“သွေးတစ္ဆေဂိုဏ်းမှာ အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင် ကိုးယောက် ရှိပါတယ်”
“အဲဒီထဲမှာ ဂိုဏ်းချုပ်က တစ်ဝက်တစ်ပျက် တာအိုနယ်ပယ်အဆင့်ရှိသူဖြစ်ပြီး ဒုဂိုဏ်းချုပ် နှစ်ယောက်ကတော့ အစစ်အမှန်စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်တွေပါ။ ကျန်တဲ့ အကြီးအကဲ ခြောက်ယောက်ကတော့ တံဆိပ်တော်နယ်ပယ် သိုင်းပညာရှင်တွေပါ”
ဟွမ်ဇုံးရှောင့်က စကားကို အလျင်အမြန် ပြောလိုက်လေသည်။
ဒါကို မြင်တဲ့အခါ ရှန့်နန်ချွမ်းကတော့ ပျာပျာသလဲ ဖြစ်နေချေပြီ။
ဟွမ်ဇုံးရှောင့်ရဲ့ သတင်းအချက်အလက်တွေက သူ့အသက်ကို ကယ်နိုင်ပေမဲ့ သူကိုယ်တိုင်အတွက်ကရော ဘယ်လိုနေမလဲ။
သူဟာ အစွမ်းထက်တဲ့ ဆေးဖော်စပ်သူတစ်ယောက် ဖြစ်ပေမဲ့ သူ့ရှေ့မှာ ရှိနေတဲ့လူကလည်း ဆေးဖော်စပ်သူတစ်ယောက် ဖြစ်နေတာပဲ မဟုတ်ပါလား။
သူ့အနေနဲ့ ရွှီနင်အတွက် ဘာမှ အသုံးဝင်ပုံမရတော့ဘူးလို့ ခံစားနေရသည်။
“ဒါပဲလား”
ဒီလူအုပ်စုဟာ ရွှီနင် ထင်ထားတာထက် အများကြီး ပိုပြီး အားနည်းနေပေသည်။
“သွေးတစ္ဆေဂိုဏ်းမှာ ပုန်းအောင်းနေတဲ့ သိုင်းပညာရှင်တွေ မရှိဘူးလား။ ဥပမာ အရင်ဂိုဏ်းချုပ်ဟောင်းတွေနဲ့ အကြီးအကဲတွေလိုမျိုးပေါ့”
ရွှီနင်က သတိထားပြီး မေးလိုက်သည်။
“မရှိပါဘူး”
ဟွမ်ဇုံးရှောင့်က ခေါင်းကို အမြန်ခါလိုက်သည်။ “သခင်လေးရွှီ... ကျွန်တော်တို့ သွေးတစ္ဆေဂိုဏ်းကို တည်ထောင်ခဲ့တာ နှစ်ပေါင်း ၂၀ ပဲ ရှိပါသေးတယ်။ အရင်တုန်းကတော့ မြင်းစီးဓားပြအဖွဲ့ကြီး တစ်ခုပါပဲ။ အဲဒီတုန်းက ဖုန်းချန်ကော ဂိုဏ်းတည်ထောင်တာကို မထောက်ခံတဲ့ အကြီးအကဲတွေ အားလုံးကို သူကိုယ်တိုင် သတ်ပစ်ခဲ့တာလေ။ ဒါကြောင့် အခု သွေးတစ္ဆေဂိုဏ်းမှာ အသန်မာဆုံးလူက ဖုန်းချန်းကောပါပဲ”
“အဲဒီလိုလား...”
သွေးတစ္ဆေဂိုဏ်းက ယွဲ့လန်ဂိုဏ်းကို ဘာလို့ ရန်သူလို သဘောထားပေမဲ့ ယွဲ့လန်ဂိုဏ်းက သူတို့ကို ဘာလို့ ဂရုမစိုက်တာလဲဆိုတာကို ရွှီနင် အခုမှ နားလည်သွားတော့သည်။
ယွဲ့လန်ဂိုဏ်းနဲ့ သွေးတစ္ဆေဂိုဏ်းကြားမှ ကွာဟချက်မှာ ကြီးမားလွန်းလှပေသည်။
“ငါ ထပ်မေးဦးမယ်... ဖုန်းချန်ကောမှာ တာအိုလက်နက် ရှိလား”
ရွှီနင်က ထပ်မေးလိုက်သည်။ အကယ်၍ ဖုန်းချန်းကောမှာ တာအိုလက်နက်သာ ရှိနေရင် သူ့ရဲ့ အစွမ်းက ပိုပြီး မြင့်မားနေမှာ ဖြစ်သည်။
“သူ့မှာ ပျက်စီးနေတဲ့ တာအိုလက်နက် တစ်ခုတော့ ရှိပါတယ်”
ဟွမ်ဇုံးရှောင့်က ပြောလိုက်လေသည်။
“သူက အဲဒီ ပျက်စီးနေတဲ့ တာအိုလက်နက်ကို လျှို့ဝှက်နယ်မြေတစ်ခုကနေ ရခဲ့တာပါ”
‘ပျက်စီးနေတဲ့ တာအိုလက်နက်ပဲလား...’
ရွှီနင် စိတ်အေးသွားရသည်။
ပျက်စီးနေတဲ့ တာအိုလက်နက်နှင့် အကောင်းပကတိ တာအိုလက်နက်ကြားရှိ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
‘ဟွမ်ဇုံးရှောင့် ပြောတာသာ အမှန်ဆိုရင် သွေးတစ္ဆေဂိုဏ်းထဲကို ငါ တိတ်တဆိတ် ခိုးဝင်ဖို့ အခွင့်အရေး ရှိနေပြီပဲ...’
ရွှီနင်သည် ဟွမ်ဇုံးရှောင့်ရဲ့ စကားကို သံသယ မရှိပေ။
ယခုအချိန်တွင် ဟွမ်ဇုံးရှောင့်၏ ခန္ဓာကိုယ်ထဲ၌ နှလုံးဖောက်ဆေးလုံး ရှိနေသေးတာသဖြင့် ရွှီနင်မှာ သူ၏ ခံစားချက်တွေကို အလွယ်တကူ သိနိုင်လေသည်။
အကယ်၍ သူသာ လိမ်ပြောနေပါက ရွှီနင်မှ ချက်ချင်း သတိထားမိပေလိမ့်မည်။
‘ငါ့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် သွေးတစ္ဆေဂိုဏ်းမှာ ငါ့အကြောင်း ပေါ်သွားရင်တောင် ငါ မသေနိုင်ဘူး’
ရွှီနင်က သူ့ဘာသာ တွေးလိုက်မိသည်။ ‘ဖုန်းချန်းကောက တစ်ဝက်တစ်ပျက် တာအိုနယ်ပယ်အဆင့်ပဲ ရှိသေးတာ။ တာအိုလက်နက် သုံးပြီး သူ့ကို ငါ အနိုင်မယူနိုင်ရင်တောင် ကိုယ့်အသက်ကို ကာကွယ်ဖို့ကတော့ မခက်ခဲဘူး။ ဒါ့အပြင် ရေစီးပမာဓားသိုင်းနဲ့ ဖြာထွက်မီးလျှံဓားသိုင်းကို နဝမအဆင့်အထိ မြှင့်တင်ဖို့ စွမ်းအင် ၈၀၀၀ လောက် ငါ စုဆောင်းနိုင်ရမယ်။ ဒီလျှို့ဝှက်နည်းစနစ် နှစ်ခုကို ပေါင်းစပ်လိုက်ရင် အရမ်း ကြောက်မက်စရာကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်း ရှိလာမှာပဲ’
“ဟွမ်ဇုံးရှောင့်... မင်းက တော်တော်လေး ရိုးသားတာကြောင့် လတ်တလောတော့ မင်းကို ငါ မသတ်သေးဘူး”
ဟွမ်ဇုံးရှောင့်တစ်ယောက် စိတ်သက်သာရာ ရသွားတော့သည်။
“ကျေးဇူးတင်ပါတယ် သခင်လေးရွှီ”
ကိုယ့်အသက်ကို ကာကွယ်ဖို့အတွက် ဟွမ်ဇုံးရှောင့်မှာ မည်သည့်အရာမျှ ဂရုမစိုက်နိုင်တော့ပေ။
“ရှန့်နန်ချွမ်း”
ရွှီနင်ရဲ့ အသံကြောင့် ရှန့်နန်ချွမ်းတစ်ယောက် တုန်တုန်ရင်ရင် ဖြစ်သွားရသည်။
သူ့မှာတော့ ပေးစရာ ဘာမှ မရှိတော့ချေ။
“သခင်လေးရွှီ...”
ရှန့်နန်ချွမ်းရဲ့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားသည်။
“မင်း ငါ့ရဲ့ အမိန့်တွေကို နာခံဖို့ အဆင်သင့်ပဲလား”
ရွှီနင်က မေးလိုက်သည်။
“ကျွန်တော် သခင်လေးရွှီအတွက် ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပါပဲဗျာ”
ရှန့်နန်ချွမ်းက ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်း ပြောလိုက်လေသည်။
“ကောင်းပြီ... ဒါဆိုရင် နောက်ရက်အနည်းငယ်အတွင်းမှာ မင်းနဲ့ ဟွမ်ဇုံးရှောင့်တို့က ငါ သွေးတစ္ဆေဂိုဏ်းကို သွားမယ့်ခရီးစဉ်မှာ ကူညီပေးရမယ်”
ရွှီနင်က သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောလိုက်သည်။
ဟွမ်ဇုံးရှောင့်နဲ့ ရှန့်နန်ချွမ်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြန်ထူးလိုက်ကြသည်။
သူတို့ဟာ ရွှီနင် မည့်သည့်အရာကို တွေးနေသည်ဆိုတာအား မသိနိုင်သော်လည်း ယခုအချိန်တွင်မူ ရွှီနင်၏ အမိန့်ကို နာခံရန်မှတပါး တခြား ရွေးချယ်စရာ မရှိတော့ချေ။
“ဒါနဲ့... မင်းတို့ဆီမှာ တန်ဖိုးရှိတာ တစ်ခုခု ပါသေးလား။ ငါ့ကို ပေးဦး”
ရွှီနင်သည် သူ့ရှေ့ရှိ လူနှစ်ယောက်ဆီမှ ပစ္စည်းများကို မသိမ်းရသေးပေ။ ယခုအချိန်တွင် သူသည် စွမ်းအင်အမှတ်များ လိုအပ်နေသဖြင့် သူတို့ဆီမှ တစ်ခုခု ရနိုင်မလားဟု တွေးလိုက်မိလေသည်။
ဟွမ်ဇုံးရှောင့်နဲ့ ရှန့်နန်ချွမ်းတို့လည်း သူတို့ဆီက ပစ္စည်းတွေကို အမြန် ထုတ်ပေးလိုက်ကြသည်။
သူတို့ဆီတွင် သိုလှောင်အိတ်မရှိသဖြင့် ပစ္စည်း အများကြီးတော့ မပါလာချေ။
ရွှီနင်က ရွေးချယ်ပြီးနောက် သူတို့အတွက် ဆေးလုံးတချို့နဲ့ ဝိညာဉ်ဆေးပင်တချို့ကိုသာ ချန်ထားပေးလိုက်သည်။ ဒီတစ်ခါ ရရှိသော စွမ်းအင်စုစုပေါင်းမှာ ယူနစ် ၁၀၀၀ ပင် မပြည့်ချေ။
‘စွမ်းအင် ၈၀၀၀ စုဖို့အတွက် ဆေးလုံးတွေ ရောင်းရမယ်၊ ဒါမှမဟုတ် ဆေးလုံးတချို့တောင် ချေးငှားရမယ့်ပုံပဲ...’
ရွှီနင် စိတ်ထဲက တွေးလိုက်သည်။
…
တစ်လကျော်လွန်သွားပြီးနောက်…
ရွှီနင်၊ ဟွမ်ဇုံးရှောင့်နဲ့ ရှန့်နန်ချွမ်းတို့မှာ ရှောင်ဟေး၏ ကျောပေါ်မှ ဆင်းလိုက်ကြသည်။
“သခင်လေးရွှီ... နောက်ထပ် နာရီဝက်လောက်ဆိုရင် သွေးတစ္ဆေဂိုဏ်းကို ရောက်ပါပြီ”
ဟွမ်ဇုံးရှောင့်က ရိုရိုသေသေ ပြောလိုက်လေသည်။
ရွှီနင်က ခေါင်းညိတ်လိုက်ပြီး ရှောင်ဟေးကို ပြန်လွှတ်လိုက်သည်။
ယခုချိန်တွင် သွေးတစ္ဆေဂိုဏ်း၏ အနီးအနားသို့ ရောက်နေပြီဖြစ်ရာ ရှောင်ဟေး ပါလာပါက သတိထားမိသွားနိုင်ပေသည်။
“မင်းတို့ သွေးတစ္ဆေဂိုဏ်းက တကယ်ကို လျှို့ဝှက်တာပဲ”
ရွှီနင်က သက်ပြင်းချလိုက်သည်။
သွေးတစ္ဆေဂိုဏ်း၌ ရန်သူပေါများလှသဖြင့် သူတို့သည် အခြေစိုက်စခန်းများစွာကို တည်ထားခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းချုပ် သို့မဟုတ် အကြီးအကဲများရှိသည့် ဌာနချုပ်အားရှာရန်မှာ ခက်ခဲလှသည်။ အကယ်၍ ဟွမ်ဇုံးရှောင့်သာမပါလျှင် ရွှီနင်အနေနှင့် တစ်ယောက်တည်းရှာရန် အတော်လေး ကြိုးစားရပေလိမ့်မည်။
“ရန်သူတွေက အများကြီးလေ။ ကျွန်တော်တို့မှာ အခြေစိုက်စခန်းတွေ အများကြီး မရှိရင် အရင်ကတည်းက ပျက်စီးသွားလောက်ပြီ”
ဟွမ်ဇုံးရှောင့်က အားနာသလို ပြုံးရင်း ပြောလိုက်သည်။
“ငါ မှာထားတာတွေကိုရော မင်းတို့ မှတ်မိသေးရဲ့လား”
ရွှီနင်က ဟွမ်ဇုံးရှောင့်နဲ့ ရှန့်နန်ချွမ်းကို လှမ်းကြည့်လိုက်သည်။
“မှတ်မိပါတယ်”
နှစ်ယောက်စလုံးက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
ရွှီနင်က ရှန့်နန်ချွမ်းရဲ့ နောက်လိုက်တစ်ယောက်အနေနဲ့ ဟန်ဆောင်ဖို့ စီစဉ်ထားပြီးသား ဖြစ်သည်။
ထိုအမည်နှင့်ဆိုပါက သူသည် သဘာဝကျကျ ခိုးဝင်နိုင်မည် ဖြစ်သည်။
“ကောင်းပြီ... ဒါဆိုရင် ဆက်သွားကြစို့”
ရွှီနင်က ယုံကြည်မှု အပြည့် ရှိနေသည်။ ဖုန်းချန်းကောနားသို့ ချဉ်းကပ်၍ လျှို့ဝှက်နယ်မြေအကြောင်း ပိုမိုသိရှိနိုင်ရန် သေချာ ပြင်ဆင်ထားခဲ့လေသည်။
သူတို့နှစ်ယောက်အတွက်မူ သူ့စကားအား ပိုနားထောင်စေရန်အတွက် ရွှီနင်မှ ၎င်းတို့အား အဆိပ်ဆေးလုံး အစုံအလင် တိုက်ကျွေးထားခဲ့လေသည်။ အကယ်၍ ရွှီနင်ဆီမှ အဆိပ်ဖြေဆေးသာ မရပါက သူတို့မှာ အသက်ရှင်ရန် ခက်ခဲပေလိမ့်မည်။
ထို့အပြင် ရွှီနင်သည် နည်းလမ်းမျိုးစုံဖြင့် စွမ်းအင် ၈၀၀၀ ကို စုဆောင်းခဲ့ပြီး ရေစီးပမာဓားသိုင်းနှင့် ဖြာထွက်မီးလျှံဓားသိုင်းအား နဝမအဆင့်အထိ မြှင့်တင်ထားခဲ့သည်။
နောက်ဆုံးတွင် သူ၏ သရုပ်မှန်အား ဖုံးကွယ်ရန်အတွက် ရွှီနင်သည် အဆင့်မြင့် ကျင့်စဥ်ဝှက်အသက်ရှူဆေးပြားနှင့် ရုပ်ရည်ပြောင်းလဲနိုင်သော ဆေးမှုန့်တွေကို အသုံးပြုခဲ့လေသည်။
လက်ရှိ၌ ရွှီနင်သည် ဟင်းလင်းပြင်နယ်ပယ် တတိယအဆင့် သိုင်းပညာရှင်တစ်ယောက်၏ အစွမ်းကိုသာ ထုတ်ပြထားလေသည်။
တစ်ချိန်တည်းမှာပဲ သူ၏ ရုပ်ရည်မှာ တည်ကြည်ခန့်ညားသောပုံစံမှ သာမန်ရုပ်ရည်သို့ ပြောင်းသွားခဲ့လေသည်။
သွေးတစ္ဆေဂိုဏ်း၌ သူ့အား မည်သူမှ မှတ်မိမည် မဟုတ်သော်လည်း သတိထားပြီး လှုပ်ရှားနေဆဲပင်။
“ဒုဂိုဏ်းချုပ်ဟွမ်ကို ဂါရဝပြုပါတယ်”
သူတို့ သုံးယောက် သွေးတစ္ဆေဂိုဏ်း၏ စခန်းသို့ ရောက်သောအခါ တံခါးစောင့် တပည့်များသည် ဟွမ်ဇုံးရှောင့်အား ရိုရိုသေသေ ဂါရဝပြုကြလေသည်။
‘ဒါ သွေးတစ္ဆေဂိုဏ်းပေါ့...’
ရွှီနင်က အကဲခတ်လိုက်သည်။
သွေးတစ္ဆေဂိုဏ်းသည် ချိုင့်ဝှမ်းတစ်ခု၏ အောက်၌ တည်ရှိပြီး အပေါ်တွင် တိမ်များ၊ မြူများဖြင့် ဖုံးအုပ်နေသည်။ အကယ်၍ ဤအနီးနားတစ်ဝိုက် ဖြတ်သွားမိသော်လည်း သေချာ မရှာပါက ရှာတွေ့ရန် မလွယ်ကူပေ။
“ဂိုဏ်းချုပ် ဂိုဏ်းထဲမှာရှိလား”
ဟွမ်ဇုံးရှောင်၏ ဟန်ပန်အမူအရာမှာ ရွှီနင်ရှိစဉ်က ပုံစံနှင့် လုံးဝ မတူတော့ချေ။
“ရှိပါတယ်”
တပည့်ဖြစ်သူက သတိထားပြီး ပြန်ဖြေလိုက်သည်။ သူက ထိုဒုဂိုဏ်းချုပ်အား ကြောက်ရွံပုံရလေသည်။
“လာခဲ့ကြ”
ဟွမ်ဇုံးရှောင့်က ဂိုဏ်းထဲကို ဝင်သွားလေသည်။
ရွှီနင်နဲ့ ရှန့်နန်ချွမ်းတို့လည်း ဟွမ်ဇုံးရှောင့်၏ အနောက်မှ သွေးတစ္ဆေဂိုဏ်းထဲကို လိုက်ဝင်သွားကြသည်။
“ဟမ်...”
လမ်းလျှောက်နေရင်းဖြင့် ရွှီနင်သည် သွေးတစ္ဆေဂိုဏ်း၏ တပည့်များအားလုံးသည် စိတ်မငြိမ်မသက် ဖြစ်နေကြသည်ကို သတိထားမိလိုက်သည်။
အထူးသဖြင့် ခန္ဓာကိုယ်၌ သွေးညှီနံ့များ ထွက်နေသည့် သာမန်လူသားနယ်ပယ် သိုင်းသမားများ ဖြစ်သည်။
တပည့်တချို့သည် စုတ်ပြတ်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော လူများအား အခန်းများထဲသို့ ဆွဲခေါ်သွားသည်ကို ရံဖန်ရံခါ မြင်ရပြီး ထို့နောက်မှာတွင် အော်ဟစ်သံများ ထွက်ပေါ်လာတတ်သည်။
ရွှီနင် နှာခေါင်းရှုံ့လိုက်မိသည်။
သွေးတစ္ဆေဂိုဏ်းမှ ကျင့်ကြံသည့် မိစ္ဆာပညာရပ် အများစုမှာ လူသားများ၏သွေးကို အခြေခံ၍ ကျင့်ကြံရခြင်း ဖြစ်သည်။
ထိုလူအများစုသည် အပြင်လောကမှ ဖမ်းဆီးလာသူများ သို့မှမဟုတ် သူတို့၏ ရန်သူများ ဖြစ်ကြပေလိမ့်မည်။
ဟွမ်ဇုံးရှောင့်သည်လည်း ရွှီနင်၏ မကျေနပ်မှုကို သတိထားမိသွားပြီး သူ၏ ရင်ထဲ၌ ထိတ်လန့်သွားရသည်။
ရွှီနင်မှ ဒေါသထွက်ပြီး သူ့အား ရိုက်သတ်လိုက်မည် စိုးရိမ်သဖြင့် ခဏခဏ နောက်လှည့်ကြည့်နေမိသည်။
ကံကောင်းစွာဖြင့် ရွှီနင်ကမူ မည်သည့်အရာမျှ မလုပ်ခဲ့ပေ။
သို့သော် ရွှီနင်၏ စိတ်ထဲ၌ သွေးတစ္ဆေဂိုဏ်းအား အပြီးတိုင် အမြစ်ဖြတ်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။
သူ၏ ပုဂ္ဂိုလ်ရေးအရ ခံစားချက်ကြောင့်ဖြစ်စေ၊ ယွဲ့လန်ဂိုဏ်း၏ တပည့်တစ်ယောက်အနေနှင့်ဖြစ်စေ ရွှီနင်သည် သွေးတစ္ဆေဂိုဏ်းကဲ့သို့ မိစ္ဆာဂိုဏ်းမျိုးအား ဆယ့်ခုနစ်ပြည်နယ် နယ်မြေထဲ၌ ဆက်ရှိနေခြင်းကို မလိုလားပေ။
မကြာခင်၌ ဟွမ်ဇုံးရှောင့်သည် ရွှီနင်နှင့် ရှန့်နန်ချွမ်းအား ကျောက်တုံးခန်းမတစ်ခုဆီသို့ ခေါ်သွားလိုက်လေသည်။
ဝင်ဝင်ချင်း၌ပင် ရွှီနင်သည် ခန်းမအလယ်ရှိ လှေကားထစ်များပေါ်မှ ညောင်စောင်းတစ်ခုပေါ်တွင် လှဲလျောင်းနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
သူ့ဘေး၌ ပါးလွှာသည့် အဝတ်အစားများအား ဝတ်ဆင်ထားသော အမျိုးသမီးငယ်လေးများသည် ထိုသူအား အနီးကပ် ပြုစုပေးနေကြလေသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ဟွမ်ဇုံးရှောင့်မှာ ထိုသူအား ကြောက်ရွံ့နေပုံရလေသည်။ သူသည် ရွှီနင်နှင့် ရှန့်နန်ချွမ်းအား ရှေ့သို့ အမြန်ခေါ်သွားပြီး နှုတ်ဆက်လိုက်လေသည်။
“ဒုဂိုဏ်းချုပ်ဟွမ်... ခင်ဗျား နောက်ဆုံးတော့ ပြန်လာပြီပဲ”
ထိုလူသည် ဟွမ်ဇုံးရှောင့်တစ်ယောက် လူများအား ခေါ်ဆောင်လာသည်ကို မြင်သည့်အခါ သူ့ဘေးမှ အမျိုးသမီးများအား ဖယ်ခိုင်းလိုက်သည်။
သူသည် မတ်တတ်ရပ်ပြီး ညောင်စောင်းပေါ်မှ ဆင်းလာခဲ့သည်။
သူသည် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များမှာ ကျောပေါ်၌ ဝဲကျနေသည်။ သူ၏ မျက်လုံးနှင့် နှုတ်ခမ်းများတွင် အနက်ရောင်ဆိုးဆေး ဆိုးထားသဖြင့် ရူးသွပ်ပြီး မောက်မာသော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။
‘သူက ဖုန်းချန်းကောပေါ့...’
ရွှီနင်သည် သူ့၏ အရှိန်အဝါများအား ဖိနှိပ်ထားလိုက်သည်။
သူသည် အဆင့်မြင့် ကျင့်စဥ်ဝှက်အသက်ရှူဆေးပြား အများအပြားကို သောက်ထားသဖြင့် သူ့၏ အရှိန်အဝါကို အစွန်းဆုံးအထိ ထိန်းထားနိုင်လေသည်။
ထို့ကြောင့် ဖုန်းချန်းကောသည် ရွှီနင်ဆီ၌ မည်သည့်ထူးခြားမှုမဆို သတိမထားမိပေ။
“ညီအစ်ကိုရှန့်... နှစ်ပေါင်းများစွာ ကြာပြီးမှပဲ ငါတို့ ပြန်ဆုံဖြစ်တယ်နော်”
ဖုန်းချန်းကောက ရှန့်နန်ချွမ်းရဲ့ ဘေးကို လျှောက်လာပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ “သွေးတစ္ဆေဆေးလုံးကြီးကို ဖော်စပ်ဖို့က မင်းအပေါ်မှာပဲ မူတည်နေတာနော်”
“ဂိုဏ်းချုပ်ဖုန်း... စိတ်မပူပါနဲ့။ ကျုပ် မိစ္ဆာသွေးဆေးလုံးကို အကောင်းဆုံး ဖော်စပ်ပေးပြီး ဂိုဏ်းချုပ်ကို တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာအောင် ကူညီပေးပါ့မယ်”
ရှန့်နန်ချွမ်းကလည်း ဂါရဝပြုရင်း ပြောလိုက်သည်။
“ကောင်းပြီ... ကျုပ်သာ တာအိုနယ်ပယ်ကို ရောက်သွားရင် ခင်ဗျားကို တန်ဖိုးကြီး လက်ဆောင်တွေ သေချာပေါက် ပေးမှာပါ”
ဖုန်းချန်းကောသည် ရှန့်နန်ချွမ်း၏ အမူအရာကို အတော်လေး သဘောကျသွားသည်။
ထို့နောက် ဖုန်းချန်းကောသည် ရွှီနင်ဆီသို့ အကြည့်လွှဲလိုက်ပြီး သေချာ ကြည့်လိုက်လေသည်။
“ဒါက ဘယ်သူလဲ”
ဖုန်းချန်းကောက မေးလိုက်သည်။
“ဂိုဏ်းချုပ်ဖုန်း... ဒါက ကျွန်တော့်ရဲ့ နောက်လိုက် ဆေးဖော်စပ်မှုလက်ထောက်ထောင်ပါ”
ရှန့်နန်ချွမ်းက အမြန် ရှင်းပြလိုက်သည်။ “ဒီမိစ္ဆာသွေးဆေးလုံးက ဖော်စပ်ဖို့ အရမ်းခက်ခဲတယ်လို့ ဒုဂိုဏ်းချုပ်ဟွမ်ဆီက ကြားခဲ့ရပါတယ်။ ကျုပ်တစ်ယောက်တည်း ဖော်စပ်ဖို့ ခက်ခဲနိုင်တာကြောင့် ဆေးဖော်စပ်သူထောင်ကို ကူညီပေးဖို့ ခေါ်လာခဲ့တာပါ”
ဖုန်းချန်းကောသည် ထိုစကားအား ကြားသည့်အချိန်တွင် မည်သည့် သံသယမှ မဖြစ်ပေ။
“ဒါဆိုရင် မင်းက ဆေးဖော်စပ်သူထောင်ပေါ့”
ဖုန်းချန်းကောက ရွှီနင်ကို ပြောလိုက်သည်။ “မိစ္ဆာသွေးဆေးလုံးကို ဖော်စပ်တဲ့အခါ အစွမ်းကုန် ကြိုးစားပေးပါ ဆေးဖော်စပ်သူထောင်။ ဆေးလုံး ဖော်စပ်ပြီးသွားရင် မင်းကိုလည်း တန်ဖိုးကြီး လက်ဆောင်တွေ ပေးမှာပါ”
“ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဖုန်း”
ရွှီနင်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
“ကောင်းပြီ... ဒုဂိုဏ်းချုပ်ဟွမ်၊ ဆေးဖော်စပ်သူရှန့်နဲ့ ဆေးဖော်စပ်သူထောင်တို့အတွက် တည်းခိုဖို့ နေရာ အရင် စီစဉ်ပေးလိုက်ဦး”
ဖုန်းချန်းကောက ပြောလိုက်သည်။
“ညကျရင် ဂိုဏ်းက အကြီးအကဲ အားလုံးကို စုစည်းပြီး မင်းတို့နှစ်ယောက်ကို ကိုယ်တိုင် ကြိုဆိုပွဲ လုပ်ပေးမယ်”
“မနက်ဖြန်ကျမှ မိစ္ဆာသွေးဆေးလုံး ဖော်စပ်မယ့်အကြောင်းကို ဆွေးနွေးကြတာပေါ့”
“နားလည်ပါပြီ”
ဟွမ်ဇုံးရှောင့်က ပြန်ဖြေလိုက်သည်။
ထို့နောက် သူတို့ သုံးယောက် ထွက်လာခဲ့ကြလေသည်။
“မိစ္ဆာသွေးဆေးလုံး မကြာခင် ပြီးတော့မယ်”
ကျောက်တုံးခန်းမထဲတွင် ဖုန်းချန်းကော၏ ကျယ်လောင်သော ရယ်မောသံကြီးမှာ ထွက်ပေါ်လာလေတော့သည်။
***