကားလုံးများကြောင့် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ စစ်တပ်အတွင်းရှိ အုပ်စုနှစ်စုကြား အားပြိုင်မှုကို လူတိုင်း သိကြသည်။
ဖရန့်ခ်၏ စကားများသည် ထောင်ချောက်တစ်ခု ဖြစ်သည်။ တကယ်လို့ ဆိုင်းလပ်စ်က ငြင်းဆိုလျှင် အခြေစိုက်စခန်း တည်ဆောက်ရေးကို လက်ခံရာ မရောက်တော့ပေ။ တကယ်လို့ လက်ခံလျှင်လည်း ဘလက်သွန်း မိသားစုသည် သူတို့၏ ကိုယ်ပိုင်ရိက္ခာများကို စခန်းအတွက် ထုတ်ပေးရပေလိမ့်မည်။
ဆိုင်းလပ်စ်သည် တုန်လှုပ်ခြင်းမရှိဘဲ ပြန်လည် ချေပလိုက်သည်။
"အဲ့ဒီလိုဆိုရင်တော့ ဗိုလ်ချုပ်ဖရန့်ခ်ရဲ့ အကြံပြုချက်အတိုင်းပဲ လုပ်ကြတာပေါ့။ သူကပဲ စစ်တပ်အတွက် လိုအပ်တဲ့ ရိက္ခာတွေကို ထောက်ပံ့ပေးလိမ့်မယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပုန်ကန်ဖို့ ဆုံးဖြတ်လိုက်တာကို အာဏာပိုင်တွေ သိသွားတာနဲ့ ကျွန်တော်တို့ဆီကို ပို့ပေးနေတဲ့ အနည်းငယ်သော ရိက္ခာတွေကိုတောင် ရပ်တန့်ပစ်မှာ မို့လို့ပါ"
ဘယ်သူက ထောင်ချောက် မဆင်တတ်လို့လဲ။ ဆိုင်းလပ်စ်က လူကို လှည့်စားရာတွင် ဆရာတစ်ဆူ ဖြစ်သည်။ စကားလုံး အနည်းငယ်ဖြင့်ပင် ဖရန့်ခ်၏ ထောင်ချောက်ကို သူ့ထံသို့ ပြန်လည် လွှင့်ပစ်လိုက်သည်။
ဒန်တေး၊ စတီဖင်၊ ကောနတ်နှင့် တာလီယာတို့မှာ ထွက်ပေါ်လာတော့မည့် အပြုံးများကို အတင်းအကျပ် ထိန်းထားရသည်။ ဤကောင်လေးသည် တခြားသူကို စကားထစ်သွားအောင် ပြောဆိုရာတွင် တကယ့်ကို ဆရာကျလှသည်။
ဖရန့်ခ်၏ မျက်နှာမှာ ခပ်ပြုံးပြုံးကနေ ရှော့ရသလို ဖြစ်သွားပြီးနောက် ဒေါသကို ထိန်းကာ ပြောလိုက်သည်။
"တပ်ခွဲမှူး ဆိုင်းလပ်စ်၊ မင်း ငါ့စကားကို နားလည်မှု လွဲနေပြီ။ ငါ့ရဲ့ တစ်ခုတည်းသော စိုးရိမ်မှုက ရိက္ခာ ပြဿနာပဲ"
"ဗိုလ်ချုပ်ဖရန့်ခ်၊ ဘယ်လောက်ပဲ ခက်ခဲ နေပါစေ ကျွန်တော်တို့ အမိန့်ကို လိုက်နာရလိမ့်မယ်။ အခု ရိက္ခာ အခြေအနေက ဘယ်လိုရှိလဲ။ သိုလှောင်ရုံထဲမှာ ဘယ်လောက် ကျန်သေးလဲ" ဟု ဒန်တေးက မေးလိုက်သည်။
ဗိုလ်ချုပ် ဂျဲနက်က ချက်ချင်းပင် ပြန်လည် ဖြေကြားသည်။
"အခု တိုးပွားလာနေတဲ့ လူဦးရေနဲ့ဆိုရင်တော့ နောက်ထပ် ၆ လထက် ပိုခံမှာ မဟုတ်ပါဘူး"
ခန်းမတစ်ခုလုံး စိတ်မကောင်းစရာ အခြေအနေ ဖြစ်သွားသည်။ ၆ လဆိုသည်မှာ ကြာရှည်သည်ဟု ထင်ရသော်လည်း တကယ့် ပြဿနာမှာ... ၆ လကုန်သွားလျှင် ဘာဆက်ဖြစ်မှာလဲ။
သူတို့က ကိုယ်တိုင်စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များကိုသာ အားကိုးရပေလိမ့်မည်။ ဒါပေမဲ့…
"အသီးအရွက် စိုက်ပျိုးမှု အခြေအနေကရော ဘယ်လိုရှိလဲ" ဟု ဒန်တေးက ဆက်လက် မေးမြန်းလိုက်သည်။
***