"နင် တစ်ခုခု မသမာလုပ်ထားတာပဲ ဖြစ်ရမယ်" တာလီယာက ကောက်ချက်ချလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ခြောက်ရက်အတွင်းမှာပဲ ဒီလောက်များပြားတဲ့ အမြူတေတွေကို စုဆောင်းနိုင်ခဲ့တယ်ဆိုတာကို ဒီလို နုနယ်ပုံရတဲ့ မိန်းကလေးမျိုးနဲ့ သူမ လုံးဝ ယှဉ်တွဲ မစဉ်းစားနိုင်ပေ။
အိုင်ဗီက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "သက်သေလား ရှင့်လို ထက်မြက်တဲ့သူမျိုးဆိုရင် သက်သေတစ်ခုခုတော့ ရှိမှာပေါ့၊ ရှိရင် ထုတ်ပြလေ"
တာလီယာ တိတ်ဆိတ်သွားသည်။ သူမ ခုနက စိတ်လိုက်မာန်ပါ ပြောမိသွားခြင်းဖြစ်သည်။ ခဏကြာ စဉ်းစားကြည့်တော့မှ သူမတွင် တကယ့် သက်သေအထောက်အထား မရှိမှန်း သိလိုက်ရသည်။
ဆိုင်းလပ်စ်က အိုင်ဗီ့ကို ကူညီမှာစိုး၍ သူမသည် သူ့ကို အနီးကပ် စောင့်ကြည့်ခဲ့ပြီး ဆိုင်းလပ်စ်က သူ့သူငယ်ချင်းတွေဆီ ဆက်သွယ်တာမျိုး ဒါမှမဟုတ် အိုင်ဗီ့ကို တစ်နည်းနည်းနဲ့ ကူညီတာမျိုး မလုပ်နိုင်အောင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်ထားခဲ့သည်။
ဆိုင်းလပ်စ်ကလွဲရင် အိုင်ဗီ့မှာ ဒီလို ပင်ပန်းတဲ့ အလုပ်မျိုးကို အတူတူ လုပ်ပေးမယ့်သူ ဒါမှမဟုတ် ချစ်ခင်ပေးမယ့်သူ မရှိသလောက်ပင်။
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ကြရအောင်" အမှန်တရားကို သိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အိုင်ဗီ့ရဲ့ အရည်အချင်းကို သူမကိုယ်တိုင် စမ်းသပ်ကြည့်ဖို့ပင် ဖြစ်သည်။
"ကောင်းပြီလေ" အိုင်ဗီက သဘောတူလိုက်သည်။ သူမ၏ ပန်းရောင်ဆံနွယ်ရှည်များကို ဆံထုံးကလေး ထုံးလိုက်ပြီး ခုခံမည့် အနေအထား ပြင်လိုက်သည်။
တာလီယာက အော်ဟစ်ကာ အရင်ဆုံး စတင် တိုက်ခိုက်လိုက်ပြီး အိုင်ဗီ၏ မျက်နှာတည့်တည့်ကို အားပါပါ ထိုးလိုက်သည်။ အိုင်ဗီက အချိန်မီ ငုံ့ရှောင်လိုက်သဖြင့် လက်သီးမှာ သူမခေါင်းပေါ်မှ ဝှေ့ယမ်း ဖြတ်သန်းသွားသည်။
သူမက ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ပြီး တာလီယာ၏ အရှိန်ကို အသုံးချကာ ရှေ့သို့ တွန်းထုတ်လိုက်သည်။ တာလီယာ ခြေလှမ်းအနည်းငယ် ချော်သွားသော်လည်း ဟန်ချက်ကို ချက်ချင်း ပြန်ထိန်းလိုက်နိုင်သည်။
"နင်က ထင်တာထက် ပိုမြန်တာပဲ" တာလီယာက သွားကြိတ်လျက် ပြောရင်း ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်လိုက်ပြန်သည်။
အိုင်ဗီက လက်မောင်းနှစ်ဖက်ဖြင့် ကာကွယ်လိုက်သော်လည်း တိုက်ခိုက်မှု အရှိန်ကြောင့် နောက်သို့ လျှောကျသွားသည်။ လက်မောင်းများ နာကျင်သွားသော်လည်း တာလီယာကို သူမ နာကျင်နေတာ မမြင်စေရန် မတ်မတ် ပြန်ရပ်လိုက်သည်။
ထို့နောက် အိုင်ဗီ စတင် လှုပ်ရှားတော့သည်။
သူမသည် ပေါ့ပါး လျင်မြန်သော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးဝင်သွားသည်။
သူမ၏ လှုပ်ရှားမှုများမှာ ချောမွေ့ထက်မြက်ပြီး အင်အားကို အလဟဿ မဖြုန်းတီးပေ။
တာလီယာ၏ ခွန်အားကို သူမ ယှဉ်ရန် မကြိုးစားပါ။ အဲ့ဒီအစား သူမက ရှောင်တိမ်းတာ၊ လှည့်ထွက်တာမျိုး၊ ပြီးနောက် လိုအပ်တဲ့ နေရာများကို တိကျစွာ တိုက်ခိုက်သည်။
နံရိုးကို လက်သီးဖြင့် ထိုးခြင်း၊ ဒူးခေါင်းကို ကန်ခြင်းနှင့် တာလီယာ ဟန်ချက်ပျက်သွားအောင် ပြုလုပ်ခြင်းတို့ကို ကျွမ်းကျင်စွာ လုပ်ဆောင်သွားသည်။
တာလီယာကတော့ စိတ်ပျက်လက်ပျက်ဖြင့် ဟိန်းဟောက်နေသည်။ သူမက ပိုသန်မာသည်ကို သူမ ခံစားရသော်လည်း အိုင်ဗီက ရေကဲ့သို့ပင် ဖမ်းရခက်ကာ လျင်မြန်လွန်းနေသည်။
သူတို့နှစ်ဦး၏ လက်သီးများ အချင်းချင်း ထိတွေ့ကြသည်။ ခြေလှမ်းများက မြေပြင်ပေါ်တွင် ကခုန်နေသကဲ့သို့ပင်။
တာလီယာ၏ မျက်နှာတွင် ချွေးများ စီးကျလာပြီး အသက်ရှူသံများ ပြင်းထန်လာသည်။ အိုင်ဗီသည်လည်း ပင်ပန်းနေသည်မှာ သိသာသော်လည်း သူမ၏ မျက်ဝန်းများတွင် တည်ငြိမ်သော အာရုံစိုက်မှုက ရှိနေဆဲဖြစ်သည်။ ၎င်းက တာလီယာကို စိုးရိမ်စိတ် ဝင်စေသည်။
ထိုစဉ် အိုင်ဗီ အခွင့်အရေး ရသွားသည်။
တာလီယာက နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်စဉ် အိုင်ဗီက ဘေးသို့ ရှောင်လိုက်ပြီး တာလီယာ၏ လက်မောင်းကို ဖမ်းကာ နောက်ကျောဘက်သို့ လိမ်ချလိုက်သည်။ ထို့နောက် ခြေထောက်ဖြင့် ခတ်လိုက်ရာ တာလီယာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အိုင်ဗီက သူမကို လျင်မြန်စွာ ဖိထားလိုက်တော့သည်။
တာလီယာ ခဏမျှ ရုန်းကန်သော်လည်း အိုင်ဗီက လွှတ်မပေးပါ။ သူမ၏ ဆုပ်ကိုင်မှုက ခိုင်မာလှသည်။ နောက်ဆုံးတွင် တာလီယာ သက်ပြင်းချကာ မြေပြင်ကို ပုတ်၍ အရှုံးပေးလိုက်တော့သည်။
အိုင်ဗီက မတ်တပ်ရပ်ကာ နောက်သို့ ဆုတ်လိုက်သည်။ အမောတကော ဖြစ်နေသော်လည်း သူမ၏ ခေါင်းကိုတော့ မတ်မတ် ထားထားဆဲပင်။
တာလီယာက ထိုင်လိုက်ပြီး သူမ၏ အဝတ်အစားပေါ်မှ ဖုန်များကို ခါလိုက်သည်။ သူမ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မဖော်ပြသော်လည်း မျက်ဝန်းထဲတွင်တော့ လေးစားရိပ်အချို့ ဖြတ်ပြေးသွားသည်။
သို့သော် ထိုအရိပ်အယောင်ကို အေးစက်သော အကြည့်များဖြင့် ချက်ချင်း ပြန်ဖုံးကွယ်လိုက်သည်။
"နင်က ငါထင်ထားတာထက် ပိုတော်တာပဲ" ဟု သူမက ခပ်ပြတ်ပြတ် ပြောလိုက်သော်လည်း သူမ၏ အသံမှာ အရင်ကလောက် ရန်လိုမှု မပါတော့ပေ။
အိုင်ဗီက ပြုံးလိုက်သည်။
အမှန်တရားကတော့... တာလီယာကို တိုက်ခိုက်ရတာ အခုချိန်မှာ လွယ်ကူနေသော်လည်း တကယ်လို့ တာလီယာသာ သူမ၏ စွမ်းအားကို သုံးလိုက်လျှင် အိုင်ဗီမှာ သူမကို ယှဉ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
"ကောင်းပြီ၊ အခုလောလောဆယ်တော့ နင့်စကားကို ငါ နားထောင်ပါ့မယ်" တာလီယာက ရလဒ်ကို လက်ခံကြောင်း ပြောလိုက်ပြီးမှ ခဏနားကာ ဆက်ပြောသည်။ "အိုင်ဗီ၊ ငါ တောင်းဆိုချက်တစ်ခု လုပ်လို့ရမလား? နင် ဖြည့်ဆည်းပေးမလား"
"ကျွန်မ လုပ်နိုင်တဲ့ အခြေအနေမှာ ရှိရင် ဖြည့်ဆည်းပေးမှာပါ" ဟု အိုင်ဗီက တည်ငြိမ်စွာ ဖြေလိုက်သည်။
"ငါ ဆိုင်းလပ်စ်ကို နင့်နောက် လိုက်နေတာကို မတားတော့ဘူး။ ဒါပေမဲ့ တစ်နေ့နေ့မှာ... နင်က သေလုမျောပါး ဖြစ်နေပြီး ငါ့မောင်ရဲ့ အသက်နဲ့မှ နင့်ကို ကယ်နိုင်မယ့် အခြေအနေမျိုး ရောက်လာရင်... ကျေးဇူးပြုပြီး သူ့ကို ဘယ်တော့မှ အကူအညီ မတောင်းပါနဲ့" ဟု တာလီယာက တိုးတိုးလေး ပြောလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အိုင်ဗီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် တာလီယာကို စိုက်ကြည့်နေရင်း ရင်ထဲမှာ တဒိန်းဒိန်း ခုန်လာသည်။
ဒါ... တာလီယာကရော တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာသူလား
ထိုအတွေးကြောင့် အိုင်ဗီ ချမ်းစိမ့်သွားရသည်။ သို့သော် တာလီယာ၏ မျက်ဝန်းထဲမှ ရှုပ်ထွေးသော ခံစားချက်များကြောင့် အိုင်ဗီ အတွေးရပ်သွားသည်။
သူမ၏ မျက်ဝန်းထဲမှာ မုန်းတီးမှုတွေ မရှိဘူး... ကြောက်ရွံ့မှုနဲ့ အကူအညီမဲ့မှုတွေပဲ ရှိနေတာ။ အိုင်ဗီ နားလည်သွားဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။ တာလီယာက ဆိုင်းလပ်စ်တောင် မသိသေးတဲ့ အရာတစ်ခုကို နားလည်နေတာပဲ။
သူမ သိနေတာက... သူမရဲ့ မောင်လေး အန္တရာယ်ဖြစ်မယ့် တစ်ခုတည်းသော နည်းလမ်းက... အိုင်ဗီကြောင့်ပဲ ဖြစ်လိမ့်မယ်ဆိုတာကိုပင်။
"စိတ်မပူပါနဲ့" အိုင်ဗီက ခိုင်မာသော စိတ်ဓာတ်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီဘဝမှာတော့ သူက ကျွန်မဆီကနေ ကောင်းကျိုးတွေကိုပဲ ရရှိသွားစေရမယ်လို့ ကျွန်မ ကတိပေးပါတယ်"
"မလိုပါဘူး..." တာလီယာက ခေါင်းခါလိုက်သည်။ အိုင်ဗီ၏ ကတိစကားကြောင့် သူမ၏ တင်းမာမှုများ တော်တော်လေး လျော့ကျသွားသည်။ "ဒါနဲ့ နင်မကန့်ကွက်ဘူးဆိုရင်... နင် အနာဂတ်မှာဘာတွေ မြင်ခဲ့လဲဆိုတာ ပြောပြပေးနိုင်မလား"
ခြောက်ရက်အကြာမှာတော့ တာလီယာက တော်တော်လေး တည်ငြိမ်သွားပြီဖြစ်ပြီး အရင်က မသိခဲ့တဲ့ အမှန်တရားတွေကို နားလည်လာခဲ့ပြီဖြစ်သည်။ ထိုအထဲမှ တစ်ခုမှာ အိုင်ဗီသည် အနာဂတ်ကို တကယ် မြင်နိုင်စွမ်း ရှိနေနိုင်သည်ဟူသော အချက်ပင်။
"ရှင့်ရဲ့ စေ့စပ်ထားသူက ရှင့်ကို အပြင်မှာ တွေ့ဖို့ ချိန်းတာကို ကျွန်မ မြင်ခဲ့တယ်။ လမ်းမှာ ရှင်က ဒုတိယအကြိမ် စွမ်းအားနိုးထမှု ဖြစ်ခဲ့တယ်။ နာကျင်မှုတွေက ရှင့်ကို လွှမ်းမိုးသွားခဲ့ပြီး ရှင် အားနည်းနေတဲ့ အချိန်မှာ တခြားသူတွေက ရှင့်အပေါ် အခွင့်အရေး ယူခဲ့ကြတယ်"
တာလီယာ၏ မျက်နှာ ဖြူဖျော့သွားသည်။
သူမက အိုင်ဗီ့ကို အသေအချာ စိုက်ကြည့်ပြီး အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။
"ဘယ်လိုမျိုး အခွင့်အရေးလဲ"
အိုင်ဗီ ပြန်မဖြေဘဲ တိတ်ဆိတ်နေလိုက်သည်။ သို့သော် တာလီယာသည် ထိုတိတ်ဆိတ်မှုနောက်ကွယ်မှ စကားလုံးများ ရဲ့ ဆိုလိုရင်းကိုသိလိုက်ရသည်။ သူမ ယိုင်တိုင်တိုင် ဖြစ်သွားပြီးမှ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ရုတ်တရက် သူမ အိုင်ဗီ့ကို ကြည့်ပြီး မေးလိုက်သည်။ "ဒါဆို... ငါ့ရဲ့ စေ့စပ်ထားသူကရော သူ ဘာလုပ်ခဲ့လဲ"
"သူက ရှင့်အတွက် ကလဲ့စားချေပေးခဲ့ပါတယ်" ဟု အိုင်ဗီက တိုးတိုးလေး ပြောလိုက်ရာ တာလီယာ၏ တင်းမာနေသော ရင်ဘတ်မှာ အနည်းငယ် ပြေလျော့သွားသည်။
အိုင်ဗီက သူမကို စေ့စပ်ထားသူနဲ့ လမ်းခွဲဖို့ ပြောခဲ့တာကို သတိရပြီး သူမ ဒုက္ခရောက်နေချိန်မှာ စေ့စပ်ထားသူက သူမကို ပစ်သွားခဲ့တယ်လို့ သူမ ထင်နေခဲ့ခြင်းဖြစ်သည်။
"ဒါပေမဲ့..." အိုင်ဗီက သွားကြိတ်လျက် "သူ ရှင့်အပေါ် သစ္စာဖောက်ခဲ့တယ်။ ကမ္ဘာပျက်ကပ် ရောက်လာပြီးတဲ့နောက်မှာ သူက အိမ်ဖော်ရဲ့ သမီးနဲ့ ကြိုက်သွားခဲ့တယ် လေ။ ရှင့်အတွက် လက်စားချေပေးခဲ့တာကလည်း လျော်ကြေးပေးတဲ့ သဘောမျိုးပဲ ရှိတာ"
တာလီယာ သူမ၏ လက်ဖျားများ အေးစက်လာသည်ကို ခံစားလိုက်ရသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက "ငါ နားလည်ပါပြီ။ အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
အိုင်ဗီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးမှ "ရှင် အလိုရှိရင် အရာအားလုံးကို ရှင့်ဘာသာ ရှင် အတည်ပြုကြည့်လို့ ရပါတယ်" ဟု ဆက်ပြောလိုက်သည်။
"အင်း" တာလီယာ ခေါင်းညိတ်လိုက်သည်။ အိုင်ဗီ ပြောတာတွေက ၉၉ ရာခိုင်နှုန်း မှန်နေနိုင်တယ်ဆိုတာ သူမ သိနေသော်လည်း ကိုယ်တိုင် အတည်ပြုချင်နေသေးခြင်း ဖြစ်သည်။