ထိုည၌ ဖုန်းချန်ကောသည် ရွှီနင်နှင့် ရှန့်နန်ချွမ်းတို့အား ကြိုဆိုရန် သွေးတစ္ဆေဂိုဏ်းမှ အကြီးအကဲများကို ခေါ်ဆောင်လာခဲ့လေသည်။
စားသောက်ပွဲ ကျင်းပပြီးနောက် နောက်တစ်နေ့သို့ ရောက်ရှိလာချေပြီ။
“ညီအစ်ကိုရှန့်၊ ဆေးဆရာထောင်.. ညက ကောင်းကောင်း အနားယူဖြစ်ရဲ့လား”
နောက်တစ်နေ့ နံနက်စောစောတွင် ဖုန်းချန်ကောသည် ဟွမ်ဇုံးရှောင့်ကို ခေါ်ဆောင်လာစေသည်။ သူသည် ရှန့်နန်ချွမ်းနှင့် ရွှီနင်တို့အားတွေ့ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
“ကောင်းပါတယ်”
ရှန့်နန်ချွမ်းက ပြန်ဖြေလိုက်သည်။ ရွှီနင်မှာမူ သူ့ဘေး၌ ရပ်ကာ နောက်လိုက်တစ်ဦးအဖြစ် ဟန်ဆောင်နေလေသည်။
“ဒါဆိုရင် ဒီနေ့ ဆေးဖော်ဖို့ကိစ္စကရော ဘယ်လိုလဲ”
ဖုန်းချန်ကောသည် မိစ္ဆာသွေးဆေးလုံးကို အမြန်ဆုံး ဖော်စပ်လိုနေသည်။ “မိစ္ဆာသွေးဆေးလုံးကို စောစောဖော်စပ်နိုင်လေ ကျုပ်စိတ်က စောစောအေးလေပဲ”
“သေချာတာပေါ့”
ရှန့်နန်ချွမ်းက ပြောလိုက်သည်။ “ကျုပ်က စောစောကတည်းက အဆင်သင့်ဖြစ်နေတာပါ။ မိစ္ဆာသွေးဆေးလုံးကို ဖော်စပ်နိုင်တာကလည်း ကျုပ်အတွက်တော့ လေ့ကျင့်မှုတစ်မျိုးပါပဲ။ တကယ်လို့ အောင်မြင်သွားရင် ကျုပ်လည်း ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရရှိသွားမှာပါ”
ထိုစကားကို ကြားသောအခါ ဖုန်းချန်ကောက ရယ်မောလိုက်သည်။
“ဒါဆိုရင် ခင်ဗျားတို့နှစ်ယောက်ကို ဆေးဖော်စပ်တဲ့အခန်းဆီ ကျုပ်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်”
ထို့နောက် ဖုန်းချန်ကောမှ ဦးဆောင်ကာ ရွှီနင်နှင့် ရှန့်နန်ချွမ်းတို့ကို မြေအောက်ဝင်ပေါက်တစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။
“ခင်ဗျားတို့ မရောက်လာခင်ကတည်းက ဒီဆေးဖော်စပ်တဲ့အခန်းကို ကျုပ် ပြင်ဆင်ထားခဲ့တာပါ”
ဖုန်းချန်ကောက ဆက်ပြောသည်။ “အကောင်းစား ဆေးမီးဖိုတွေ၊ ကျယ်ဝန်းတဲ့ အခန်းတွေနဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းမျိုးစုံကို ပြင်ဆင်ပေးထားပါတယ်”
“ဆေးဖော်စပ်တဲ့အခန်းက တိတ်ဆိတ်တဲ့အတွက် ခင်ဗျားတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီလောက်မှာပါ”
ဖုန်းချန်ကောက သူတို့ကို ဆက်လက် ခေါ်ဆောင်သွားလေသည်။
“ဇုံးရှောင့်.. တံခါးဖွင့်လိုက်”
သူတို့သည် မြေအောက်လှေကားများမှတစ်ဆင့် ဆင်းလာခဲ့ကြပြီး ကျောက်တံခါးတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။
ဟွမ်ဇုံးရှောင့်က ရှေ့သို့ လှမ်းထွက်လိုက်သည်။ သူ၏ အစစ်အမှန်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး လေးလံသော ကျောက်တံခါးကြီးကို တွန်းဖွင့်လိုက်လေသည်။
ကျောက်တံခါးကြီး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဆေးဘက်ဝင်ပစ္စည်းများ၏ ရနံ့နှင့် သွေးနံ့ပြင်းပြင်းတို့က သူတို့၏ နှာခေါင်းထဲသို့ ရိုက်ခတ်လာတော့သည်။
“ကြွပါ”
ဖုန်းချန်ကောက သူတို့နှစ်ဦးကို အထဲသို့ ခေါ်ဆောင်သွားလေသည်။
ဆေးဖော်စပ်ရာအခန်းထဲသို့ ဝင်ရောက်ပြီးနောက် ရွှီနင်မှာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ဤနေရာမှာ အလွန်ကျယ်ဝန်းလှပြီး ဖုန်းချန်ကောနေထိုင်သည့် ကျောက်သားခန်းမကြီး၏ ထက်ဝက်ခန့်ပင် ရှိပေသည်။
အခန်း၏အလယ်တွင် လူတစ်ရပ်စာခန့် မြင့်မားသော ဆေးမီးဖိုကြီးတစ်ခုရှိနေသည်။ ဆေးမီးဖိုအောက်တွင်လည်း လောင်စာအဖြစ် အသုံးပြုရန် အထူးသစ်တုံးများကို ထားရှိပေးထားလေသည်။
ဤသစ်တုံးများကို မီးရှို့လိုက်သောအခါ မွှေးကြိုင်သော မီးခိုးငွေ့များ ထွက်ပေါ်လာတတ်သည်။ ၎င်းက နှာခေါင်းကို မသက်မသာ မဖြစ်စေသည့်အပြင် ဆေးဆရာများကို လန်းဆန်းစေပြီး ဆေးဖော်စပ်ရာတွင် အာရုံစူးစိုက်မှုကို ထိန်းသိမ်းနိုင်ရန် အထောက်အကူ ပြုပေသည်။
ဤဆေးမီးဖိုနှင့် အပြင်အဆင်များမှာ ရွှီနင်၏ တာအိုလက်နက် ဆေးမီးဖိုလောက် မကောင်းမွန်သော်လည်း သာမန်ဆေးဆရာများ၏ အမြင်တွင်မူ ၎င်းသည် အဆင့်မြင့် ဆေးမီးဖိုကြီးတစ်ခု ဖြစ်နေပေပြီ။
ဆေးမီးဖို၏ဘေးတွင် ကြီးမားသော ကျောက်စင်မြင့်တစ်ခု ရှိနေသည်။ ထိုကျောက်စင်မြင့်ပေါ်တွင် ဆေးဖော်စပ်ရန် ကုန်ကြမ်းများကို တင်ထားလေသည်။
ခန့်မှန်းခြေအရ ဆေးပင်ကုန်ကြမ်းအစုံပေါင်း တစ်ရာခန့် ရှိပေလိမ့်မည်။
ကျောက်စင်မြင့်ဘေးတွင် ရေကန်တစ်ခု ရှိသော်လည်း ၎င်းအတွင်း၌ ကြည်လင်သောရေများ မရှိဘဲ နက်မှောင်သော သွေးများသာ ပြည့်နှက်နေသည်။
ကန်ထဲရှိ သွေးများတွင် သားရဲတိရစ္ဆာန်အမျိုးမျိုး၏ သွေးများနှင့် လူသွေးများအပါအဝင် သွေးအမျိုးအစားများစွာ ရောနှောနေကြောင်း ရွှီနင် အနံ့ခံမိလိုက်သည်။
ကျောက်တံခါး ပွင့်သွားပြီးနောက် ရလိုက်သော သွေးနံ့များသည် ထိုကန်ထဲရှိ သွေးများထံမှ ထွက်ပေါ်လာခြင်းပင်။
ရွှီနင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း သူ၏မျက်လုံးများထဲတွင်တော့ အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာခဲ့လေသည်။
“မိစ္ဆာသွေးဆေးလုံးအတွက် ကုန်ကြမ်းတွေအားလုံးက ဒီမှာပါပဲ”
ဆေးဖော်စပ်ရာအခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဖုန်းချန်ကောသည် လေထုထဲမှ သွေးနံ့ကို ဦးစွာ ရှူရှိုက်လိုက်ပြီးနောက် ရှန့်နန်ချွမ်းနှင့် ရွှီနင်တို့အား ရှင်းပြလိုက်သည်။ “ဒီကန်ထဲက သွေးတွေကလည်း မိစ္ဆာသွေးဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေထဲက တစ်ခုပါပဲ”
“မိစ္ဆာသွေးဆေးလုံးရဲ့ ဖော်စပ်နည်းက ဒီမှာပါ”
ဖုန်ချန်ကောက သားရဲအရေခွံစာလိပ်တစ်ခုကို ရှန့်နန်ချွမ်းထံ ကမ်းပေးလိုက်သည်။
“ဒီမိစ္ဆာသွေးဆေးလုံးကို ဖော်စပ်ရတာ အရမ်းခက်တယ်”
ဖုန်းချန်ကောက ဆက်ပြောသည်။ “အချိန်တိုအတွင်းမှာ အောင်အောင်မြင်မြင် ဖော်စပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် ဆေးဖော်တဲ့အခါမှာ အရမ်းကြီး ဖိအားမပေးပါနဲ့။ ဒီမှာ ဆေးပင်အစုံတစ်ရာရှိတယ်။ တကယ်လို့ အစုံတစ်ရာနဲ့မှ အောင်မြင်အောင် မဖော်စပ်နိုင်ဘူးဆိုရင် နောက်ထပ် ဆေးပင်တွေ ထပ်ပို့ပေးဖို့ လူလွှတ်လိုက်မယ်”
“ကောင်းပါပြီ”
ရှန့်နန်ချွမ်းက ပြန်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ဖုန်း... စိတ်မပူပါနဲ့၊ ကျုပ်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်”
“ကျေးဇူးတင်ပါတယ်”
ဖုန်ချန်ကောက ပြုံးလိုက်ပြီး သူ၏ဘေးမှ ဟွမ်ဇုံးရှောင့်ကို ကြည့်လိုက်သည်။ “ဇုံးရှောင့်.. ဆေးဆရာရှန့်နဲ့ ဆေးဆရာထောင်တို့ ဒီအခန်းထဲမှာ ဆေးဖော်စပ်နေတဲ့အချိန် မင်းကိုယ်တိုင် တပည့်တချို့ကို ခေါ်ထားပြီး သူတို့ခိုင်းတာလုပ်ဖို့ ဒီမှာစောင့်နေပေးပါ”
“နားလည်ပါပြီ”
ဟွမ်ဇုံးရှောင့်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ခိုင်းစရာရှိရင် သူတို့ကိုသာ ခိုင်းလိုက်ပါ”
ဖုန်းချန်ကောက ပြောလိုက်သည်။ “ဆေးဖော်စပ်တာ.. အထူးသဖြင့် ရှုပ်ထွေးတဲ့ ဆေးတွေ ဖော်စပ်တာက သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်။ ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို ဒီထက်ပိုပြီး အနှောင့်အယှက် မပေးတော့ဘူး။ ခင်ဗျားတို့ ဆေးဖော်စပ်တာ အမြန်ဆုံး ပြီးစီးဖို့ မျှော်လင့်ပါတယ်”
ဖုန်းချန်ကောသည် ဟွမ်ဇုံးရှောင့်ကိုခေါ်ကာ ဆေးဖော်စပ်ရာအခန်းထဲမှ ထွက်ခွာသွားလေသည်။
ဒုန်း.. ဒုန်း.. ဒုန်း..
ဟွမ်ဇုံးရှောင့်က ကျောက်တံခါးကြီးကို ပြန်လည်ပိတ်လိုက်သည်။
ကြီးမားသော ဆေးဖော်စပ်ရာအခန်းထဲတွင် ရှန့်နန်ချွမ်းနှင့် ရွှီနင်တို့သာ ကျန်ရစ်ခဲ့တော့သည်။
“သခင်လေးရွှီ...”
ဖုန်ချန်ကော ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရွှီနင်နှင့် ရှန့်နန်ချွမ်းတို့၏ အမူအရာများမှာ လုံးဝ ပြောင်းလဲသွားလေသည်။
“ဒီမိစ္ဆာသွေးဆေးလုံးကို ကျုပ်တို့...”
ရှန့်နန်ချွမ်းက ရွှီနင်ကို မေးလိုက်သည်။
ရွှီနင်က ချက်ချင်းပြန်မဖြေဘဲ ဆေးကုန်ကြမ်းများရှိရာသို့ လျှောက်သွားကာ သေချာစွာ ကြည့်မေးလိုက်သည်။
‘ဒီကုန်ကြမ်းတွေရဲ့ ဆေးဘက်ဝင်အာနိသင်တွေက အရမ်းပြင်းထန်ပြီး ဆေးဖော်စပ်တဲ့လုပ်ငန်းစဉ်အတွင်းမှာလည်း တည်ငြိမ်မှု မရှိနိုင်ဘူး’
ရွှီနင် မျက်မှောင်ကြုတ်သွားလေသည်။
ယေဘုယျအားဖြင့် ပြောရလျှင် မလိုအပ်ပါက မည်သည့်ဆေးလုံးမဆို ဤပါဝင်ပစ္စည်းများကို အသုံးပြုလေ့မရှိပေ။
တည်ငြိမ်မှုမရှိသော ကုန်ကြမ်းများကိုသာ အသုံးပြု၍ ဆေးဖော်စပ်ခြင်းမှာ ရွှီနင်၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။
ယခင်က သူရရှိခဲ့သော တာအိုနယ်ပယ် ဆေးပညာရှင်ကြီး၏ အမွေအနှစ်ထဲတွင် ထိုသို့သော အသိပညာမျိုး မရှိခဲ့ချေ။
‘မိစ္ဆာသွေးဆေးလုံး...’
ရွှီနင်၏မျက်နှာတွင် စဉ်းစားနေသော အမူအရာ ပေါ်လာသည်။ ထို့နောက် သူက ရှန့်နန်ချွမ်းအား ပြောလိုက်သည်။ “မိစ္ဆာသွေးဆေးလုံးရဲ့ ဖော်စပ်နည်းကို ကျွန်တော့်ဆီ ပေးပါ”
ရှန့်နန်ချွမ်းက သားရဲအရေခွံစာလိပ်ကို ရွှီနင့်ထံ အလျင်အမြန် ကမ်းပေးလိုက်သည်။
ရွှီနင်က ယူလိုက်ပြီး သေချာစွာ ဖတ်ရှုလိုက်သည်။
‘ဒီဆေးဖော်စပ်တဲ့နည်းလမ်းက တော်တော်လေး ထူးခြားတာပဲ...’
ရွှီနင်၏ မျက်လုံးများ အရောင်တောက်သွားလေသည်။
မိစ္ဆာသွေးဆေးလုံးသည် မိစ္ဆာဆေးတစ်မျိုးဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ၎င်း၏ ဖော်စပ်နည်းမှာ အလွန်ဆန်းသစ်လျက်ရှိသည်။ ယခင်က ရွှီနင်ရရှိခဲ့သော တာအိုနယ်ပယ် ဆေးပညာရှင်ကြီး၏ အမွေအနှစ်နှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။
‘ငါခန့်မှန်းတာ မမှားဘူးဆိုရင် ဒီမိစ္ဆာသွေးဆေးလုံးနဲ့ သူ့ရဲ့ဖော်စပ်နည်းက ချောက်နက်ကြီးရဲ့ မြောက်ဘက် ပြည်နယ်ဆယ့်ခုနစ်ခုက ဒေသခံဆေးနည်း မဟုတ်ဘဲ အဆုံးမဲ့ပင်လယ်ချောက်ကမ်းပါး အပြင်ဘက်က တခြားနေရာတစ်ခုခုက လာတာဖြစ်ရမယ်...’
ရွှီနင် ခန့်မှန်းလိုက်မိသည်။
ရွှီနင် ဆက်ခံရရှိခဲ့သော တာအိုနယ်ပယ် ဆေးပညာရှင်ကြီး၏ အမွေအနှစ်သည် ချောက်နက်ကြီး၏မြောက်ဘက် ပြည်နယ်ဆယ့်ခုနစ်ခုလုံးရှိ အဓိကဆေးဖော်စပ်နည်းများနှင့် ဆင့်ပွားဆေးဖော်စပ်နည်းများကို အခြေခံအားဖြင့် လွှမ်းခြုံထားလေသည်။ ဒေသခံ ဆေးဖော်စပ်နည်း တစ်ခုဖြစ်နေသရွေ့ အသက်ဆေးကျမ်း၏ အကူအညီဖြင့် ရွှီနင် အလွယ်တကူ အတုယူဖော်စပ်နိုင်သည်ဟု ဆိုနိုင်ပေသည်။
သို့သော် ဤဖော်စပ်နည်းမှာ ဒေသခံနည်းလမ်းများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ယခုလို ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် ၎င်းသည် ပြည်နယ်ဆယ့်ခုနစ်ခု ပြင်ပမှလာခြင်း ဖြစ်နိုင်ပေသည်။
‘တာအိုနယ်ပယ် ဆေးပညာရှင်ကြီးရဲ့ ဆေးကျမ်းထဲမှာ မိစ္ဆာသွေးဆေးလုံးကို မတွေ့ရတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ။ ဒါကြောင့်ကိုး...’
ရွှီနင်၏ သံသယများ ရှင်းလင်းသွားလေတော့သည်။
“ရှန့်နန်ချွမ်း.. ခင်ဗျားလည်း မိစ္ဆာသွေးဆေးလုံးရဲ့ ဖော်စပ်နည်းကို တွေ့ပြီးပြီပဲ။ ခင်ဗျား ဘယ်လိုထင်လဲ”
ရွှီနင်က ရှန့်နန်ချွမ်းကို မေးလိုက်သည်။
ရှန့်နန်ချွမ်းက သေချာစွာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ “ဒီဖော်စပ်နည်းက အရမ်း ရှုပ်ထွေးပြီး ပြင်းထန်လွန်းတယ်။ ကျုပ် အရင်က တစ်ခါမှ မကြားဖူးဘူး... ဖုန်းချန်ကောသာ ဒါကို ကျုပ်ဆီ မပေးခဲ့ရင် အတွေ့အကြုံမရှိတဲ့ ဆေးဆရာပေါက်စတစ်ယောက်ရဲ့ ရမ်းသန်းစမ်းသပ်မှုလို့တောင် ထင်မိမှာပဲ...”
ရှန့်နန်ချွမ်း၏ ဆေးပညာနားလည်မှုမှာ ရွှီနင်ထက် များစွာ နိမ့်ကျနေသည်။ ရွှီနင်သည် ဤရှုပ်ထွေးမှုများ၏ လျှို့ဝှက်ချက်ကို သိမြင်ပြီးဖြစ်သော်လည်း ရှန့်နန်ချွမ်းမှာမူ ၎င်း၏ အနှစ်သာရကို နားမလည်နိုင်သေးချေ။
‘ငါ ထင်တဲ့အတိုင်းပဲ...’
ရှန့်နန်ချွမ်း၏ စကားများက ရွှီနင်၏ ခန့်မှန်းချက်အတွက် သက်သေအထောက်အထားတစ်ခု ဖြစ်လာစေသည်။
‘မိစ္ဆာသွေးဆေးလုံးရဲ့ ဆေးညွှန်းနဲ့ ဖော်စပ်နည်းကို ဖုန်ချန်ကောက လျှို့ဝှက်နယ်မြေထဲကနေ ရခဲ့တာ သေချာတယ်...’
ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။ ‘ဒီလိုသာဆိုရင် အဲဒီလျှို့ဝှက်နယ်မြေက သားရဲနတ်ဆိုးကျမ်းကို ချန်ထားခဲ့တဲ့ သားရဲထိန်းကျောင်းသူလိုပဲ ပြင်ပလူတစ်ယောက်ယောက်က ချန်ထားခဲ့တာ ဖြစ်နိုင်တယ်...’
ထိုသို့တွေးမိသောအခါ ရွှီနင်၏ စိတ်ဓာတ်များ တက်ကြွလာတော့သည်။ သူသည် သားရဲနတ်ဆိုးကျမ်းမှ အကျိုးအမြတ်များစွာကို ရရှိခဲ့ဖူးသည်။
ဤလျှို့ဝှက်နယ်မြေမှသာ ထပ်မံရရှိနိုင်မည်ဆိုပါက သူသည် သေချာပေါက် တာအိုနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်ပေလိမ့်မည်။
အကယ်၍ ရွှီနင်သာ ထိုပြင်ပမှ ဆေးဖော်စပ်နည်းကို ရရှိနိုင်မည်ဆိုပါက သူ၏ အနာဂတ်တိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။
“ရှန့်နန်ချွမ်း.. ဒီမိစ္ဆာသွေးဆေးလုံးကို စပြီး ဖော်စပ်လိုက်တော့...”
ရွှီနင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သားရဲအရေခွံစာလိပ်ကို ရှန့်နန်ချွမ်းထံ ပြန်ပေးလိုက်လေသည်။
ဖုန်ချန်ကောထံမှ လျှို့ဝှက်နယ်မြေ၏ တည်နေရာကို မည်သို့ရှာဖွေရမည်နည်းဆိုသည်ကို ရွှီနင် စဉ်းစားနေမိချေပြီ။
ရှန့်နန်ချွမ်းသည် ရွှီနင် မည်သည့်အရာအား တွေးနေမှန်း မသိသော်လည်း ရွှီနင်၏ အမိန့်ကိုသာ နာခံလိုက်လေသည်။
သူသည် ဆေးညွှန်းနှင့် ဖော်စပ်နည်းအတိုင်း တသွေမတိမ်း လိုက်နာခဲ့သည်။ သူသည် ဆေးပင်များကို ထည့်လိုက်ပြီး ဆေးမီးဖိုအောက်ရှိ အထူးသစ်တုံးများကို မီးမွှေးကာ မိစ္ဆာသွေးဆေးလုံးကို စတင်ဖော်စပ်လေတော့သည်။
ရွှီနင်ကမူ ဘေးတွင်ရပ်ကာ မိစ္ဆာသွေးဆေးလုံး ဖော်စပ်သည့် လုပ်ငန်းစဉ်ကို အာရုံခံနေလိုက်သည်။
ဤသို့လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ဆေးပညာအပေါ် သူ၏နားလည်မှုကို ပိုမိုနက်ရှိုင်းစေရန်ဖြစ်ပြီး နောက်တစ်ခုမှာ မိစ္ဆာသွေးဆေးလုံးကို သူ တစ်ခုခု လုပ်နိုင်ခြင်း ရှိမရှိ ကြည့်ရှုရန် ဖြစ်သည်။
အကယ်၍ သူသာ မိစ္ဆာသွေးဆေးလုံးထဲတွင် လျှို့ဝှက်ပစ္စည်းတစ်ခုကို ထည့်သွင်းနိုင်မည်ဆိုပါက ဖုန်းချန်ကောအား ကိုင်တွယ်ဖြေရှင်းရန်နှင့် လျှို့ဝှက်နယ်မြေ၏ တည်နေရာကို ဖော်ထုတ်ရန် များစွာ လွယ်ကူသွားပေလိမ့်မည်။
…
ထိုအချိန်မှာပင်…
သွေးတစ္ဆေဂိုဏ်း အပြင်ဘက် တောင်ကြားတစ်ခုထဲတွင် လူသုံးယောက်သည် စူးစမ်းရှာဖွေနေကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ မိန်းမလှလေးတစ်ဦး ဖြစ်သည်။ သူမတွင် ကျော့ရှင်းလှပသော ခန္ဓာကိုယ်အချိုးအစား ရှိပြီး သူမ၏မျက်လုံးများထဲတွင် ဆွဲဆောင်မှုတစ်ခု ကိန်းအောင်းနေသည်။ သူမ၏ အေးစက်စက် အမူအရာသာ မရှိပါက အမျိုးသားပေါင်း ထောင်သောင်းချီကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။
သူမ၏ နောက်တွင် ရုပ်ရည်သွင်ပြင်နှင့် ခန္ဓာကိုယ်အချိုးအစား တူညီသည့် ညီအစ်မနှစ်ယောက်ရှိလေသည်။
ခေါင်းဆောင်အမျိုးသမီးနှင့် နှိုင်းယှဉ်ပါက သူတို့၏ အမူအရာများမှာ ပိုမိုနူးညံ့သိမ်မွေ့နေလေသည်။
“အစ်မကြီးစစ်ယင်.. သွေးတစ္ဆေဂိုဏ်းရဲ့ နယ်မြေထဲကိုလာပြီး သူတို့စခန်းကို ဖျက်ဆီးပစ်ဖို့ဆိုတာ နည်းနည်းလေး အန္တရာယ်မများလွန်းဘူးလား”
ညီအစ်မနှစ်ယောက်ထဲမှ တစ်ယောက်က အစ်မကြီးစစ်ယင်ကို မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ စစ်ယင်က ပြန်ပြောလိုက်သည်။ “သွေးတစ္ဆေဂိုဏ်းက နေရာအနှံ့ ပျံ့နှံ့နေတာဆိုတော့ သူတို့ကိုရှာတွေ့ဖို့ဆိုတာ အရမ်းခက်တယ်။ ဒီတစ်ကြိမ် သူတို့စခန်းကို ရှာတွေ့ဖို့ဆိုတာ ငါတို့အတွက် မလွယ်ကူခဲ့ဘူး။ တကယ်လို့ ငါတို့သာ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ပြီး သူတို့စခန်းကို နေရာပြောင်းသွားအောင် အချိန်ပေးလိုက်မိရင် ဘယ်အချိန်မှ သူတို့ကို ပြန်ရှာတွေ့နိုင်မလဲဆိုတာ မသိနိုင်တော့ဘူး”
“ကျန်းယီယီ၊ ကျန်းလုလု.. နင်တို့နှစ်ယောက် အရမ်းကြီး စိုးရိမ်မနေပါနဲ့”
သူတို့နှစ်ဦး အနည်းငယ် စိုးရိမ်နေသေးသည်ကို မြင်သောအခါ စစ်ယင်က ဆက်ပြောလိုက်သည်။ “သွေးတစ္ဆေဂိုဏ်းက နာမည်ကြီးပေမယ့် ဂိုဏ်းရဲ့ တကယ့်အင်အားက သိပ်မကြီးဘူး။ သွေးတစ္ဆေဂိုဏ်းမှာဆိုရင် သူတို့ရဲ့ဂိုဏ်းချုပ် ဖုးန်ချန်ကော တစ်ယောက်တည်းကသာ အစစ်အမှန်ပိုင်နက်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်တာပါ။ ဒါပေမဲ့ အခု ငါကလည်း အစစ်အမှန်ပိုင်နက်နယ်ပယ်ကို ရောက်နေပြီဖြစ်သလို ဆရာ့ဆီကနေ တာအိုလက်နက်တစ်ခုကိုလည်း ရထားပြီးပြီလေ”
“ငါ့တစ်ယောက်တည်းနဲ့တင် သွေးတစ္ဆေဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ မခက်ခဲဘူး။ ငါ နင်တို့နှစ်ယောက်ကို ခေါ်လာတာက အဲဒီကောင်လေးတွေ ထွက်ပြေးမသွားအောင် တားဆီးဖို့အတွက်ပဲ။ တိုက်ပွဲမှာ ပါဝင်ခိုင်းဖို့ မဟုတ်ပါဘူး။ နင်တို့ စိတ်ချလက်ချ နေလို့ရတယ်”
စစ်ယင်က ထိုသို့ပြောလိုက်ချိန်တွင် သူမ၏ လေသံမှာ ပြတ်သားနေပြီး တရားမျှတမှုအပေါ် ခိုင်မာသော ယုံကြည်ချက်များ ပြည့်နှက်နေလေသည်။
ချန်းမြောင်ဂိုဏ်း၏ နံပါတ်တစ် အဓိကတပည့်တစ်ဦးအနေဖြင့် စစ်ယင်သည် မိစ္ဆာဂိုဏ်းများကို ရှင်းလင်းဖယ်ရှားခြင်းဖြင့် သိုင်းလောက၏ စည်းမျဉ်းကို ထိန်းသိမ်းရန် သူမ၏ တာဝန်တစ်ခုအဖြစ် အမြဲတမ်း မှတ်ယူထားခဲ့လေသည်။
***