ယွမ်ရှန်းဂိုဏ်း၏ အကြီးအကဲများခန်းမသို့ ဝင်ရောက်ပြီးနောက် အတွင်း၌ လူအများအပြား ရောက်ရှိနေပြီဖြစ်ကြောင်း ရွှီနင် တွေ့လိုက်ရလေသည်။
သူတို့သည် နှစ်ယောက်တစ်စု သုံးယောက်တစ်စု စုဝေးကာ တီးတိုးစကားပြောနေကြသည်။
‘အားအနည်းဆုံးသူတောင် တံဆိပ်တော်နယ်ပယ်မှာ ရှိနေတာပဲ’
ရွှီနင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ဤနေရာတွင် ပေါ်လာနိုင်သူများမှာ ယွမ်ရှန်းဂိုဏ်းမှ အကြီးအကဲများ၊ မိသားစုကြီးများမှ အကြီးအကဲများ သို့မဟုတ် ဖိတ်ကြားထားသော ဧည့်သည်တော်များသာ ဖြစ်ပေသည်။
ရွှီနင်အပါအဝင် ဤလူများသည် ခဏကြာလျှင် ယွမ်ရှန်းဂိုဏ်း၏ အမြင့်ဆုံးပွဲကြည့်စင်တွင် ထိုင်ကြမည်ဖြစ်ရာ ဤညီလာခံတွင် အမြင့်မားဆုံးသော အဆင့်အတန်းရှိသူများဟု ဆိုနိုင်လေသည်။
အကယ်၍ ရွှီနင်၏စွမ်းအားသာ တံဆိပ်တော်နယ်ပယ်၌ မရှိခဲ့ပါက ဝေ့ရှင်ဖုန်းမှာ သူ့အား ဖိတ်ခေါ်ခဲ့လျှင်ပင် ဤနေရာသို့ ရောက်လာနိုင်မည် မဟုတ်ချေ။
“မိတ်ဆွေလေးရွှီနင်”
ရွှီနင်နှင့် ဝေ့ရှင်ဖုန်းတို့ နေရာတကျ မရပ်ရသေးမီမှာပင် ကျိုးဝေချန်က ပြုံးလျက် လျှောက်လာလေသည်။
“စီနီယာကျိုး”
ရွှီနင်က လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။
သူ၏သားဖြစ်သူ တံဆိပ်တော်နယ်ပယ်သို့ တက်လှမ်းသွားပြီးချိန်မှစ၍ ကျိုးဝေချန်တစ်ယောက် စိတ်အခြေအနေ ကောင်းမွန်နေခဲ့သည်။
“မင်း ယွမ်ရှန်းဂိုဏ်းထဲ ဝင်ခါနီးလေး လွဲသွားတယ်ဆိုတာကို မိသားစုခေါင်းဆောင်ဝေ့ဆီကနေ ငါကြားလိုက်တယ်၊ တကယ်ကို နှမြောစရာပဲကွာ”
ကျိုးဝေချန်က သက်ပြင်းချလိုက်သည်။
“ဘဝမှာ အတက်အကျဆိုတာ ရှိစမြဲပါပဲ၊ ဒါက ကောင်းတယ် ဆိုးတယ်လို့ သတ်မှတ်လို့မရပါဘူး”
ရွှီနင်က ပြန်ပြောလိုက်သည်။
“ရွှီနင်၊ မင်း ဒီကိုရောက်တာ ပထမဆုံးအကြိမ်ဆိုတော့ မိတ်ဆွေတချို့နဲ့ သွားမိတ်ဆက်ပေးမယ်”
ဝေ့ရှင်ဖုန်းက ပြောလိုက်လေသည်။
“မင်းသာ ဒီကလူတွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ရင် ဖေးယွင်ပြည်နယ်မှာ မင်းမလုပ်နိုင်တာ ဘာမှမရှိသလောက်ပဲ”
ထို့နောက် ဝေ့ရှင်ဖုန်းနှင့် ကျိုးဝေချန်တို့သည် ရွှီနင်အား ယွမ်ရှန်းဂိုဏ်းမှ မိတ်ဆွေများ သို့မဟုတ် အကြီးအကဲများနှင့် မိတ်ဆက်ပေးကြသည်။
ထိုသူများသည် ရွှီနင်၏ သိုင်းပညာနယ်ပယ်ကို မြင်တွေ့ရသောအခါ အံ့အားသင့်သွားကြသည်။
ရွှီနင်သည် ဝေ့ကုန်သွယ်ရေးအဖွဲ့ရှိ အရည်အသွေးမြင့် ဆေးပြားများကို ဖော်စပ်ပေးခဲ့သော ဆေးဆရာတစ်ဦးဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့အားလုံးက ရွှီနင်အပေါ် အလွန်ယဉ်ကျေးသွားကြလေသည်။
လူတိုင်းက ရွှီနင်အား ဆေးပြားများ ဖော်စပ်ပေးရန် အကူအညီတောင်းရန် အားနာနေကြသော်လည်း ရွှီနင်နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန် တိတ်တဆိတ် ကြံရွယ်နေကြပေသည်။
အဆင့်မြင့်ဆေးဆရာတစ်ဦးသည် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးထက် ပို၍တန်ဖိုးရှိပေသည်။
ရှန့်နန်ချွမ်းသည် အရည်အသွေးပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်သော်လည်း သူ၏ ပြောင်မြောက်လှသော ဆေးပညာစွမ်းရည်များကြောင့် သူ၏အဆင့်အတန်းမှာ ဟွမ်ဇုံးရှောင့်ထက်ပင် ပို၍မြင့်မားနေလေသည်။
“ရွှီနင်၊ ဒါက ဝူမိသားစုရဲ့ ခေါင်းဆောင် အဘွားအိုဝူလန်ချုံပဲ”
ဝေ့ရှင်ဖုန်းက ရွှီနင်အား အဘွားအိုတစ်ဦးထံသို့ ခေါ်ဆောင်သွားလေသည်။
အဘွားအိုသည် အလွန်ပိန်ပါးပြီး သူမ၏မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ပြည့်နှက်နေကာ အားနည်းပြီး ချည့်နှဲ့နေပုံရသည်။
သို့သော် သူမ၏မျက်လုံးများကမူ နက်ရှိုင်းပြီး ကြင်နာတတ်သည့်အရိပ်အယောင်များပါရှိရာ လူများကို အဝေးမှပင် ရိုသေလေးစားမှု ဖြစ်ပေါ်စေလေသည်။
ဝေ့ရှင်ဖုန်းနှင့် ကျိုးဝေချန်တို့ သူမဘေးတွင် ရပ်နေချိန်၌ သူတို့သည် နှိမ့်ချသော အမူအရာရှိသည့် ကလေးငယ်နှစ်ဦးနှင့်ပင် တူနေပေသည်။
“ဂါရဝပြုပါတယ် စီနီယာဝူ”
ဤအဘွားအိုသည် ဟင်းလင်းပြင်နယ်ပယ် အဆင့်ကိုးတွင် ရှိနေကြောင်း ရွှီနင် ခံစားသိရှိနိုင်လေသည်။
ဝူမိသားစုသည် ယွမ်ရှန်းဂိုဏ်းလက်အောက်ရှိ မိသားစုခြောက်ခုအနက် ခေါင်းဆောင်မိသားစု ဖြစ်သည်။ ယွမ်ရှန်းဂိုဏ်း၏ အကြီးအကဲများအဖြစ် တာဝန်ယူထားသော မိသားစုအကြီးအကဲ အများအပြားလည်း ရှိပေသည်။ သူတို့မိသားစု၏ အခြေခံအုတ်မြစ် နက်ရှိုင်းမှုမှာ သာမန်မိသားစုများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
ယခင်က ရွှီနင်နှင့် အနည်းငယ် ပွတ်တိုက်မှုရှိခဲ့သော ဝူချင်းဖူသည်လည်း ဝူမိသားစုဝင်တစ်ဦးပင် ဖြစ်သည်။
“မိတ်ဆွေလေးရွှီနင်၊ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အောင်မြင်မှုတွေ ရထားတာ ရှားပါးလှတယ်”
ဝူလန်ချုံက ရွှီနင်ကို ကြင်နာသော အပြုံးဖြင့် ကြည့်လိုက်သည်။
အစောပိုင်း၌ ရွှီနင် အခြားသူများနှင့် စကားပြောနေစဉ် ရွှီနင်၏အကြောင်းကို သူမ အနည်းငယ် ကြားသိခဲ့ရလေသည်။
“စီနီယာဝူက မြှောက်လွန်းနေပါပြီ”
ဝူလန်ချုံထံမှ အသက်အရွယ်ကြီးရင့်မှု၏ ရိုးရှင်းမှုကို ရွှီနင် ခံစားလိုက်ရသည်။
ဝူလန်ချုံ၏ အသက်အရွယ်တွင် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေလျှင်ပင် ဘဝ၏အဆုံးသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေနိုင်ပေသည်။
“မင်းက တခြားပြည်နယ်ကလာတာလား”
ဝူလန်ချုံက သာမန်အဘွားအိုတစ်ဦးကဲ့သို့ ရွှီနင်ကို မေးလိုက်သည်။
“မဟုတ်ပါဘူး၊ ကျွန်တော်က ဖေးယွင်ပြည်နယ်ကပါ”
ရွှီနင်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“မင်းက ဖေးယွင်ပြည်နယ်ကလား”
ဝူလန်ချုံ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ “လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်းက ဖေးယွင်ပြည်နယ်မှာရှိတဲ့ လူငယ်ပါရမီရှင်အများစုအကြောင်းကို ငါကြားဖူးတယ်၊ ဒါပေမဲ့ မင်းနာမည်ကိုတော့ တစ်ခါမှမကြားဖူးဘူး”
“ကျွန်တော်က ဖေးယွင်ပြည်နယ်ကဆိုပေမဲ့ ကျွန်တော့်ရဲ့ သိုင်းပညာတိုးတက်မှုအများစုက ကျိဖုန်းပြည်နယ်မှာ”
(စကားချပ်:ကျိဖုန်းစီရင်စုအား ကျိဖုန်းပြည်နယ်ဟုပြောင်းသုံးသွားပါမည်။)
ရွှီနင်က တုံ့ပြန်လိုက်သည်။
“ငါသိပြီ...”
ဝူလန်ချုံက ပြုံးလိုက်ရာ သူမ၏မျက်လုံးထောင့်ရှိ အရေးအကြောင်းများမှာ ပိုမိုနက်ရှိုင်းသွားလေသည်။
“ကျိဖုန်းပြည်နယ်က ဘယ်ဂိုဏ်းကလဲ”
“ယွဲ့လန်ဂိုဏ်းပါ”
ရွှီနင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ချေ။
ဝူလန်ချုံက ပြောသည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ငါ ကျိဖုန်းပြည်နယ်ကိုသွားပြီး ယွဲ့လန်ဂိုဏ်းက လူအများကြီးနဲ့ ဆုံခဲ့ဖူးတယ်၊ ဒါပေမဲ့ သူတို့တွေ အသက်ရှင်သေးရဲ့လားတော့ မသိဘူး”
“လက်ရှိ ယွဲ့လန်ဂိုဏ်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ”
ဝူလန်ချုံက မေးလိုက်သည်။
“ကျွန်တော့်ဆရာ မီရှင်းယယ်ပါ”
ရွှီနင်သည် သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်မထားခဲ့ပေ။ လက်ရှိသူ၏စွမ်းအားဖြင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်သလောက်ပင် ဖြစ်သည်။
ရွှီနင် စကားပြောပြီးသည်နှင့် ဝေ့ရှင်ဖုန်းနှင့် ကျိုးဝေချန်တို့မှာ သူ့ကို လှမ်းကြည့်လိုက်ကြသည်။
ရွှီနင်သည် ကျိဖုန်းပြည်နယ်ရှိ ဂိုဏ်းကြီးတစ်ခုမှ လာမှန်း သူတို့သိထားသော်လည်း ယွဲ့လန်ဂိုဏ်း၏ ဂိုဏ်းချုပ်တပည့်ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။
ယွဲ့လန်ဂိုဏ်းသည် ကျိဖုန်းပြည်နယ်ရှိ ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး အပြင်ဘက်ပြည်နယ်များတွင်လည်း အတော်လေး နာမည်ကြီးလေသည်။
“မီရှင်းယယ်”
ဝူလန်ချုံက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်တစ်ခု သူမ၏မျက်နှာပေါ်တွင် ပေါ်လာလေသည်။ “သူ့ကို ငါမှတ်မိပါသေးတယ်၊ အဲဒီတုန်းက သူက စိတ်အားထက်သန်တဲ့ လူငယ်လေးတစ်ယောက်ပဲ ရှိသေးတာ၊ အခုတော့ ဂိုဏ်းချုပ်ကြီးတောင် ဖြစ်နေပြီလို့ ငါမထင်ထားခဲ့ဘူး”
ဝူလန်ချုံသည် တစ်စုံတစ်ရာကို စဉ်းစားနေသည့်အလား ရွှီနင်ကို စိုက်ကြည့်နေလေသည်။
ထိုစဉ်မှာပင်…
“ဂိုဏ်းချုပ်ဖုန်း ရောက်လာပြီ”
တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
ရွှီနင် တံခါးဝသို့ လှမ်းကြည့်လိုက်သည်။
ငွေရောင်ဆံပင်နှင့် အဘိုးအိုတစ်ဦး ဝင်လာလေသည်။ သူ၏ကျောပြင်မှာ ဖြောင့်တန်းနေပြီး အပေါ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ခြေလှမ်းမှန်မှန်ဖြင့် တက်တက်ကြွကြွ လျှောက်လာလေသည်။
“ဂိုဏ်းချုပ်ဖုန်း”
“ဂါရဝပြုပါတယ် ဂိုဏ်းချုပ်ကြီး”
“…”
သူဝင်လာသည်နှင့်တစ်ပြိုင်နက် အကြီးအကဲများခန်းမရှိ လူအားလုံးက သူ့ကို ဝိုင်းရံသွားကြသည်။
“ယွမ်ရှန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖုန်းရှိုး...”
ရွှီနင်သည် ဖုန်းရှိုးကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် ကြီးမားလှသော ဖိအားကြီးတစ်ခု သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရလေသည်။
တာအိုလက်နက်တစ်ခု ရှိနေလျှင်ပင် ဤကဲ့သို့သော ဖိအားမျိုးကို သူ ခံစားနေရဆဲဖြစ်သည်။
‘ဒီဖုန်းရှိုးက ငါ့ဆရာ မီရှင်းယယ်ထက်တောင် ပိုစွမ်းအားကြီးတာပဲ... ဒါဆိုရင် သူက တစ်ဝက်တစ်ပျက် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမယ်’
ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။
ဖုန်းရှိုးက ဝူလန်ချုံ၏အနီးသို့ တမင်သက်သက် လျှောက်လာလေသည်။
“အစ်မဝူ၊ ခင်ဗျားလည်း ရောက်နေတာပဲ”
ဖုန်းရှိုးသည် ဝူလန်ချုံအပေါ် အလွန်ယဉ်ကျေးလေသည်။
“ဂိုဏ်းညီလာခံက သုံးနှစ်တစ်ခါ ကျင်းပတာလေ၊ ငါ နောက်ထပ် ဘယ်နှကြိမ်လောက် တက်နိုင်ဦးမလဲဆိုတာ မသိတော့ဘူး၊ ဒါကြောင့် သေချာပေါက် လာရမှာပေါ့”
ဝူလန်ချုံ၏ လေသံမှာ ကိုယ့်ကိုယ်ကိုယ် သရော်နေသည့်ပုံ ပေါက်နေသည်။
ဖုန်းရှိုး ပြုံးလိုက်သော်လည်း ရင်ထဲ၌ အနည်းငယ် ဝမ်းနည်းသွားရသည်။
ဝူလန်ချုံသည် တာအိုနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်ရန် မျှော်လင့်ချက်မရှိတော့သဖြင့် သူမ၏သက်တမ်းမှာ နှစ် ၁၅၀ သာ ရှိတော့လေသည်။
“ဟင်”
ထိုစဉ် ဖုန်းရှိုးက ရွှီနင်ကို သတိပြုမိသွားသည်။
“မင်းက မျက်နှာစိမ်းပါလား”
“ဂျူနီယာရွှီနင် ဂိုဏ်းချုပ်ဖုန်းကို ဂါရဝပြုပါတယ်”
ရွှီနင်က အလျင်အမြန်ပင် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
“ရွှီနင်က ဖေးယွင်ပြည်နယ်ကပဲ၊ ဒါပေမဲ့ သူက ကျိဖုန်းပြည်နယ်မှာ သိုင်းပညာလေ့ကျင့်ခဲ့တာ။ သူက ယွဲ့လန်ဂိုဏ်းကလာတာဖြစ်ပြီး သူ့ဆရာက မီရှင်းယယ်တဲ့”
ရွှီနင် မိမိကိုယ်ကိုယ် မိတ်ဆက်၍မပြီးမီမှာပင် ဝူလန်ချုံက ဖုန်းရှိုးအား ဦးစွာပြောပြလိုက်လေသည်။
ဖုန်းရှိုး၏ မျက်ခုံးများ လှုပ်ရှားသွားသည်။
ထို့နောက် ဖုန်းရှိုး၏ နားထဲသို့ အသံတစ်ခု တိုက်ရိုက်ဝင်ရောက်လာသည်ကို ကြားလိုက်ရသည်။
“ဒီကလေးက ကျိဖုန်းပြည်နယ်နဲ့ ငါတို့ကြားက ကြားခံတစ်ယောက် ဖြစ်လာနိုင်တယ်”
၎င်းမှာ ဝူလန်ချုံ၏အသံဖြစ်သော်လည်း ဖုန်းရှိုးတစ်ယောက်သာလျှင် ကြားနိုင်လေသည်။
‘သူ့ကို ယွမ်ရှန်းဂိုဏ်းနဲ့ ကျိဖုန်းပြည်နယ်ကြားက ကြားခံ ဖြစ်ခိုင်းရမယ်... တကယ် သင့်လျော်ပုံပဲ’
ဖုန်းရှိုးက ရွှီနင်ကို အထက်အောက် တစ်ချက် အကဲခတ်လိုက်သည်။
ရွှီနင်သည် ဖုန်းရှိုး၏ အကြည့်ကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။
ဖုန်းရှိုး၏ မျက်လုံးများက သူ့ကို စေ့စေ့စပ်စပ် စစ်ဆေးနေပုံရသည်။
“ကောင်းပြီ၊ ဂိုဏ်းညီလာခံ စတော့မယ်၊ ပွဲကြည့်စင်ဘက် သွားကြရအောင်”
ဖုန်းရှိုးက ရွှီနင်ထံမှ အကြည့်လွှဲလိုက်သည်။
“ရွှီနင်၊ မင်း ငါ့နောက်က လိုက်ခဲ့”
ဖုန်းရှိုး ဤသို့ပြောပြီးနောက် ဝေ့ရှင်ဖုန်း၊ ကျိုးဝေချန်နှင့် အခြားသူများအားလုံးက ရွှီနင်အား အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။
ဂိုဏ်းချုပ်ဖုန်းသည် လူအများရှေ့တွင် ရွှီနင်၏ အဆင့်အတန်းကို မြှင့်တင်ပေးရန် ကြိုးစားနေကြောင်း သိသာလှပေသည်။
“နားလည်ပါပြီ”
ရွှီနင်မှာ နားမလည်နိုင်ဖြစ်နေသော်လည်း နာခံရန်သာ ရွေးချယ်လိုက်လေသည်။
ဖုန်းရှိုးနှင့် ဝူလန်ချုံတို့သည် ယှဉ်လျက် လျှောက်သွားကြသည်။ ရွှီနင်က သူတို့၏နောက် ခြေလှမ်းတစ်ဝက်ခန့်အကွာမှ လိုက်ပါသွားပြီး အခြားသူများက ရွှီနင်၏နောက်မှ လိုက်လာကြလေသည်။
ဤခံစားချက်က ရွှီနင်ကို တစ်မျိုးကြီး ဖြစ်သွားစေသည်။
အပြင်လူတစ်ယောက်ဖြစ်သော သူမှာ အကြီးအကဲများအဖွဲ့၏ အရှေ့တွင် ရှိနေခြင်းပင်။
ဖေးယွင်ရင်ပြင်၌…
ဤသည်မှာ ယွမ်ရှန်းဂိုဏ်းက သူတို့၏ ညီလာခံကို ကျင်းပမည့် နေရာဖြစ်သည်။
ရွှီနင် ဤနေရာကို မြင်လိုက်ရသောအခါ ယွဲ့လန်ဂိုဏ်း၌ မိစ္ဆာနှိမ်နင်းရေးညီလာခံတွင် ပါဝင်ခဲ့ရသည့် မြင်ကွင်းကို သတိရသွားမိသည်။
“အကြီးအကဲတွေ ရောက်လာကြပြီ”
“ငါ့မိသားစုခေါင်းဆောင်ကို မြင်လိုက်ရတယ်”
ဖုန်းရှိုးက လူအုပ်ကြီးကို ဦးဆောင်ကာ အခမ်းအနားနေရာသို့ ဝင်ရောက်လာသောအခါ ဖေးယွင်ရင်ပြင်တစ်ခုလုံး ရုတ်တရက် အော်ဟစ်အားပေးသံများဖြင့် ပြည့်နှက်သွားလေသည်။
ယွမ်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဖုန်းရှိုးသည် ယွင်ယင်းမြို့တွင်သာမက ဖေးယွင်ပြည်နယ်တစ်ခုလုံး၌ပါ ကြီးမားသော ဩဇာတိက္ကမကို ပိုင်ဆိုင်ထားပေသည်။
ယွမ်ရှန်းဂိုဏ်း၏ တပည့်တိုင်းနီးပါးမှာ ဖုန်းရှိုးအား ၎င်းတို့၏ သိုင်းပညာကျင့်ကြံမှုလမ်းကြောင်းပေါ်ရှိ အမြင့်ဆုံးပန်းတိုင်အဖြစ် သတ်မှတ်ထားကြလေသည်။
“အဲဒီလူငယ်လေးက ဘယ်သူလဲ၊ သူက ဘာလို့ ဂိုဏ်းချုပ်ကြီးနဲ့ အတူရှိနေတာလဲ”
“သူက ဂိုဏ်းချုပ်ကြီးရဲ့ တပည့်အသစ်များ ဖြစ်နေမလား”
“မဖြစ်နိုင်တာ၊ တပည့်အသစ်ဆိုရင်တောင် အမြင့်ဆုံးပွဲကြည့်စင်မှာ ထိုင်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”
ထိုစဉ် လူအများအပြားက ဖုန်းရှိုးနှင့် ဝူလန်ချုံတို့၏နောက်တွင် ရှိနေသော ရွှီနင်ကို သတိပြုမိသွားကြသည်။
လူအများအပြားက ရွှီနင်နှင့်ပတ်သက်၍ စတင်ဆွေးနွေးလာကြလေသည်။
“ချင်းဖူ၊ ဘာဖြစ်လို့လဲ”
လူအုပ်ထဲမှ တစ်နေရာတွင် ဝူချင်းဖူတစ်ယောက် မှင်သက်နေမိသည်။ သူ၏သူငယ်ချင်းများက သူ့ကို လာပုတ်သည့်တိုင်အောင် လုံးဝ မတုံ့ပြန်နိုင်ခဲ့ပေ။
“အဲဒီလူ... သူက...”
ဝူချင်းဖူသည် ရွှီနင်ကို မှတ်မိနေပြီး ဖြစ်သည်။
ရွှီနင်တို့နှင့် ပဋိပက္ခဖြစ်ပြီးနောက်တွင် သူသည် လူလွှတ်ကာ စုံစမ်းခိုင်းခဲ့သည်။
နောက်ဆုံးတွင် သူည် အဖြေကို သိရှိသွားခဲ့သည်။ ရွှီနင်သည် ဝေ့မိသားစုနှင့်အတူ နေထိုင်နေသော ဆေးဆရာဖြစ်ကြောင်း သူ၏လက်အောက်ငယ်သားများက သူ့ကို ပြောပြခဲ့သည်။
ထိုအကြောင်းကို ကြားပြီးနောက် ဝူချင်းဖူတစ်ယောက် သက်ပြင်းချလိုက်မိသည်။ တစ်ဖက်လူသည် အလွန်အမင်း စွမ်းအားကြီးမားပြီး ဆေးဆရာတစ်ဦးဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ဝူမိသားစု၏ တပည့်တစ်ဦးအနေဖြင့် သူသည် ဆေးဆရာကို သွားမစသရွေ့ ဆေးဆရာမှာလည်း သူ့ကို သေချာပေါက် လက်စားချေလိမ့်မည် မဟုတ်ပေ။
ဝူချင်းဖူသည် ဤကိစ္စ ပြီးဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း ရွှီနင်က ယွမ်ရှန်းဂိုဏ်း၏ ဂိုဏ်းညီလာခံတွင် ပေါ်လာမည်ဟု မထင်ထားခဲ့သလို၊ ဂိုဏ်းချုပ်ဖုန်းရှိုးနှင့် မိသားစုခေါင်းဆောင် အဘွားအိုတို့၏နောက်ရှိ အမြင့်ဆုံးပွဲကြည့်စင်တွင် ပေါ်လာလိမ့်မည်ဟုလည်း မျှော်လင့်မထားခဲ့မိပေ။
ဤအချက်က ဝူချင်းဖူကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
သူ မည်မျှပင် တုံးအသည်ဖြစ်စေ ပြဿနာကြီးကြီး တက်နေပြီဖြစ်ကြောင်းကိုမူ သူ သိလိုက်လေသည်။
ဝူချင်းဖူက ရွှီနင်ကို သတိပြုမိချိန်တွင် ရွှီနင်ကလည်း လူအုပ်ထဲရှိ ဝူချင်းဖူကို မြင်လိုက်ရသည်။
သူ၏အကြည့်သည် ဝူချင်းဖူအပေါ် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ညင်သာစွာ ခေါင်းယမ်းလိုက်ပြီး အကြည့်လွှဲလိုက်သည်။
“ရွှီနင်၊ မင်းက ငါတို့မိသားစုက ကလေးတွေကို သိနေပုံရတယ်နော်”
ဝူလန်ချုံက ၎င်းကို သတိထားမိသွားသည်။
“ကျွန်တော်တို့ အနည်းငယ် ပတ်သက်မှုရှိခဲ့ရုံပါ”
ရွှီနင်က ပြန်ဖြေလိုက်သော်လည်း သူတို့၏ ပိဋိပက္ခအကြောင်းကိုမူ ဘာမှ မပြောခဲ့ပေ။
ဤကဲ့သို့သောအခြေအနေမျိုးတွင် ထုတ်ပြောရသည်မှာ အတော်လေး အရှက်ရစရာကောင်းပေလိမ့်မည်။
ဝူလန်ချုံက ရွှီနင်ကို တစ်ချက်ကြည့်လိုက်ပြီး စဉ်းစားခန်း ဝင်သွားလေသည်။
“အားကျန့်...”
ဝူလန်ချုံက သူမ၏နောက်ရှိ ဝူမိသားစုမှ အကြီးအကဲအား ပြောလိုက်သည်။
“ချင်းဖူက ပါရမီရှိပေမဲ့ သူ့ရဲ့ စိတ်နေသဘောထားက မတည်ငြိမ်ဘူး။ ဂိုဏ်းညီလာခံ ပြီးသွားရင် သူ့ကို ယွင်ယင်းမြို့ပြင်ပြောင်းပြီး လေ့ကျင့်ခိုင်းလိုက်”
အားကျန့်ဟုခေါ်သော မိသားစုအကြီးအကဲက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
ဤအချိန်မှစ၍ ဝူချင်းဖူသည် ဝူမိသားစု၏ အဓိကအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံလိုက်ရပြီဖြစ်ကြောင်း မိသားစုအကြီးအကဲဖြစ်သူ အားကျန့်မှာ ကောင်းစွာ သိရှိလိုက်လေသည်။
***