"ဗိုလ်ချုပ်ဒန်တေးကို ပြန်လည်တင်ပြရရင်တော့ အခြေအနေ မကောင်းပါဘူး၊ မျိုးစေ့တွေက အပင်တောင် မပေါက်ကြဘူး" ဂျဲနက်၏ မျက်နှာမှာ ပျက်နေပြီး ဟင်းသီးဟင်းရွက်ဟု ပြောလိုက်သည်နှင့် လွန်ခဲ့သော ၃ လအတွင်း သူမ ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ပြန်လည် သတိရသွားစေသည်။
ပြဿနာများက အမျိုးမျိုးရှိနေသည်။ မြစ်ရေများမှာ စတင်ညစ်ညမ်းလာပြီး သူတို့ စိုက်ပျိုးရေးအတွက် အသုံးပြုနေသော မြစ်ရေမှာလည်း နောက်ကျိကာ ဇမ်ဘီဗိုင်းရပ်စ်များ ကူးစက်ခံလိုက်ရသည်။
အသိဉာဏ်မရှိသော ဇမ်ဘီအမြောက်အမြား မြစ်ထဲသို့ ပြုတ်ကျရာမှတစ်ဆင့် မြစ်ရေကို ဗိုင်းရပ်စ်များဖြင့် တဖြည်းဖြည်း ညစ်ညမ်းစေခဲ့ခြင်း ဖြစ်သည်။
ရေအပြင် ရာသီဥတုကလည်း ရုတ်တရက် ပြောင်းလဲသွားသဖြင့် မျိုးစေ့များ အပင်မပေါက်နိုင်ကြပေ။ တစ်ခါတစ်ရံ ပူလွန်းပြီး တစ်ခါတစ်ရံ အလွန်အမင်း အေးစက်လှသည်။
မတည်ငြိမ်သော လေထုကြောင့် ဖန်လုံအိမ် ဆောက်ရန် ကြိုးစားခဲ့သော်လည်း ကမ္ဘာပျက်ကပ်အတွင်း ပစ္စည်းကိရိယာ ဝယ်ယူရသည်မှာ ရွှေတွင်းရှာရသည်ထက်ပင် ခက်ခဲနေပြန်သည်။
ဘယ်သူကမှ ရောင်းချရန် အဆင်မပြေကြဘဲ အထက်လူကြီးများကို အကြိမ်ကြိမ် တောင်းဆိုမှသာ ဖန်လုံအိမ် တစ်လုံးစာအတွက် ပစ္စည်းများကို မနည်းရရှိခဲ့ခြင်း ဖြစ်သည်။
ဤမျှလောက်အထိ ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း မျိုးစေ့များကတော့ လုံးဝ အပင်မပေါက်လာခဲ့ပေ။
ဒန်တေးသည် လက်ချောင်းများကို ယှက်ကာ တံတောင်ကို စားပွဲပေါ်တင်ပြီး နောက်ထပ် ဘာဆက်လုပ်ရမလဲဟု စဉ်းစားနေမိသည်။
သူနှင့် သူ့မိသားစုတွင် ရိက္ခာအချို့ သိုလှောင်ထားသော်လည်း သူတို့ပိုင်ဆိုင်တာတွေရဲ့ ၅၀ ရာခိုင်နှုန်းကို ထုတ်ပေးရင်တောင် စစ်တပ်နှင့် ဒုက္ခသည်များအတွက် ၂ လထက် ပိုခံမည် မဟုတ်ပေ။
"ကျွန်တော့်မှာ အကြံတစ်ခု ရှိပါတယ်" ဆိုင်းလပ်စ်၏ အဆိုပြုချက်ကြောင့် လူတိုင်း စိတ်ဝင်စားသွားကြသည်။
"ပြောပါဦး တပ်ခွဲမှူး ဆိုင်းလပ်စ်" ဟု ဒန်တေးက ခွင့်ပြုလိုက်သည်။
"ကျွန်တော်တို့ အပင်စွမ်းအားရှင်တွေကို ပိုပြီး စုဆောင်းပြီးတော့ ထပ်ပြီး စမ်းသပ်ကြည့်လို့ ရပါတယ်၊ ပြီးတော့ တိရစ္ဆာန်တွေကို အမဲလိုက်ဖို့ အဖွဲ့တွေ စေလွှတ်သင့်ပါတယ်၊ တိရစ္ဆာန်အားလုံး ဇမ်ဘီဖြစ်သွားတာ မဟုတ်ဘဲ အချို့ကတော့ ဗီဇပြောင်းလဲပြီး အစွမ်းထက်လာတာမျိုးလဲ ဖြစ်နိုင်ပါတယ်"
သူသည် ခေတ္တရပ်ကာ လူတိုင်းကို တစ်ချက်ကြည့်ပြီး ဆက်ပြောလိုက်သည်။
"အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက်ဆိုရင်တော့ ဒုက္ခသည်တွေနဲ့ အသက်ရှင်ကျန်ရသူတွေကို အမဲလိုက်ဖို့ အားပေးသင့်ပါတယ်၊ ဒါဟာ သူတို့ရဲ့ ရှင်သန်မှု စွမ်းရည်နဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်သလို ရိက္ခာကိုလည်း အမြဲတမ်း ရရှိနေစေမှာပါ"
သူ၏ စကားကြောင့် လူအများက ချီးကျူးသည့် အကြည့်များဖြင့် ကြည့်ကြသည်။ ဒန်တေးသည်လည်း မိမိ၏ ထက်မြက်သော သားဖြစ်သူအတွက် စိတ်ထဲမှ ဂုဏ်ယူနေမိသည်။
အခြားသော အကြံပြုချက်အချို့ကို ရယူပြီးနောက် ဒန်တေးသည် အသုံးပြုမည့် လူအင်အားနှင့် လိုအပ်သော လုပ်ဆောင်ချက်များကို အကြမ်းဖျင်း ချမှတ်လိုက်သည်။
အသေးစိတ် အချက်အလက်များကို အဆုံးသတ်လိုက်စဉ်မှာပင် ဗိုလ်ချုပ် ဂျိုးဆက်က ထပ်လောင်း ပြောကြားလိုက်သည်။
"ကျွန်တော် နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုကို တင်ပြချင်ပါတယ်၊ အဲ့ဒါက စစ်တပ်က ချက်ချင်း အာရုံစိုက်ဖို့ လိုပါလိမ့်မယ်"
ဒန်တေးက ခေါင်းညိတ်ပြကာ ဆက်ပြောရန် အချက်ပြလိုက်သည်။
"လတ်တလောမှာ ယာယီတဲတွေနဲ့ ဂေါ့သမ်မြို့တစ်ခုလုံးမှာ တိုင်ဖွိုက်အဖျားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အရှိန်အဟုန်နဲ့ ပြန့်နှံ့နေပါတယ်၊ အထက်လူကြီးတွေဆီကနေ ဆေးဝါးတွေ တောင်းခံတာက ပိုကောင်းပါလိမ့်မယ်"
ထိုစကားကြောင့် အနည်းငယ် ပြေလျော့သွားသော လေထုမှာ ပြန်လည် တင်းမာသွားရပြန်သည်။
အထက်လူကြီးတွေက ဂရုစိုက်လိမ့်မည်ဆိုသည်မှာ ဟာသတစ်ခုလိုပင်။ သူတို့က လျစ်လျူရှုထားကြမှာ သေချာသည်။
"ဒါမှမဟုတ် အနည်းဆုံးတော့ ရန်ပုံငွေ ထောက်ပံ့ပေးဖို့ပေါ့" ဟု ဂျိုးဆက်က အခြေအနေကို ကြည့်ပြီး ဖြည့်စွက်ပြောလိုက်သည်။
"ကျွန်တော် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကြည့်လိုက်ပါ့မယ်၊ ဆိုဖီယာ... တိုင်ဖွိုက်နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကုသရာမှာ သုံးတဲ့ ဆေးဝါးစာရင်းကို ပြင်ဆင်ပေးပါ"
ဆိုဖီယာသည် စစ်တပ်စခန်း၏ အဓိက ဆရာဝန်ကြီး ဖြစ်သည်။
အစည်းအဝေး ပြီးဆုံးသွားသောအခါ ဆိုင်းလပ်စ် ခန်းမထဲမှ ထွက်လာခဲ့သည်။ သူ၏ တည်ကြည်သော ပုံစံမှာ ချက်ချင်းပင် မှိုင်တွေသော ပုံစံသို့ ပြောင်းလဲသွားတော့သည်။
သူသည် အိုင်ဗီနှင့် ပြောခဲ့သော စကားများကို ပြန်လည် သတိရနေမိသည်။
"ဆိုင်းလပ်စ်၊ ကျွန်မနောက်ကို လိုက်မလာပါနဲ့၊ ရှင် ကျွန်မကို ကူညီရင် တာလီယာက ကျွန်မကို ပိုပြီး စိတ်ဆိုးသွားလိမ့်မယ်" ဟု သူမက အလေးအနက် ပြောခဲ့ခြင်း ဖြစ်သည်။
သူမနောက်သို့ လိုက်ရန် ကြိုးစားစဉ်မှာပင် ကြေညာချက်ကြောင့် အိုင်ဗီနှင့် ခွဲခွာခဲ့ရခြင်း ဖြစ်သည်။
"ဆိုင်းလပ်စ်" တာလီယာ၏ အသံကြောင့် သူ အတွေးစပြတ်သွားပြီး သူမဘက်သို့ အေးစက်စွာ လှည့်ကြည့်လိုက်သည်။
"ဘာကိစ္စ ရှိလို့လဲ" သူ၏ အသံမှာ မည်သည့် ခံစားချက်မျှ မပါဘဲ အေးစက်နေသည်။ တာလီယာက မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။
"မိန်းကလေးတစ်ယောက်ကြောင့်နဲ့ မင်းရဲ့ အစ်မအပေါ် ဒီလောက်အထိ ရိုင်းစိုင်းနေတာလား"
"မဟုတ်ပါဘူး" ဆိုင်းလပ်စ်က ခေါင်းခါပြလိုက်သည်။ "တာလီယာ၊ ကျွန်တော် အစ်မကို လေးစားပါတယ်၊ အစ်မက ကျွန်တော့်ရဲ့ အကြီးဆုံးအစ်မဖြစ်သလို ကျွန်တော့်ကို အချစ်ဆုံးသူလည်း ဖြစ်တယ်၊ အစ်မက ကျွန်တော့်ကို ကာကွယ်ချင်တာရော၊ အိုင်ဗီ့အပေါ် မုန်းတီးတာကိုရော ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့..."
သူ ခေတ္တရပ်ကာ တာလီယာကို စိုက်ကြည့်လိုက်သည်။
"အစ်မ မှားနေတယ်၊ အိုင်ဗီ့နောက်ကို လိုက်ခဲ့တာ ကျွန်တော်ပါ၊ ထောင်ချောက်မှန်း သိသိကြီးနဲ့ ဇွတ်တိုးဝင်ခဲ့တာလည်း ကျွန်တော်ပဲ၊ ကျွန်တော် တစ်ခုခုကို ရှောင်လွှဲနိုင်ခဲ့ရင်တောင် အိုင်ဗီက ကျွန်တော့်ကို အပြစ်မတင်ခဲ့ဘူး၊ အဲ့ဒီအတွက် သူကိုယ်တိုင် ပိုပြီး အနှိပ်စက်ခံရရင်တောင် ကျွန်တော် ဘေးကင်းသွားလို့ သူ စိတ်အေးခဲ့ရတဲ့ အကြိမ်တွေ ရှိခဲ့တယ်၊ သူ ကျွန်တော့်ကို ဘယ်တုန်းကမှ တွယ်ကပ်မထားခဲ့ဘူး၊ သူက ကျွန်တော့်ကို အမြဲ ငြင်းပယ်ခဲ့တာပါ၊ သူ့နောက်ကို တကောက်ကောက် လိုက်နေခဲ့တာက ကျွန်တော်ကိုယ်တိုင်ပါ"
တာလီယာ အနည်းငယ် တုန်လှုပ်သွားသည်။ "ဆိုင်းလပ်စ်၊ ငါက သူ့ကို မုန်းလို့ မဟုတ်ပါဘူး၊ နင့်ကို သူ့ဆီကနေ ခွဲထုတ်ချင်ရုံတင်ပါ..."
"အဲ့ဒါ အစ်မမှားနေတဲ့ အချက်ပဲ၊ ကျွန်တော်ကိုယ်တိုင်က သူ့ကို တွယ်ကပ်နေတာမို့လို့ မင်းက သူ့အပေါ် ဘယ်လောက်ပဲ ဖိအားပေးပါစေ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး" ဟု ဆိုင်းလပ်စ်က ရှင်းပြလိုက်သည်။
သူသည် တာလီယာကို ကြည့်နေရင်း ခေတ္တမျှ မျက်နှာထား ပျော့ပျောင်းသွားသည်။။
"တာလီယာ၊ အစ်မရဲ့ စိုးရိမ်မှုကို ကျွန်တော် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အိုင်ဗီ့ကိုတော့ ထပ်ပြီး နာကျင်အောင် မလုပ်ပါနဲ့၊ သူ့ရဲ့ အကြီးမားဆုံး အမှားက ရာဗင်ခရော့ဖ် မိသားစုကို ယုံကြည်ခဲ့မိတာပါ၊ အဲ့ဒါကလွဲရင် သူက အစ်မကိုရော ကျွန်တော့်ကိုရော ဘယ်တုန်းကမှ ဒုက္ခမပေးခဲ့ပါဘူး၊ အခုတောင်မှ... သူ အစ်မရဲ့ တောင်းဆိုမှုကို လက်ခံလိုက်တာက အစ်မကို ဘေးကင်းစေချင်လို့ပါ"
ထိုသို့ပြောပြီး သူ ထွက်သွားကာ တာလီယာမှာ ထိုနေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ ကျန်ရစ်ခဲ့သည်။ သူမ၏ မျက်ဝန်းထဲတွင် အပြစ်မကင်းသည့် ရိပ်ယောင်အချို့ ဖြတ်ပြေးသွားသည်။
ပြန်စဉ်းစားကြည့်လျှင်... အိုင်ဗီသည် သူတို့အပေါ် တစ်ခါမှ အမြစ်မထုတ်ခဲ့ပေ... ရာဗင်ခရော့ဖ် မိသားစုကသာ...
ငါ တကယ်ပဲ မှားနေတာလား။
ထိုသို့ တွေးမိသည်နှင့် သူမ စိတ်တိုသွားရသည်။ ခေါင်းကို ခါယမ်းလိုက်ရင်း ရေရွတ်လိုက်သည်။
"အရမ်းကြီး လျှောက်မတွေးနဲ့ဦး၊ အဲ့ဒီလိုဆိုရင်တောင် ဘာဖြစ်လဲ၊ နောက်ဆုံးတော့ ဆိုင်းလပ်စ်က နာကျင်ခဲ့ရတာပဲ မဟုတ်လား"
.....
အိုင်ဗီသည် ဆိုင်းလပ်စ်၏ အခန်းမှ မထွက်ခွာမီ လိုအပ်သော အခြေခံပစ္စည်းအချို့ကို ထုပ်ပိုးလိုက်သည်။ သူမအတွက်တော့ ဇမ်ဘီအမြူတေ ၁၀၀၀ ဆိုသည်မှာ သိပ်မများလှပေ။
ဒါကို လေ့ကျင့်မှုတစ်ခုအဖြစ် သဘောထားပြီး ဟင်းလင်းပြင် အမြူတေတွေကို ပိုစုဆောင်းမယ်၊ သူမ၏ စွမ်းအားကို သုံးပြီး ရိက္ခာတွေ ရှာဖွေမယ်၊ လမ်းတစ်လျှောက်မှာ သူမရဲ့ ကိုယ်ပိုင်အခြေစိုက်စခန်း တည်ဆောက်ဖို့ မြေနေရာလည်း ရှာဖွေသွားမည်ဖြစ်သည်။
စိန်ခေါ်မှုတွေက လမ်းတစ်လျှောက်မှာ ရှိနေနိုင်ပေမဲ့ အဲ့ဒါတွေကို ကိုယ့်ကိုယ်ကိုယ် သနားနေဖို့ထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ထက်မြက်လာအောင် ပုံဖော်ဖို့အတွက်ပဲ အသုံးချရမှာ။
မကြာမီမှာပင် အိုင်ဗီ ထွက်ခွာလာခဲ့သည်။ စစ်တပ်ဝင်း အပြင်ဘက်သို့ ရောက်သည်နှင့် သူမက ရှေ့ကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး ပခုံးကို လှုပ်ခါကာ ရေရွတ်လိုက်သည်။
"ကဲ... ပျော်စရာတွေ စလိုက်ကြရအောင်"
ဒီလောက် ရိုးရှင်းတဲ့ အလုပ်တစ်ခုနဲ့ အိုင်ဗီ့ကို အလဲထိုးနိုင်မယ်လို့ တာလီယာ ထင်နေတယ်ဆိုရင်တော့ သူမ မှားသွားပါလိမ့်မယ်။ ယခင်ဘဝက ပထမ ၆ နှစ်အတွင်း ဇမ်ဘီတွေနဲ့ သူမ သိပ်မတိုက်ခိုက်ခဲ့ရသော်လည်း နောက်ပိုင်းမှာတော့ မိသားစုအရင်းက သူမကို ကယ်တင်ခဲ့ပြီး တိုက်ခိုက်ရေးပညာတွေကို သင်ကြားပေးခဲ့သည်။ သူမ မျက်စိမမြင်ရသည့် အချိန်မှာပင် အဆင့် ၇ ရှိသော ဇမ်ဘီ ၄၀ ကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်သည်အထိ သူမက ကျွမ်းကျင်ခဲ့သူ ဖြစ်သည်။
***