သမုဒ္ဒရာမြှုပ်အိုးအတွင်း၌ သွေးများမှာ ကန်သာသာခန့် ရှိနေသည်။ ထိုအရာများမှာ လူသွေးများဖြစ်သည်။ သာမန်သွေးများမဟုတ်ဘဲ ကျင့်ကြံသူများ၏ အနှစ်သာရသွေးများ ဖြစ်နေသည်။
သွေးစက်တိုင်းတွင် အနှိုင်းမဲ့ ကြွယ်ဝလှသော ဇီဝစွမ်းအားများ၊ ချီစွမ်းအင်များနှင့် ကျင့်ကြံသူများ အဆင့်တက်ချိန်တွင် ရရှိသည့် မွေးရာပါ စွမ်းအင်များပင် ပါဝင်နေသည်။ သွေးစက်တိုင်းမှာ တောက်ပသော ကြက်သွေးရောင်ရှိပြီး သွေးဗောဓိသီးများ သဖွယ်ပင်။
သာမန်အားဖြင့် ချီသန့်စင်အဆင့်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးမှာ အနှစ်သာရသွေး ဆယ်စက်ခန့်သာ အများဆုံး ထုတ်ယူနိုင်သည်။ ထိုထက်ပိုလျှင် ကျင့်ကြံခြင်းအခြေခံကို ထိခိုက်စေပြီး တစ်သက်လုံး အဆင့်မတက်နိုင်တော့ပေ။ အကျိုးဆက်ကို ဂရုမစိုက်ဘဲ အတင်းအဓမ္မ ထုတ်ယူလျှင်ပင် အစက် ၂၀ သို့မဟုတ် ၃၀ ခန့်သာ ရနိုင်သည်။ သို့သော် ဤအိုးထဲတွင်မူ ကန်တစ်ခုစာခန့် ရှိနေသည်။
ဤမျှလောက်သော အနှစ်သာရသွေးများကို ရရှိရန် ဝမ်ယွမ်တစ်ယောက် ကျင့်ကြံသူ မည်မျှကို သတ်ဖြတ်ခဲ့ရမည်နည်း။
လော့ချန် တွေးကြည့်ရုံဖြင့်ပင် ကြောက်လန့်မိသည်။
လော့ချန်၏ ထိတ်လန့်မှုကို မြင်သောအခါ ဝမ်ယွမ်က ခပ်အေးအေးပင် ပြုံးကာ ဆိုသည်။
"မိုးရွာတုန်း ရေခံရမှာပေါ့ကွ၊ အခွင့်အရေးရတုန်းမှာ လုပ်သင့်တာကို လုပ်ရမယ်၊ မဟုတ်ရင် ငါ တစ်သက်လုံး နောင်တရနေလိမ့်မယ်"
သူ့စကားမှာ ယုတ္တိရှိလှသည်။ သို့သော် လက်တွေ့လုပ်ဆောင်ရန်မှာမူ မည်မျှအထိ ရက်စက်ရန် လိုအပ်မည်နည်း။
ပစ္စည်းလုရန် သတ်ဖြတ်ခြင်းမှာ အရှေ့ပိုင်းလွင်ပြင် ကျင့်ကြံခြင်းလောကတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော သာမန်ကိစ္စတစ်ခု ဖြစ်သည်။ သို့သော် ကျင့်ကြံသူများ၏ အနှစ်သာရသွေးကို ထုတ်ယူခြင်းမှာမူ ငြင်းချက်ထုတ်၍မရသော မိစ္ဆာလမ်းစဉ် အတတ်တစ်ခု ဖြစ်သည်။
အကယ်၍ လူသိသွားလျှင် အထက်လမ်းဂိုဏ်းများ၏ လိုက်လံနှိမ်နင်းခြင်းကို ခံရပေလိမ့်မည်။ ထို့ပြင် ဤမျှများပြားသော သွေးများကို စုဆောင်းရန်အတွက် အသက်ပေါင်းမည်မျှကို ရယူခဲ့ရသနည်း။ လမ်းခရီးတွင် အန္တရာယ် မည်မျှနှင့် ရင်ဆိုင်ခဲ့ရသနည်း။
ဝမ်ယွမ်၏ အသံမှာ တည်ငြိမ်လွန်းနေသည်။
"မင်း အဲ့ဒီ ဒုတိယအဆင့် ဆေးနည်းကို တိုးတက်အောင် ကြိုးစားနေတာ ငါသိတယ်"
ဝမ်ယွမ် ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့ဆက်ပြောသည်။
"အခု မင်းက ပထမအဆင့် ဆေးဖော်ဆရာပဲ ရှိသေးတာ၊ ပထမအဆင့် သွေးအဆီအနှစ်ဆေးနည်းကို ဖော်ထုတ်နိုင်တာနဲ့တင် မင်းက အနှိုင်းမဲ့ပါရမီရှင် ဖြစ်နေပြီ၊ ဒုတိယအဆင့် ဆေးနည်းကို ပြင်ဆင်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲမလဲ…."
"ဒီအိုးထဲမှာ ကျင့်ကြံသူ အယောက်တစ်ရာကျော်ရဲ့ အနှစ်သာရသွေးတွေ ပါနေတယ်၊ တချို့က ငါကိုယ်တိုင် သတ်ခဲ့တာ၊ တချို့ကတော့ အလောင်းတွေဆီက ထုတ်ယူခဲ့တာ၊ ငါ တွက်ကြည့်ပြီးပြီ…. သွေးတစ်စက်က ဆေးကုန်ကြမ်း တစ်ခုစာပဲ၊ အားလုံးပေါင်းရင် မင်း ဆေးအိုးပေါင်း တစ်ထောင်ကျော် ဖော်စပ်ဖို့ လုံလောက်တယ်၊ ကျန်တဲ့ အဓိကကုန်ကြမ်း နှစ်ခုကိုလည်း ငါရအောင် ရှာပေးမယ်၊ အဲ့ဒီအချိန်ကျရင် မင်းက ဆေးဖော်ဖို့ပဲ အာရုံစိုက်လိုက်တော့"
စကားဆုံးသောအခါ ဝမ်ယွမ် ရပ်တန့်သွားသည်။ သူ လှည့်ကြည့်လိုက်ပြီး လော့ချန်ကို စေ့စေ့စပ်စပ် ကြည့်ကာ မေးလိုက်သည်။
"နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကို မင်း တတ်မြောက်တော့မယ် မဟုတ်လား"
လော့ချန် အံ့အားသင့်သွားသည်။ သူ အမှန်ပင် တတ်မြောက်ရန် နီးစပ်နေပြီ ဖြစ်သည်။ လပေါင်းများစွာ ကြိုးစားပြီးနောက် အပ်စိုက်မှတ် ၃၆ ခုကို ဖွင့်နိုင်ခဲ့ပြီဖြစ်ပြီး ဦးခေါင်းပိုင်းရှိ အန္တရာယ်အရှိဆုံး အမှတ်များသာ ကျန်တော့သည်။
‘ဒီအစ်ကိုဝမ် ဒါတွေ ဘာလို့ လာပြောနေတာလဲ’
လော့ချန် မျက်မှောင်ကြုတ်ကာ သံသယဖြင့် ကြည့်လိုက်သည်။
ဝမ်ယွမ်က ရယ်မောလိုက်ပြီး ဆိုသည်။
"သွေးမိစ္ဆာဆေးလုံးက မိစ္ဆာလမ်းစဉ်ထဲက ဖြစ်ပေမဲ့ တခြားကျင့်ကြံသူတွေလည်း သုံးလို့ရတယ်၊ တစ်ခုပဲ.... ပြင်းထန်တဲ့ နာကျင်မှုကိုတော့ ခံနိုင်ရည်ရှိရမယ်၊ တကယ်လို့ မင်းသာ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း အတတ်ကို အမှန်တကယ် တတ်မြောက်သွားရင် မင်းရဲ့ စိတ်ဓာတ်ခိုင်မာမှုက အဲ့ဒီနာကျင်မှုကို ခံနိုင်ရည်ရှိလာလိမ့်မယ်၊ လော့ချန်…. မင်း မဟာတာအိုကို ထမ်းပိုးနိုင်တဲ့အထိ သန်မာတဲ့ ခန္ဓာကိုယ်မျိုး မလိုချင်ဘူးလား"
ကျင့်ကြံသူများသည် အစောပိုင်းအဆင့်များတွင် ချီသန့်စင်ခြင်းကိုသာ အဓိကထားပြီး စိတ်ဝိညာဉ်သန့်စင်ခြင်းကို ဒုတိယအဆင့်အဖြစ် ထားရှိကြသည်။ ခန္ဓာကိုယ် သန်မာမှုကို အရေးမထားကြပေ။ သို့သော် လက်တွေ့တွင်မူ ဝိညာဉ်သန္ဓေတည်အဆင့်သို့ မရောက်မချင်း ခန္ဓာကိုယ်ကို လုံးဝ စွန့်ခွာ၍ မရပေ။
အကယ်၍ ခန္ဓာကိုယ် အပြင်းအထန် ပျက်စီးသွားလျှင် လမ်းစဉ်အတွက် အတားအဆီး ဖြစ်စေနိုင်သည်။ ကျန်းဝမ်နှင့် ကောင်းထင်ယွမ် တို့မှာ ထိုသို့သော ကံဆိုးမှု၏ သားကောင်များ ဖြစ်ကြသည်။
ထိုစဉ်က ချင်လျန်ချန်းမှာလည်း လက်တစ်ဖက် ဆုံးရှုံးခဲ့သည်။ သူ၏ ကျင့်ကြံခြင်းလမ်းစဉ် မထိခိုက်စေရန်အတွက် သူသည် ပိုင်ချီ ၏ အမွေအနှစ်ကိုပင် စွန့်လွှတ်ကာ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အကူအညီဖြင့် လက်ကို ပြန်လည် ကုသခဲ့ရသည်။
လော့ချန်သည် လူအ မဟုတ်ပေ။ သန်မာသော ခန္ဓာကိုယ်တစ်ခုမှာ မဟာလမ်းစဉ်ကို လျှောက်လှမ်းရာတွင် များစွာ အကျိုးရှိမည်ကို သူ ကောင်းကောင်း နားလည်သည်။
ဝမ်ယွမ်၏ စကားများကြောင့် သူ စိတ်လှုပ်ရှားသွားမိသည်။ သို့သော် သူ၏လက်ထဲတွင် ကိုင်ထားသော ကျင့်ကြံသူ အယောက်တစ်ရာကျော်၏ အသက်ဝိညာဉ်များ ပါဝင်သည့် သမုဒ္ဒရာမြှုပ်အိုးကို ကြည့်လိုက်သောအခါ သူ၏ တက်ကြွနေသော စိတ်မှာ ချက်ချင်း အေးစက်သွားတော့သည်။
ရိုးရှင်းသော မေးခွန်းတစ်ခုက ဝမ်ယွမ်ကို ရပ်တန့်သွားစေခဲ့သည်။
"ကျွန်တော် သွေးမိစ္ဆာဆေးလုံးကို ဖော်စပ်နိုင်ခဲ့ရင်တောင် ဒီပစ္စည်းတွေနဲ့ ဘယ်လောက်တောင် ရမှာလဲ၊ ကျွန်တော်တို့ ကျင့်ကြံခြင်းကို ဘယ်လောက်အထိ ထောက်ပံ့ပေးနိုင်မှာလဲ၊ အနှစ်သာရသွေးတွေ ကုန်သွားရင်ရော ဘာဆက်လုပ်မလဲ"
ဝမ်ယွမ် တွန့်ဆုတ်နေစဉ် လော့ချန်၏ အသံမှာ ပိုမိုပြတ်သားလာသည်။
"ဂိုဏ်းကြီးတွေ သတိထားမိတဲ့အထိ ကျွန်တော်တို့က ဆက်ပြီး သတ်ဖြတ်နေရမှာလား"
….
ဝမ်ယွမ်သည် ကျင့်ကြံသူများ၏ အနှစ်သာရသွေးများ ပြည့်နေသော သမုဒ္ဒရာမြှုပ်အိုးကို ယူ၍ ထွက်ခွာသွားခဲ့သည်။ ထိုကဲ့သို့ ပစ္စည်းမျိုးကို လော့ချန်နှင့် ထားရန်မှာ မဘေးကင်းသဖြင့် ကိုယ်တိုင် သိမ်းထားခြင်းက ပိုကောင်းပေသည်။
လော့ချန် ထောက်ပြခဲ့သော စိုးရိမ်မှုများကို သူ မသိခဲ့သည် မဟုတ်ပေ။
သို့သော် အရှေ့ပိုင်းလွင်ပြင်ရှိ ရွှေအမြုတေ ဂူသင်္ချိုင်း၏ ရှုပ်ထွေးသော အခြေအနေကြားတွင် သူ ခဏတာ စိတ်လွတ်သွားပြီး ကျင့်ကြံသူများ၏ အနှစ်သာရသွေး အမြောက်အမြားကို စုဆောင်းမိခဲ့ခြင်း ဖြစ်သည်။ သူပြောခဲ့သလိုပင် မိုးရွာတုန်း ရေခံခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ အကြီးအကျယ် မှားယွင်းခဲ့သော အချက်တစ်ချက် ရှိသည်။ ကျင့်ကြံသူ အယောက်တစ်ရာကျော်၏ သွေးမှာ လော့ချန်အတွက် သွေးမိစ္ဆာဆေးလုံး အမြောက်အမြား ဖော်စပ်ရန် လုံလောက်မည်ဟု သူ ယုံကြည်ခဲ့ခြင်း ဖြစ်သည်။
သူသည် ဆေးဖော်စပ်ခြင်းအကြောင်းကို နားမလည်သလို၊ ပထမအဆင့် ဆေးဖော်ဆရာတစ်ဦးက ဒုတိယအဆင့် ဆေးလုံးကို ဖော်စပ်ရန်မှာ သဘာဝတရားကို ဆန့်ကျင်နေသည့်အလား ခက်ခဲကြောင်းလည်း မသိခဲ့ပေ။ ဆေးဖော်ဆရာကြီး ချင်ယွမ်ဇီကဲ့သို့ အစွမ်းထက်သူပင်လျှင် ဆေးလုံးများကို ပြုစုပျိုးထောင်သည့် အတတ်ဖြင့်သာ အဆင့်ကျော် ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လော့ချန်၏ ရှင်းပြချက်ကြောင့် သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ဆေးဖော်ဆရာတစ်ဦးသည် မိမိအဆင့်ရှိ ဆေးလုံးတစ်လုံး အောင်မြင်ရန်အတွက်ပင် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်မှုကို ရင်ဆိုင်ရလေ့ရှိသည်။
အောင်မြင်သွားလျှင်ပင် ထိုလုပ်ငန်းစဉ်ကို ပြန်လည်လုပ်ဆောင်ရန်မှာ ရှုံးနိမ့်နိုင်ခြေ မြင့်မားနေဆဲ ဖြစ်သည်။ မိမိအဆင့်ထက် ကျော်လွန်သော ဆေးလုံးများကို ဖော်စပ်ရန်ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။
ကျင့်ကြံသူ အယောက်တစ်ရာကျော်၏ သွေးမှ သွေးမိစ္ဆာဆေးလုံး မြောက်မြားစွာ ထွက်လာမည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အောင်မြင်မည့် ပမာဏမှာ အလွန်နည်းပါးပေလိမ့်မည်။ ထိုပမာဏမှာ ဝမ်ယွမ်၏ ရေရှည်ကျင့်ကြံခြင်းအတွက် မလုံလောက်နိုင်သလို လော့ချန်အတွက်လည်း အကျိုးရှိမည် မဟုတ်ပေ။
ဤရှင်းပြချက်ကို ကြားပြီးနောက်တွင်မှ ဝမ်ယွမ် လုံးဝ တည်ငြိမ်သွားတော့သည်။
ဝမ်ယွမ်သည် ဤကိစ္စကို သေချာ ပြန်စဉ်းစားမည်ဟု လော့ချန်အား ပြောခဲ့သည်။ သူ့တွင် လော့ချန်အား ကာကွယ်နိုင်လောက်သည့် အင်အား ရှိလာသည်အထိ သို့မဟုတ် လော့ချန် ဒုတိယအဆင့် ဆေးဖော်ဆရာ ဖြစ်လာသည်အထိ စောင့်မည်ဟု ဆုံးဖြတ်လိုက်သည်။
သူ ထိုစိတ်ကူးကို လုံးဝ စွန့်လွှတ်လိုက်ခြင်း မဟုတ်ပေ။ သို့သော် မထွက်ခွာမီတွင် ဝမ်ယွမ်သည် အလွန်အရေးကြီးသော သတင်းတစ်ခုကို လော့ချန်အား ပြောခဲ့သည်။
"မီရှုဟွာ အချိန်မတိုင်ခင် ပြန်ရောက်နေပြီ " ဟု ဝမ်ယွမ် ဆိုသည်။
ထိုသတင်းမှာ လော့ချန်၏ ကျောရိုးထဲအထိ စိမ့်သွားစေသည်။
‘မီရှုဟွာက ဘယ်တုန်းက ပြန်ရောက်တာလဲ၊ ဖိုရှန်းဂိုဏ်းက တခြားကျင့်ကြံသူတွေ ဘာလို့ မသိကြတာလဲ’
လက်ရှိတွင် ဖိုရှန်းဂိုဏ်းမှာ အကြီးအကျယ် ဆုံးရှုံးမှုများဖြင့် ရှုပ်ထွေးနေသည်။ စိတ်ဓာတ်များ တည်ငြိမ်စေရန်အတွက် သူ ပြန်ရောက်လာကြောင်း ကြေညာသင့်သည် မဟုတ်ပေလော။
ဝမ်ယွမ်ပင်လျှင် အသေးစိတ်ကို မသိပေ။ သူသည် လော့ချန်အား သတိပေးရုံသာ ပြောခဲ့ခြင်း ဖြစ်ပြီး ဂူသင်္ချိုင်း၏ အစီအရင်များ ပျက်ပြယ်သွားသဖြင့် ဒုတိယအဆင့် သားရဲများစွာ ရောက်ရှိလာကြောင်းလည်း ပြောခဲ့သည်။
ပြင်းထန်သော တိုက်ပွဲတစ်ခုပြီးနောက် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများသည် နည်းမျိုးစုံဖြင့် ထွက်ပြေးခဲ့ကြရသည်။ လော့ချန်သည် ဤသတင်းကို မည်သို့ကိုမျှ မပြောဘဲ သိမ်းထားလိုက်သည်။
နောက်ရက်များတွင် သူသည် ထုံးစံအတိုင်း ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းကိုသာ ဘာမှမဖြစ်သကဲ့သို့ လုပ်ဆောင်နေခဲ့သည်။
သုံးရက်အကြာတွင်မှ ကျိုးယွမ်လီသည် အသံလွှင့်ကျောက်စိမ်းပြားကို ကိုင်ဆောင်ကာ သူ့ဆီသို့ တိတ်တဆိတ် ရောက်လာပြီး ဆိုသည်။
"ဂိုဏ်းချုပ်က ခေါင်းဆောင်လော့ကို ခေါ်ခိုင်းလိုက်တယ်"
ဤသည်မှာ လော့ချန် မီမိသားစု၏ စံအိမ်သို့ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။ မီကျွင်းဖျင် နှင့် ချီသန့်စင်အဆင့် ၉ ရှိသော ကျင့်ကြံသူတစ်ဦးတို့က သု့အား မီမိသားစု၏ တားမြစ်နယ်မြေအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ တားမြစ်နယ်မြေဟု ဆိုသော်လည်း အမှန်တကယ်တွင် မီရှုဟွာ၏ ကိုယ်ပိုင် ကျင့်ကြံရာ ဂူသင်္ခန်းသာ ဖြစ်သည်။
ရှေ့သို့ လျှောက်လာစဉ် လော့ချန်သည် မီမိသားစုဝင်များကို စောင့်ကြည့်ခဲ့သည်။
ထူးခြားမှု ဘာမှမတွေ့ရဘဲ အားလုံးမှာ တက်ကြွနေပုံရသည်။ ဖိုရှန်းဂိုဏ်းအား အရင်းအမြစ်အဖြစ် အသုံးချကာ မီမိသားစုမှာ နှစ်ပေါင်းများစွာအတွင်း အတော်လေး ကြွယ်ဝလာပုံရသည်။ ခဏတာ လမ်းလျှောက်နေစဉ်မှာပင် ချီသန့်စင်အဆင့် အစောပိုင်းနှင့် အလယ်အလတ်ရှိသော ကျင့်ကြံသူ လူငယ်အများအပြားကို သူ တွေ့ခဲ့ရသည်။
"ရောက်ပြီ၊ ဇီဖန်း နင် သွားစရာရှိတာ သွားတော့၊ သူ့ကို ငါပဲ အထဲခေါ်သွားလိုက်မယ်" ဟု မီကျွင်းဖျင်က ဆိုသည်။
သူတို့နှင့် ပါလာသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူက ခေါင်းညိတ်ပြသည်။ သို့သော် မထွက်ခွာမီတွင် သူသည် လော့ချန်အား ရန်ငြိုးပါသော အကြည့်ဖြင့် တစ်ချက် ကြည့်သွားခဲ့သည်။
လော့ချန်သည် အာရုံစူးစိုက်မှု ကောင်းသူဖြစ်သလို နတ်မျက်စိကြောင့် ထိုရန်လိုမှုကို ချက်ချင်း သတိပြုမိလိုက်သည်။
"သူက မီဇီဖန်းလား၊ ပါရမီရှင်စာရင်းမှာ ထိပ်ဆုံး ၁၀ ယောက်ထဲ ပါတဲ့သူလေ…. ဟုတ်တယ်မလား"
လော့ချန်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
မီကျွင်းဖျင်က ခေါင်းညိတ်ကာ နောင်တရဟန်ဖြင့် ဆိုသည်။
"ကံဆိုးတာက သူက တွမ်ဖုန်းကို တစ်ခါ ရှုံးပြီးကတည်းက အဆင့် ကျသွားတယ်၊ အခု အဆုံးအဖြတ်စင်မြင့်ကလည်း ပိတ်ထားတော့ အဆင့်ပြန်တက်ဖို့ အခွင့်အရေး မရှိတော့ဘူး၊ ဒါက ကျွန်မတို့ မီမိသားစုအတွက် တကယ်ကို အရှက်ရစရာပဲ"
တွမ်ဖုန်းအကြောင်း ပြောရင်း မီကျွင်းဖျင်က လော့ချန်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"ကျွန်မ မှတ်မိသလောက်ဆိုရင် ရှင်နဲ့ ချင်လျန်ချန်းက တွမ်ဖုန်းကို ဖိုရှန်းဂိုဏ်းထဲ ဝင်ဖို့ ထောက်ခံပေးခဲ့တာ မဟုတ်လား"
လော့ချန်က အသာအယာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်လေ…. အစ်ကိုတွမ်က နာမည်အရ ဆေးဖော်ခန်းမက ဆိုပေမဲ့ ဂိုဏ်းက သူ့ကို ပုံသေလစာ သတ်မှတ်မပေးထားပါဘူး၊ အခုတော့ သူ ကိုယ်ပိုင် စီးပွားရေးလေးပဲ လုပ်နေတာပါ"
"ဒါဆိုရင် ရှင် သတိထားတာ ကောင်းလိမ့်မယ်၊ မီဇီဖန်းက လက်တုံ့ပြန်ဖို့ တွမ်ဖုန်းကို သွားရှာနိုင်တယ်" ဟု မီကျွင်းဖျင်က ဆိုသည်။
သူမ စကားပြောနေစဉ် မီကျွင်းဖျင်၏ နှုတ်ခမ်းထောင့်များမှာ ရုတ်တရက် ပြုံးယောင်သန်းသွားသည်။
"အော်…. မေ့လို့၊ ရှင်နဲ့ မီဇီဖန်းက အရင်ကတည်းက အဆင်မပြေကြဘူးပဲ၊ အခုတော့ ရန်ငြိုးဟောင်းတွေ ရန်ငြိုးသစ်တွေ ထပ်နေပြီဆိုတော့ သူ ရှင့်ကို ပိုပြီး မုန်းနေတော့မှာပဲ"
လော့ချန် ကြောင်အမ်းသွားသည်။
‘ငါနဲ့ အဲ့ မီဇီဖန်းက ဘယ်တုန်းက ရန်ငြိုးရှိသွားတာလဲ၊ တစ်ခါမှတောင် မတွေ့ဖူးပဲနဲ့’
လော့ချန်၏ ဝေခွဲမရဖြစ်နေမှုကို မြင်သောအခါ မီကျွင်းဖျင်က အနားသို့ တိုးကပ်ကာ စကားလုံး သုံးလုံးကို တိုးတိုးလေး ပြောလိုက်သည်။
"ချီစုဆုံဝင်္ကပါလေ"
ထိုခဏမှာပင် လော့ချန်သည် ရန်ငြိုး၏ အရင်းအမြစ်ကို နားလည်သွားတော့သည်။ ထိုစဉ်က နှင်းကြာပန်းဈေးမြို့တော်မှ လုယက်သူများ၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် လော့ချန်သည် မြို့ထဲမှ အပြင်မထွက်ဘဲ အောင်းနေရန် အကြောင်းပြချက်အဖြစ် သုံးခဲ့သည်။
လော့ချန် စိတ်ပြေစေရန်အတွက် ချီစုဆုံဝင်္ကပါ အစီအရင်ငယ်တစ်ခုအား မီရှုဟွာ ပေးပို့ခဲ့သည်။
ထိုအစီအရင်ကြောင့်ပင် သူ၏ ကျင့်ကြံခြင်းနှုန်းမှာ ဝိညာဉ်အမြစ် နှစ်ခုပါသော ကျင့်ကြံသူတစ်ဦးအဆင့်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သဘာဝကျစွာပင် ချီစုဆုံဝင်္ကပါကဲ့သို့ တန်ဖိုးရှိသော ပစ္စည်းမှာ မီမိသားစုတွင် အပိုရှိနေမည် မဟုတ်ပေ။
ထိုအရာမှာ ထိုက်တန်သူများအတွက်သာ သိမ်းဆည်းထားသော အဖိုးတန်ပစ္စည်း ဖြစ်ရမည်။ ယခုကြည့်ရသည်မှာ ထိုချီစုဆုံဝင်္ကပါ၏ မူလပိုင်ရှင်မှာ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ မီဇီဖန်း ဖြစ်နေပုံရသည်။
‘ဒီရန်ငြိုးကတော့ တယ်ကြီးတာပဲ’
လော့ချန် ခါးသီးစွာ ရယ်မောလိုက်ရင်း မီကျွင်းဖျင်၏ နှုတ်ခမ်းထောင့်ရှိ အပြုံးကို မြင်သောအခါ အတွေးတစ်ခု ဝင်လာသည်။
‘ဒီမိန်းမ ဘာလို့ ငါ့ကို လာ သတိပေးနေရတာလဲ၊ သူလည်း မီဇီဖန်းနဲ့ အဆင်မပြေတာလား၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ၊ သူက မီမိသားစုရဲ့ ဒုတိယမျိုးဆက် ဖြစ်ပြီး မီဇီဖန်းက သူ့တူပဲလေ၊ သူတို့က သွေးသားတွေ မဟုတ်လား၊ ဘယ်လိုပဲဖြစ်ဖြစ် သူစိမ်းထက်စာရင် မိသားစုဝင်ဘက်က ရပ်တည်သင့်တာပဲ၊ ပြီးတော့ ငါနဲ့ သူနဲ့လည်း အဲ့လောက်အထိ ရင်းနှီးတာမှ မဟုတ်တာ’
လော့ချန် ထိုသို့ တွေးနေစဉ်မှာပင် မီကျွင်းဖျင်က သူ့အား မြေအောက်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။ မြေကြီးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်နေရသကဲ့သို့ ခံစားရသည်။
ရုတ်တရက် နှစ်ဦးသား ကျောက်တံခါးတစ်ခု ရှေ့တွင် ရပ်လိုက်ကြသည်။
"ဝင်သွားလိုက်တော့၊ အဖေ အထဲမှာ ရှင့်ကို စောင့်နေတယ်" ဟု မီကျွင်းဖျင်က ဆိုသည်။
လော့ချန်သည် မီကျွင်းဖျင်အား သေသေချာချာ ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် တည်ငြိမ်မှုကိုသာ တွေ့ရသည်။ သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရှေ့သို့လှမ်းကာ ကျောက်တံခါးကို တွန်းဖွင့်လိုက်တော့သည်။
သူ အထဲသို့ ဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်ကို မကြည့်ရသေးခင်မှာပင် သူ၏ နောက်ကွယ်မှ ကျောက်တံခါးမှာ ပိတ်သွားတော့သည်။
လော့ချန်၏ နှလုံးခုန်သံ မြန်သွားပြီး အလိုအလျောက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။ ဆယ်မီတာပတ်လည်ခန့်သာ ရှိသော ဤကျောက်သင်္ခန်းလေးမှာ သာမန်မဟုတ်ကြောင်း သူ ချက်ချင်း သိလိုက်ရသည်။
ချီစွမ်းအင်….။
ချီစွမ်းအင်များမှာ မယုံနိုင်စရာကောင်းလောက်အောင် ကြွယ်ဝလှပြီး အဆုံးမဲ့သော သမုဒ္ဒရာကြီးသဖွယ် ဖြစ်နေသည်။ ထိုနေရာတွင် ရပ်နေရုံနှင့် သူ၏ နွေဦးကျင့်စဉ်မှာ ထိုစွမ်းအင်များကို စုပ်ယူရန်အတွက် အလိုအလျောက် လှုပ်ရှားလာသည်။
"ဒုတိယအဆင့် ဝိညာဉ်ကြောလား…." ဟု လော့ချန် အံ့အားသင့်စွာ ရေရွတ်မိသည်။
"မဟုတ်ဘူး"
သင်္ခန်း၏ အလယ်ဗဟိုမှ အိုမင်းပြီး နွမ်းနယ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။ အသံပိုင်ရှင်မှာ မီရှုဟွာ ဖြစ်သည်။
သူ၏ အသံမှာ အိုမင်းနွမ်းနယ်နေပြီး ယခင်ကဲ့သို့ ခွန်အားမရှိတော့ပေ။
လော့ချန် စေ့စေ့စပ်စပ် ကြည့်လိုက်သောအခါ မီရှုဟွာ၏ မျက်နှာမှာ အတော်လေး ဖျော့တော့နေသည်ကို တွေ့လိုက်ရသည်။ သူသည် ရွှေရောင်နှင့် ငွေရောင် ချည်မျှင်များဖြင့် ရက်လုပ်ထားသော ထိုင်ခုံတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ပတ်ပတ်လည်တွင် ပုလင်းများနှင့် အိုးများစွာ ဝိုင်းရံထားသည်။
လော့ချန်သည် ထိုထိုင်ခုံအောက်မှ ပြင်းထန်သော ချီစွမ်းအင်များ ထွက်ပေါ်နေသည်ကို ခံစားရသည်။ ဤသည်မှာ လခြမ်းတောင်ကြားအောက်တွင် သူတွေ့ခဲ့သော ဝိညာဉ်ကြောလိုဏ်ဂူနှင့် ဆင်တူသော်လည်း ပို၍ ပြင်းထန်လှသည်။
‘ဒီအောက်မှာ ဝိညာဉ်ကြော အကြီးကြီး ရှိနေတာလား’
‘ဒါပေမဲ့ ပထမအဆင့် ဝိညာဉ်ကြောရဲ့ အခွဲတစ်ခုက ဒီလောက်အထိ ပြင်းထန်တဲ့ ချီစွမ်းအင်တွေကို မဖန်တီးနိုင်သင့်ဘူး’
လော့ချန် စဉ်းစားနေစဉ်မှာပင် သူ၏ ဘေးနားမှ တိခနဲ မြည်သံတစ်ခု ကြားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သောအခါ သင်္ခန်း၏ အရှေ့တောင်ဘက်ရှိ အဖြူရောင် တောက်ပနေသော ပုံဆောင်ခဲပုံကြီးမှာ ပြိုကျကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
‘ဝိညာဉ်ကျောက်တုံးတွေပဲ…. အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ….’
တစ်ချက်ကြည့်ရုံဖြင့် ထိုပုံထဲတွင် အနည်းဆုံး ကျောက်တုံး ဆယ်တုံးခန့် ရှိသည်ကို လော့ချန် သိလိုက်သည်။ ၎င်းမှာ ထောင့်တစ်ထောင့်သာ ရှိသေးသည်။ ကျန်ရှိသော ထောင့်ရှစ်ခုလုံးတွင်လည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကို ထိုမျှထားရှိထားသည်။
ဆိုလိုသည်မှာ မြေပြင်ပေါ်တွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၈၀ ရှိနေပြီး ၎င်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်ထောင်ကျော်နှင့် ညီမျှနေသည်။
"ဒီနေရာက မူလက ပထမအဆင့် ဝိညာဉ်ကြောရဲ့ အခွဲတစ်ခုပဲ၊ ငါ စီစဉ်ထားတဲ့အတိုင်း ချီစွမ်းအင်တွေ အပြင်ကို မထွက်နိုင်ဘူး"
"ပြီးတော့ ငါက ဒုတိယအဆင့် ချီစုဆုံဝင်္ကပါကို သုံးပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေဆီက စွမ်းအင်တွေကို ဆွဲထုတ်ပြီး ဒီက သဘာဝစွမ်းအင်တွေနဲ့ ရောနှောထားတာ၊ အဆုံးမှာတော့ ဒါက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာတာပေါ့"
"လော့လေး.... ဒီနေရာမှာ ကျင့်ကြံရတာက အများကြီး ပိုကောင်းမယ်လို့ မထင်ဘူးလား"
မီရှုဟွာက လော့ချန်အား စူးရှသော အကြည့်များဖြင့် ကြည့်ကာ မေးလိုက်သည်။
လော့ချန် ချက်ချင်းပင် ဝမ်းသာအားရစွာ ဖြေလိုက်သည်။
"သေချာပေါက် ပိုကောင်းမှာပေါ့ ဂိုဏ်းချုပ်ရယ်.... ကျွန်တော့်ကို ဒီမှာ ကျင့်ကြံခွင့်ပေးပါလားဗျ"
"အင်း.... ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒီနေ့ကစပြီး တစ်လကို တစ်ကြိမ် မင်းကို ဒီမှာ ကျင့်ကြံခွင့် ပေးမယ်"
မီရှုဟွာက အသာအယာ ပြုံးကာ ဆိုသည်။
"ကျင့်ကြံခြင်းကို မြန်ဆန်စေရုံတင်မကဘဲ ဒီနေရာက အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့အတွက်လည်း အများကြီး အကျိုးရှိတယ်"
‘ဒီအဘိုးကြီး ငါ့ကို ငါးစာကျွေးနေတာ သေချာတယ်’
အဘိုးကြီးမီ ပါးစပ်စဟကတည်းက လော့ချန် သူ၏ ရည်ရွယ်ချက်ကို ရိပ်မိခဲ့သည်။ အထူးသဖြင့် အခြေခံတည်ဆောက်ခြင်းအတွက် အကျိုးရှိသည်ဟု ပြောလိုက်သောအခါ လော့ချန် လုံးဝ သေချာသွားတော့သည်။
‘သူက ဘာလို့ ဒါကို သုံးပြီး ငါ့ကို ဆွဲဆောင်နေရတာလဲ’
"လော့လေး.... အခြေခံတည်ဆောက်ခြင်းအပေါ် မင်းရဲ့ အမြင်က ဘယ်လိုရှိလဲ" ဟု မီရှုဟွာက ရုတ်တရက် မေးသည်။
လော့ချန် တွန့်ဆုတ်မနေဘဲ ဆိုသည်။
"အဲ့ဒါက ကျွန်တော် အရမ်း တောင့်တနေတဲ့ အရာပါ၊ မဟာတာအိုရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာဖို့ထက် ပိုပြီး ဘာကိုမှ မလိုချင်ပါဘူး "
"ချီးကျူးစရာ ကောင်းတဲ့ ရည်မှန်းချက်ပဲ" ဟု မီရှုဟွာက ဆိုသည်။
လော့ချန် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ ထို့နောက် မျက်နှာငယ်ငယ်လေးဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ မဟာတာအိုက ခက်ခဲလှပါတယ်၊ ကျွန်တော့်လို ညံ့ဖျင်းတဲ့ ပါရမီနဲ့ဆိုရင် ဒီတစ်သက် အခြေခံတည်ဆောက်ခြင်းရဲ့ တံခါးဝကိုတောင် နင်းနိုင်ပါ့မလားလို့ စိုးရိမ်မိတယ် ဂိုဏ်းချုပ်"
"သြော်.... မင်း ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်သေးတာပဲ"
လော့ချန်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် မီရှုဟွာ ရယ်မောကာ ဆိုသည်။
"မင်း အခုတောင် ချီသန့်စင်အဆင့် ၈ ကို ရောက်နေပြီပဲ၊ အခြေခံတည်ဆောက်ခြင်းအတွက် ခြေလှမ်းနည်းနည်းပဲ လိုတော့တာ၊ မင်းမှာ အလားအလာ အများကြီး ရှိပါတယ် "
‘ဒီအဘိုးကြီး ငါ ချီသန့်စင်အဆင့် ၈ ရောက်နေတာကို သိနေတာလား
‘ငါ့ရဲ့ အထွတ်အထိပ်အဆင့် ချီဖုံးကွယ်မှော်အတတ်က အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေ့မှာ မထိရောက်တာလား၊ ဒါမှမဟုတ်…. ကျောက်စိမ်းအိုးဓားဂိုဏ်းက တာဝန်ခံမြောင် သူ့ကို ပြောပြလိုက်တာလား’
ရုတ်တရက် လော့ချန်သည် သူ၏ ပုခုံးပေါ်တွင် ရှိနေခဲ့သော အနှိုင်းမဲ့ စင်ကြယ်သည့် ချီစွမ်းအင် အမှတ်အသားကို သတိရသွားသည်။
‘တောက်…. ငါတော့ ထင်ထင်ရှားရှားကြီးကို မျက်စိလျှမ်းသွားတာပဲ၊ တစ်ယောက်ယောက်က ငါ့ပေါ်မှာ အမှတ်အသား လုပ်ထားခဲ့တာပဲ၊ ဘယ်လောက်ပဲ ဖုံးဖုံး ဒါက ဘာထူးမှာလဲ’
လော့ချန် အတင်းပြုံးလိုက်ပြီး မြှောက်ပင့်လိုက်သည်။
"ဂိုဏ်းချုပ်ရဲ့ ပညာနဲ့ အမျှော်အမြင်က တကယ်ကို အနှိုင်းမဲ့ပါပဲ"
လော့ချန်တစ်ယောက် ကျင့်ကြံခြင်းအဆင့်ကို အဘယ်ကြောင့် ဖုံးကွယ်ထားရကြောင်းကိုမူ မပြောခဲ့ပေ။ မီရှုဟွာလည်း ထိုကိစ္စကို ထပ်မမေးတော့ပေ။ အချို့သော အရာများမှာ နှစ်ဦးနှစ်ဖက် နားလည်နေလျှင် မပြောဘဲ ထားခြင်းက အကောင်းဆုံး ဖြစ်သည်။ ဖွင့်ပြောလိုက်လျှင် နှစ်ဖက်စလုံးအတွက် အနေခက်ရုံသာ ရှိပေလိမ့်မည်။
ထို့နောက် မီရှုဟွာသည် လော့ချန် ငြင်းပယ်၍မရနိုင်သော ပိုမိုကြီးမားသည့် ဆွဲဆောင်မှုတစ်ခုကို ထုတ်ပြလာခဲ့သည်။
"မင်းရဲ့ အခုရှိနေတဲ့ အရှိန်နဲ့ဆိုရင် နောက်ဆယ်နှစ်အတွင်းမှာ အခြေခံတည်ဆောက်ခြင်းရဲ့ တံခါးဝကို ရောက်လာလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် မင်းမှာ ဘာအစီအစဉ် ရှိလဲ"
လော့ချန် ဝေခွဲမရ ဖြစ်သွားသည်။
‘ဘာအစီအစဉ် ရှိရမှာလဲ၊ အခြေတည်ဆေးလုံး တစ်လုံး ရဖို့ပဲ မဟုတ်လား’
ထိုအခိုက် အဘိုးကြီးမီသည် လော့ချန်၏ မျက်စိရှေ့တွင်ပင် အခြေတည်ဆေးလုံး တစ်လုံးကို ချပြလိုက်တော့သည်။
***