ရွှီနင်သည် ဝူလန်ချုံနှင့် အကြီးအကဲအားကျန့်တို့၏ စကားပြောဆိုမှုကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
ဝူလန်ချုံက ပွင့်ပွင့်လင်းလင်း မပြောခဲ့သော်လည်း ရွှီနင်က သူမ၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပေသည်။
မမျှော်လင့်ထားသည့် အမှားအယွင်းများသာ မရှိခဲ့လျှင် ယခင်က သူ့အား ပြစ်မှားခဲ့သော ဝူချင်းဖူသည် အချိန်အတန်ကြာသည်အထိ အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်ရဖွယ် ရှိလေသည်။
တစ်ချိန်တည်းမှာပင် ဝူလန်ချုံ၏ ထက်မြက်မှုအပေါ် ရွှီနင် သက်ပြင်းချလိုက်မိသည်။
သူမသည် သူ၏ မျက်နှာအမူအရာနှင့် ခံစားချက်ကင်းမဲ့နေသော စကားလုံးများကို ကြည့်ရုံဖြင့် ဝူချင်းဖူနှင့် သူ့ကြားရှိ ဆက်ဆံရေးကို ခန့်မှန်းနိုင်ခဲ့သည်။
‘ဘဝရဲ့ အခက်အခဲတွေကို ကြုံတွေ့ဖူးတဲ့သူပီသပါပေတယ်...’
ရွှီနင် ရင်ထဲမှ သက်ပြင်းချလိုက်မိသည်။
“ရွှီနင်... မင်းက ကျိဖုန်းစီရင်စုက ယွဲ့လန်ဂိုဏ်းကဆိုတော့ ကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခုကပဲ”
ဖုန်းရှိုးက ပြောလိုက်သည်။ “ဒီနေ့တော့ ယွမ်ရှန်းဂိုဏ်းက တပည့်တွေကို သေချာကြည့်ရှုပြီး သူတို့ရဲ့ စွမ်းရည်တွေက မင်းရဲ့ အာရုံစိုက်မှုကို ရရှိဖို့ ထိုက်တန်မှု ရှိမရှိ အကဲဖြတ်ပေးပါဦး”
“ဂိုဏ်းချုပ်ဖုန်းက နောက်နေပြန်ပါပြီ”
ရွှီနင် ပြုံးလိုက်လေသည်။
ဖုန်းရှိုးနှင့် ဝူလန်ချုံတို့သည် ရွှီနင်နှင့် အခြားသူများကို နေရာထိုင်ခင်း ပေးလိုက်ကြသည်။
ထို့နောက် ယွမ်ရှန်းဂိုဏ်းမှ အကြီးအကဲများသည် ညီလာခံ လုပ်ငန်းစဉ်များကို စတင်ကြေညာတော့သည်။
သိုင်းဂိုဏ်းညီလာခံတစ်ခု၏ အဓိကအချက်မှာ သဘာဝကျစွာပင် ခွန်အားယှဉ်ပြိုင်ခြင်းသာ ဖြစ်ပေသည်။
အပြင်စည်းတပည့်များ၊ အတွင်းစည်းတပည့်များနှင့် တပည့်ရင်းများအားလုံး အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြရမည် ဖြစ်သည်။
ဂိုဏ်းညီလာခံတွင် စွမ်းဆောင်ရည်ကောင်းမွန်သူများကို ဆေးပြားများ၊ ကျင့်စဉ်များနှင့် အခြားသော အရင်းအမြစ်များ ဆုချီးမြှင့်မည် ဖြစ်သည်။
အထူးထူးချွန်သူများဆိုလျှင် အဆင့်တိုးမြှင့်ခံရနိုင်ပေသည်။
မကြာမီတွင် ဂိုဏ်းညီလာခံ စတင်လေတော့သည်။
ပထမဆုံးအနေဖြင့် အပြင်စည်းတပည့်များနှင့် အတွင်းစည်းတပည့်များကြား ပြိုင်ပွဲဖြစ်သည်။
ရွှီနင်သည် အပြင်စည်းတပည့်များနှင့် အတွင်းည်းတပည့်များ၏ တိုက်ပွဲများကို တိတ်တဆိတ် နှိုင်းယှဉ်လေ့လာနေခဲ့သည်။
နှိုင်းယှဉ်ချက်အရ ယွမ်ရှန်းဂိုဏ်း၏ အပြင်စည်းနှင့် အတွင်းစည်းတပည့်များသည် ယွဲ့လန်ဂိုဏ်းမှ တပည့်များထက် ပိုမိုသာလွန်ကြောင်း သူ တွေ့ရှိလိုက်ရသည်။ ထို့အပြင် အရေအတွက်လည်း ပိုမိုများပြားလေသည်။
ခြုံငုံကြည့်လျှင် ယွမ်ရှန်းဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ ယွဲ့လန်ဂိုဏ်းထက် ပိုမိုခိုင်မာနေသည်မှာ အမှန်ပင်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နာရီပေါင်းများစွာ ကြာမြင့်သွားခဲ့ချေပြီ။
ရွှီနင်သည် အမြင့်ဆုံးပွဲကြည့်စင်ပေါ်တွင် ထိုင်နေရသော်လည်း ပင်ပန်းသည်ဟု မခံစားရပေ။ ယှဉ်ပြိုင်ကြသော တပည့်များထဲတွင် အမြဲလိုလို ထူးချွန်သူများ ပါဝင်နေတတ်ရာ ရွှီနင်အား သာမန်သိုင်းသမားများနှင့် ကိုယ်ခံပညာရှင်များ၏ သိုင်းပညာစိတ်ဆန္ဒကို ခံစားသိရှိနိုင်စေခဲ့သည်။
နောက်ဆုံးတွင် မွန်းလွဲပိုင်းသို့ ရောက်သောအခါ တပည့်ရင်းများ စတင်ယှဉ်ပြိုင်ကြလေတော့သည်။
‘ယွမ်ရှန်းဂိုဏ်းရဲ့ လက်ရှိ တပည့်ရင်းအရေအတွက်က ယွဲ့လန်ဂိုဏ်းနဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ ဒါတွေအားလုံးက ရွေးချယ်မှု စည်းမျဉ်းတွေ မတူညီလို့ပဲ... ယွမ်ရှန်းဂိုဏ်းမှာက ဟင်းလင်းပြင်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်တာနဲ့ တပည့်ရင်းအဆင့်ကို အလိုအလျောက် ရရှိနိုင်ပေမဲ့ ယွဲ့လန်ဂိုဏ်းမှာကတော့ ကွာခြားတယ်။ အကြီးအကဲတွေကသာ တန်ဖိုးထားမယ်ဆိုရင် သာမန်လူသားနယ်ပယ် သိုင်းပညာရှင်တစ်ယောက်တောင် တပည့်ရင်းအဖြစ် ရွေးချယ်ခံရနိုင်တယ်...’
ရွှီနင် တွေးလိုက်မိသည်။
ယွမ်ရှန်းဂိုဏ်းတွင် အရည်အသွေးပြောင်းလဲခြင်းနယ်ပယ်နှင့် ဂုဏ်သတ္တိနယ်ပယ်ကြားရှိ တပည့်အရေအတွက်မှာ ယွဲ့လန်ဂိုဏ်းထက် ထက်ဝက်နီးပါး ပိုများနေကြောင်း သူ တွေ့ရှိခဲ့ရသည်။ သူတို့ပိုင်ဆိုင်ထားသော ထိပ်တန်းအဆင့် တပည့်အရေအတွက်မှာ ယွဲ့လန်ဂိုဏ်းထက် ပိုများပြားနေလေသည်။
သို့သော် ထိပ်တန်းတပည့်များကို နှိုင်းယှဉ်ကြည့်လျှင် ယွဲ့လန်ဂိုဏ်းကမူ လုံးဝနိမ့်ကျမနေခဲ့ပေ။
ယွမ်ရှန်းဂိုဏ်းတွင် တံဆိပ်တော်နယ်ပယ်နှင့်အထက်၌ တပည့်လေးယောက် ရှိသည်။ တစ်ယောက်မှာ အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်တွင် ရှိပြီး ကျန်သုံးယောက်မှာ တံဆိပ်တော်နယ်ပယ်တွင် ရှိလေသည်။
လက်ရှိ ယွဲ့လန်ဂိုဏ်းတွင် ရွှီနင်နှင့် သူ၏ စီနီယာအစ်ကို ဟယ့်မင်ယဲ့ နှစ်ဦးတည်းသာလျှင် တံဆိပ်တော်နယ်ပယ်အထက်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသော်လည်း သူတို့နှစ်ဦးစလုံးမှာ အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြပေသည်။
ယခုကဲ့သို့ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယွဲ့လန်ဂိုဏ်းကပင် အနည်းငယ် အသာစီးရနေသေးသည်။
“ဒီနေ့ တပည့်ရင်းတွေရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းမွန်တာပဲ”
တပည့်ရင်းများ၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုပြီးနောက် ဖုန်းရှိုးက မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးလိုက်လေသည်။ သူသည် သူတို့အပေါ် အလွန် ကျေနပ်အားရနေသည်။
“ဝမ်ရန်ပိုင် စတင် လှုပ်ရှားတော့မယ်”
ဖုန်းရှိုးနှင့် ဝူလန်ချုံတို့ နှစ်ဦးစလုံးသည် ဝမ်ရန်ပိုင်ကို မျှော်လင့်နေသည့်အလား တစ်ချိန်တည်းမှာပင် ရှေ့သို့ အနည်းငယ် ကိုင်းညွတ်သွားကြသည်။
‘ဝမ်ရန်ပိုင်...’
ရွှီနင်သည် သူတို့၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ မြစိမ်းရောင် ဝါးတုတ်ကို ကိုင်ဆောင်ထားသော အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။
ထိုသူသည် အသက် ၃၀ နီးပါးခန့် ရှိပုံရသည်။ သူသည် ထက်မြက်သော မျက်ခုံးများ၊ ကြယ်များပမာ တောက်ပသော မျက်လုံးများ ရှိပြီး ရုပ်ရည်ချောမောလေသည်။ ထိုသူ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရေတွက်၍မရနိုင်သော အားပေးသံများကို ဆွဲဆောင်နိုင်ခဲ့သည်။
အပြင်စည်းတပည့်များဖြစ်စေ၊ အတွင်းစည်းတပည့်များဖြစ်စေ၊ တပည့်ရင်းများပင်ဖြစ်စေ လူတိုင်းက သူ့ကို စိတ်နှလုံးမှ လေးစားမှုဖြင့် ကြည့်ရှုနေကြလေသည်။
‘ဒါဆို သူက အစစ်အမှန်စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်ပေါ့...’
ရွှီနင်မှာ ထိုသူအား အစကတည်းက သတိထားမိခဲ့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိခဲ့ပေ။
‘ဒီလူက ယွမ်ရှန်းဂိုဏ်းရဲ့ နံပါတ်တစ် တပည့်ရင်း ဖြစ်ရမယ်...’
ဝမ်ရန်ပိုင်သည် စင်မြင့်ပေါ်သို့ ခုန်တက်သွားပြီး တံဆိပ်တော်နယ်ပယ်မှ တပည့်ရင်းကို နှုတ်ဆက်လိုက်သည်။
ထို့နောက် သူတို့နှစ်ဦး စတင် တိုက်ခိုက်ကြတော့သည်။
ဤသည်မှာ လုံးဝ ရင်ခုန်စရာမရှိသော တိုက်ပွဲတစ်ခု ဖြစ်ပေသည်။ သိုင်းပညာနယ်ပယ်အရဖြစ်စေ၊ လျှို့ဝှက်နည်းစနစ်အရဖြစ်စေ ဝမ်ရန်ပိုင်သည် သူ၏ ပြိုင်ဘက်ထက် များစွာ သာလွန်နေခဲ့သည်။
သူသည် လက်ထဲတွင် မြစိမ်းရောင် ဝါးတုတ်ကို ကိုင်ဆောင်ထားပြီး မရေမတွက်နိုင်သော အစိမ်းရောင် အရိပ်များသည် လေထဲတွင် ကခုန်နေကာ ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ကန့်သတ်ထားလေသည်။
ဝမ်ရန်ပိုင်သည် အစစ်အမှန်စိတ်ဆန္ဒကိုပင် အသုံးမပြုခဲ့ပေ။ သူသည် သူ၏ ဂုဏ်သတ္တိစွမ်းအားကိုသာ အားကိုး၍ ပြီးပြည့်စုံသော ဖိနှိပ်မှုကို ရယူနိုင်ခဲ့ပြီး သူ၏ပြိုင်ဘက်ကို ပြန်လည်ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်ခဲ့သည်။
သိုင်းကွက် တစ်ဒါဇင်ခန့် အကြာတွင် ဝမ်ရန်ပိုင် အနိုင်ရရှိသွားလေသည်။
“အစ်ကိုဝမ်ရန်ရဲ့ ခွန်အားက တကယ်ကို ထူးခြားပြောင်မြောက်လှပါတယ်။ ကျွန်တော် အရှုံးပေးပါတယ်”
ထိုတပည့်မှာ ဝမ်ရန်ပိုင်၏ အနိုင်ယူခြင်းကို ခံရပြီးနောက် စိတ်ပျက်သွားပုံ မရပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့ စတင်မတိုက်ခိုက်မီကတည်းက ဤအခြေအနေကို သူ မျှော်လင့်ထားပြီးသား ဖြစ်လေသည်။
“လွန်ခဲ့တဲ့ နှစ်ဝက်ကနဲ့ နှိုင်းယှဉ်ရင် ဂျူနီယာညီလေးက အများကြီး တိုးတက်လာပါတယ်။ အချိန်တန်ရင် ညီလေးလည်း အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်ကို သေချာပေါက် ထိုးဖောက်ရောက်ရှိလာမှာပါ။ အဲဒီအခါကျရင် ငါတို့ ထပ်တိုက်ခိုက်ကြတာပေါ့”
ဝမ်ရန်ပိုင်သည် မောက်မာခြင်း မရှိသလို စိတ်လိုက်မာန်ပါလည်း မလုပ်ပေ။
“ဝမ်ရန်ပိုင်က ကလေးကောင်းလေးပဲ”
ဝူလန်ချုံသည် ဝမ်ရန်ပိုင်အပေါ် သူမ၏ ချီးကျူးမှုကို ဖုံးကွယ်မထားခဲ့ပေ။ “သူ့ညီ ဝမ်ရန်ကျင်းကလည်း အရင်က စွမ်းဆောင်ရည် ကောင်းခဲ့တယ်။ ဝမ်ရန်ကျင်းက အရည်အသွေးပြောင်းလဲခြင်းနယ်ပယ်မှာပဲ ရှိသေးပေမဲ့ နှစ်အနည်းငယ်အတွင်းမှာ တံဆိပ်တော်နယ်ပယ်ကို ထိုးဖောက်နိုင်လောက်တယ်။ အဲဒီအချိန်ရောက်ရင် သူတို့နှစ်ယောက်က ယွမ်ရှန်းဂိုဏ်းရဲ့ အသန်မာဆုံး လူငယ်အင်အားစု ဖြစ်လာလိမ့်မယ်”
“ဟုတ်တယ်...”
ဖုန်းရှိုးက ခေါင်းညိတ်ထောက်ခံလိုက်သည်။
ဝမ်ရန်ပိုင်သည် တံဆိပ်တော်နယ်ပယ် တပည့်ကို အနိုင်ရပြီးနောက် ရွှီနင်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲသွားလေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ရွှီနင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“ရွှီနင်... ငါတို့ဂိုဏ်းရဲ့ နံပါတ်တစ် တပည့်ရင်းက မင်းနဲ့ ယှဉ်ပြိုင်ချင်နေပုံရတယ်...”
ဖုန်းရှိုးသည်လည်း ဤအချက်ကို သတိထားမိသွားသဖြင့် ပြုံးကာ ပြောလိုက်သည်။ “နှစ်တိုင်း ဂိုဏ်းတူညီအစ်ကိုတွေအားလုံးကို အနိုင်ယူနိုင်တဲ့ အသန်မာဆုံး တပည့်ရင်းက အမြင့်ဆုံးပွဲကြည့်စင်ပေါ်က အဖွဲ့ဝင်တွေထဲက တစ်ယောက်ယောက်ကို စိန်ခေါ်ခွင့်ရှိတယ်။ ဝမ်ရန်ပိုင်က မင်းကို ပစ်မှတ်ထားနေတယ်လို့ ငါထင်တယ်...”
ရွှီနင် မျက်ခုံးပင့်သွားမိသည်။
ဤမတိုင်မီက ပွဲကြည့်စင်ပေါ်တွင် စိန်ခေါ်ခံရနိုင်ကြောင်း မည်သူမျှ သူ့ကို မပြောခဲ့ဖူးပေ။
ဘေးနားရှိ ဝေ့ရှင်ဖုန်းမှာ ဖုန်းရှိုး၏ စကားကို ကြားသောအခါ ရွှီနင်အတွက် စိတ်ပူသွားလေသည်။
အသန်မာဆုံး တပည့်ရင်းသည် ဂိုဏ်းချုပ်၏ ပွဲကြည့်စင်ပေါ်ရှိ အဖွဲ့ဝင်များကို စိန်ခေါ်နိုင်သည်ဆိုသည့် အချက်ကို သူ မေ့လျော့နေခဲ့သည်။ မည်သို့ပင်ဆိုစေ ယခင်နှစ်များက ဤလုပ်ငန်းစဉ်သည် အစဉ်အလာသက်သက်သာ ဖြစ်ခဲ့လေသည်။
အကြောင်းမူကား ကြည့်စင်ပေါ်ရှိ လူအများစုမှာ စီနီယာများဖြစ်ကြရာ စိန်ခေါ်ခံရပြီးနောက် တစ်ဖက်လူထက် ပိုမိုသန်မာသည်ဖြစ်စေ၊ မသန်မာသည်ဖြစ်စေ သူတို့က ဦးဆောင်၍ အရှုံးပေးလေ့ရှိကြသည်။
ဤသည်မှာ အမှန်တကယ်တော့ မျိုးဆက်သစ်များနှင့် မျိုးဆက်ဟောင်းများ အပြန်အလှန် အသိအမှတ်ပြုသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး မျိုးဆက်ဟောင်းများက မျိုးဆက်သစ်များကို ဂုဏ်သိက္ခာတည်ဆောက်ရန်နှင့် တာဝန်လွှဲပြောင်းယူရန် ပြင်ဆင်ပေးသည့် လုပ်ငန်းစဉ်လည်း ဖြစ်ပေသည်။
သို့သော် ယခုလေးတင် ဝမ်ရန်ပိုင်က ရွှီနင်ကို ကြည့်လိုက်သည့်အခါ စီနီယာတစ်ဦးကို ကြည့်နေသည့်ပုံစံမျိုး မဟုတ်ခဲ့ပေ။
ရွှီနင်သည် ဖုန်းရှိုးနှင့် ဝူလန်ချုံတို့ဘေးတွင် ထိုင်နေသောကြောင့် လူထောင်ပေါင်းများစွာ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ ဝမ်ရန်ပိုင်သည် ရွှီနင်ကို အလေးအနက်ထားနေသည်မှာ သေချာလှသည်။
“ယွမ်ရှန်းဂိုဏ်းရဲ့ နံပါတ်တစ် တပည့်ရင်းနဲ့ တကယ်ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင်တော့ ဒါက ကံကောင်းမှုတစ်ခုပါပဲ”
ရွှီနင်သည် အေးဆေးတည်ငြိမ်နေလေသည်။
ရွှီနင်၏ လက်ရှိခွန်အားသည် အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် ရင်းမြစ်သန့်စင်ဆေးပြား အမြောက်အမြားနှင့် အခြားဆေးပြားများကို သန့်စင်ပြီးနောက် ရွှီနင်သည် စွမ်းအင်ယူနစ် ၂၀,၀၀၀ နီးပါးကို စုပ်ယူနိုင်ခဲ့သည်။
အစစ်အမှန်ပိုင်နက်နယ်ပယ်သို့ တက်လှမ်းရန် စွမ်းအင်ယူနစ် ၈၅,၀၀၀ လိုအပ်သောကြောင့် ရွှီနင်သည် သူ၏ လျှို့ဝှက်နည်းစနစ် လေးခုနှင့် အသက်ဆေးကျမ်းကို ဦးစွာ အဆင့်မြှင့်တင်ခဲ့ရာ စုစုပေါင်း စွမ်းအင်ယူနစ် ၁၆,၀၀၀ ကုန်ဆုံးခဲ့လေသည်။
အဋ္ဌမအဆင့်ရှိ လျှို့ဝှက်နည်းစနစ် လေးခုနှင့် အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်၏ အထွတ်အထိပ်အဆင့်။
ဤခွန်အားဖြင့်ဆိုလျှင် တာအိုလက်နက်ကို အသုံးမပြုလျှင်တောင်မှ ရွှီနင်သည် ဝမ်ရန်ပိုင်ကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိပေသည်။
ထို့နောက် ဝမ်ရန်ပိုင်သည် အခြားသော ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင် နှစ်ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာ ပြိုင်ပွဲနှစ်ခုလုံးကို အလွယ်တကူ အနိုင်ရရှိခဲ့သည်။
ယွမ်ရှန်းဂိုဏ်း၏ နံပါတ်တစ် တပည့်ရင်းအဖြစ် ဝမ်ရန်ပိုင်၏ နေရာမှာ လုံးဝ တုန်လှုပ်ဖွယ် မရှိတော့ပေ။
“ဝမ်ရန်ပိုင်... အရင်က စည်းမျဉ်းတွေအရ မင်းဟာ အမြင့်ဆုံးပွဲကြည့်စင်ပေါ်က ဘယ်သူ့ကိုမဆို စိန်ခေါ်နိုင်ခွင့် ရှိတယ်”
ညီလာခံကို ကြီးမှူးကျင်းပသော အကြီးအကဲက ဝမ်ရန်ပိုင်အား ပြောလိုက်သည်။ “မင်း ဘယ်သူ့ကိုမဆို စိန်ခေါ်နိုင်တယ်၊ ဂိုဏ်းချုပ်ကိုတောင် စိန်ခေါ်လို့ရတယ်”
ဝမ်ရန်ပိုင်သည် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်ကာ အမြင့်ဆုံးပွဲကြည့်စင်ပေါ်သို့ မော့ကြည့်လိုက်သည်။ “ကျွန်တော် ဂိုဏ်းချုပ်ဘေးက လူကို စိန်ခေါ်ချင်ပါတယ်”
သူ၏ လေသံတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေလေသည်။
ဝမ်ရန်ပိုင်က ရွှီနင်ကို သူ၏ပြိုင်ဘက်အဖြစ် တုံဆိုင်းခြင်းမရှိဘဲ ရွေးချယ်လိုက်သည်ကို မြင်တွေ့ပြီးနောက် တပည့်များမှာ ထပ်မံ၍ စိတ်လှုပ်ရှားသွားကြပြန်သည်။
ယွမ်ရှန်းဂိုဏ်း၏ တပည့်များအားလုံးသည် ဖေးယွင်ပြည်နယ်၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြပြီး လူတိုင်းက မိမိကိုယ်ကိုယ် အထင်ကြီးကြသူများ ဖြစ်သည်။
တစ်စုံတစ်ယောက်က ဝမ်ရန်ပိုင်ကဲ့သို့ သူ၏ အစစ်အမှန်ခွန်အားကိုအသုံးပြုကာ သူတို့ကို အနိုင်မယူနိုင်သရွေ့ သူတို့သည် မည်သူနှင့် ရင်ဆိုင်ရပါစေ အထူးသဖြင့် ရွယ်တူချင်းများနှင့် ရင်ဆိုင်ရသည့်အခါ ဂုဏ်ယူဝင့်ကြွားသည့် စိတ်ထားမျိုး ရှိကြလေသည်။
ရွှီနင်သည် ဖုန်းရှိုးနှင့် ဝူလန်ချုံတို့ဘေးတွင် ထိုင်နေသည်ကို မြင်ကတည်းက ဤတပည့်များသည် အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့ကြသည်။
ယခု ဝမ်ရန်ပိုင်က ဦးဆောင်၍ စိန်ခေါ်လိုက်သဖြင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။
ဤယွမ်ရှန်းဂိုဏ်း၏ တပည့်များသည် ဝမ်ရန်ပိုင်အပေါ် လွန်စွာ ယုံကြည်မှု ရှိနေကြသည်။
“ထင်တဲ့အတိုင်းပဲ ရွှီနင်... ဝမ်ရန်ပိုင်က မင်းကို စိန်ခေါ်ဖို့ ရွေးချယ်လိုက်ပြီ၊ မင်း လက်ခံမလား”
ဖုန်းရှိုးက မျှော်လင့်ချက်အနည်းငယ် ပြည့်နေသော မျက်လုံးများဖြင့် ရွှီနင်ကို မေးလိုက်သည်။
“သဘာဝကျစွာပဲ လက်ခံရမှာပေါ့”
လူအများ၏ အကြည့်အောက်တွင်ပင် ရွှီနင်သည် အင်္ကျီလက်စကို ခါလိုက်ပြီး စင်မြင့်ပေါ်သို့ ခုန်တက်ကာ ညင်သာစွာ ဆင်းသက်လိုက်သည်။
ရွှီနင်နှင့် ဝမ်ရန်ပိုင် နှစ်ဦးလုံးသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။
“ယွမ်ရှန်းဂိုဏ်းရဲ့ တပည့်ရင်း၊ ဝမ်ရန်ပိုင်”
ဝမ်ရန်ပိုင်က ဦးဆောင်ကာ ရွှီနင်ကို သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
ရွှီနင် အနားရောက်လာပြီးနောက် ဝမ်ရန်ပိုင်သည် မမြင်ရသော ဖိအားတစ်ခုမှာ သူ့ထိုံ့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ ရွှီနင်သည် သူ၏ အငွေ့အသက်များကို ဖုံးကွယ်မထားခဲ့ပေ။
ထို့ကြောင့် ဝမ်ရန်ပိုင်သည် ရွှီနင်ထံမှ အစစ်အမှန်စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ခွန်အားကို ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။
“ယွဲ့လန်ဂိုဏ်းရဲ့ တပည့်ရင်း၊ ရွှီနင်”
ရွှီနင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ ထပ်မံ၍ ဆူညံသွားပြန်သည်။
လူတိုင်းနီးပါးသည် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် တီးတိုးပြောဆိုနေကြလေသည်။
ယွဲ့လန်ဂိုဏ်းသည် ကျိဖုန်းပြည်နယ်ရှိ ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်ရာ ဤနေရာရှိ တပည့်အများစုက ထိုအကြောင်းကို ကြားဖူးကြလေသည်။
ဖေးယွင်ပြည်နယ်၏ နံပါတ်တစ် ဂိုဏ်းတပည့်နှင့် ကျိဖုန်းပြည်နယ်၏ နံပါတ်တစ် ဂိုဏ်းတပည့်တို့ကြား တိုက်ပွဲဆိုသည်မှာ အလွန်ရှားပါးလှပေသည်။
“ယွဲ့လန်ဂိုဏ်းရဲ့ တပည့်ရင်းတဲ့လား...”
မသိမသာပင် ဝမ်ရန်ပိုင်သည် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ယွဲ့လန်ဂိုဏ်း၏ တပည့်ရင်းနှင့် ရင်ဆိုင်ရာတွင် အနိုင်အရှုံးအပြင် သူ၏ ပခုံးပေါ်တွင် ဂိုဏ်းတူတပည့်များ၏ မျှော်လင့်ချက်များပါ တည်ရှိနေကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။
‘ဒီတိုက်ပွဲမှာ ငါ ရှုံးလို့မဖြစ်ဘူး’
ဝမ်ရန်ပိုင်၏ မျက်လုံးများထဲတွင် ပြင်းပြသော တိုက်ခိုက်လိုစိတ်များ ပေါ်ထွက်လာလေသည်။
သူသည် ဖေးယွင်ပြည်နယ်၏ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ၌ မဆုတ်မနစ်သော စိတ်ဓာတ်ရှိရာ မည်မျှပင် ဖိအားများ ကြုံတွေ့ရပါစေ ၎င်းကို တွန်းအားအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။
“အစ်ကိုရွှီ... ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါဦး”
ဝမ်ရန်ပိုင်သည် ဝါးတုတ်ကို ကိုင်ဆောင်ကာ သူ့ကိုယ်သူ အသင့်ပြင်လိုက်သည်။
ရွှီနင်က ငြိမ်သက်စွာ ရပ်နေရင်း ပြောလိုက်သည်။
“ဒါဆိုလည်း စလိုက်ရအောင်”
ပွဲကြည့်စင်ပေါ်တွင်ကား...
“ညီမဝူ... ဘယ်သူနိုင်မယ် ထင်လဲ”
ဖုန်းရှိုးက စတင် မေးမြန်းလိုက်သည်။
“ပြောရခက်တယ်”
ဝူလန်ချုံက ပြောလိုက်သည်။ “သူတို့နှစ်ယောက်စလုံးက အစစ်အမှန်စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်တွေချည်းပဲ။ အနိုင်အရှုံးက သူတို့ရဲ့ လျှို့ဝှက်နည်းစနစ် ကျင့်ကြံမှုတွေအပေါ်မှာ မူတည်နေတယ်”
“ဒါလည်း ဟုတ်တာပါပဲ...”
ဖုန်းရှိုး ခေါင်းညိတ်လိုက်သည်။ “ရွှီနင်က ရေနဲ့မီး သဘာဝစွမ်းအင်နှစ်ခုလုံး ပိုင်ဆိုင်ထားတဲ့ သိုင်းပညာရှင်ဖြစ်ရမယ်။ တူညီတဲ့ သိုင်းပညာနယ်ပယ်က ရွယ်တူချင်းနဲ့ ရင်ဆိုင်ရတဲ့အခါ သူက အသာစီးရနိုင်တယ်။ ဒါပေမဲ့ သဘာဝစွမ်းအင်နှစ်ခုပါတဲ့ လျှို့ဝှက်နည်းစနစ်တွေက ကျင့်ကြံဖို့ အတော်လေး ခက်ခဲတယ်။ သူ ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာတော့ မသိဘူး...”
သူတို့နှစ်ဦး စကားပြောရပ်လိုက်ပြီး စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။
***