ဟူး... ဟူး... ဟူး...
လော့ချန်၏ အသက်ရှူသံမှာ မည်သည့်အခါကမျှ ဤမျှ မမှန်မကန် ဖြစ်ခဲ့ဖူးခြင်း မရှိပေ။
သူ၏ နှလုံးခုန်သံမှာလည်း ဒိန်းဒိန်းတိုးလျက် ရူးသွပ်မတတ် ခုန်ပေါက်နေသည်။ သူ၏ အကြည့်မှာ လေထဲတွင် ဝဲပျံနေသော ဖြူစင်သည့် ဆေးလုံးလေးပေါ်တွင်သာ စွဲထင်နေပြီး ကျန်ရှိသမျှ အရာအားလုံးကို မေ့လျော့နေမိသည်။
အခြေတည်ဆေးလုံး….။
အခြေတည်ဆေးလုံး၏ စစ်မှန်သော အသွင်သဏ္ဌာန်ကို ဤမျှ နီးကပ်စွာ လော့ချန် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဆေးလုံးမျက်နှာပြင်ပေါ်တွင် တိမ်တိုက်များနှင့် မြူခိုးများသဖွယ် ရစ်ခွေနေသော နူးညံ့သည့် ဆေးလိုင်း လေးခုမှာ ထိုဆေးအား နတ်ဘုရားဆန်သော ရောင်ခြည်တော်များ ထွက်ပေါ်နေစေသည်။
လော့ချန် အတော်ကြာအောင် အံကြိတ်ထားပြီးမှ ထိုအရာကို မကြည့်မိစေရန် ခဲရာခဲဆစ် ကြိုးစားကာ အကြည့်လွှဲလိုက်ရသည်။
သူ တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။
"ဂိုဏ်းချုပ်…. ဒါက ဘာသဘောလဲဗျာ"
မီရှုဟွာသည် လော့ချန်၏ တုံ့ပြန်မှုကို ကျေနပ်သွားသည်။ တစ်ဖက်တွင်လည်း လော့ချန် သူ၏ လောဘစိတ်ကို ဤမျှအမြန် နှိမ်နင်းနိုင်ခြင်းအပေါ် အံ့ဩမိသွားသည်။
မီရှုဟွာသည် ဆေးလုံးကို ပြန်မသိမ်းသေးဘဲ လေထဲတွင်ပင် ငြိမ်သက်စွာ ဝဲပျံနေစေခဲ့သည်။
ထို့နောက် သူ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး ဆိုသည်။
"ရိုးရိုးလေးပါပဲ၊ မင်းကို ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်တဲ့နေရာမှာ ဘာမှမချန်ထားဘဲ အစွမ်းကုန် ကြိုးစားစေချင်တာပါ"
လော့ချန်၏ အသံမှာ အက်ရှရှ ဖြစ်နေသည်။
"ကျွန်တော် အစွမ်းကုန် ကြိုးစားနေပါတယ်...."
"မဟုတ်ဘူး…. မင်း အစွမ်းကုန် မကြိုးစားသေးဘူး"
မီရှုဟွာက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး စကားလုံးတစ်လုံးချင်းစီကို လေးလေးနက်နက် ပြောလိုက်သည်။
"မင်းရဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးတွေ ရောင်းရတဲ့ မှတ်တမ်းကို ငါ လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်၊ မင်း အဆင့်လတ်ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ကတည်းက အဆင့်နိမ့်ဆေးလုံးတွေကို မင်း မထုတ်သလောက်ပဲ၊ အဆင့်မြင့်ဆေးလုံးတွေမှာလည်း အတူတူပဲ…."
"တစ်နည်းအားဖြင့် ပြောရရင် မင်းရဲ့ ဆေးဖော်စပ်ခြင်း ပါရမီက ငါတို့ အစက ထင်ထားတာထက် အများကြီး ပိုပြီး ကြောက်စရာကောင်းနေတာပဲ…."
"အစတုန်းကတော့ ငါလည်း သိပ်မသေချာဘူး၊ ဒါပေမဲ့ မင်း ပထမဆုံးအကြိမ် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အမြောက်အမြား ဖော်စပ်တဲ့အချိန်မှာ တစ်ခုခု ထူးဆန်းနေတာကို ငါ သတိထားမိလိုက်တယ်၊ အဲ့ဒီတုန်းက ဆေးလုံးအောင်မြင်နှုန်းက ဘယ်လောက်လဲဆိုတာ မင်း မှတ်မိသေးလား"
လော့ချန် အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ ဤအတောအတွင်း သူသည် သူ၏ ခြေရာများကို အပြည့်အဝ ဖုံးကွယ်ထားနိုင်ခဲ့ပြီး သံသယဖြစ်စရာ မကျန်ခဲ့ဟု ယုံကြည်နေခဲ့ခြင်း ဖြစ်သည်။
မီရှုဟွာအနေဖြင့် သူ ဆေးလုံးအချို့ကို ခိုးယူနေသည်ကို သိလျှင်ပင် ကြီးကြီးမားမား ပြဿနာရှာလိမ့်မည်မဟုတ်ဟု သူ ယုံကြည်ခဲ့သည်။ အမှန်တကယ်လည်း မီရှုဟွာ ဤကိစ္စနှင့် ပတ်သက်၍ သူ့အား ဘာမျှ မဆိုခဲ့ချေ။
သို့သော် လော့ချန် မမျှော်လင့်ထားသည်မှာ သူ ဖုံးကွယ်ထားချင်သော သူ၏ ဆေးဖော် ကျွမ်းကျင်မှုအဆင့် ပေါ်သွားခြင်း ဖြစ်သည်။
မီရှုဟွာ၏ လက်ထဲတွင် ထူထဲသော စာရင်းစာအုပ်တစ်အုပ် ပေါ်လာသည်။ သူ စာမျက်နှာများကို အသာအယာ လှန်လိုက်သည်။
"တောင်နှင့်သမုဒ္ဒရာ ပြက္ခဒိန်၊ နှစ် ၃၄၇၀၊ ဒီဇင်ဘာလ ၁ ရက်၊ ဆောင်းဦးအစ၊ ဆေးဖော်ဆောင်ကနေ အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံး ၁၀ လုံးနဲ့ အလယ်အလတ်အဆင့် ၂၀ ရခဲ့တယ်၊ အသုံးပြုခဲ့တဲ့ ကုန်ကြမ်းက လေးသုတ်ပဲ၊ ဒါကြောင့် ဆေးလုံးအောင်မြင်နှုန်းက ၅၀ ရာခိုင်နှုန်း ဖြစ်တယ်၊ အဆင့်နိမ့်နဲ့ အလယ်အလတ် အချိုးအစားက ၁:၂ ဖြစ်တယ်"
မီရှုဟွာသည် ထိုစကားများကို ခံစားချက်မပါဘဲ ရွတ်ဆိုပြပြီးနောက် လော့ချန်ကို စေ့စေ့ကြည့်လိုက်သည်။
"လော့လေး…. ငါ မင်းအကြောင်း သိသလောက်ဆိုရင် ဆေးလုံးတွေ စုဆောင်းတဲ့အချိန်မှာ မင်း ကိုယ့်အိတ်ထဲကိုယ် ထည့်ခဲ့ဦးမှာပဲ၊ ပြီးတော့ မင်းယူလိုက်တာက အကောင်းဆုံး အဆင့်လတ် ဆေးလုံးတွေပဲ ဖြစ်ရမယ်၊ ငါ ပြောတာ မှန်တယ်မလား"
လော့ချန်၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာပြီး သူ ဆိတ်ဆိတ်သာ နေလိုက်သည်။
မီရှုဟွာမှာမူ အဖြေကို စောင့်နေပုံမရဘဲ ရှေ့ဆက်ပြောသည်။
"ငါက ဆေးဖော်စပ်ခြင်းအကြောင်း အများကြီး မသိပေမဲ့ တစ်ခုတော့ သိတယ်၊ ကျွမ်းကျင်မှုဆိုတာ လေ့ကျင့်မှုကနေ လာတာပဲ၊ ဆေးဖော်ဆရာတစ်ယောက်ရဲ့ အောင်မြင်နှုန်းက အချိန်နဲ့အမျှ တိုးတက်လာရမှာ၊ လျော့သွားရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အဲ့ဒီတစ်ကြိမ်ပြီးကတည်းက မင်းရဲ့ အောင်မြင်နှုန်းက ၅၀ ရာခိုင်နှုန်းကို တစ်ခါမှ ပြန်မရောက်တော့ဘူး…."
"ဒါတင်မကသေးဘူး…. အဆင့်နိမ့်နဲ့ အဆင့်လတ် အချိုးအစားကလည်း တစ်ခါမှာ ၇:၃ အထိတောင် ကျသွားသေးတယ်၊ မင်းရဲ့ ကျွမ်းကျင်မှု တိုးတက်လာပြီလို့ ပြောတဲ့အချိန်မှာတောင် မင်း အကောင်းဆုံး လုပ်နိုင်တာက ၆:၄ အချိုးအစားပဲ ရှိတယ်။ လော့ချန်... ဒါကို မင်း ဘယ်လို ရှင်းပြမလဲ"
‘ရှင်းပြရမှာလား’
လော့ချန် ရှင်းပြချက် မပေးနိုင်ပေ။ သူ ခေါင်းငုံ့ကာ ဆိတ်ဆိတ်သာ ငြိမ်နေလိုက်သည်။ ချွေးစက်များမှာ တစ်စက်ပြီးတစ်စက် မြေပြင်ပေါ်သို့ ကျလာသည်။ ကျောက်သင်္ခန်းလေးအတွင်း ချွေးစက်ကျသံမှာ ခေါင်းမိုးပေါ် မိုးစက်ကျသံကဲ့သို့ပင် ပဲ့တင်ထပ်နေသည်။
ဆိတ်ငြိမ်မှုမှာ လေးလံလှပြီး ဖော်ပြ၍မရနိုင်လောက်အောင် ဖိအားပေးနေသည်။
မီရှုဟွာ အလိုအလျောက် သက်ပြင်းချလိုက်မိသည်။
‘တယ်ပါးတဲ့ လူလည်လေးပဲ၊ ငါတောင် အလှည့်စားခံရတော့မလို့၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အခု ပေါ်သွားပြီလေ၊ အားလုံးက ငါ့လက်ခုပ်ထဲမှာပဲ ရှိပါသေးတယ်’
အတိုင်းအတာတစ်ခုအထိ ဆူပူပြီးပြီ ဖြစ်၍ ယခုအခါ လော့ချန်၏ သစ္စာရှိမှုကို ရယူ၍ အသုံးချရန် အချိန်တန်ပြီ ဖြစ်သည်။ ယခုအချိန်တွင် မီရှုဟွာသည် ထိုအရာကို ယခင်ကထက် ပို၍ လိုအပ်နေသည်။
မီရှုဟွာ၏ အသံမှာ သိသိသာသာ နူးညံ့သွားသည်။
"လော့လေး၊ မင်းလည်း ငါ့လိုပဲ တစ်ကိုယ်တော်ကျင့်ကြံသူ ဘဝကနေ လာတာဆိုတာ ငါသိပါတယ်၊ မင်းက အရာရာကို သတိထားတတ်ပြီး ဘယ်သူ့ကိုမှ မယုံဘူး၊ အကျိုးအမြတ် နည်းနည်းလေးတောင် မင်း လက်မလွှတ်နိုင်ဘူး"
"ဒါပေမဲ့ကွာ…. ငါ မင်းအပေါ် မကောင်းခဲ့လို့လား၊ မင်း ဆေးလုံးတွေ လိုချင်တော့လည်း ငါ ပေးခဲ့တယ်၊ မင်း ကျင့်ကြံခြင်း အရင်းအမြစ်တွေ လိုအပ်တော့လည်း ငါ စီစဉ်ပေးခဲ့တယ်၊ ချီသန့်စင်တာနဲ့ ပက်သက်ပြီး လမ်းညွှန်မှု လိုအပ်တော့လည်း ငါသိသမျှ အကုန် ပြောပြခဲ့တယ်၊ ငါ မင်းကို စွမ်းအင်ကြောပြုပြင်တဲ့ ဆေးရည်တွေနဲ့ ချီစုဆုံဝင်္ကပါငယ်ကိုတောင် ပေးခဲ့သေးတာလေ…."
"ဒီအထဲက တစ်ခုခု ပိုင်ဆိုင်ရဖို့တောင် တစ်ကိုယ်တော်ကျင့်ကြံသူတွေ အသက်လုပြီး တိုက်ကြမှာ၊ ဒါပေမဲ့ မင်းကတော့ ဒါတွေကို အလွယ်တကူ ရခဲ့တာ၊ ငါ့မိသားစုဝင်တွေ မကျေမနပ် ဖြစ်နေတာကိုတောင် ငါကိုယ်တိုင် လျစ်လျူရှုခဲ့တာ၊ ကဲ ပြောပါဦး.... မင်းလည်း ဒီကျေးဇူးကို တုံ့ပြန်ပြီး ငါ့အပေါ် စိတ်နှလုံးအကြွင်းမဲ့ သစ္စာစောင့်သိသင့်တယ် မဟုတ်လား"
"ဂိုဏ်းချုပ်ရယ်…. ကျွန်တော် သေသင့်ပါတယ်ဗျာ၊ ကျွန်တော် အမြော်အမြင်မရှိဘဲ လောဘဇော တိုက်ခဲ့မိပါတယ်…."
လော့ချန် ရိုရိုသေသေ ရပ်နေပြီး သူ၏ အမှားများကို တစ်ခုချင်းစီ ဝန်ခံလိုက်တော့သည်။
သူ သိမ်းဆည်းထားသော အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံး အရေအတွက်ကိုပင် ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။
ဤကဲ့သို့ ပွင့်လင်းသော ဝန်ခံမှုကို ကြားသဖြင့် မီရှုဟွာ ကျေနပ်စွာ ပြုံးလိုက်မိသည်။
"နောင်အနာဂတ်မှာလည်း ကျွန်တော် ဂိုဏ်းချုပ်ကို အစွမ်းကုန် အလုပ်အကျွေး ပြုသွားပါ့မယ်" ဟု လော့ချန် ပြတ်သားစွာ ပြောလိုက်သည်။
‘မလုံလောက်သေးဘူး.... မလုံလောက်သေးဘူး’ ဟု မီရှုဟွာ တွေးလိုက်သည်။
"မင်းရဲ့ ကြောက်စရာကောင်းတဲ့ ဆေးဖော်စပ်ခြင်း ပါရမီက တခြားသူတွေရဲ့ အာရုံစိုက်မှုကို ခံရမှာကို မင်း ကြောက်နေတယ်ဆိုတာ ငါသိပါတယ်…."
"ဒါပေမဲ့ အခုတော့ ငါ့ရဲ့ ကာကွယ်မှု ရှိနေပြီ၊ ပြီးတော့ တန်ချန်ဇီ ဆိုတဲ့ နာမည်ကလည်း ကျော်ကြားပြီးသားဆိုတော့ မင်းရဲ့ အစွမ်းအစတွေကို ထုတ်ပြတာက သဘာဝကျပါတယ်"
"ဂိုဏ်းချုပ် ပြောတာ မှန်ပါတယ်ခင်ဗျာ၊ ကျွန်တော် အရင်က တော်တော်ကို အမြော်အမြင် မရှိခဲ့တာပါ…."
လော့ချန်သည် နောင်တရနေသည့်အလား ကိုယ့်ပါးကိုယ်ပင် ပြန်ရိုက်တော့မည့် အမူအရာမျိုး ပြနေသည်။
"မင်း အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ရင် မင်းအတွက် အခြေတည်ဆေးလုံး တစ်လုံး ရှာပေးမယ်လို့ ငါ ကတိပေးခဲ့ဖူးတယ် မလား၊ အဲ့ဒါကို မင်း မှတ်မိလား လော့လေး"
လော့ချန် ခေါင်းမော့လိုက်ပြီး သူ၏ အကြည့်မှာ အခြေတည်ဆေးလုံးဆီသို့ ရောက်သွားသည်။
မီရှုဟွာ ခေါင်းညိတ်ပြပြီး ဆိုသည်။
"ငါက ကတိမတည်တဲ့လူ မဟုတ်ဘူး၊ ဒီအချိန်ကစပြီး ဒီအခြေတည်ဆေးလုံးက မင်းအပိုင်ပဲ"
လော့ချန် ကြောင်အမ်းသွားသည်။
‘ဟမ်…. ဒီအဘိုးကြီး တကယ်ပဲ ငါ့ကိုပေးလိုက်တာလား’
သို့သော် နောက်တစ်ခဏမှာပင် ထိုဆေးလုံးသည် ကျောက်စိမ်းသေတ္တာလေးထဲသို့ ကျသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကျောက်စိမ်းသေတ္တာလေးမှာ သူ့ဆီသို့ ဝဲပျံလာသည်။
"မင်း ချီသန့်စင်အဆင့် အထွတ်အထိပ် ရောက်တဲ့အခါ ငါ့ဆီ လာခဲ့ပါ၊ အဲ့ဒီအခါကျရင် ငါကိုယ်တိုင် ဒီအပေါ်က တံဆိပ်ကို ဖျက်ပေးမယ်၊ ကဲ…. အခု အခြေတည်ဆေးလုံးက မင်းလက်ထဲ ရောက်ပြီဆိုတော့ စိတ်အေးသွားပြီ မလား"
လော့ချန်သည် ကျောက်စိမ်းသေတ္တာလေးကို ကိုင်ထားရင်း မယုံနိုင်လောက်အောင် ဖြစ်နေသော အမူအရာမျိုး ပြနေသည်။ အခြေတည်ဆေးလုံးသည် ဤမျှလွယ်လွယ်နှင့် သူ့အပိုင် ဖြစ်သွားသည်လော။
သူသည် မျက်လုံးထောင့်မှနေ၍ မီရှုဟွာ၏ မျှော်လင့်တကြီး ကြည့်နေသော အမူအရာကို သတိထားမိလိုက်သည်။
ရုတ်တရက် လော့ချန်၏ မျက်နှာမှာ တည်ကြည်သွားသည်။ သူ လက်ကို ကောင်းကင်သို့ မြှောက်ကာ ကျိန်ဆိုလိုက်တော့သည်။
"ကျွန်တော် ဖိုရှန်းဂိုဏ်းမှာ ရှိနေသရွေ့ အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အတတ်နိုင်ဆုံး အမြောက်အမြား ဖော်စပ်သွားပါ့မယ်၊ ဘာမှလည်း ဖုံးကွယ်မထားတော့ပါဘူး တကယ်လို့ ကျွန်တော်သာ လိမ်ညာခဲ့ရင် ကောင်းကင်က ကျွန်တော့်ကို အပြစ်ပေးပါစေ…."
ဤလေးနက်သော ကျိန်ဆိုမှုကို ကြားပြီးနောက်တွင်မှ မီရှုဟွာ အလွန်အမင်း ကျေနပ်သွားသော အမူအရာကို ပြသတော့သည်။
ယနေ့ ထိပ်တိုက်ရင်ဆိုင်ပွဲတွင် မီရှုဟွာသာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြေခွေးကလေးမှာ မြေခွေးအိုကို မည်သို့မျှ မယှဉ်နိုင်ပါချေ။
….
လော့ချန်သည် ကျေးဇူးတင်လွန်း၍ မျက်ရည်ပင် ကျမတတ် အမူအရာဖြင့် မီကျွင်းဖျင်နှင့် အတူ မီမိသားစုစံအိမ်တော်မှ ထွက်လာခဲ့သည်။
လော့ချန်ကို ကြည့်ရင်း မီကျွင်းဖျင် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
‘လော့ချန် ကောင်းကောင်း ဖုံးကွယ်ထားခဲ့တာပဲ၊ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ကို လှည့်စားဖို့က အဲ့ဒီလောက် လွယ်မယ်လို့ သူ တကယ် ထင်နေတာလား၊ အခုကစပြီး သူက မီမိသားစုအတွက် အလုပ်လုပ်ပေးရမယ့် အရုပ်ပဲ’
မြို့ထဲသို့ ဘေးကင်းစွာ ပြန်ရောက်ပြီး အိမ်တံခါးပိတ်လိုက်သည့် အချိန်ကျမှသာ လော့ချန်၏ မျက်နှာပေါ်ရှိ ကျေးဇူးတင်နေသော အမူအရာများ ပျောက်ကွယ်သွားတော့သည်။
ကျောက်စိမ်းသေတ္တာလေးကို ထုတ်ကြည့်ရင်း သူ၏ မျက်နှာမှာ မှောင်ကျသွားသည်။
“အခြေတည်ဆေးလုံးတဲ့လား…. လာနောက်နေသေးတယ်”
ဤသည်မှာ မီရှုဟွာ၏ လှည့်ကွက် ဖြစ်သည်။ နှလုံးစားကျား ဟန်တန်တစ်ယောက် အဆုံးအဖြတ်စင်မြင့်ပေါ်တွင် သေခဲ့ရသလို၊ ချင်လျန်ချန်းလည်း လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ကျန်းဝမ်နှင့် ဝမ်ယွမ်တို့ပင် အလိမ်ခံခဲ့ရသည်။
ယခုတွင်မူ လော့ချန်၏ အလှည့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူ့အလှည့်တွင်မူ မြင်သာမြင် မကြင်ရ ဆိုသည့် ကိန်းဆိုက်နေသည်။ လော့ချန် နတ်မျက်စိဖြင့် ကြည့်လိုက်သောအခါ ကျောက်စိမ်းသေတ္တာပေါ်ရှိ တံဆိပ်မှာ အလွန်ပင် ရှုပ်ထွေးလှပြီး ဖောက်ထွင်း၍မရနိုင်အောင် ဖြစ်နေသည်။
ဤသည်မှာ ရိုးရိုးတံဆိပ် မဟုတ်ဘဲ အစီအရင်တစ်ခုသဖွယ် ဖြစ်နေသည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ၎င်းအား ဖွင့်ရန်မှာ မဖြစ်နိုင်ပေ။ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦးပင်လျှင် မီရှုဟွာ ကိုယ်တိုင် မဟုတ်ပါက ထိုအစီအရင်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
သေတ္တာအား အပြင်းအထန် ကာကွယ်ထားရုံတင်မကဘဲ မီရှုဟွာသည် သူ၏ ကိုယ်ပိုင် ဝိညာဉ်အမှတ်အသားကိုလည်း ချန်ထားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ အတင်းအဓမ္မ ဖွင့်ရန် ကြိုးစားလျှင် အတွင်းရှိ ဆေးလုံးမှာ ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသာလျှင် အလွယ်တကူ ဖြည်နိုင်ပေလိမ့်မည်။ သို့သော် အခြေတည်ဆေးလုံးလေး တစ်လုံးအတွက် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးထံ မည်သူက အကူအညီ တောင်းနိုင်မည်နည်း။
"မြေခွေးအိုကြီး…. သူက ငါ ကျိန်ပြောအောင် စောင့်နေခဲ့တာပဲ"
လော့ချန် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဒေါသများမှာ ရင်ထဲတွင် ပေါက်ကွဲထွက်မတတ် ဖြစ်လာသည်။
‘ကျောက်စိမ်းအမြုတေဆေးလုံးတွေက ရတဲ့ အမြတ်တွေက သူ့အိတ်ထဲကိုပဲ အများစု ရောက်သွားခဲ့တာ မဟုတ်လား၊ ဒါကိုတောင်မှ ဒီအဘိုးကြီး ငါ့ကို ဒီလို ထောင်ချောက်ဆင်သေးတယ်’
လော့ချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူသည် ကျောက်သင်္ခန်းထဲသို့ ဝင်သွားသည့် အချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် စဉ်းစားကြည့်သည်။
အစီအရင်ဖြင့် ဖန်တီးထားသော ဒုတိယအဆင့် ဝိညာဉ်ကြောတု၊ လစဉ် ကျင့်ကြံခွင့်ပေးမည်ဟူသော ကတိနှင့် နောက်ဆုံးတွင် အခြေတည်ဆေးလုံးဟူသော ငါးစာ။
ဤအရာတိုင်းမှာ သူ၏ အနက်ရှိုင်းဆုံးသော တောင့်တမှုများကို ရည်ရွယ်ပြီး ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်။ ထို့နောက်တွင်မှ အစွမ်းအစများ ဖုံးကွယ်ထားပြီး ဆေးလုံးများ အလစ်ယူသည်ဟု စွပ်စွဲကာ ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ ထိုမျှလောက်သော ဖိအားအောက်တွင် မည်သူမဆို စိတ်ဓာတ်ကျသွားပေလိမ့်မည်။
သို့သော် လော့ချန်မှာ ကမ္ဘာကူးပြောင်းလာသူ တစ်ဦး ဖြစ်သဖြင့် အလုပ်ခွင်တွင် အထက်လူကြီးများ၏ များစွာသော လှည့်ကွက်များကို ကြုံဖူးပြီးသား ဖြစ်သည်။ အထူးသဖြင့် မီရှုဟွာတစ်ယောက် တံဆိပ်ခတ်ထားသော ဆေးလုံးကို ပေးလိုက်သည့်အချိန်တွင် ဤသည်မှာ အနာပေးပြီး ဆေးပေးသည့် နည်းလမ်းဟောင်းကြီး ဖြစ်ကြောင်း သူ သိလိုက်သည်။
‘ဒီအဘိုးကြီးက လက်အောက်ငယ်သားတွေကို ထိန်းချုပ်တဲ့နေရာမှာ တကယ်ကို ဆရာကျတာပဲ’
ကျောက်စိမ်းသေတ္တာလေးကို လှည့်ပတ်ကြည့်ရင်း အတွင်းရှိ ဆေးလုံးမှာ ချင်လျန်ချန်း ရရှိသင့်သော ဆေးလုံးဖြစ်ကြောင်း လော့ချန် ခန့်မှန်းမိသည်။
ယခု မီရှုဟွာ ဤဆေးကို ပေးလိုက်ခြင်းမှာ သူနှင့် ချင်လျန်ချန်းကြား သွေးခွဲလိုက်ခြင်းပင် ဖြစ်သည်။ ဖိုရှန်းဂိုဏ်းတွင် ဝမ်ယွမ်မှလွဲ၍ လော့ချန် အမှန်တကယ် အားကိုးနိုင်သည်မှာ ချင်လျန်ချန်း ဇနီးမောင်နှံသာ ရှိသည်။
ယခုတွင် အခြားသူ ရသင့်သော ဆေးလုံးကို သူ လက်ခံလိုက်ပြီ ဖြစ်သဖြင့် နောင်တွင် ချင်လျန်ချန်းအား မည်သို့ မျက်နှာချင်းဆိုင်နိုင်တော့မည်နည်း။
‘ဒီကျိန်စာသင့် ဆေးလုံး.... မြင်နေရပေမဲ့ စားလို့မရဘူး၊ ဒါက ငါ့ကို နှိပ်စက်ဖို့အတွက်ပဲ ရှိနေတာ၊ ဆေးလုံးတစ်လုံးတည်းနဲ့ လူနှစ်ယောက်ကို သတ်လိုက်တာလား၊ မဟုတ်ဘူး.... ဒီဆေးလုံးအတွက် သေခဲ့ရတဲ့ ကျင့်ကြံသူ အရေအတွက်ကို ကြည့်ရင် နှစ်ယောက်မကတော့ဘူး’
‘ဒါက ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပါပဲ၊ ကျောက်စိမ်းအမြုတေဆေးလုံးရဲ့ ကျွမ်းကျင်မှုက ပြီးပြည့်စုံအဆင့် ရောက်သွားတဲ့အခါ မီရှုဟွာကို အကြာကြီး မစောင့်ခိုင်းချင်တာနဲ့ မြန်မြန် ဖော်စပ်လိုက်မိတယ်၊ ဒါပေမဲ့ ပါရမီရှင်အဆင့် ကျွမ်းကျင်မှု မရသေးတော့ ဆေးလုံးရဲ့ အချိုးအစားကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘူး’
ပါးနပ်လှသော မီရှုဟွာသည် လော့ချန်၏ အံ့ဖွယ်တစ်သောင်းဆေးလုံး အရောင်းမှတ်တမ်းကို ကြည့်ရုံဖြင့် အမှန်တရားကို သိသွားခဲ့ခြင်း ဖြစ်သည်။
“မြေခွေးအိုကြီး.... နေဦး….”
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။
“သူက ဆေးဖော်ဆောင်ရဲ့ မှတ်တမ်းတွေကနေ သိသွားတာပဲ၊ ဒါပေမဲ့ သူ အစကတည်းက သိနေတယ်ဆိုရင် ဘာလို့ အဲ့အချိန်ကတည်းက မပြောခဲ့တာလဲ”
“ဆေးလုံးအချိုးအစားက ရရှိမယ့် အမြတ်အပေါ် အများကြီး သက်ရောက်မှု ရှိတာပဲ၊ ဒါက ဝိညာဉ်ကျောက်တုံး နည်းနည်း မဟုတ်ဘဲ ထောင်နဲ့ သောင်းနဲ့ ချီတာလေ၊ ငါသာ နည်းနည်းစီ ခိုးနေတာကို သူသိရင် ဂရုစိုက်မှာ မဟုတ်ပေမဲ့ ဒီလောက်အထိ အမြတ်တွေ အများကြီး ကွာခြားနေတာကို သူ အစောကြီးကတည်းက ပြောသင့်တာပေါ့၊ ဆိုလိုတာက.... သူ အခုမှ သိသွားတာပဲ
ထိုအချက်ကို သတိရသွားသောအခါ လော့ချန် စိတ်ထဲမှ ဆဲရေးဆိုလိုက်မိသည်။
‘အဘိုးကြီးစုတ်’
သို့သော် လော့ချန် ဤအရာအတွက် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
သူ ကျိန်ဆိုခဲ့သည့်အထဲတွင် အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးများသာ ပါသည်။ ထိုအထဲတွင် အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများ မပါဝင်ပေ။
မီရှုဟွာမှာ လော့ချန်၏ ဆေးဖော်စပ်ခြင်း ပါရမီကို အထင်ကြီးလွန်းနေသော်လည်း အဆင့်မြင့် ဆေးလုံးများကိုပင် ဖော်စပ်နိုင်နေပြီဟု သူ မည်သို့မျှ ထင်ထားမည် မဟုတ်ပေ။
အဆင့်မြင့်ဆေးလုံးများမှာ အမြတ်အစွန်း ပို၍ပင် များပြားလှသည်။
ပို၍ အရေးကြီးသည်မှာ ထိုကျိန်ဆိုမှုအတွင်းတွင် "ဖိုရှန်းဂိုဏ်းမှာ ရှိနေသရွေ" ဟူသော အချက် ပါနေခြင်းပင်။ တစ်နည်းအားဖြင့် သူသာ ထွက်ပြေးသွားခဲ့လျှင် ထိုကျိန်ဆိုမှုမှာ အလိုအလျောက် ပျက်ပြယ်သွားပေလိမ့်မည်။
မီရှုဟွာသည်လည်း ဤအချက်ကို စဉ်းစားပြီးသား ဖြစ်နိုင်သော်လည်း လော့ချန်အား ထိန်းချုပ်ထားနိုင်မည့် သူ၏ နည်းလမ်းများအပေါ် သူ ယုံကြည်မှု အပြည့် ရှိနေခြင်း ဖြစ်သည်။ အထူးသဖြင့် လော့ချန် ဖုံးကွယ်ထားသော ကျင့်ကြံခြင်း အဆင့်ကို သူ မြင်သွားပြီ ဖြစ်သဖြင့် လော့ချန်အပေါ် သူ၏ ထိန်းချုပ်မှုမှာ အပြည့်အဝ ရှိနေသည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။
နှစ်ဖက်စလုံးမှာ အစီအစဉ်ကိုယ်စီ ရှိကြသော်လည်း အဆုံးတွင် လော့ချန်သာ အားနည်းသည့်ဘက်တွင် ရှိနေသည်။ အကြောင်းမှာ အခြေအနေကို ပြောင်းလဲနိုင်မည့် အင်အား လက်ထဲတွင် မရှိသောကြောင့်ပင်။
“ငါ့မှာသာ အခြေခံတည်ဆောက်ခြင်း အင်အား ရှိရင် ဒီလိုမျိုး ခေါင်းငုံ့ခံနေရမှာ မဟုတ်ဘူး အခြေခံတည်ဆောက်ခြင်း.... အခြေခံတည်ဆောက်ခြင်း.…”
လော့ချန် ထိုစကားလုံးကို အထပ်ထပ်အခါခါ ရေရွတ်နေမိသည်။ ထိုအဆင့်သို့ ရောက်လိုသော သူ၏ ဆန္ဒမှာ မည်သည့်အခါကမျှ ဤမျှ မပြင်းထန်ခဲ့ဖူးပေ။ သို့သော် ထိုဆန္ဒ မည်မျှပင် ပြင်းထန်ပါစေ၊ လက်ရှိအချိန်တွင် အင်အားမဲ့နေဆဲ ဖြစ်သည်ဟူသော အချက်ကိုမူ မပြောင်းလဲနိုင်ပေ။
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျောက်စိမ်းသေတ္တာလေးကို အသေအချာ သိမ်းဆည်းလိုက်သည်။ ယနေ့မှစ၍ သူသည် ဘာမှဖုံးကွယ်မထားဘဲ အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးများကို အမြောက်အမြား စတင်ဖော်စပ်ရတော့မည် မဟုတ်ပေလော။
ဆေးဖော်စပ်ခြင်းလောကတွင် ဟိန်းဟိန်းကျော်သည့် တန်ချန်ဇီ ဆိုသည့် ဆေးဖော်ဆရာကြီး၏ အမည်နာမမှာ အမှန်ပင် အားကိုးထိုက်ပါမည်လော။ ထို့ပြင် မီရှုဟွာ အနေဖြင့်လည်း သူ့အား အမှန်တကယ်ပင် ကာကွယ်ပေးနိုင်မည်လော။ ဤအရာအားလုံးမှာ မရေရာမသေချာသည့် ပုစ္ဆာများသာ ဖြစ်နေချေတော့သည်။
မိမိ အသက်ကို အခြားသူတစ်ယောက်၏ လက်ထဲတွင် ထည့်ထားရသော ခံစားချက်ကို လော့ချန် မုန်းတီးလှသည်။
ထွက်ပြေးရန် စိတ်ကူးမှာ သူ၏ စိတ်ထဲတွင် စတင် အမြစ်တွယ်လာပြီ ဖြစ်သည်။ အကောင်းဆုံး ထွက်ပြေးမည့် လမ်းကြောင်းမှာ ချန်ယင်းတောင်မှ သွားရန် ဖြစ်သည်။
သူသည် ထိုတောင်တစ်ဝိုက် ပထဝီဝင်အနေအထားအား စူးစမ်းပြီး ဖြစ်သည်။ သူ၏ အထွတ်အထိပ်အဆင့် ချီဖုံးကွယ်မှော်အတတ်နှင့်ဆိုလျှင် ဘေးကင်းစွာ ပုန်းအောင်းနိုင်ပေလိမ့်မည်။
သို့သော် ချန်ယင်းတောင်မှာ တာဟဲဈေးမြို့တော်နှင့် နီးလွန်းလှသည်။ ဟွီယဲ့တောင်တစ်လုံးသာ ခြားနေခြင်း ဖြစ်သည်။ အကယ်၍ သူသာ လပြည့်ညတောင်တန်း အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်ပြီး အခြားသော ဈေးမြို့တော်တစ်ခုဆီသို့ အရောက်ထွက်ပြေးမည်ဆိုလျှင်ရော။ ဤအကြံအစည်မှာ ဖြစ်နိုင်ခြေရှိပါမည်လော။
မြေပုံအရဆိုလျှင် လပြည့်ညတောင်တန်းမှ အခြားဈေးမြို့တော်သို့ သွားရန်မှာ နှင်းတောင်တန်းကြီးကို ဖြတ်ကျော်ရမည် ဖြစ်သည်။ အရှေ့ပိုင်းလွင်ပြင်၏ တောင်တန်းကြီးများထဲသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လေလေ သားရဲများမှာ ပို၍ အစွမ်းထက်လေလေ ဖြစ်သည်။ တတိယအဆင့်၊ စတုတ္ထအဆင့် သားရဲများပင် ရှိနေနိုင်သည်။ သူ၏ အထွတ်အထိပ်အဆင့် ချီဖုံးကွယ်မှော်အတတ်မှာ လုံလောက်ချင်မှ လုံလောက်ပေလိမ့်မည်။
သို့သော် ထိုမှော်အတတ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရန် နီးကပ်နေပြီ ဖြစ်သည်။ ထိုအတောအတွင်း အတတ်ပညာများကို ပို၍ ကျွမ်းကျင်အောင် လုပ်နိုင်ပေလိမ့်မည်။
ထွက်ပြေးရန် အစီအစဉ်တွင် နောက်ထပ် ပြဿနာတစ်ခုမှာ ထွက်ပြေးပြီးလျှင် ကျင့်ကြံခြင်းကို မည်သို့ ဆက်လုပ်မည်နည်း ဆိုသည်ပင်။ တောင်နက်ထဲတွင် ကျင့်ကြံရန် ဘေးကင်းသော ပတ်ဝန်းကျင် မရှိပေ။ ထို့ပြင် သူ၏ ပါရမီနှင့်ဆိုလျှင် ဝိညာဉ်အမြစ် နှစ်ခုပါသော ကျင့်ကြံသူတစ်ဦး၏ အရှိန်ကို ရရှိရန်မှာ ဝိညာဉ်ကြောလိုဏ်ဂူထဲတွင်သာ ဖြစ်နိုင်သည်။
ဆေးလုံးများလည်း အမြောက်အမြား လိုအပ်သည်။ ဝိညာဉ်ဆေးနန်းဆောင်မှ ထုတ်သော တရားဝင် ကျင့်ကြံခြင်းဆေးလုံးများ လိုအပ်သည်။ ၎င်းမှာ တောထဲတောင်ထဲတွင် မရရှိနိုင်သော အရာဖြစ်သည်။ အခြားသော အထောက်အကူပြု ကျင့်ကြံခြင်း ပစ္စည်းများကိုမူ လော့ချန် စဉ်းစားပင် မစဉ်းစားရသေးပေ။
"တစ်ကိုယ်တော်ကျင့်ကြံသူတွေက လွတ်လပ်တယ်လို့ ထင်ရပေမဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သက်လာရင်တော့ သူတို့က တကယ်ကို အင်အားမဲ့လှတာပဲ…."
လော့ချန် ခေါင်းခါလိုက်သည်။ ထွက်ပြေးချင်လျှင် ကျင့်ကြံခြင်း အရင်းအမြစ်များကို အရင်ဆုံး စုဆောင်းရမည် ဖြစ်ပြီး ထိုအတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်သည်။
‘ကောင်းပြီလေ.... လနည်းနည်းလောက်တော့ အစွမ်းကုန် ကြိုးစားပြီး ဝိညာဉ်ကျောက် ရှာဖွေရမှာပေါ့’
‘ပါရမီရှင်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်တဲ့ အတတ်ကိုသာ အစွမ်းကုန် သုံးလိုက်ရင် ဆေးဖော်ဆောင်က ဆေးဖော်ဆရာတွေတောင် ပါးစပ်အဟောင်းသား ဖြစ်သွားလိမ့်မယ်’
လော့ချန်သည် ဒုက္ခကြားမှပင် ထိုအချက်ကို တွေးကာ ရယ်မောမိသည်။ မိမိ၏ ကြိုးစားအားထုတ်မှုမှ အကျိုးအမြတ် အများဆုံး ရှိမည့်သူမှာ မီရှုဟွာ ဖြစ်သည်ဟု တွေးမိသောအခါ ခါးသီးသော ခံစားချက်ကို ခံစားရသော်လည်း သူ ဆက်၍ စဉ်းစားနေမိသည်။
"စဉ်းစားကြည့်ရင် မီရှုဟွာရဲ့ အခုတလော လုပ်ရပ်တွေက.... ဆွဲဆောင်တယ်၊ ဖြဲခြောက်တယ်၊ ပြီးတော့ အဖိုးမဖြတ်နိုင်တဲ့ အခြေတည်ဆေးလုံးကို ပေးတယ်…. ဒါတွေက ပုံမှန်ထက် ပိုပြီးတော့ အလောတကြီး ဖြစ်နေသလိုပဲ၊ ဒီလိုမျိုး အတင်းအကျပ် လုပ်တဲ့ပုံစံက သူ့ရဲ့ ပုံစံအမှန်နဲ့ မတူဘူး"
ထို့နောက် ကျောက်သင်္ခန်းထဲသို့ ပထမဆုံး ဝင်သွားချိန်တွင် တွေ့လိုက်ရသည့် မီရှုဟွာ၏ ဖြူဖျော့နေသော မျက်နှာကို လော့ချန် သတိရသွားသည်။
"ဒီအဘိုးကြီး ဒဏ်ရာပြင်းပြင်း ရထားတာလား"
***