“အချက်အလက်တွေက ကိုက်ညီရဲ့လား”
လော့ချန် မေးလိုက်သည်။
“ကွဲလွဲချက်တချို့တော့ ရှိပေမဲ့ ယေဘုယျအားဖြင့်တော့ မှန်ပါတယ်”
ကျိုးယွမ်လီသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အခြားသူလျှိုတစ်ဦးထံမှ စစ်ဆေးမေးမြန်းရရှိလာသော သတင်းများကို လော့ချန်အား အစီရင်ခံနေခြင်းဖြစ်သည်။
သူ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။
“တာကျန်းဂိုဏ်းရဲ့ လက်ချက်ပါ၊ လခြမ်းတောင်ကြားကို ဝိုင်းထားတဲ့သူ အများစုက တာကျန်းဂိုဏ်းက လူတွေပဲ၊ ပြီးတော့ ဒီတိုက်ခိုက်မှုကို ဦးဆောင်နေတဲ့သူက ခန်းမခေါင်းဆောင်နဲ့ ရင်းနှီးပြီးသားလူ ဖြစ်နေတယ်”
လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
“ဟမ်…. ငါ သိတဲ့လူ ဟုတ်လား.... ကောင်းထင်ယွမ် လို့တော့ မပြောနဲ့ဦး”
“မှန်ပါတယ်၊ သူပါပဲ”
ကျိုးယွမ်လီက လေးလံသောလေသံဖြင့် ဆိုသည်။
“ဒါတင်မကသေးဘူး၊ ရန်သူ့ဘက်မှာ အနည်းဆုံး ချီသန့်စင်အဆင့် ၉ ရှိတဲ့ ကျင့်ကြံသူ ၅ ယောက်ပါတယ်၊ အလယ်အလတ်နဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကတော့ အနည်းဆုံး တစ်ရာကျော်လောက် ရှိတယ်”
ထိုအရေအတွက်ကို ကြားလိုက်ရသောအခါ လော့ချန်သည် စိတ်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အေးစိမ့်သော လေတစ်ချက်ကို ရှူသွင်းလိုက်မိသည်။
‘တာကျန်းဂိုဏ်းက ဘာလုပ်ချင်နေတာလဲ….’
‘ဒီလောက်အင်အားဆိုတာ သူတို့ဂိုဏ်းရဲ့ စုစုပေါင်းအင်အား သုံးပုံတစ်ပုံလောက် ရှိတာပဲ၊ ဒါကို လခြမ်းတောင်ကြားက ခန်းမနှစ်ခုတည်းကို ရင်ဆိုင်ဖို့ အသုံးပြုတာလား’
‘ဆေးဖော်ဆောင်နဲ့ ဆေးဝါးဆောင်ဆိုတာ တိုက်ခိုက်ရေးထက် ထုတ်လုပ်ရေးကိုပဲ အဓိကထားတဲ့ နေရာတွေလေ’
‘ကောင်းထင်ယွမ်က သူ့ညီအတွက် ကလဲ့စားချေချင်ဇောနဲ့ သောင်းကျန်းနေတာလား၊ ဒါမှမဟုတ် တာကျန်းဂိုဏ်းက တစ်ခုခုကို အကွက်ကျကျ ကြံစည်နေတာလား’
လော့ချန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် တိုက်ရိုက်ပင် မေးလိုက်သည်။
“အကြီးအကဲ စီကုန်းနဲ့ ဆက်သွယ်လို့ ရပြီလား၊ ငါ့ဆီမှာ အသံလွှင့်အဆောင် ရှိပေမဲ့ အဲ့ဒါက နှေးတယ်၊ သူ့ဆီရောက်ဖို့ အချိန်ယူရဦးမယ်၊ ဒါပေမဲ့ သူ အသက်ရှင်နေသေးတယ်ဆိုတာတော့ ငါ အတည်ပြုနိုင်တယ်”
အကယ်၍ စီကုန်းရှို့ကျားသာ ပြန်ရောက်လာလျှင် လခြမ်းတောင်ကြား၏ တိုက်ခိုက်ရေးအင်အားမှာ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
စီကုန်းကဲ့သို့သော ကျင့်ကြံသူများသည် နောက်ထပ် အဆင့်တက်ရန် မျှော်လင့်ချက် မရှိတော့သော်လည်း တိုက်ခိုက်ရေး အတတ်ပညာများတွင်မူ ပြိုင်ဘက်ကင်းအောင် ကျွမ်းကျင်ကြသူများ ဖြစ်သည်။ ချီသန့်စင်အဆင့် ၉ သို့ မကြာသေးမီကမှ တက်လှမ်းထားသည့် ကူချိုင်ယီထက် အတွေ့အကြုံများစွာ ရှိပြီး ပိုမိုရင့်ကျက်သူ ဖြစ်သည်။
“လောလောဆယ်တော့ ကာကွယ်ရေးကိုပဲ အာရုံစိုက်ထားကြရအောင်”
လော့ချန် အမိန့်ပေးလိုက်သည်။
ကျိုးယွမ်လီက ခေါင်းညိတ်လိုက်ပြီးမှ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးသည်။
“အဲ့ဒီ သူလျှိုနှစ်ယောက်ကို ဘာလုပ်ရမလဲဗျ”
“သတ်ပစ်လိုက်"
လော့ချန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကျိုးယွမ်လီ၏ မျက်နှာမှာ တင်းခနဲ ဖြစ်သွားပြီးမှ နောက်သို့ ဆုတ်ခွာသွားတော့သည်။
ခဏအကြာတွင် သေလုမျောပါး နှိပ်စက်ခံထားရသော သူလျှိုနှစ်ဦးကို ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်လိုက်သည့် တုန်းဖန်းလျန်ကို ကြည့်ရင်း ကျိုးယွမ်လီ၏ ရင်ထဲတွင် မသက်မသာ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ယနေ့ လော့ချန်၏ လုပ်ရပ်များမှာ လုံးဝ ထင်မှတ်မထားစရာပင်။ ပုံမှန်အားဖြင့် လော့ချန်သည် ဆေးဖော်စပ်ခြင်းတွင် ထူးချွန်ပြီး အားလုံးအပေါ် ဖော်ဖော်ရွေရွေ နေတတ်သူဖြစ်သည်။
အန္တရာယ်မရှိသူ ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။
သို့သော် ယနေ့မူ လူအစုအဝေး၏ စိုးရိမ်စိတ်ကို လျှော့ချရန်အတွက် တောင်ကြားထဲသို့ ပေးဝင်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်စေ၊ သူလျှိုများကို ခွဲခြားနိုင်သည့် အစွမ်းဖြစ်စေ၊ ပြတ်သားလှသော သတ်ဖြတ်မှုများဖြစ်စေ လော့ချန်သည် သူတို့မသိခဲ့သော အခြားတစ်ဖက်ခြမ်း၊ ပြတ်သားပြီး အကွက်ကျကျ လုပ်ဆောင်တတ်သည့် အသွင်ကို ပြသခဲ့ပြီဖြစ်သည်။
အထူးသဖြင့် သူလျှိုနှစ်ဦးကို ကိုင်တွယ်ပုံမှာ မည်သူမျှ မထင်မှတ်ထားသော ရက်စက်သည့် ထိရောက်မှုမျိုး ဖြစ်သည်။
ဤသည်မှာ သူတို့ သိထားသည့် လော့ချန် မဟုတ်တော့ပေ။
‘ဂိုဏ်းချုပ်မီ သေသေချာချာ စောင့်ကြည့်ခိုင်းတာ မဆန်းပါဘူး…. ခေါင်းဆောင်လော့ရဲ့ အေးဆေးတဲ့ ပုံစံအောက်မှာ ဒါမျိုးတွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး’
ကျိုးယွမ်လီသည် တွေးရင်းဖြင့် စိုးရိမ်စိတ်များ တိုးလာသည်။ စောနက သူသည် လော့ချန်၏ အမိန့်ကို မနာခံဘဲ ကာကွယ်ရေး အစီအရင်ကို အရင်ဖွင့်ခဲ့မိသည်။ ထိုစဉ်က လော့ချန် ကြည့်လိုက်သော အကြည့်ကို ပြန်စဉ်းစားမိသည့်အခါ ကျိုးယွမ်လီ၏ ကျောရိုးထဲအထိ အေးစိမ့်သွားတော့သည်။
ထိုသို့ စဉ်းစားနေစဉ်မှာပင် လက်အောက်ငယ်သားတစ်ဦး အပြေးအလွှား ရောက်လာသည်။
“အကြီးအကဲ စီကုန်း ပြန်ရောက်လာပါပြီ”
“ဘယ်မှာလဲ”
ကျိုးယွမ်လီ အလောတကြီး မေးလိုက်သည်။
“သူ လခြမ်းတောင်ကြားထဲကို ရောက်နေပါပြီ”
“တောက်…. ဘယ်သူက သူ့ကို ခွင့်ပြုချက်မရှိဘဲ ပေးဝင်လိုက်တာလဲ”
ကျိုးယွမ်လီ၏ မျက်နှာ ပျက်သွားပြီး အပြင်သို့ ချက်ချင်း ပြေးထွက်သွားတော့သည်။
….
ဆေးဖော်ဆောင်အတွင်း စီကုန်းရှို့ကျားသည် လော့ချန်နှင့် မုရုံချင်းလျန်တို့၏ ရှေ့တွင် ထိုင်နေသည်။
ယခုအချိန်တွင် စီကုန်းရှို့ကျားမှာ အလွန်ပင် စုတ်ပြတ်သတ်နေပြီး တစ်ကိုယ်လုံးတွင်လည်း နှင်းခဲများ ဖုံးလွှမ်းနေသည်။ သူ၏ မုတ်ဆိတ်မွေးများမှာပင် ရေခဲချောင်းများ တွဲလောင်းကျနေတော့သည်။
“နှင်းကြာပန်းဈေးမြို့တော်က ဓားပြကျင့်ကြံသူတွေပဲ”
စီကုန်းရှို့ကျားက အမောတကော ပြောရင်း လော့ချန်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ဒါတွေအားလုံးက မင်းကြောင့် ဖြစ်ရတာ….”
လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး တည်ငြိမ်စွာပင် မေးလိုက်သည်။
“အကြီးအကဲ စီကုန်း…. ခင်ဗျား ဘာကို ဆိုလိုတာလဲ”
စီကုန်း၏ အသံမှာ ဒေါသကြောင့် တုန်ရီနေသည်။
“ကောင်းထင်ယွမ်က သူ့ညီကို မင်းသတ်ခဲ့တယ်လို့ အမြဲ သံသယရှိနေတာ၊ အခု ငါ့နောက်ကို လိုက်လာတဲ့ နှင်းကြာပန်းဈေးက ဓားပြတွေက ရှန်းရှု ဦးဆောင်လာတာ၊ အဲ့ဒီလူက မင်းကို အရင်တစ်ခါ ချုံခိုတိုက်ဖို့ ကြိုးစားပြီးမှ ပြန်အမဲလိုက်ခံခဲ့ရတဲ့လူ မဟုတ်လား၊ အခုထိတောင် သူတို့က မင်းကြောင့် လာတာမဟုတ်ဘူးလို့ ငြင်းချင်နေသေးတာလား”
လော့ချန် ခပ်ဖွဖွ ရယ်လိုက်သည်။
“တကယ်လို့ သူတို့က ကျွန်တော့် တစ်ယောက်တည်းကိုပဲ ရည်ရွယ်တာဆိုရင် မြို့ကိုအပြန် လမ်းမှာတင် ချုံခိုတိုက်လို့ ရတာပဲ၊ ဘာလို့ ဒီလောက်အင်အားအမြောက်အမြား သုံးပြီး လခြမ်းတောင်ကြားကို ဝိုင်းတိုက်နေရတာလဲ၊ ဒါက ဖိုရှန်းဂိုဏ်း တစ်ခုလုံးကိုရော၊ ဂိုဏ်းချုပ်မီ ကိုရော ဗြောင်ကျကျ စိန်ခေါ်လိုက်တာပဲ မဟုတ်လား”
စီကုန်းရှို့ကျားမှာ ခဏတာ ဆွံ့အသွားပြီးမှ သဘောပေါက်သွားသည်။
လော့ချန်၏ သုံးသပ်ချက်မှာ မှားယွင်းခြင်း မရှိပေ။ ဤတိုက်ခိုက်မှုမှာ ဖိုရှန်းဂိုဏ်း၏ အဓိကခန်းမ (၇) ခုအား တာကျန်းဂိုဏ်း ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်ကထက်ပင် အင်အား ပိုမိုကြီးမားနေနိုင်ချေ ရှိပေသည်။ ချီသန့်စင်အဆင့် (၉) ရှိသူ (၅) ဦး တိတိ ဦးဆောင်လာသော စစ်အင်အားမှာ အဆင့်နိမ့်ဂိုဏ်းငယ်လေးများကို အချိန်တိုအတွင်း အလွယ်တကူပင် အမြစ်ပြတ် ချေမှုန်းဖျက်ဆီးပစ်နိုင်သည့် အင်အားမျိုး ဖြစ်နေသောကြောင့်ပင်။
ဤလုပ်ရပ်မှာ ဖိုရှန်းဂိုဏ်းအား စစ်ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
ပြီးခဲ့သော စစ်ပွဲတွင် ထိပ်တန်းကျင့်ကြံသူ ၉ ဦး သေဆုံးပြီးမှသာ အဆုံးအဖြတ်စင်မြင့်ပေါ်တွင် ပြေလည်မှု ရခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ယခုအထိ အချိန်မည်မျှပင် ကြာသေးသနည်း။ သူတို့ အဘယ်ကြောင့် နောက်ထပ် စစ်ပွဲတစ်ခုကို ဤမျှ မြန်မြန် စတင်ရဲကြသနည်း။
လော့ချန်သည် ထပ်မံ ငြင်းခုံခြင်းမပြုတော့ဘဲ တောင်ကမ်းပါးယံသို့ လျှောက်သွားကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
အဝါရောင် အစီအရင်၏ အပြင်ဘက်တွင် ရန်သူများ ပေါ်ထွက်လာပြီး လခြမ်းတောင်ကြားအား ဝိုင်းရံပိတ်ဆို့လိုက်ကြတော့သည်။
အကယ်၍ သူတို့သာ တောင်ကြားကို စွန့်ခွာပြီး နောက်ဘက်ရှိ လပြည့်ညတောင်တန်းထဲသို့ ထွက်မပြေးလျှင် မကြာမီမှာပင် အိုးထဲမှ လိပ်ကဲ့သို့ ပိတ်မိသွားတော့မည် ဖြစ်သည်။
သို့သော် လခြမ်းတောင်ကြားသည် ဖိုရှန်းဂိုဏ်းမှ နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့သည့် နေရာဖြစ်သည်။ ဝိညာဉ်စိုက်ခင်းများ၊ ဆေးဂိုဒေါင်များနှင့် အဖိုးတန် ဆေးပင်များမှာ အလွယ်တကူ စွန့်လွှတ်နိုင်သည့် အရာများ မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ဆေးဖော်ခန်းမ ဖြစ်သည်။
မီရှုဟွာကိုယ်တိုင် အမိန့်မပေးသရွေ့ မည်သူမျှ လခြမ်းတောင်ကြားကို စွန့်ခွာရဲမည် မဟုတ်ပေ။ လော့ချန်သည် အဝေးကပင် ကောင်းကင်ယံတွင် ပျံဝဲနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူ သူ့ကို မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ လော့ချန် ပြုံး၍ လက်ပြနှုတ်ဆက်လိုက်သည်။
“ဟမ် နှုတ်ဆက်နေတာလား.... ဒီလိုအချိန်ကြီးမှာလေ”
ကျိုးယွမ်လီနှင့် လျိုချန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ သိထားသော လော့ချန် အစစ်အမှန် ပြန်ရောက်လာလေပြီ။
***