နိမိတ်မကောင်းသော အရိပ်မည်းကြီးသည် တစ်စတစ်စနှင့် လွှမ်းမိုးလာချေပြီ။
မီရှုဟွာ၏ မျက်နှာထက်တွင် ရေပုပ်အိုင်ကဲ့သို့ မည်းမှောင်လေးလံနေသည့် ဒေါသလှိုင်းများကို မည်သူမဆို အထင်အသား မြင်နိုင်ကြသည်။
“ဘာလို့ ပျာယာခတ်နေတာလဲ၊ တည်တည်ငြိမ်ငြိမ် နေစမ်း”
သူ၏ အေးစက်တည်ငြိမ်လှသော အသံမှာ မီကျွင်းဖျင်၏ ခေါင်းပေါ်သို့ ရေခဲရေ တစ်ပုံးလောင်းချလိုက်သကဲ့သို့ ဖြစ်သွားပြီး သူမအား ချက်ချင်း သတိကပ်သွားစေသည်။
“အေးအေးဆေးဆေး ပြောစမ်း၊ ဘာတွေဖြစ်ကုန်တာလဲ အကုန်ပြော”
“ဟုတ်…. ဟုတ်ကဲ့ပါ”
မီကျွင်းဖျင်သည် အသက် ပြင်းပြင်းရှူသွင်းရင်း စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းလိုက်ပြီးမှ စကားဆက်သည်။
“ပင်မခန်းမကနေ လျှို့ဝှက်သတင်းတစ်ခု အခုလေးတင် ရောက်လာပါတယ်"
“အခုလောလောဆယ် ဝမ်ယွမ် ရှိနေတဲ့ ရေနဂါးခန်းမ.... ကျန်းဝမ်နဲ့ ချူဝူတို့ရှိနေတဲ့ တိုက်ခိုက်ရေးခန်းမ…. ခယ်ယွဲ့လင်း ရဲ့ သားရဲခန်းမ.... အားလုံး အပြင်းအထန် တိုက်ခိုက်ခံနေရပါတယ်"
“အရှေ့ပိုင်းလွင်ပြင်က ပြန်လာကတည်းက ဒဏ်ရာအပြင်းအထန် ရထားတဲ့ ယန်ဝေ ဆိုရင် စစ်ကူတောင်းဖို့ သွားတဲ့ တိုက်ခိုက်ရေးသမားတွေက သူ့အိမ်မှာတင် အလောင်းပဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်"
“ပင်မခန်းမလည်း အဝိုင်းခံထားရပါပြီ”
မီကျွင်းဖျင်၏ လေသံမှာ အရေးကြီးမှုကို ဖော်ပြနေသည်။
“ချီသန့်စင်အဆင့် ၉ ရှိသူ ၄ ယောက်က တိုက်ခိုက်မှုကို ဦးဆောင်နေတာပါ၊ မီဇီကျွင်းကတော့ ခုခံနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပေမဲ့ အခြေအနေကတော့ တော်တော်လေး ဆိုးရွားနေပါတယ်"
“အဖေ.... တာကျန်းဂိုဏ်းရဲ့ ဒီတစ်ခါ တိုက်ခိုက်မှုက မနှစ်ကထက်တောင် ပိုပြီး ပြင်းထန်နေတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ စုဝေးနေကြသော မီမိသားစုဝင် ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြသည်။
လူအုပ်ထဲတွင် စိုးရိမ်တကြီး တိုးတိုးတိတ်တိတ် ပြောသံများ တောမီးပမာ ပျံ့နှံ့သွားတော့သည်။ သို့သော် မီရှုဟွာ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဖိုရှန်းဂိုဏ်း၏ အခြေအနေအတွက် စိုးရိမ်ခြင်း မဟုတ်ပေ။
သူသည် ဘာမှမရှိရာမှ ဤအင်ပါယာကြီးကို တည်ဆောက်ခဲ့သူဖြစ်သည်။ တစ်ကိုယ်တော်ကျင့်ကြံသူ ဘဝမှသည် အခြေခံတည်ဆောက်ခြင်းအဆင့် အထိ တက်လှမ်းခဲ့ပြီး၊ ဂိုဏ်းတစ်ခု၊ မိသားစုတစ်ခုကို တည်ထောင်နိုင်ခဲ့သူ ဖြစ်သည်။
သူ့ဦးဆောင်မှုအောက်တွင် ဖိုရှန်းဂိုဏ်းသည် ဂိုဏ်းငယ်လေးတစ်ခုနှင့်ပင် ယှဉ်နိုင်အောင် အင်အားကြီးမားလာခဲ့သည်။ အကယ်၍ အရင်းအမြစ် လုံလုံလောက်လောက် ရှိခဲ့လျှင် သူသည် ရွှေအမြုတေအဆင့် ကိုပင် စိန်ခေါ်ရန် ဝံ့ရဲသူ ဖြစ်သည်။
သို့သော် သူ၏ မျိုးဆက်များမှာမူ ထိုသို့မဟုတ်။
သမီးကြီးမှာ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး ဒေါသကြီးကာ အမြင်ကျဉ်းမြောင်းသူ ဖြစ်သည်။ အရည်အချင်း ကောင်းပါလျက်နှင့် အချစ်ရေး ကိစ္စလေးတစ်ခုအတွက်နှင့် သူမ၏ အနာဂတ်လမ်းစဉ်ကို ဖျက်ဆီးခဲ့သည်။ သားနှင့် သမီးအငယ်ဆုံးမှာမူ အရည်အချင်းမရှိ၊ ထင်ပေါ်မှုမရှိဘဲ ပြောပလောက်စရာပင် မရှိပေ။ မြေးဖြစ်သူ မီစီဖန်မှာ တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်သော်လည်း စစ်မြေပြင်တွင် တစ်ကြိမ် ရှုံးနိမ့်ရုံနှင့် စိတ်ဓာတ် ပြိုလဲသွားခဲ့သည်။
‘သနားစရာကောင်းလိုက်တာ.... မီမိသားစုရဲ့ ကံကြမ္မာက ငါ့ပုခုံးပေါ်မှာပဲ တင်နေတာလား’
“အဖေ…. တစ်ခုခု ပြောပါဦး ”
“တိတ်စမ်း”
မီကျွင်းဖျင်သည် မီရှုဟွာ၏ အကြည့်အောက်တွင် တုန်ရင်သွားမိသည်။ သူမသည် သမီးဖြစ်သူ မီလီကို ပိုက်ကာ အရှက်တကွဲနှင့် အိမ်ပြန်လာခဲ့စဉ်က ထိုအကြည့်မျိုးကို နောက်ဆုံးမြင်ခဲ့ရခြင်း ဖြစ်သည်။
မီရှုဟွာ အသက် ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“လခြမ်းတောင်ကြားမှာ ချီသန့်စင်အဆင့် ၉ ရှိသူ ၅ ယောက် ရှိတယ်၊ ပင်မခန်းမမှာ ၄ ယောက်၊ ဝမ်ယွမ်နဲ့ ကျန်းဝမ်တို့ကလည်း တော်တော်လေး အစွမ်းထက်တဲ့သူတွေပဲ၊ သူတို့ကို ယှဉ်နိုင်ဖို့ဆိုရင် ရန်သူ့ဘက်က ပစ်မှတ်တစ်ခုကို အနည်းဆုံး အဆင့် ၉ ရှိသူ ၂ ယောက်စီ သုံးရလိမ့်မယ်"
“အဲ့ဒီထဲမှာ ချူဝူ၊ ယန်ဝေ၊ ခယ်ယွဲ့လင်းနဲ့ သတ္တုခန်းမတွေကိုပါ ထည့်တွက်ရင် တာကျန်းဂိုဏ်းက ချီသန့်စင်အဆင့် ၉ ရှိသူ ဘယ်နှစ်ယောက်တောင် ထုတ်သုံးရမှာလဲ"
“သူတို့ဆီမှာ အဲ့ဒီလောက်အထိ ကျွမ်းကျင်သူတွေ ရှိလို့လား”
မီကျွင်းဖျင်သည် လူအမဟုတ်ပေ။ သူမ ဖခင်ပြောချင်သော အနက်အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။
သူမ၏ မျက်နှာမှာ ပို၍ တင်းမာသွားပြီး ဂရုတစိုက် မေးလိုက်သည်။
“အဖေ…. ဒါက တာကျန်းဂိုဏ်း တစ်ခုတည်း မဟုတ်ဘူးလို့ ပြောချင်တာလား၊ လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ် ပါ ပါနေတာလား”
“အဒေါ်.... ဒါက သိသာနေတာပဲ မဟုတ်လား”
မီစီဖန်က လှောင်ပြောင်သရော်သည့် လေသံဖြင့် ကြားဖြတ်ပြောသည်။
“အခုမှ ဒါကို သိတယ်လို့တော့ မပြောနဲ့နော်”
မီကျွင်းဖျင်က သူ့အား စူးရှသော အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။ မီရှုဟွာကမူ စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ချက်သာ ချလိုက်သည်။ ဆူပူရန်ပင် သူ အင်အားမရှိတော့ပေ။
“အဆုံးအဖြတ်စင်မြင့်မှာ ဖြစ်ခဲ့တဲ့ ကိစ္စပြီးကတည်းက ငါတို့ နားလည်မှု ရခဲ့ကြပြီလို့ ငါ ထင်ခဲ့တာ....”
သူ အလေးအနက် ဆိုသည်။
“ဒါပေမဲ့ ဒီတစ်ခါ အရှေ့ပိုင်းလွင်ပြင်က ရွှေအမြုတေ ဂူသင်္ချိုင်းကြီး ပွင့်လာတဲ့အခါမှာတော့ သူတို့ကိုယ်တိုင် အထဲကို ဝင်ရောက်ခဲ့ကြပြီး ငါတို့ တိတ်တဆိတ် အမြတ်ထုတ်နေတဲ့ နေရာတချို့ကို ရှာတွေ့သွားကြပုံရတယ်၊ အခုတော့ သူတို့ရဲ့ လောဘစိတ်ကို သူတို့ကိုယ်တိုင်တောင် မထိန်းချုပ်နိုင်ကြတော့ဘူး"
မီရှုဟွာသည် အချို့သော အသေးစိတ် အချက်အလက်များကို ချန်လှပ်ထားကာ စကားကို အစွန်းမထွက်အောင် ဂရုတစိုက် ရွေးချယ်ပြောဆိုသွားသည်။
မီကျွင်းဖျင်က စိုးရိမ်တကြီးဖြင့် ရှေ့သို့တိုးကာ မေးလိုက်သည်။
“အဖေ.... အခု သမီးတို့ ဘာဆက်လုပ်ကြမလဲ”
မီရှုဟွာ သူ၏ နားထင်ကို နှိပ်နယ်ကာ ခဏမျှ စဉ်းစားပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်။
“တခြားခန်းမတွေကတော့ သူတို့ဘာသာသူတို့ပဲ ခုခံကြပါစေ၊ လွတ်မြောက်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ တကယ်လို့ ပျက်စီးသွားခဲ့ရင်လည်း နောက်မှ ငါတို့ ပြန်တည်ဆောက်လို့ ရတာပဲ၊ တာဟဲစျေးမြို့တော် မှာ ကျင့်ကြံသူတွေ ဘယ်တော့မှ မပြတ်ပါဘူး"
“ဒါပေမဲ့ လခြမ်းတောင်ကြားကိုတော့ ဦးစားပေးရမယ်၊ အဓိကက ဆေးဖော်ဆောင်ပဲ၊ အဲ့ဒါက အရေးအကြီးဆုံး၊ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး”
မီစီဖန်က မနေနိုင်ဘဲ ကြားဝင်ပြောသည်။
“လိုလို့လား…. အဲ့ဒီနေရာက အိုမင်းမစွမ်းတဲ့သူတွေနဲ့ တိုက်ခိုက်ရေးသမား မဟုတ်တဲ့သူတွေပဲ ရှိတာလေ၊ ကျွန်တော့်အမြင်အရဆိုရင် တိုက်ခိုက်ရေးခန်းမ ၃ ခုက ပိုပြီး အရေးကြီးပါတယ်”
“နင် ဘာသိလို့လဲ”
မီကျွင်းဖျင် အခွင့်အရေးကို လက်မလွှတ်ပေ။
“ဆေးဖော်ဆောင်သာ အရေးမကြီးရင် တာကျန်းဂိုဏ်းနဲ့ လျန်ယွန်းမဟာမိတ်က ဘာလို့ ချီသန့်စင်အဆင့် ၉ ရှိတဲ့သူ ၅ ယောက်တောင် တစ်ပြိုင်နက် လွှတ်မှာလဲ”
ရန်သူ့လုပ်ရပ်မှာ ဆေးဖော်ဆောင် မည်မျှ အရေးကြီးသည်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။
မီစီဖန်တွင် ပြန်ပြောစရာ စကားမရှိတော့ပေ။ သူ မျက်နှာအပျက်ပျက်နှင့် တိတ်တိတ်ဆိတ်ဆိတ်သာ ရပ်နေတော့သည်။
မီကျွင်းဖျင် အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်သည်။ သို့သော် အခြေအနေ၏ အရေးကြီးပုံကြောင့် သူမ ဤနေရာတွင်သာ ရပ်လိုက်သည်။
“အဖေ.... သမီးတို့မှာ လူအင်အား တော်တော်နည်းနေပြီ၊ စစ်ကူလွှတ်ဖို့ ကျင့်ကြံသူအပို ရှိမယ် မထင်ဘူး”
ခန်းမတိုင်း အဝိုင်းခံထားရသည်။ ဤတိုက်ခိုက်မှုမှာ မနှစ်ကထက် အဆပေါင်းများစွာ ပိုဆိုးလှသည်။ ခဏမျှအတွင်း မီကျွင်းဖျင်မှာ လုံးဝ လမ်းပျောက်နေမိသည်။ သူမ မည်သို့ပင် စဉ်းစားကြည့်ပါစေ လွယ်ကူသော ဖြေရှင်းနည်း မရှိပေ။
သူမ အားကိုးရာမဲ့ဖြစ်နေစဉ်မှာပင် သူမဖခင်၏ အကြည့်မှာ သူတို့အုပ်စုဆီသို့ ကျရောက်လာသည်။
“နင်တို့အားလုံး ဒီမှာ ရှိနေတာပဲ မဟုတ်လား၊ ငါ နင်တို့အားလုံးကို ကျွေးမွေးစောင့်ရှောက်လာတာ ကြာလှပြီ၊ အခုက နင်တို့ရဲ့ အစွမ်းကို ပြရမယ့်အချိန်ပဲ၊ မဟုတ်ရင် မီမိသားစုက ဖိုရှန်းဂိုဏ်းကို တခြားသူတွေရဲ့ ကဲ့ရဲ့စရာ ဖြစ်လိမ့်မယ်"
“တကယ်တော့ ဒါက အခွင့်အရေးတစ်ခုပဲ"
မီရှုဟွာ၏ စကားကို ကြားလိုက်ရသောအခါ မီမိသားစုဝင်များ မသက်မသာ ဖြစ်သွားကြသည်။ နှစ်ပေါင်းများစွာ မီရှုဟွာ၏ အရိပ်အောက်တွင် သူတို့သည် တိုက်ပွဲများနှင့် ဝေးရာတွင် သက်သောင့်သက်သာ နေထိုင်လာခဲ့ကြသည်။ သွေးထွက်သံယိုဖြစ်သော အလုပ်များ၊ အန္တရာယ်ရှိသော တာဝန်များကို ဖိုရှန်းဂိုဏ်းမှ ကျင့်ကြံသူများကိုသာ ခိုင်းစေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုမူ သူတို့ကိုယ်တိုင် တိုက်ပွဲဝင်ရတော့မည်လော။
အားလုံး၏ မျက်နှာထက်ဝယ် စိုးရိမ်ထိတ်လန့်မှုများ ပျံ့နှံ့သွားကာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ အဆုံးအဖြတ်စင်မြင့်တွင် နာမည်ကျော်ခဲ့သော မီစီဖန်ပင် တုံ့ဆိုင်းနေမိသည်။
တကယ့်တိုက်ပွဲဆိုသည်မှာ ထိန်းချုပ်ထားသော ယှဉ်ပြိုင်မှုမျိုးနှင့် လုံးဝမတူပေ။ တွမ်ဖုန်းထံတွင် ရှုံးနိမ့်ခဲ့ရမှုမှာ သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမက သူ၏ စိတ်ဝိညာဉ်တွင်ပါ အမာရွတ် ထင်ကျန်ရစ်စေခဲ့သည်။
“ယောက္ခမကြီး.... ကျွန်တော် တိုက်ပွဲဝင်ဖို့ အသင့်ပါပဲ၊ လခြမ်းတောင်ကြားကို ကျွန်တော် စစ်ကူသွားပါ့မယ် ”
တည်ငြိမ်သော အသံတစ်သံ လူအုပ်ထဲမှ ထွက်ပေါ်လာသည်။
လူအုပ်ကြီးမှာ ဘေးသို့ ဖယ်ပေးလိုက်ကြရာ ပြတ်သားလှသော မျက်နှာထားနှင့် ခန့်ညားထည်ဝါသော စီကုန်းယွမ်ဟုန် ပေါ်ထွက်လာသည်။
မီရှုဟွာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသော်လည်း မျက်နှာတွင်မူ ပြုံးရွှင်သော အမူအရာဖြင့် ဆိုသည်။
“ယွမ်ဟုန်.... မင်းရဲ့ စိတ်ဓာတ်က တကယ့်ကို ချီးကျူးစရာပဲ၊ မင်းပဲ စစ်ကူတွေကို ဦးဆောင်သွားပါ၊ မင်း လိုအပ်တဲ့သူတွေကို ရွေးချယ်သွားလို့ ရတယ်”
“လခြမ်းတောင်ကြားမှာ ပထမအဆင့် မြေကာကွယ်ရေး အစီအရင် ရှိတယ်၊ မင်းတို့ ရောက်သွားတဲ့အထိတော့ အဲ့ဒါက ခံနိုင်ရည် ရှိမှာပါ”
စီကုန်းယွမ်ဟုန်က အသက် ပြင်းပြင်းရှူကာ လူအုပ်ကို ဝေ့ကြည့်လိုက်သည်။ အများစုမှာ သူ့အကြည့်ကို ရှောင်ဖယ်နေကြသည်ကို သူ သတိထားမိသည်။ ချီသန့်စင်အဆင့် ၉ ရှိသည့် မီစီဖန်ပင် သူ့အား မကြည့်ရဲပေ။
“ကျွင်းဖျင်.... နင် ဒီမှာပဲ နေ၊ ကြားလား၊ ပင်မခန်းမနဲ့ ချိတ်ဆက်ပြီး အပြင်က ငါတို့အင်အားစုတွေကို စုစည်းပြီး သူတို့ကို စစ်ကူပေးဖို့ ပြင်ဆင်"
“မီစီဖန်.... မင်းကတော့ မြို့တွင်းကို သွားပြီး အကြီးအကဲ ချင်လျန်ချန်းကို လခြမ်းတောင်ကြားက အခြေအနေတွေအကြောင်း သွားပြောလိုက်ပါ”
မီရှုဟွာသည် အမိန့်အချို့ကို ပေးလိုက်ပြီး လက်ကာပြကာ မိသားစုအစည်းအဝေးကို အဆုံးသတ်လိုက်သည်။ အားလုံး ထွက်သွားပြီးနောက် သူ ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက်မိသည်။ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် သားမက်ဖြစ်သူကသာ ရှေ့ဆုံးမှ ဦးဆောင်ရန် ထွက်ပေါ်လာခဲ့သည် မဟုတ်ပါလော။
….
တာဟဲစျေးမြို့တော်၏ အပြင်ဘက်ပိုင်းမှာ ပရမ်းပတာ ဖြစ်နေချေပြီ။ ဤသည်မှာ နှစ်ပေါင်း တစ်ရာအတွင်း အကြီးမားဆုံးသော ဆူပူသောင်းကျန်းမှု ဖြစ်သည်။
ဓားပြအချို့ လုယက်နေခြင်း မဟုတ်သလို၊ တစ်ကိုယ်တော်ကျင့်ကြံသူ အချင်းချင်း စကားများ ရန်ဖြစ်နေကြခြင်းမျိုးလည်း မဟုတ်ပေ။ အင်အားစု နှစ်ခုကြားမှ စစ်ပွဲကြီး ဖြစ်သည်။
ကောင်းကင်ယံတွင် ပျံသန်းနေသော ကျင့်ကြံသူများ၏ အလင်းတန်းများဖြင့် တောက်ပနေသည်။ မြေပြင်တွင်မူ မှော်လက်နက်များ ထိမှန်သံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေပြီး ချီစွမ်းအင် လှိုင်းများကြောင့် မြေပြင်ကြီးမှာ တုန်ခါနေတော့သည်။
မီးလျှံများ တောက်လောင်ခြင်း၊ မိုးသီးများ ကြွေကျခြင်း၊ ရွှံ့နွံများ လှုပ်ရှားခြင်းနှင့် ရွှေရောင်အလင်းတန်းများ….။
သေစေနိုင်သော မရေမတွက်နိုင်သည့် နည်းစနစ်များဖြင့် နှစ်ဖက်စလုံးမှာ အညှိုးတကြီး တိုက်ခိုက်နေကြသည်။
အပြင်ဘက်ပိုင်းရှိ တစ်ကိုယ်တော် တစ်ကိုယ်တော်ကျင့်ကြံသူများမှာ ကြောက်လန့်တကြားနှင့် မြေအောက်ခန်းများထဲတွင် ပုန်းအောင်းနေကြရသလို၊ အချို့မှာလည်း မြို့တွင်း၏ ဘေးကင်းရာသို့ အလုအယက် ထွက်ပြေးနေကြသည်။ သတ္တိရှိသူ အချို့ကမူ ဤရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ လုယက်မှုများ ပြုလုပ်နေကြတော့သည်။
လန်ချန်း ဆိပ်ကမ်းတွင် ဖြစ်သည်။
နေဝင်ရီတရော အချိန်မှာ ကုန်ဆုံးသွားပြီး လမင်းကြီးမှာ ကောင်းကင်ယံသို့ တဖြည်းဖြည်း တက်လှမ်းလာချေပြီ။
ဝမ်ယွမ်သည် အိမ်ခေါင်မိုးတစ်ခုပေါ်တွင် ရပ်နေသည်။ သူ၏ အဖြူရောင် မှော်ဝတ်ရုံမှာ စုတ်ပြတ်သတ်နေပြီး သံမဏိကဲ့သို့ မာကျောသော ကြွက်သားများ ပေါ်ထွက်နေသည်။ သူသည် မှောင်မိုက်လာသော ညဉ့်ဦးယံကို ရင်ဆိုင်ရင်း ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသည်။
သူ ခေါင်းမော့လိုက်ပြီး ကောင်းကင်ယံတွင် ပျံဝဲနေသော လူ ၃ ဦးကို စိုက်ကြည့်လိုက်သည်။
“ချီသန့်စင်အဆင့် ၉ ရှိသူ ၃ ယောက် တကယ့်ကို ကြီးမားလှတဲ့ အင်အားပဲ၊ ငါ့ကို ဒီလောက်အထိ အရေးတယူ လုပ်ကြတာ ဂုဏ်ယူစရာပဲ”
သို့သော် အလယ်တွင်ရှိနေသော လူ၏ ရက်စက်လှသော အပြုံးကို မြင်လိုက်ရသည့်အခါ ဝမ်ယွမ်၏ ရင်ထဲတွင် လေးလံသွားတော့သည်။
“မင်း.... မသေသေးဘူးပဲ....”
ဝမ်ယွမ်က တိုးညင်းလေးလံသော လေသံဖြင့် ရေရွတ်လိုက်သည်။
***