"ဘာပဲဖြစ်ဖြစ်... ကျွန်တော် ဒီအလုပ်ကို အကောင်းဆုံး လုပ်နိုင်မယ်လို့ ထင်ပါတယ်" အက်ဒဝပ်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဆက်ပြောသည်။
"ကောင်းပါပြီ၊ ကျွန်မ သတင်းပါးလိုက်ပါ့မယ်။ နောက်ဆုံး မနက်ဖြန်လောက်ဆိုရင်တော့ အကြောင်းပြန်ကြားချက် ရမှာပါ" အိုင်ဗီက မရေမရာ ပြန်ပြောလိုက်သော်လည်း အက်ဒဝပ်အတွက်တော့ အတိုင်းထက်အလွန် ဝမ်းသာသွားရသည်။
သူက ခေါင်းညိတ်နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ မသွားခင်မှာလည်း ခေတ္တရပ်ပြီး "အိုင်ဗီ... နင်က ထက်မြက်တဲ့သူပါ၊ ရာဗင်ခရော့ဖ် မိသားစုနဲ့ပဲ ဝေးဝေးမှာ နေပါ" ဟု တိုးတိုးလေး သတိပေးသွားခဲ့သေးသည်။
"အင်း" အိုင်ဗီ ခေါင်းညိတ်လိုက်စဉ် သူမ၏ မျက်ဝန်းများမှာ ခေတ္တမျှ ငေးမောသွားရသည်။ ခဏတာမျှတော့ ထိုအသက်ကြီးပိုင်းအရွယ် လူကြီးမင်း၏ ပုံရိပ်မှာ ယခင်ဘဝက သူမကို ကူညီရန် ကြိုးစားခဲ့ဖူးသော်လည်း သူမကိုယ်တိုင် တွန်းထုတ်ခဲ့မိသည့် လူငယ်လေးတစ်ဦး၏ ပုံရိပ်နှင့် ထပ်တူကျသွားခဲ့သည်။
စစ်တပ်ဝင်းထဲသို့ သူမ ပြန်ရောက်ချိန်တွင် ညဦးပိုင်းသို့ ရောက်နေပြီဖြစ်သည်။
မနက်ဖြန် နံနက်တွင် တာလီယာထံ သွားရောက်ရန် အိုင်ဗီ ဆုံးဖြတ်လိုက်သည်။
တိုက်ခန်းတံခါးကို ဖွင့်လိုက်သောအခါ အခန်းထဲတွင် မှောင်မည်းနေပြီး လူနေသည့် အရိပ်အယောင်မျှပင် မရှိသည်ကို တွေ့လိုက်ရသည်။
ဆိုင်းလပ်စ်တစ်ယောက် လွန်ခဲ့တဲ့ ၅ ရက်လုံးလုံး အခန်းသို့ ပြန်မလာခဲ့ပုံရသည်။
အိုင်ဗီသည် ဧည့်ခန်းသို့ လျှောက်သွားပြီး အခန်းထဲသို့ ဝင်လိုက်သည်။ သူမသည် အရင်ဆုံး ရာဗင်ခရော့ဖ် မိသားစုဝင်များကို ဟင်းလင်ပြင် သိုလှောင်ရုံမှ ထုတ်လိုက်သည်။
သူတို့၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများကို မြင်ရသောအခါ သူမ ခပ်တိုးတိုး ရယ်မောမိသည်။ အကြောင်းမှာ လွန်ခဲ့သော ၃ ရက်လုံးလုံး ဇမ်ဘီများကို ရှင်းလင်းသည့်အခါ သူမသည် ဇမ်ဘီများကို ဆွဲဆောင်ရန်အတွက် ရာဗင်ခရော့ဖ် မိသားစုဝင်တစ်ဦးကို အပြင်သို့ ပစ်ထုတ်ပြီး အစာအဖြစ် အသုံးချခဲ့သောကြောင့်ပင်။
ချဉ်းကပ်လာသော ဇမ်ဘီများထံမှ သူတို့ တုန်တုန်ရင်ရင်ဖြင့် တွားသွား ထွက်ပြေးနေရသည်ကို ကြည့်ရသည်မှာ သူမအတွက်တော့ အတော်လေး ပျော်စရာကောင်းနေခဲ့သည်။ သူမ၏ ဟာသဉာဏ်မှာ တဖြည်းဖြည်းနှင့် အမှောင်ဘက်ခြမ်းထဲ ပြောင်းလာပြီ ဖြစ်ကြောင်း သူမကိုယ်တိုင် ဝန်ခံမိသည်။
အိမ်ထဲသို့ ပြန်ရောက်မှန်း သိလိုက်ရသောအခါ ရာဗင်ခရော့ဖ် မိသားစုဝင်များ သက်ပြင်းချနိုင်ကြတော့သည်။ အိမ်ထဲမှာ နေရခြင်းက ဤမျှလောက်အထိ စိတ်အေးရမည်ဟု သူတို့ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
အိုင်ဗီကတော့ လှောင်ပြုံး ပြုံးနေမိသည်။ နောင်တစ်ချိန်တွင် ဤကဲ့သို့ အမြဲတမ်း ထိတ်လန့်နေရသည့် ဘဝမျိုးက သူတြိုရဲ့ ပုံမှန်ဘဝ ဖြစ်လာတော့မည်ကို သိသွားလျှင် သူတို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ သူမ သိချင်နေမိသည်။
သူတို့ဘက်သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ သူမသည် သိုလှောင်ခန်းထဲသို့ ဝင်ကာ ရေချိုးပြီးနောက် သူမကိုယ်တိုင်အတွက် အရသာရှိသော ညစာကို ချက်ပြုတ်လိုက်သည်။
သန့်စင်ထားသော ငါးတစ်ကောင်လုံးကို ဒယ်အိုးပူပူထဲသို့ ထည့်လိုက်သောအခါ ဆီပူသံများက လေထုထဲတွင် ပျံ့လွင့်သွားသည်။
ငါးအရေခွံမှာ တဖြည်းဖြည်း ကြွပ်ရွလာပြီး ရွှေအိုရောင်သို့ ပြောင်းလဲသွားချိန်တွင် သူမက ဓားဖြင့် နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူနှင့် ဂျင်းများကို ထည့်လိုက်ရာ ဆီပူထဲတွင် ကခုန်နေကြတော့သည်။
ပဲငပိအနည်းငယ် ထည့်လိုက်သောအခါ တစ်ခန်းလုံးတွင် ပါးစပ်ထဲ တံတွေးယိုစေမည့် ငန်ကျိကျိ မွှေးရနံ့များ ပြည့်နှက်သွားသည်။
သူမသည် ကြက်သွန်မြိတ်များနှင့် ယခင်က သူမကိုယ်တိုင် ဖော်စပ်ထားသော ဆေးဘက်ဝင် အပင်ခြောက်များ၊ ပဲပုပ်စေ့များဖြင့် လုပ်ထားသည့် ဆော့စ် (ယတစ်ဇွန်းကို ထပ်ထည့်လိုက်သည်။ ၎င်းမှာ အများကြီး မဟုတ်သော်လည်း တခြားသူများ၏ အခြေအနေနှင့် ယှဉ်လျှင်တော့ ဤသည်မှာ စားပွဲတော်ကြီး တစ်ခုပင် ဖြစ်သည်။
ငါးမှာ ဆော့စ်ထဲတွင် နပ်လာသည်နှင့်အမျှ ရနံ့မှာ ပိုမိုပြင်းထန်ကာ မွှေးကြိုင်လာသည်။
ဆော့စ်ရည်မှာ တဗွက်ဗွက် ဆူလာပြီး ငါးပေါ်တွင် အညိုရင့်ရောင် အနှစ်များဖြင့် လွှမ်းခြုံသွားသည်။ ငါးအရေခွံမှာ အနည်းငယ် ကြွပ်နေပြီး အထဲမှ အသားမှာမူ နူးညံ့ကာ လတ်ဆတ်နေသည်။
အိုင်ဗီသည် ငါးကို ငုံ့၍ အားပါးတရ ရှူရှိုက်လိုက်ရင်း "အရမ်းမွှေးတာပဲ" ဟု သူမဘာသာ ပြုံးလျက် ရေရွတ်မိသည်။
သူမသည် ငါးပေါင်းကို ပန်းကန်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး ဒယ်အိုးထဲမှ ဆော့စ်ရည် ပူပူနွေးနွေးများကို အပေါ်မှ ဆမ်းပေးလိုက်သည်။
ပေါင်းအိုးထဲမှ ထမင်းပူပူ တစ်ပန်းကန်ကို လည်း ငါးဘေးတွင် အသင့်ပြင်လိုက်သည်။
ထမင်းစားပွဲလေးတွင် ထိုင်လိုက်ပြီးနောက် အိုင်ဗီသည် တူကိုကိုင်ကာ ပထမဆုံး တစ်လုပ်ကို မြည်းစမ်းလိုက်သည်။
ငါးအသားမှာ ပါးစပ်ထဲတွင် အရည်ပျော်သွားသလိုမျိုး နူးညံ့ကာ အရသာနှင့် ပြည့်စုံလှသည်။ ကြက်သွန်ဖြူနှင့် ဂျင်းက အပူဓာတ်ပေးစွမ်းပြီး ဆော့စ်ရည်မှာလည်း ထမင်းနှင့် ကွက်တိပင်။
"ဒါက နိဗ္ဗာန်ဘုံပဲ" ဟု သူမက ကျေနပ်စွာ မျက်လုံးမှိတ်လျက် တိုးတိုးလေး ပြောမိသည်။ ညစာစားပြီးနောက် သူမ၏ သိုလှောင်ခန်းထဲရှိ ရိက္ခာများအကြောင်းကို အိုင်ဗီ စဉ်းစားနေမိသည်။
၅ ရက်ကြာ ခရီးစဉ်အတွင်းမှာ သူမတွင် မီးဖိုမရှိသောကြောင့် ထမင်းဘူး များကိုသာ အဓိက စားခဲ့ရသည်။ ထို့ကြောင့် ချက်ပြုတ်ပြီးသား အစားအစာများ အသင့်ရှိနေဖို့က မည်မျှ အရေးကြီးကြောင်း သူမ နားလည်လိုက်သည်။
နေရောင်ခြည်စွမ်းအင်သုံး မီးဖိုတစ်လုံးကို ရှာဖွေရန်နှင့် အစားအစာအချို့ကို ကြိုတင်ချက်ပြုတ်ထားရန် သူမ၏ စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
တစ်နေ့လုံး လှုပ်ရှားရုန်းကန်ခဲ့ရသဖြင့် ပင်ပန်းနေသော အိုင်ဗီသည် ကုတင်ပေါ်တွင် လဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့တွင် နိုးလာသောအခါ သူမသည် ငါးဟင်းကို ချက်ပြုတ်လိုက်ပြန်သည်။
ဆိုင်းလပ်စ်အတွက် အချို့ကို ထုပ်ပိုးပြီးနောက် သူမသည် စစ်တပ်ဝင်းအတွင်းသို့ ထွက်လာခဲ့သည်။ လမ်းခွဲတွင် စစ်သားအများအပြားမှာ သစ်သားများ၊ သံမဏိပိုက်များနှင့် အခြားကုန်ကြမ်းများကို သယ်ဆောင်နေကြသည်ကို တွေ့လိုက်ရသည်။
"ဟင်" အိုင်ဗီက မျက်ခုံးပင့်လိုက်ရင်း "သူတို့ အခြေစိုက်စခန်းကို ဆောက်နေပုံရတယ်..."
သူမ၏ ယခင်ဘဝ အမှတ်ရချက်များအရ စစ်တပ်သည် တစ်လအကြာမှ အခြေစိုက်စခန်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူမ၏ အမှတ်ရချက်များ မှန်၊ မမှန် ဝေခွဲမရ ဖြစ်သွားသည်။
တာလီယာ၏ ကိုယ်ပိုင် စစ်ရေးလေ့ကျင့်ကွင်းသို့ ရောက်သောအခါ အိုင်ဗီက အထဲသို့ ချောင်းကြည့်လိုက်ရာ တာလီယာ လေ့ကျင့်နေသည်ကို တွေ့ရပြန်သည်။ သူမ သက်ပြင်းချလိုက်ပြီးနောက် တံခါးကို ခေါက်လိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တာလီယာ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"ဝင်ခဲ့။"
အိုင်ဗီ ပေါ်လာသည်နှင့် တာလီယာ၏ မျက်နှာထား ပြောင်းလဲသွားပြီး လှောင်ပြုံး ပြုံးလိုက်ရင်း မေးလိုက်သည်။
"ဘာဖြစ်တာလဲ ၆ ရက်တောင် မပြည့်သေးဘဲ ပြန်လာတယ်ပေါ့ ဟုတ်လား ဟင်း... ငါ ခန့်မှန်းကြည့်ရမလား၊ နင် လက်လျှော့လိုက်ပြီ မဟုတ်လား ဒါမှမဟုတ် ဆိုင်းလပ်စ်ကို မခေါ်လာနိုင်တော့တဲ့အတွက် နင့်ရဲ့ မူယာမာယာ တွေကို လာပြတာလား" တာလီယာက မဲ့ပြုံး ပြုံးလိုက်သည်။
အိုင်ဗီကလည်း ပြန်လည် ပြုံးပြလိုက်သည်။ သူမသည် တစ်လျှောက်လုံး သယ်လာသော ကျောပိုးအိတ်ကို အေးအေးဆေးဆေးပင် မြေပြင်ပေါ်သို့ ချလိုက်သည်။
တာလီယာ စကားမပြောနိုင်ခင်မှာပင် သူမက ကျောပိုးအိတ်ကို ဖွင့်ကာ အထဲမှ ပစ္စည်းများကို မြေပေါ်သို့ သွန်ချလိုက်သည်။
တောက်ပနေသော အရောင်စုံ အမြူတေများမှာ ကြယ်ကြွေနေသကဲ့သို့ မြေပြင်ပေါ်သို့ ပြန့်ကျဲကျလာသောအခါ တာလီယာ၏ လှောင်ပြုံးမှာ တောင့်ခဲသွားတော့သည်။
သူမ ရေတွက်မကြည့်ရသေးသော်လည်း အကြမ်းဖျင်း တွက်ချက်မှုအရ ဒီအမြူတေများသည် ၁၀၀၀ ထက် မကဘဲ ကျော်လွန်နေရမည်။
"ရော့။"
အိုင်ဗီ၏ အေးစက်တည်ငြိမ်သော အသံမှာ အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။
"ကျွန်မဘက်က ကတိအတိုင်း ဖြည့်ဆည်းပေးခဲ့ပြီ။ အခုတော့ ရှင် ကျွန်မစကားကို နားထောင်ရတော့မယ်။"
တာလီယာ မှင်သက်သွားသည်။ သူမသည် ထိုင်ချလိုက်ပြီး အမြူတေတစ်ခုကို ကောက်ယူလိုက်ရင်း စိတ်ထဲမှ မယုံကြည်နိုင်စွာဖြင့် "မဖြစ်နိုင်ဘူး၊ ဒါတွေက အတုတွေ ဖြစ်ရမယ်..."
ပေါ့ပါးအေးစက်နေသော အမြူတေများက သူမ၏ မယုံကြည်မှုများကို တဖြည်းဖြည်း တိုက်စားသွားကာ ထိတ်လန့်မှုများဖြင့် အစားထိုးလာသည်။ သူမသည် အားမရဘဲ စတင် ရေတွက်ကြည့်တော့သည်။
တစ်... နှစ်... နှစ်ရာ... ငါးရာ သုံးဆယ်... ခုနစ်ရာ ကိုးဆယ်... ထောင့်တစ်ရာ...
ထောင့်တစ်ရာ သူမ တကယ် လုပ်နိုင်ခဲ့တာပဲ မဟုတ်ဘူး... သူမက သတ်မှတ်ချက်ကိုတောင် ကျော်လွန်သွားခဲ့တာ၊ ဒါတောင် ၆ ရက်ပဲ ရှိသေးတာလေ
တာလီယာ သူမ၏ ပါးပြင်များ ပူထူးလာသည်ကို ခံစားလိုက်ရသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
အိုင်ဗီ... ရာဗင်ခရော့ဖ် မိသားစုရဲ့ ဖိနှိပ်မှုကို မတွန်းလှန်နိုင်ခဲ့တဲ့ အားနွဲ့သူလေး။
အသံအနည်းငယ် ကြားရုံနဲ့ တုန်လှုပ်တတ်တဲ့ မိန်းကလေး... မိသားစုမေတ္တာကို မိုက်မိုက်မဲမဲ တောင့်တနေခဲ့တဲ့ မိန်းကလေး... သူမကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေကိုတောင် ပြန်ပြီး ပါးမရိုက်ရဲခဲ့တဲ့ မိန်းကလေးက…
အခုတော့ ၆ ရက်အတွင်းမှာ ဇမ်ဘီပေါင်း ၁၁၀၀ နီးပါးကို သတ်ခဲ့တယ်... မဟုတ်ဘူး... အမြူတေ ၁၁၀၀ ရဖို့ဆိုရင် သူမ အနည်းဆုံး ဇမ်ဘီ ၅,၀၀၀ နဲ့ တိုက်ခိုက်ခဲ့ရမှာ။
ဘာတစ်ခုမှ ယုတ္တိမရှိတော့ပေ။
ပြင်းထန်လှသော လက်တွေ့အရှိတရားကြောင့် တာလီယာမှာ အချိန်အတော်ကြာအောင် စကားမပြောနိုင်တော့ပေ။
***