ဝမ်ယွမ်သည် လော့ချန် အမှန်တကယ် ယုံကြည်အားကိုးနိုင်သည့် တစ်ဦးတည်းသော မိတ်ဆွေဖြစ်သည်။ သွေးအဆီအနှစ်ဆေးလုံး ကဲ့သို့သော မိစ္ဆာလမ်းစဉ်ဘက် နွယ်သည့် ဆေးမျိုးကို ဖော်စပ်မိစဉ်ကပင် စမ်းသပ်ရန်အတွက် လော့ချန် ပထမဆုံး ရှာဖွေခဲ့သူမှာ ဝမ်ယွမ် ဖြစ်သည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးကို အစပြုခဲ့သည်မှာ မှော်အာဟာရဆေးလုံး တစ်လုံးနှင့် သိုလှောင်အိတ် တစ်လုံး ဖြစ်သည်။
ဝမ်ယွမ် အခက်အခဲကြုံနေရစဉ်က လော့ချန်သည် ဝမ်ယွမ်အား မှော်အာဟာရဆေးလုံး တစ်လုံး လက်ဆောင်ပေးခဲ့ဖူးသည်။ ထို့အတူ လော့ချန် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီး ပစ္စည်းအမြောက်အမြား လက်ဝယ်ရှိနေစဉ်မှာပင် ဝမ်ယွမ် ထိုအရာများကို လုယူရန် မကြိုးစားခဲ့ပေ။ ထိုမျှသာမက သူ၏ တန်ဖိုးရှိလှသော ဝိညာဉ်ဖျက်သံမှို တစ်ချောင်းကိုပင် လက်ဆောင်ပေးခဲ့သေးသည်။
သူတို့နှစ်ဦးကြား ပေးကမ်းခဲ့သော ပစ္စည်းများမှာ တန်ဖိုးအားဖြင့် ကွာခြားနိုင်သော်လည်း စစ်မှန်သော မိတ်ဆွေသံယောဇဉ်ကိုမူ ထိုအရာများဖြင့် တိုင်းတာ၍ မရနိုင်ပေ။
လော့ချန်သည် ထွက်ပြေးရန် ပြင်ဆင်ထားပြီးဖြစ်သော်လည်း ဝမ်ယွမ်ကိုမူ ရှင်းပြချက်တစ်ခု ပေးချင်နေမိသည်။ အနည်းဆုံးတော့ ‘နှုတ်ဆက်ပါတယ်’ ဆိုသည့် စကားတစ်ခွန်းလောက်တော့ ပြောသွားသင့်သည် မဟုတ်ပါလော။
….
တစ်နေ့တာ ဆေးဖော်စပ်ခြင်းလုပ်ငန်းများ ပြီးဆုံးသွားပြီးနောက် လော့ချန်သည် တောင်ကမ်းပါးယံတွင် ထိုင်ကာ ချင်ယွမ်ဇီ၏ ကျမ်းစာကို ဖတ်ရှုရင်း လက်ဖက်ရည် သောက်နေသည်။
သူ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။
ယနေ့ည ရေနဂါးခန်းမသို့ တိတ်တဆိတ် သွားရောက်၍ ဝမ်ယွမ်ကို နှုတ်ဆက်မည်။ ထို့နောက် ကျန်ရှိသော လဝက်အတွင်း ကျောက်စိမ်းအမြုတေဆေးလုံးများကို အပြီးသတ် ဖော်စပ်ကာ ထွက်ခွာရန်အတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံးများကို စုဆောင်းမည်။
ဤသို့ လုပ်ဆောင်ခြင်းက မည်သူ့ကိုမျှ သံသယမဝင်စေဘဲ အေးအေးဆေးဆေး ထွက်ခွာသွားနိုင်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
‘နှမြောစရာ ကောင်းတာက ချီသန့်စင်အဆင့် ၉ ကို ရောက်ဖို့ အလှမ်းဝေးနေသေးတာပဲ၊ အဲ့ဒီအဆင့်ကိုသာ ရောက်နေရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပိုပြီး ယုံကြည်ချက် ရှိမှာ’
လော့ချန်၏ ကျင့်ကြံခြင်း တိုးတက်မှုမှာ ၅၀/၁၀၀ သာ ရှိသေးသည်။ ချီသန့်စင်အဆင့် ၉ သို့ တက်လှမ်းရန်အတွက် နောက်ထပ် လအနည်းငယ်ခန့် ချီစွမ်းအင်ကို သန့်စင်ရန် လိုအပ်ဦးမည် ဖြစ်သည်။
သို့သော် သူ့တွင် ထိုမျှလောက် အချိန်မရှိပေ။ မီရှုဟွာ၏ ဒဏ်ရာများ မည်သည့်အချိန်တွင် အရှင်းပျောက်ကင်းမည်ကို သူ မသိနိုင်ပေ။ မီရှုဟွာ ဒဏ်ရာရနေသည့် ယခုအချိန်သည်သာ ထွက်ပြေးရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။
အကယ်၍ မီရှုဟွာ ကျန်းမာရေး ပြန်ကောင်းလာလျှင် သူ့အား ပိုမိုထိန်းချုပ်ရန် ကြိုးစားလာပေလိမ့်မည်။ အချိန်ဆွဲလေလေ အခြေအနေများမှာ ပို၍ ခန့်မှန်းရခက်လေလေ ဖြစ်လာမည်။
လော့ချန် သက်ပြင်းချလိုက်ပြီး ဆေးဖော်ဆောင်မှ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ ထိုစဉ် အမှောင်ထဲတွင် ပုန်းကွယ်နေလေ့ရှိသော ကျိုးယွမ်လီ ရုတ်တရက် ရောက်လာသည်။
"ခန်းမခေါင်းဆောင်လော့…. အခြေအနေ တစ်ခုခု မှားနေပြီ "
လော့ချန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူ အလွန် သတိထားခဲ့သည်ဖြစ်ရာ သူ၏ အစီအစဉ်ကို တစ်စုံတစ်ယောက်က ရိပ်မိသွားစရာ အကြောင်းမရှိပေ။ သို့သော် ကျိုးယွမ်လီ၏ နောက်ထပ်စကားကြောင့် သူ အနည်းငယ် စိတ်အေးသွားသည်။
"အပြင်ဘက်မှာပါ.... အပြင်ဘက်မှာ တစ်ခုခု ထူးခြားနေတယ် "
ထိုသို့ကြားလိုက်ရသောအခါ လော့ချန်၏ စိုးရိမ်စိတ်မှာ အခြားတစ်မျိုး ပြောင်းလဲသွားသည်။ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ကင်းလှည့်ဖို့ လွှတ်ထားတဲ့ ညီအစ်ကို နှစ်ယောက် ပြန်မလာသေးဘူး" ဟု ကျိုးယွမ်လီက ပြန်ဖြေသည်။
"ဟင်"
လော့ချန်၏ မျက်မှောင်မှာ ပို၍ ကြုတ်သွားသည်။
မီရှုဟွာသည် လော့ချန်အား ကာကွယ်ရန် အစောင့်အရှောက် ငါးဦး ပေးထားခဲ့သည်။ အပြင်ပန်းတွင် ချီသန့်စင်အဆင့် ၈ ရှိသော ကျိုးယွမ်လီနှင့် လျိုချန်းတို့က ကာကွယ်ပေးထားပြီး သူတို့နှစ်ဦး ပေါင်းလျှင် အဆင့် ၉ ရှိသူတစ်ဦးနှင့် ရင်ဆိုင်နိုင်သည်။
သို့သော် လျှို့ဝှက်ချက်အနေဖြင့် အခြားသော အစောင့်အရှောက် သုံးဦး ရှိနေသေးပြီး သူတို့မှာ ရှေ့ပြေးကင်းထောက်ခြင်းနှင့် နောက်တန်းကို စောင့်ကြည့်ခြင်းများ ပြုလုပ်ရသည်။ ပုံမှန်အားဖြင့် လော့ချန် ခရီးသွားလာလျှင် အစောင့်အရှောက်နှစ်ဦးမှာ အမြဲ အပြင်ဘက်တွင် ကင်းလှည့်နေရပြီး ကျိုးယွမ်လီသာ သူတို့နှင့် ဆက်သွယ်နေရခြင်း ဖြစ်သည်။
ယခုအခါ ထိုသူတို့ထံမှ မည်သည့်သတင်းစကားမျှ ထွက်ပေါ်မလာတော့ခြင်းမှာ အဘယ်အရာကို ဆိုလိုနေပါသနည်း။
"မကောင်းတော့ဘူး"
လော့ချန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အမြန် အမိန့်ပေးလိုက်သည်။
"မြန်မြန်.... ခန်းမခေါင်းဆောင် မုရုံနဲ့ တာဝန်ခံ ကူချိုင်ယီကို လိုက်ခေါ်"
ယခုလေးတင် အမျိုးသမီးနှစ်ဦးမှာ မိမိ၏ ရှေ့မှပင် အိမ်ပြန်သွားကြခြင်း ဖြစ်သည်။ နှစ်မိနစ်ပင် မပြည့်သေးပေ။
ချီသန့်စင်အဆင့် ၈ ရှိသော ကျင့်ကြံသူ နှစ်ဦး ဘာအသံမှမထွက်ဘဲ ပျောက်ကွယ်သွားသည်ဆိုလျှင် အပြင်ဘက်ရှိ ရန်သူမှာ အဆင့် ၉ ရှိသူကိုပင် ခြိမ်းခြောက်နိုင်သည့် အင်အားရှိနေသည်မှာ သေချာသည်။
ကျိုးယွမ်လီမှာ ဝေခွဲမရဖြစ်သွားပြီးနောက် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူ ဘာမှမပြောဘဲ အပြင်သို့ ထွက်ကာ ကျယ်လောင်သော လေချွန်သံ တစ်ချက် ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် လခြမ်းတောင်ကြား ဝန်းကျင်တွင် ကင်းစောင့်နေသော ချီသန့်စင် အလယ်အလတ်နှင့် အဆင့်မြင့် ကျင့်ကြံသူ အယောက် ၂၀ ကျော်မှာ အမှောင်ထဲမှ ထွက်လာကြသည်။ ထိုအထဲတွင် ချီသန့်စင်အဆင့် ၉ ရှိသူ တစ်ဦးပင် ပါဝင်သည်။
ထိုသူမှာ ယွမ်ယွဲ့ကျောင်း ဖြစ်ပြီး ဆေးဝါးဆောင်၏ တစ်ဦးတည်းသော တာဝန်ခံဖြစ်သည်။
သူမသည် အသက် ၁၀၀ နီးပါး ရှိနေပြီဖြစ်ပြီး ဆေးခင်းများကို စီမံခန့်ခွဲခြင်းနှင့် ဝိညာဉ်ပင်များကို ပြုစုပျိုးထောင်ခြင်းများကို လုပ်ဆောင်ရသည်။ လော့ချန်နှင့် ရင်းနှီးသော ဝိညာဉ်ပင် စိုက်ပျိုးရေးပညာရှင် ယွမ်တုန်းရှန်းမှာ သူမ၏ သားကြီး ဖြစ်သည်။
ညဘက်များတွင် သူမ သို့မဟုတ် စီကုန်းရှို့ကျားတို့က လခြမ်းတောင်ကြားကို အလှည့်ကျ စောင့်ရှောက်လေ့ရှိကြသည်။ လခြမ်းတောင်ကြားရှိ လူ အားလုံးက သူမအား အဘွားယွမ်ဟု လေးစားစွာ ခေါ်ကြသည်။
"အစီအရင်ကို ဖွင့်လိုက်"
ကျိုးယွမ်လီ၏ အမိန့်ပေးသံမှာ တောင်ကြားထဲတွင် ပဲ့တင်ထပ်သွားသည်။
"ကျိုးယွမ်လီ.... မင်း ဘာလုပ်နေတာလဲ"
လော့ချန် သူ့အား စိုက်ကြည့်ကာ မေးလိုက်သည်။
"ခန်းမခေါင်းဆောင်လော့.... ခေါင်းဆောင်လော့ရဲ့ ဘေးကင်းရေးက အရေးအကြီးဆုံးပဲ" ဟု ကျိုးယွမ်လီက တည်ငြိမ်စွာ ပြန်ဖြေသည်။
ထို့နောက် တုန်းဖန်းလျန်အား အနားသို့ ခေါ်ကာ မှာလိုက်သည်။
"အပြင်ထွက်ပြီး အခြေအနေကို သွားကြည့်၊ ခန်းမခေါင်းဆောင် မုရုံ ဒါမှမဟုတ် တာဝန်ခံကူ ကို တွေ့ရင် ချက်ချင်း ပြန်ခေါ်လာခဲ့"
တုန်းဖန်းလျန်မှာ အနည်းငယ် ထိတ်လန့်နေပုံရသော်လည်း ခေါင်းညိတ်ပြကာ အပြင်သို့ သတိထား၍ ထွက်သွားသည်။
ကျိုးယွမ်လီက လော့ချန်နှင့် အဘွားယွမ်ကို လှည့်ကြည့်ကာ ဆိုသည်။
"အဲ့ဒီ ညီအစ်ကို နှစ်ယောက်က တိုက်ခိုက်ရေးမှာ သိပ်မတော်ပေမဲ့ ဖုံးကွယ်တဲ့နေရာမှာတော့ ထိပ်တန်းပဲ၊ သူတို့ဆီက ဘာသတင်းမှ မကြားရတော့ဘူးဆိုရင် အပြင်ကလူက ခန်းမခေါင်းဆောင်ကို ရည်ရွယ်ပြီး လာတာ ဖြစ်နိုင်တယ်၊ ကျွန်တော်တို့ သတိထားရမယ်"
လော့ချန် သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် လခြမ်းတောင်ကြားသို့ လှမ်းကြည့်လိုက်သည်။ အညိုရောင် ချီစွမ်းအင် အလင်းတန်းများမှာ တောင်ကြားတစ်ခုလုံးအား မှောက်ထားသော ပန်းကန်လုံးကြီးသဖွယ် ဖုံးလွှမ်းသွားတော့သည်။
၎င်းမှာ ပထမအဆင့် မြေကမ္ဘာ ကာကွယ်ရေး အစီအရင်ဖြစ်ပြီး တောင်တန်းများ၏ တည်နေရာနှင့် မြေကြောများကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျင့်ကြံသူ မိသားစုငယ်များ အကြိုက်တွေ့သော ကာကွယ်ရေး အစီအရင်တစ်ခု ဖြစ်သည်။
လခြမ်းတောင်ကြားတွင် ဆေးဖော်ဆောင် စတင်တည်ထောင်စဉ်မှာပင် ဖိုရှန်းဂိုဏ်းမှ ဤအစီအရင်ကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ဤအစီအရင်မှာ ဝိညာဉ်ကျောက်တုံး အမြောက်အမြား ကုန်ကျသဖြင့် အလွယ်တကူ အသုံးမပြုကြပေ။ အစပျိုးလိုက်ရုံနှင့် ဝိညာဉ်ကျောက်တုံး အနည်းဆုံး တစ်ရာခန့် ကုန်ကျပြီး ဆက်လက် လည်ပတ်နေစေရန်အတွက်လည်း အချိန်တိုင်းတွင် ဝိညာဉ်ကျောက်တုံးများစွာ ထပ်မံ ဖြည့်တင်းပေးနေရသည်။
သို့သော် ယခုအချိန်တွင် ကျိုးယွမ်လီ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုအစီအရင်ကို အသက်သွင်းလိုက်ခြင်းမှာ လော့ချန်၏ တန်ဖိုး မည်မျှအထိ မြင့်မားနေပြီကို သက်သေပြနေသည်။
အစီအရင်ကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်ရှိ နေဝင်ဆည်းဆာ အလှတရားများ ပျောက်ကွယ်သွားပြီး အရာအားလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အဝါရောင် အလင်းတန်းများအောက်သို့ ရောက်ရှိသွားတော့သည်။
လော့ချန်သည် ပတ်ဝန်းကျင်တစ်ခုလုံးအား အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။
ရုတ်တရက် သူ လက်ကို မြှောက်လိုက်သည်။
ကျိုးယွမ်လီမှာ ခဏတာ ကြောင်သွားပြီးနောက် တစ်ခုခုကို သဘောပေါက်သွားကာ အစီအရင်၏ အစွန်းဘက်သို့ ပျံသန်းသွားခဲ့သည်။ မကြာမီ သူ့ရှေ့တွင် လူရိပ်များ ပေါ်လာသည်။ ရန်သူများ မဟုတ်ဘဲ ရင်းနှီးသော မျက်နှာများ ဖြစ်သည်။
လော့ချန် သက်ပြင်းချလိုက်မိသော်လည်း သူတို့ထဲမှ လူအချို့၏ ကိုယ်ပေါ်တွင် သွေးများ စွန်းထင်နေသည်ကို တွေ့လိုက်ရသောအခါ မျက်နှာ ပျက်သွားသည်။ အထူးသဖြင့် မုရုံချင်းလျန် တွဲကူလာသည့် သွေးချင်းချင်းနီနေသော ကူချိုင်ယီကို မြင်လိုက်ရသောအခါ လော့ချန်တစ်ယောက် ကျောရိုးထဲအထိ အေးစိမ့်သွားတော့သည်။
"ခန်းမခေါင်းဆောင် မုရုံ…. အပြင်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ" ဟု ကျိုးယွမ်လီက မေးလိုက်သည်။
"ရန်သူတွေ.... အများကြီးပဲ"
မုရုံချင်းလျန်၏ မျက်နှာမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေပြီး သူမ၏ လှပသော ဝတ်ရုံမှာလည်း သွေးများ စွန်းထင်နေသည်။ ၎င်းမှာ သူမ၏ သွေးလား သို့မဟုတ် သတိလစ်နေသော ကူချိုင်ယီ၏ သွေးလားဆိုသည်မှာ မသဲကွဲပေ။
"ဘယ်လို ရန်သူမျိုးမို့လို့ ခန်းမခေါင်းဆောင်နဲ့ တာဝန်ခံ ကူ တို့ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်ရတာလဲ"
မုရုံချင်းလျန် နောက်သို့ လှည့်ကြည့်လိုက်သော်လည်း မည်သူမှ လိုက်လာသည်ကို မတွေ့ရပေ။
သူမ ခါးသီးစွာ ပြုံးရင်း ဆိုသည်။
"အသေးစိတ်တော့ ငါမသိဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ ချီသန့်စင်အဆင့် ၉ ရှိတဲ့ ကျင့်ကြံသူ ၄ ယောက်လောက် ပါတယ်၊ အလယ်အလတ်နဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကတော့ ရေတွက်လို့တောင် မရဘူး၊ အကြီးအကဲ စီကုန်းက ငါတို့ထက် အရင် တောင်ကြားကနေ ထွက်သွားတာ၊ ဒါပေမဲ့ ငါတို့ သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ သူက သံလက်သည်းကိုင်ထားတဲ့ အဆင့် ၉ ကျင့်ကြံသူတစ်ယောက်ရဲ့ လိုက်လံတိုက်ခိုက်တာကို ခံနေရတာ၊ အခြေအနေက တော်တော်ဆိုးနေတယ်၊ သူ သတိပေးလိုက်လို့သာ ငါနဲ့ ချိုင်ယီ ချုံခိုတိုက်ခိုက်တာကနေ လွတ်လာခဲ့တာ"
ကျိုးယွမ်လီ၏ မျက်လုံးများ ပြူးသွားသည်။
ဤမျှလောက် အင်အားတောင့်တင်းလှသော ရန်သူများမှာ အဘယ်အရပ်မှ ရုတ်ချည်း ပေါ်ပေါက်လာကြလေသလော။ အကယ်၍ ထိုသူတို့၌ ဤမျှအထိ စွမ်းအားကြီးမားသော အင်အားစုများ ရှိနေခဲ့မည်ဆိုပါက မုရုံချင်းလျန်တို့တစ်စုကို အဘယ်ကြောင့် အလွယ်တကူ လွှတ်ပေးလိုက်ရပါသနည်း။
အထူးသဖြင့် အပြင်ဘက်တွင် ကျန်ရှိနေခဲ့သော ဆေးဖော်စပ်သူများနှင့် ဆေးပင်စိုက်ပျိုးသူများမှာ ကျင့်ကြံဆင့်နိမ့်သူများသာ ဖြစ်ကြရာ မည်သို့မျှ ခုခံယှဉ်ပြိုင်နိုင်စွမ်း ရှိကြမည်မဟုတ်ပေ။
"ငါတို့ကို အထဲပေးဝင်ပါဦး.... မြန်မြန်…."
"အဲ့ဒီလူတွေက ကြောက်စရာကြီး၊ သူတို့က တွေ့သမျှလူ အကုန်သတ်နေတာ၊ ချန်ယွမ် ဆိုရင် ငါတို့ရှေ့တင် အသတ်ခံလိုက်ရတာ၊ အရိုးတောင် မကျန်ဘူး…."
"အစ်ကိုကျိုး.... အစီအရင်ကို ဖွင့်ပေးပါဦး၊ ကျွန်တော် ဒဏ်ရာရထားလို့ အရမ်းနာနေပြီ "
"အစီအရင်ကို အခုချက်ချင်း ဖွင့်စမ်း"
အပြင်ဘက်မှ အကူအညီတောင်းသံများမှာ မကြာမီမှာပင် ဒေါသတကြီး အော်ဟစ်သံများအဖြစ် ပြောင်းလဲသွားသည်။ ကျိုးယွမ်လီမှာ ဝေခွဲမရ ဖြစ်နေသည်။
ထိုစဉ် နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာသည်။
"သူတို့ကို အထဲပေးဝင်လိုက်ပါ"
ကျိုးယွမ်လီ ချက်ချင်း လှည့်ကြည့်ကာ တားလိုက်သည်။
"ခန်းမခေါင်းဆောင် မလုပ်ပါနဲ့ …. သူတို့ထဲမှာ သူလျှိုတွေ ပါလာနိုင်တယ်"
လော့ချန်၏ မျက်နှာမှာ တည်ကြည်နေသည်။
"ရပါတယ်၊ ငါ အကုန် တာဝန်ယူတယ်" ဟု သူ ပြောလိုက်သည်။ ထို့နောက် အစီအရင်၏ အရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။
အပြင်ဘက်မှ ရင်းနှီးသော မျက်နှာများကို ကြည့်ကာ လော့ချန် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"အစီအရင်ထဲ မဝင်ခင် မင်းတို့ရဲ့ ဖိုရှန်းဂိုဏ်း အသိအမှတ်ပြု တံဆိပ်ကို အရင်ပြရမယ်၊ အထဲရောက်ရင်လည်း ခွင့်ပြုချက်မရှိဘဲ မလှုပ်ရှားရဘူး၊ စစ်ဆေးမေးမြန်းတာကို ခံယူရမယ်၊ ဘယ်လိုမှ မခုခံရဘူး၊ အမိန့်မနာခံတဲ့သူကိုတော့ ချက်ချင်း သတ်ပစ်မယ်"
အပြင်ဘက်မှ ဆူညံသံများမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ကျေးဇူးတင်စကားများ ထွက်ပေါ်လာတော့သည်။
"ကျေးဇူးတင်ပါတယ် ခန်းမခေါင်းဆောင်လော့"
"ခန်းမခေါင်းဆောင်လော့ ကျန်းမာပါစေ "
လော့ချန်မှာ ဘာမှမတုံ့ပြန်ဘဲ အပြင်ဘက်ရှိ ကျင့်ကြံသူများကိုသာ စိုက်ကြည့်နေခဲ့သည်။
ကျိုးယွမ်လီသည် မချိတင်ကဲဖြင့် သက်ပြင်းတစ်ချက်ကို ခိုး၍ချလိုက်မိသည်။ လော့ချန်သည် အတွေ့အကြုံ နည်းပါးလွန်းလှသည့်အပြင် စိတ်နှလုံးကလည်း နူးညံ့လွန်းနေသည် မဟုတ်ပါလော။ ဤမျှလောက် များပြားလှသော လူအုပ်ကြီးကို တစ်ပြိုင်နက်တည်း အထဲသို့ ပေးဝင်လိုက်ပါက သူလျှိုများ ရောနှောပါဝင်လာလျှင် မည်သို့လုပ်မည်နည်း။
သို့သော်ငြားလည်း ဤနေရာတွင် လော့ချန်သည်သာလျှင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်နေသဖြင့် ကျိုးယွမ်လီအနေဖြင့် မနာခံဘဲ မနေနိုင်ပေ။ လူအများ၏ ရှေ့မှောက်တွင် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါက လော့ချန်အား စော်ကားရာ ရောက်သွားမည့်အပြင် စုဝေးနေသော လူအုပ်ကြီး၏ ဒေါသကိုပါ ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်ချေ ရှိနေပေသည်။
အပြင်ဘက်ရှိ ကျင့်ကြံသူများထဲတွင် အထဲရှိလူများနှင့် ဆွေမျိုးတော်စပ်သူ သို့မဟုတ် ရင်းနှီးသူများစွာ ပါဝင်နေသည်။ ဥပမာအားဖြင့် ယွမ်တုန်းရှန်း မှာလည်း အပြင်ဘက်တွင် ရှိနေပြီး ဆေးဝါးဆောင်မှ အဘွားယွမ်နှင့် စကားပြောနေသည် မဟုတ်ပါလော။
‘ဟူး…. ထားလိုက်ပါတော့၊ နောက်မှပဲ ပိုပြီး သတိထားရမှာပေါ့’
ကျိုးယွမ်လီမှာ အစီအရင်ကို တစ်ယောက်ချင်းစီ ဝင်နိုင်ရုံလောက်သာ ဟပေးလိုက်တော့သည်။ ပထမဆုံး ဝင်လာသူများမှာ မုရုံချင်းလျန်နှင့် ကူချိုင်ယီတို့ ဖြစ်သည်။ လော့ချန် သူတို့အား ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"အဘွားယွမ်…. ဒေါ်လေးတို့ရဲ့ ဒဏ်ရာတွေကို ကြည့်ပေးပါဦး"
"ဒေါ်လေးကတော့ ကုသဖို့ မလိုပါဘူး၊ အချိန်မီ ရှောင်နိုင်ခဲ့လို့ ဘာမှမဖြစ်ဘူး"
မုရုံချင်းလျန်က သက်ပြင်းချရင်း သတိလစ်နေသော ကူချိုင်ယီကို အဘွားယွမ်လက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် သူမ လော့ချန်၏ ဘေးတွင် သွားရပ်လိုက်သည်။
ဆက်လက်၍ ဆေးဝါးဆောင်နှင့် ဆေးဖော်ဆောင်မှ အဆင့်နိမ့် ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ဝင်လာကြသည်။ ကျိုးယွမ်လီ၏ အမိန့်အရ လူတိုင်းမှာ သူတို့၏ တံဆိပ်များကို ပြသကြရပြီး စစ်ဆေးမေးမြန်းခြင်းကို ခံယူကြရသည်။
ရုတ်တရက် လော့ချန်သည် စစ်ဆေးမှု ပြီးဆုံးသွားသော ကျင့်ကြံသူ တစ်ဦးကို ကြည့်ကာ မျက်မှောင်ကြုတ်၍ အမိန့်ပေးလိုက်သည်။
"သူ့ကို ဖမ်းလိုက်…. ပြီးတော့ သေသေချာချာ စစ်မေးစမ်း"
ထိုသူမှာ ခဏတာ ကြောင်သွားပြီးနောက် မျက်နှာပျက်သွားကာ ထွက်ပြေးရန် ကြိုးစားတော့သည်။ အခြားသူများမှာ တုံ့ပြန်ရန် နှေးကွေးနေသော်လည်း လော့ချန် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
သူ လက်ချောင်းတစ်ချောင်း လှုပ်ရှားလိုက်သည်။
ဖောက်….
ထိုသူမှာ ဒူးထောက် လဲကျသွားပြီး ဒူးခေါင်းနှစ်ဖက်လုံးမှ သွေးများ ပန်းထွက်လာတော့သည်။
မုရုံချင်းလျန် အံ့ဩသွားသည်။
"အဲ့ဒါ ဆေးဝါးဆောင်က ကျန်းပေါင်ထိုက် လေ၊ သူကတော့ မဖြစ်နိုင်…."
"သူက ကျန်းပေါင်ထိုက် မဟုတ်ဘူး ဒေါ်လေး"
လော့ချန် ချီစွမ်းအင်များဖြင့် ထိုသူအား ရိုက်ခတ်လိုက်သည့်အခါ ထိုသူ၏ မျက်နှာမှ အမည်းရောင် အငွေ့အသက်များ ထွက်ပေါ်လာပြီး မရင်းနှီးသော မျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။
‘ရုပ်ပြောင်းခြင်း အတတ်ပဲ’
ကျိုးယွမ်လီမှာ ခဏတာ ကြောင်သွားသော်လည်း သူ၏ လက်များမှာ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုသူအား ချက်ချင်း ဖမ်းချုပ်လိုက်သည်။
"သူတစ်ယောက်တည်း မဟုတ်ဘူး၊ ဟိုတစ်ယောက်လည်း ပါတယ်"
လော့ချန်သည် လူအုပ်၏ နောက်ဘက်တွင် ပုန်းနေသော ကျင့်ကြံသူတစ်ဦးကို ကြည့်ကာ လက်ချောင်း ထပ်တောက်လိုက်ပြန်သည်။ ထိုသူမှာ ဤသို့ ဖြစ်လာမည်ကို ကြိုတင်သိနေသည့်အလား မှော်လက်နက်တစ်ခုကို ထုတ်ပြီး ကာကွယ်လိုက်သည်။
ဒုန်း….
သူ ကာကွယ်နိုင်လိုက်သည့်အတွက် စိတ်အေးသွားသည့်အချိန်မှာပင် ကျောက်စေ့ နှစ်စေ့မှာ ဘေးတစ်ဖက်စီမှ ပျံထွက်လာပြီး သူ၏ ဒူးခေါင်းကို တိုက်ရိုက် ထိမှန်သွားတော့သည်။
ဖောက်…. ဖောက်….
သူလည်း ဒူးထောက် လဲကျသွားပြန်သည်။
"အားလုံးကို ဖမ်းလိုက်၊ သူတို့ ဘယ်ဂိုဏ်းကလဲဆိုတာ သေသေချာချာ စစ်မေးစမ်း၊ ပြီးတော့ ဝင်လာတဲ့သူ အားလုံးကိုလည်း ကန့်သတ်ချက်တွေ လုပ်ထားလိုက်၊ ယွမ်တုန်းရှန်း အပါအဝင်ပေါ့"
လော့ချန် တည်ငြိမ်စွာ အမိန့်ပေးလိုက်ပြီး အဝေးမှ အဘွားယွမ်ကို ကြည့်လိုက်သည်။ အဘွားယွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
ကျိုးယွမ်လီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အမိန့်ကို ချက်ချင်း နာခံလိုက်သည်။ သို့သော် သူ စဉ်းစားမရသည့် အချက်တစ်ချက်ရှိသည်။
‘ခေါင်းဆောင်လော့က ရန်သူနဲ့ မိတ်ဆွေကို ဘယ်လို ခွဲခြားလိုက်တာလဲ’
လော့ချန်မှာ သူ ထင်ထားသလို အတွေ့အကြုံ မရှိသူ မဟုတ်ဘဲ အရာအားလုံးကို အကွက်ကျကျ လုပ်ဆောင်နိုင်သူ ဖြစ်နေသည်ကိုလည်း သူ သတိထားမိသွားသည်။
လော့ချန်တွင် ရှင်းပြရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ နတ်မျက်စိအတတ် ဖြင့် ကြည့်လျှင် ချီစွမ်းအင်ဖြင့် ဖန်တီးထားသော ထိုကဲ့သို့ အပေါ်ယံ မျက်နှာဖုံးများကို မြင်နိုင်ရန်မှာ အလွန်လွယ်ကူလှသည်။
သူလျှို နှစ်ဦးကို ဖမ်းဆီးပြီးနောက် လော့ချန်သည် အစီအရင် အပြင်ဘက်တွင် ကျန်ရှိနေသေးသော ကျင့်ကြံသူ အယောက် ၂၀ ခန့်ကို လှည့်ကြည့်လိုက်သည်။ သူ၏ ထက်ရှသော အကြည့်အောက်တွင် အပြင်ဘက်ရှိ လူအုပ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ခဏအကြာတွင် လူ ၇ ဦးမှာ လမ်းခွဲကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
လော့ချန် နှာခေါင်းရှုံ့လိုက်သည်။
‘ချီသန့်စင် အလယ်အလတ်အဆင့်လောက်နဲ့ ငါ့ရှေ့ကနေ ပြေးနိုင်မယ် ထင်နေတာလား၊ မြေကမ္ဘာ ကာကွယ်ရေး အစီအရင်က အပြင်ကလူ အထဲမဝင်နိုင်အောင် တားတာဖြစ်ပေမဲ့ အထဲကလူက အပြင်ကို တိုက်ခိုက်လို့ ရတာပဲလေ’
သူ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ချောင်းများကို လျှင်မြန်စွာ တောက်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အသုံးမပြုတော့သော ကျောက်စိမ်းစေ့ များမှာ လေထဲသို့ ပျံထွက်သွားတော့သည်။
နတ်သမီး ပန်းကြဲခြင်းအတတ်မှာ ကျွမ်းကျင်အဆင့်သာ ရှိသေးသော်လည်း လက်နက်ပုန်း ပစ်ခတ်ခြင်းအတတ်မှာမူ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချီသန့်စင်အဆင့် ၈ ၏ ချီစွမ်းအင်ဖြင့် ပစ်ခတ်လိုက်သော ထိုကျောက်စိမ်းစေ့ တစ်စေ့ချင်းစီ၏ အစွမ်းမှာ အဆင့်နိမ့် မှော်လက်နက်တစ်ခု၏ တိုက်ခိုက်မှုနှင့် မခြားပေ။ အသက်ရှူကြိမ် တစ်ကြိမ်အတွင်းမှာပင် အသားထဲသို့ စူးဝင်သွားသော အသံများ ထွက်ပေါ်လာတော့သည်။
လေထဲတွင် သွေးပန်းပွင့်များ ပွင့်လန်းသွားသည်။ အဆင့်မြင့် ဝတ်ရုံဖြင့် ကာကွယ်ရန် ကြိုးစားသော ကျင့်ကြံသူမှာလည်း လော့ချန်၏ ကျောက်စိမ်းစေ့ ၂၀ ခန့်၏ တရစပ် ပစ်ခတ်မှုကြောင့် အသားစများအဖြစ် ပြောင်းလဲသွားတော့သည်။
ဤကဲ့သို့ ရက်စက်သော သတ်ဖြတ်မှုကို မြင်လိုက်ရသောအခါ အထဲရှိ ကျင့်ကြံသူများမှာ ကြောက်လန့်တကြား ငြိမ်သက်သွားကြသည်။ အမြဲ နူးညံ့ပြီး ဖော်ရွေတတ်သော ဆေးဖော်ဆောင်၏ ခေါင်းဆောင်သည် ဤမျှအထိ ပြင်းထန်သော နည်းလမ်းများကို အသုံးပြုလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ ချီသန့်စင် အလယ်အလတ်အဆင့်ရှိသော ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းမှာ အလွန် လွယ်ကူနေသည် မဟုတ်ပါလော။
သို့သော်လည်း ကျန်ရှိသော သူများ အစီအရင်ထဲသို့ ဝင်လာသည့်အခါတွင်မူ အားပေးသံများ ပြန်လည် ထွက်ပေါ်လာပြန်သည်။
"ခန်းမခေါင်းဆောင်က တကယ်ကို စွမ်းတာပဲ…."
"ခန်းမခေါင်းဆောင်က အရမ်း အစွမ်းထက်တာပဲ…."
"ဂိုဏ်းရဲ့ ခန်းမခေါင်းဆောင် ၉ ယောက်ထဲက တစ်ယောက် ဖြစ်နေတာ မဆန်းပါဘူး၊ အေးအေးဆေးဆေး နေတတ်တဲ့ ပုံစံနောက်ကွယ်မှာ ဒီလောက် အစွမ်းတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"
ဘေးဒုက္ခကြုံလာသည့် အချိန်တွင် အစွမ်းထက်သောသူမှာသာ အားကိုးရာ ဖြစ်သည် မဟုတ်ပါလော။
လော့ချန် အနည်းငယ် ပြုံးပြလိုက်ပြီး လူအုပ်ကို အားပေးစကား ပြောလိုက်သည်။ ထို့နောက် ဖမ်းဆီးထားသော သူလျှိုနှစ်ဦးကို စစ်ဆေးမေးမြန်းရန် ဆေးဖော်ဆောင်ထဲသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။
"သူ ဝန်ခံပြီလား" ဟု လော့ချန် မေးလိုက်သည်။
"မဝန်ခံသေးဘူးဗျ"
တုန်းဖန်းလျန်က ခေါင်းကုတ်ရင်း ပြောသည်။
"အကြီးအကဲ စီကုန်း ဆီက သင်ထားတဲ့ ဝိညာဉ်ထိုးဖောက်အပ် အတတ်ကို ကျွန်တော် သေသေချာချာ မကျွမ်းကျင်သေးဘူး၊ သူသာ ရှိရင်တော့ ပိုလွယ်မှာပဲ"
"ထားလိုက်ပါတော့.... ငါပဲ လုပ်လိုက်မယ်"
လော့ချန် ထိုင်ရာမှထပြီး တုန်းဖန်းလျန်၏ လက်ထဲမှ ငွေအပ်တစ်ချောင်းကို ယူလိုက်သည်။
အမှန်စင်စစ် ဝိညာဉ်ထိုးဖောက်အပ် အတတ်ကို လော့ချန် မသိပေ၊ သို့သော် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း အတတ်ကိုမူ သိသည်။ စိတ်ဓာတ်ကြံ့ခိုင်မှုကို လေ့ကျင့်ရန်အတွက် အသုံးပြုသော ဤအတတ်မှာ ခန္ဓာကိုယ်၏ အရေးကြီးသော အပ်စိုက်မှတ် ၃၆ မှတ်ကို လှုံ့ဆော်ရခြင်း ဖြစ်ပြီး အလွန်အမင်း နာကျင်မှုကို ခံစားရစေသည်။
လော့ချန်ကိုယ်တိုင်ပင်လျှင် ဤအတတ်ကို လပေါင်းများစွာ လေ့ကျင့်ခဲ့ရပြီး အပေါ်ယံမျှသာ သိသေးခြင်း ဖြစ်သည်။ ထိုအတတ်ကို ယခုကဲ့သို့ အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးအား စစ်ဆေးမေးမြန်းရာတွင် အသုံးပြုရန် အလွန်ပင် သင့်တော်လှပေသည်။
လော့ချန်သည် ပထမဆုံး ဖမ်းဆီးထားသူဆီသို့ လျှောက်သွားလိုက်သည်။ ထိုသူ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူ၏ မျက်လုံးထဲတွင်မူ အထင်သေးသော အရိပ်အယောင်များ ရှိနေဆဲပင်။
လော့ချန် ခေါင်းခါလိုက်သည်။ သူသည် ထိုသူအား စကားဖြင့် ဖျောင်းဖျရန် မကြိုးစားပေ။ အပ်ကို တိုက်ရိုက် ထိုးသွင်းလိုက်သည်။ နာကျင်မှုကို တဖြည်းဖြည်းချင်း မပေးဘဲ အရေးကြီးသော အပ်စိုက်မှတ်သို့ တိုက်ရိုက် ထိုးလိုက်ခြင်း ဖြစ်သည်။
အား….
အပ်တစ်ချောင်းတည်းနှင့်ပင် ကျင့်ကြံသူ၏ မျက်လုံးများ ပြူးထွက်သွားပြီး အသည်းခိုက်မတတ် အော်ဟစ်တော့သည်။ ဘေးတွင် ရပ်နေသော တုန်းဖန်းလျန်မှာ တုန်လှုပ်သွားသည်။ အချက်တစ်ချက်တည်းနဲ့ ထိုမျှ နာကျင်နေလေသလော။
သူ မသိသည်မှာ လော့ချန်၏ အတတ်မှာ အပ်စိုက်ခြင်းသက်သက် မဟုတ်ဘဲ ချီစွမ်းအင် တစ်မျှင်ကိုပါ အပ်မှတစ်ဆင့် ထိုးသွင်းလိုက်ခြင်း ဖြစ်သည်ကိုပင်။ ဤကဲ့သို့ အတွင်းအပြင် တွဲဖက်တိုက်ခိုက်မှုကို လူသားတစ်ဦး၏ ခန္ဓာကိုယ်အဆင့်တွင်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦး မည်သို့မျှ တောင့်မခံနိုင်ပေ။
လော့ချန် အပ်ကို ပြန်ထုတ်လိုက်ပြီး ထိုသူကို ကြည့်နေခဲ့သည်။ အသက်ရှူကြိမ် နှစ်ကြိမ်အကြာတွင် သူ ခေါင်းခါလိုက်ပြီး ဆိုသည်။
"မင်း စကားမပြောချင်သေးဘူး ထင်တယ်"
ဇွပ်….
ထိုသူ၏ ထိတ်လန့်နေသော မျက်လုံးများရှေ့မှာပင် လော့ချန် နောက်ထပ် အပ်တစ်ချောင်း ထပ်ထိုးလိုက်ပြန်သည်။
လော့ချန် အပ်ကို ပြန်ထုတ်လိုက်ပြီး ထိုသူအား တိတ်ဆိတ်စွာ စိုက်ကြည့်နေပြန်သည်။ ထို့နောက် ထပ်မံ ခေါင်းခါလိုက်သည်။
"တကယ့်ကို စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတစ်ယောက်ပဲ၊ နှမြောစရာကောင်းလိုက်တာ"
ထိုသူ၏ ကြောက်လန့်နေသော မျက်လုံးများရှေ့တွင် လော့ချန် နောက်ထပ် အပ်နှစ်ချောင်းကို ယူလိုက်သည်။ သူ၏ လက်များမှာ လျှပ်စီးကဲ့သို့ လျှင်မြန်လှပြီး အပ်နှစ်ချောင်းလုံးကို တစ်ပြိုင်တည်း ထိုးသွင်းလိုက်တော့သည်။
"ဟင်…. သူ ဘာလို့ မအော်တော့တာလဲ"
လော့ချန် ကြည့်လိုက်သည့်အခါ ထိုသူမှာ မြေပြင်ပေါ်တွင် ပျော့ခွေလဲကျနေပြီး ဆီးများပင် ထွက်ကျနေသည်ကို တွေ့လိုက်ရသည်။
"အခုထိတောင် မပြောချင်သေးဘူးလား၊ မင်းရဲ့ ဘယ်လို ဘဝက မင်းကို ဒီလောက်အထိ စိတ်ဓာတ်ကြံ့ခိုင်အောင် လုပ်ပေးခဲ့တာလဲဆိုတာ ငါ တကယ် သိချင်မိတယ်"
လော့ချန် သက်ပြင်းချရင်း တတိယမြောက် ငွေအပ်ကို ယူလိုက်သည်။
သူ အပ်ကို မြှောက်လိုက်သည့်အချိန်မှာပင် မြေပြင်ပေါ်ရှိ ကျင့်ကြံသူမှာ မျက်လုံးများ လွင့်နေလျက် အားနည်းစွာ ပြောလိုက်တော့သည်။
"မေးပါဗျာ…. မေးစရာရှိတာ အကုန်သာမေးပါတော့..."
***