ထိုလူစိမ်းသည် ဓားရိုးသာကျန်တော့သည့် ကျိုးပဲ့နေသော ဓားတစ်လက်ကို ကိုင်ထားရင်း ရက်စက်စွာ ပြုံးလိုက်သည်။
"ဝမ်ယွမ်…. အသုံးမကျတဲ့ ကောင်းထင်ယွမ်က ငါ့ကို သတ်နိုင်လိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"
ထိုသူမှာ ဓားကျိုး ရွှီရန်ခယ်ပင် ဖြစ်သည်။
အဆုံးအဖြတ်စင်မြင့်ထက်တွင် သေဆုံးသွားပြီဟု အားလုံး ထင်မှတ်ထားကြသော ထိုလူသည် ယခုအခါ တာဟဲစျေးမြို့တော်သို့ အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာရုံသာမက ဖိုရှန်းဂိုဏ်းကို သစ္စာဖောက်ကာ တာကျန်းဂိုဏ်းနှင့် ပူးပေါင်းသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ အခြား ချီသန့်စင်အဆင့် ကျင့်ကြံသူသာဆိုလျှင် ဝမ်ယွမ် ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ရွှီရန်ခယ်သည် သာမန်လူ မဟုတ်ဘဲ သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံမှာ ဝမ်ယွမ်နှင့် တန်းတူပင် ရှိသည်။
ယခင် ဖိုရှန်းဂိုဏ်းတွင် အကြီးအကဲ ရာထူးများ မရှိသေးခင်က သူတို့နှစ်ဦးသည် အကာအကွယ်ပေးသူကြီး နှစ်ဦး အဖြစ် ပုခုံးချင်းယှဉ် ရပ်တည်ခဲ့ကြဖူးသော်လည်း တစ်ခါမျှ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။
ရွှီရန်ခယ်သည် လူရှေ့တွင် ဝမ်ယွမ်အား အမြဲ မြှောက်ပင့်ပြောဆိုလေ့ရှိသော်လည်း၊ တကယ့်လက်တွေ့ တိုက်ပွဲတွင်မူ ရွှီရန်ခယ်မှာ ပို၍ သာလွန်ကြောင်း ဝမ်ယွမ် ကောင်းကောင်းသိသည်။
အထူးသဖြင့် သူ၏လက်ထဲမှ ထိုဓားကျိုးမှာ မှော်ရတနာ တစ်ခု၏ အပိုင်းအစ ဖြစ်သည်။ တစ်ချက်သာ တိုက်ခိုက်နိုင်သော်လည်း ၎င်း၏ စွမ်းအားမှာ ထိပ်တန်းအဆင့် မှော်လက်နက်များထက် များစွာသာလွန်ပြီး လက်နက်အဆောင် သို့မဟုတ် သွေးဆက်ခံရတနာ များနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။ အဆုံးအဖြတ်စင်မြင့်တွင် တစ်ကြိမ် အသုံးပြုခဲ့စဉ်က ကောင်းထင်ယွမ်၏ အသက်အစားထိုး ရုပ်သေးရုပ်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ရွှီရန်ခယ် အဘယ်ကြောင့် သေဟန်ဆောင်ခဲ့သနည်း။
ကျောက်စိမ်းအိုး ဓားနန်းဆောင်မှ ကျင့်ကြံသူများကို မည်သို့ လှည့်စားခဲ့သနည်းဆိုသည်ကို ဝမ်ယွမ် မသိသော်လည်း၊ ယနေ့တိုက်ပွဲမှာ သူ့အတွက် အလွန် အန္တရာယ်ကြီးနေပြီဆိုသည်ကိုမူ သူ ကောင်းကောင်း နားလည်လိုက်သည်။
အကြောင်းမှာ ရွှီရန်ခယ်၏ ဘေးတွင် ရပ်နေသော ချီသန့်စင်အဆင့် ၉ ရှိသူ နှစ်ဦးမှာလည်း သာမန်လူများ မဟုတ်သောကြောင့် ဖြစ်သည်။
ရန်ရုရှန်း၊ ထျန်းယဲ့ဈေးမြို့တော် မှ နာမည်ကျော် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး အဆုံးအဖြတ်စင်မြင့်တွင် ခုန်ပျံကျား ယွမ်ဝူရှန်းကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။ သူသည် အလွန် ချမ်းသာပြီး အဆင့်လတ် မှော်လက်နက် အမြောက်အမြားကို ပိုင်ဆိုင်ထားသည်။
နောက်ဆုံးတစ်ယောက်မှာမူ တာဟဲစျေးမြို့တော်၏ ပါရမီရှင်စာရင်းတွင် အဆင့် ၁၀ အတွင်း ပါဝင်ခဲ့သူ ချန်ဟောက်ရန် ဖြစ်သည်။ သူသည် ကျဆင်းနေပြီဖြစ်သော အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစုဟောင်း ချန်မျိုးနွယ်မှ ပါရမီရှင်တစ်ဦး ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် အလားအလာ အရှိဆုံးသူဟု အားလုံးက သတ်မှတ်ထားကြသည်။
ဝမ်ယွမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါ့ကို သတ်ဖို့ ဒီလောက် လူအင်အား သုံးလိမ့်မယ်လို့ မထင်ထားဘူး”
ရန်ရုရှန်းက ရယ်မောလိုက်ပြီး ဆိုသည်။
“မင်းကိုယ်မင်း အထင်ကြီးမနေနဲ့၊ အပေါ်ကလူတွေက မင်းကို အဲ့လောက်အထိ အရေးမလုပ်ပါဘူး”
ဝမ်ယွမ် ခဏမျှ မှင်သက်သွားပြီးမှ မျက်နှာပျက်သွားကာ “လော့ချန် ” ဟု ရေရွတ်လိုက်သည်။
ရန်ရုရှန်း ပြုံးလိုက်သည်။
“သြော်.... မင်းလည်း သိသားပဲ”
ထိုစဉ် လေထုကို ခွင်းကာ ပျံသန်းဓားတစ်လက် ရောက်ရှိလာသည်။ ချန်ဟောက်ရန်မှာ စကားများများ မပြောဘဲ လက်ညှိုးနှစ်ချောင်းကို မြှောက်ကာ အမိန့်ပေးလိုက်သည်။
“သတ်စမ်း”
ဝမ်ယွမ်သည် သူ့ထံသို့ ဦးတည်လာနေသော ပျံသန်းဓားကို ကြည့်ပင်မကြည့်ဘဲ လီပေါင်း ရာချီဝေးကွာသော လခြမ်းတောင်ကြားဆီသို့သာ စိုက်ကြည့်နေသည်။ ထို့နောက် သူ စကားတစ်လုံးမျှ မပြောဘဲ အသက် ပြင်းပြင်းရှူသွင်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ မူလထက် တစ်ဆခွဲခန့် ကြီးမားလာပြီး အရပ်အမောင်းမှာ ပေ ၁၀၀ ခန့် နီးပါး မြင့်တက်လာသည်။ သူ၏ ချပ်ဝတ်တန်ဆာအောက်ရှိ အသားအရေမှာလည်း ဖောက်ထွင်းမြင်နိုင်သော အဖြူရောင်သို့ ပြောင်းလဲသွားပြီး အရိုးများမှာ ကျောက်စိမ်းကဲ့သို့ တလက်လက် တောက်ပနေတော့သည်။
သူ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ မမြင်ရသော စွမ်းအားလှိုင်းကြီးမှာ ဒီရေလှိုင်းကဲ့သို့ ထွက်ပေါ်လာသည်။
ဘုန်း….
ပျံသန်းဓားမှာ သံတူဖြင့် အထုခံလိုက်ရသကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့သည်။ အပေါ်ယံတွင် တည်ငြိမ်လှသော ချန်ဟောက်ရန်မှာလည်း မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
“တစ်ခုခု မှားနေပြီ၊ အခုပဲ တိုက်ကြ ”
ရန်ရုရှန်းနှင့် ရွှီရန်ခယ်တို့၏ မျက်နှာများ ပျက်သွားသည်။ သူတို့ မလှုပ်ရှားရသေးမီမှာပင် ဝမ်ယွမ်သည် အိမ်ခေါင်မိုးပေါ်မှ အားဖြင့် ခုန်ဆင်းလိုက်သည်။
ဂျိန်း….
သူ့ခြေထောက်အောက်ရှိ အိမ်ကြီးမှာ ချက်ချင်းပင် ပြိုကျပျက်စီးသွားသည်။ ဝမ်ယွမ်သည် မြှားတစ်စင်းအလား ချန်ဟောက်ရန်ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သူ၏ မျက်လုံးများတွင်မူ သားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။
“ဒါဆိုလည်း…. တိုက်ကြတာပေါ့ ”
….
“အဆင်ပြေရဲ့လားဗျ”
“အဟွတ်…. အဟွတ်.... ပြေပါတယ်"
ကူချိုင်ယီ ချောင်းနှစ်ချက်ဆိုးကာ ခါးသီးစွာ ပြုံးလိုက်သည်။
“ကျွန်မမှာ တိုက်ခိုက်ရေး အတွေ့အကြုံ တကယ် နည်းတာပဲ၊ အကြီးအကဲ စီကုန်းက သတိပေးထားပြီး ခေါင်းဆောင် မုရုံက တိုက်ခိုက်မှု အများစုကို ကာကွယ်ပေးထားတာတောင် ကျွန်မရဲ့ တုံ့ပြန်မှုက နှေးနေတုန်းပဲ၊ ဖေးပေါ်ဝမ် ပေးခဲ့တဲ့ ကာကွယ်ရေး မှော်လက်နက်သာ မရှိရင် ကျွန်မ အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ဘူး”
လော့ချန်သည် ဖေးပေါ်ဝမ်နှင့် တိုက်ရိုက် မပတ်သက်ဖူးသော်လည်း ထိုလူသည် အမြဲ ရက်ရက်ရောရော ပေးကမ်းတတ်သူ ဖြစ်သည်။ လော့ချန် ထိုသူအား ယခင်က အထင်မကြီးခဲ့သော်လည်း၊ ယခု သေဆုံးသွားသည့် အချိန်တွင်မူ ထိုသူမှာ လူကောင်းတစ်ယောက် ဖြစ်ခဲ့ကြောင်း ဝန်ခံလိုက်ရသည်။
“ရော့…. ဒါကို သောက်လိုက်”
လော့ချန် ဆေးလုံးတစ်လုံးကို ကူချိုင်ယီအား ပေးလိုက်သည်။
ကူချိုင်ယီက စူးစမ်းသော မျက်လုံးများဖြင့် မေးသည်။
“ဒါက ဘာဆေးလုံးလဲ”
“သိဒ္ဓိဆေးလုံး ပါ၊ နှင်းကြာပန်းဈေးမြို့တော်ရဲ့ အထူးထုတ်ပေါ့၊ ကျင့်ကြံသူတစ်ဦးရဲ့ ဒဏ်ရာတွေကို ခဏတဖြုတ် ဖုံးဖိပေးထားနိုင်တယ်”
ကူချိုင်ယီသည် ထိုဆေးအကြောင်း ကြားဖူးသည်။ သူမ မဆိုင်းမတွပင် မျိုချလိုက်သည်။
လော့ချန် ယခုမှ သက်ပြင်းချနိုင်တော့သည်။ ထိုဆေးလုံးမှာ သူ့အား ချုံခိုတိုက်ခဲ့သော လုဟွိုက်ပင်းထံမှ ရခဲ့ခြင်း ဖြစ်သည်။ လုဟွိုက်ပင်းမှာမူ မီရှုဟွာ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသဖြင့် ထိုဆေးကို အသုံးမပြုလိုက်ရပေ။
“နောက်ထပ် တိုက်ပွဲတွေ ရှိလာနိုင်သေးတယ်၊ ဒီဆေးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အင်အားတွေ ပေးပါလိမ့်မယ်”
ဖြူစင်သော အလင်းတန်းလေးတစ်ခု ကူချိုင်ယီ၏ မျက်နှာထက်တွင် ဝေ့ဝဲသွားပြီးနောက် သူမ၏ ပါးပြင်လေးမှာ ပြန်လည် နီမြန်းလာသည်။ သူမ မတ်တပ်ရပ်ကာ လမ်းအနည်းငယ် လျှောက်ကြည့်လိုက်သည့်အခါ ချီစွမ်းအင်များ ပြန်လည် စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။ သို့သော် လော့ချန်၏ စကားကြောင့် သူမ ရင်ထဲတွင် ကြောက်စိတ်တော့ ရှိနေဆဲပင်။
“ဒါပေမဲ့ အပြင်က ချီသန့်စင်အဆင့် ၉ ရှိတဲ့ ကျင့်ကြံသူတွေက အရမ်း အစွမ်းထက်တယ်၊ ကျွန်မ သူတို့ကို တားနိုင်မှာ မဟုတ်ဘူး၊ လော့ချန်.... ရှင်က ချီသန့်စင်အဆင့် ၇ ပဲ ရှိသေးတာ၊ သတိထားဦးနော်”
လော့ချန်သည် ချီဖုံးကွယ်မှော်အတတ်ကို အထွတ်အထိပ်အထိ ကျွမ်းကျင်နေသဖြင့် သူ၏ အဆင့်အမှန်ကို မည်သူမျှ မသိနိုင်ပေ။ သူ ကူချိုင်ယီ၏ စကားကို ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်ပြီး သူမအား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန် ထပ် သတိပေးလိုက်သည်။
သူတို့နှစ်ဦး တောင်ကမ်းပါးယံသို့ ရောက်ရှိလာသည့်အခါ စီကုန်းရှို့ကျား၊ မုရုံချင်းလျန်နှင့် အဘွားအိုယွမ်တို့သည် ကျိုးယွမ်လီနှင့်အတူ ကာကွယ်ရေးကိစ္စများကို အလေးအနက် ဆွေးနွေးနေကြသည်။
အားလုံး၏ မျက်နှာတွင် စိုးရိမ်စိတ်များ ဖုံးကွယ်မရအောင် ရှိနေကြသည်။
လော့ချန်ကို မြင်လိုက်သည့်အခါ စီကုန်းရှို့ကျားက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။
“မင်း ဆေးဖော်ဆောင်ထဲက ကျောက်စိမ်းအမြုတေ ဆေးလုံးတွေ အကုန်လုံးကို သိမ်းလိုက်တာလား”
“မသိမ်းလို့ ဒီလောက် တိုက်ပွဲဖြစ်နေတာကို…. ပျက်စီးသွားအောင် ထားရမှာလား”
လော့ချန် ပြန်စိုက်ကြည့်လိုက်သည့်အခါ အဘိုးကြီးမှာ ဆွံ့အသွားရသည်။
“ခန်းမခေါင်းဆောင်လော့….”
ကျိုးယွမ်လီ၏ အသံ ထွက်ပေါ်လာသည်။
“ဘာဖြစ်လို့လဲ”
“စစ်ကူတွေ လွှတ်လိုက်ပြီတဲ့ဗျာ”
“ဒါက သတင်းကောင်းပဲ မဟုတ်လား”
လော့ချန် ဇဝေဇဝါ ဖြစ်သွားသည်။ စစ်ကူလာမည်ဆိုလျှင် ဝမ်းသာရမည်ဖြစ်သော်လည်း ကျိုးယွမ်လီ၏ မျက်နှာမှာ အဘယ်ကြောင့် ဤသို့ ဖြစ်နေရသနည်း။
ကျိုးယွမ်လီ အံကြိတ်ကာ ပြောလိုက်သည်။
“လာမယ့် စစ်ကူတွေက တိုက်ခိုက်ရေးခန်းမတွေက ကျွမ်းကျင်သူတွေ မဟုတ်သလို၊ အကြီးအကဲ ဝမ်ယွမ်လည်း မဟုတ်ဘူး၊ စစ်ကူကို စီကုန်းယွမ်ဟုန်က ဦးဆောင်လာတာဖြစ်ပြီး မီမိသားစုဝင်တွေပဲ ပါတယ်၊ သူတို့ထဲမှာ ချီသန့်စင်အဆင့် ၉ ရှိတဲ့သူ တစ်ယောက်မှ မပါဘူး”
မိမိ၏သားဖြစ်သူ စစ်ကူလာနေသည်ဟု ကြားလိုက်ရသည့်အခါ စီကုန်းရှို့ကျား လန့်သွားသည်။
‘လူမိုက်လေး ဘာလာလုပ်မှာလဲ၊ မီမိသားစုထဲမှာပဲ ဘေးကင်းအောင် နေတာမဟုတ်ဘူး’
“ပြီးတော့ ဂိုဏ်းချုပ်မီက အကြီးအကဲ ချင်လျန်ချန်းကိုလည်း ခေါ်ခိုင်းထားတယ်၊ သူလည်း မကြာခင် ရောက်လာလိမ့်မယ်”
လော့ချန် မုရုံချင်းလျန်ကို ကြည့်လိုက်သည့်အခါ သူမ၏ ပုခုံးလေးများ လျော့ကျသွားပြီး စိတ်သက်သာရာ ရသွားသည်ကို မြင်လိုက်ရသည်။ သူမအတွက်မူ အမျိုးသားဖြစ်သူမှာ ကမ္ဘာပေါ်တွင် အားကိုးရဆုံးသူ မဟုတ်ပါလော။
လော့ချန်၏ မျက်နှာ ရုတ်တရက် မည်းမှောင်သွားသည်။
“အဲ့တော့ ပြောချင်တာက တိုက်ခိုက်ရေးခန်းမတွေက လူတွေလည်း မလာဘူး၊ ပင်မခန်းမကလည်း စစ်ကူမပို့ဘူး၊ အစ်ကိုဝမ်လည်း မလာဘူးပေါ့ ဟုတ်လား”
ကျိုးယွမ်လီက ခါးသီးစွာ ရယ်မောလိုက်ပြီး ဆိုသည်။
“ဟုတ်ကဲ့”
လော့ချန်၏ အမေးကြောင့် စီကုန်းရှို့ကျားနှင့် အခြားသူများလည်း တစ်ခုခုကို သဘောပေါက်သွားကြသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒါကြီးက ကြိုစီစဉ်ထားတာပဲ”
လော့ချန် အလေးအနက် ပြောလိုက်သည်။
“တခြားခန်းမတွေလည်း အခုလောက်ဆို အပြင်းအထန် တိုက်ခိုက်ခံနေရလောက်ပြီ”
ဤသည်မှာ ရိုးရှင်းသော ကောက်ချက်တစ်ခုပင်။
“နောက်ပြီးတော့....”
လော့ချန်က လူအုပ်ကို ဝေ့ကြည့်ကာ အေးအေးဆေးဆေးပင် ဆက်ပြောသည်။
“တာကျန်းဂိုဏ်း တစ်ခုတည်းနဲ့တော့ ဖိုရှန်းဂိုဏ်းကို တစ်ပြိုင်နက် ဝိုင်းတိုက်နိုင်စွမ်း မရှိဘူး”
စီကုန်းရှို့ကျားက ကျိန်ဆဲလိုက်ပြီး ဒေါသတကြီး ပြောသည်။
“လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်က တာကျန်းဂိုဏ်းနဲ့ ထပ်ပြီး ပူးပေါင်းလိုက်ပြန်ပြီလား”
“ဖြစ်နိုင်ပါတယ်…. ဒါပေမဲ့ အဲ့ဒီထက် ပိုလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
လော့ချန်က စီကုန်းကို ကြည့်ကာ မေးလိုက်သည်။
“တာဟဲစျေးမြို့တော်က ထိပ်တန်း အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစု ၅ ခုထဲမှာ တွမ်၊ လီ နဲ့ နန်ကုန်း မိသားစုတွေအပြင် ချန် မိသားစုနဲ့ ဖူ မိသားစု ဆိုတာ ရှိတယ် မဟုတ်လား”
စီကုန်းရှို့ကျားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားသည်။
“အကြီးအကဲရဲ့ အတွေ့အကြုံအရဆိုရင် လူအများကြီးကို သိမှာပဲ၊ ရွှေရောင် ဖရုံသီးတူကြီးကို ကိုင်ထားပြီး နဖူးကျယ်ကျယ်၊ မျက်နှာဝိုင်းဝိုင်းနဲ့ ပန်ကာနားရွက်ကြီးတွေ ရှိတဲ့သူက ဘယ်မိသားစုကလဲဆိုတာ ပြောပြပါဦး”
“ဖူမိသားစုပဲ…. အဲ့ဒါ ဖူမိသားစုရဲ့ လက်ရှိခေါင်းဆောင် ဖူကျန်း ပဲ….”
စီကုန်းရှို့ကျားက မဆိုင်းမတွပင် အော်ပြောလိုက်သည်။
လော့ချန် ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
“ဒါဆိုရင် ဖူမိသားစုလည်း ဒီစစ်ပွဲထဲ ပါလာပြီပေါ့”
ထိုစကားကြောင့် စီကုန်းရှို့ကျားမှာ ဆွံ့အသွားတော့သည်။ ဖူမိသားစုသည် အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲ မရှိသဖြင့် မိသားစု ၅ ခုတွင် အားအနည်းဆုံးဟု သတ်မှတ်ခံရသော်လည်း၊ သူတို့၏ မှော်စာရွက် အတတ်ပညာမှာ အလွန်ကျော်ကြားပြီး ဩဇာအာဏာမှာလည်း တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာနေသည်။ အကယ်၍ ဖူမိသားစုပင် ပါဝင်လာပြီဆိုလျှင် ကျန်မိသားစုများအနေဖြင့် မည်သို့ ရှိမည်နည်း။
ဖိုရှန်းဂိုဏ်းသည် ဂူသင်္ချိုင်း တိုက်ပွဲကြောင့် အင်အားနည်းနေချိန်တွင် ဤကဲ့သို့သော အင်အားစုကြီးကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
ထိုသို့ အားလုံး ထိတ်လန့်နေစဉ်မှာပင် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“မိန်းကလေး ချိုင်ယီ…. လက်ဖက်ရည်လေး ဖျော်ပေးပါဦး”
ကူချိုင်ယီ ကြောင်သွားသည်။ လော့ချန်တစ်ယောက် ကျောက်စားပွဲတွင် ထိုင်နေသည်ကို မြင်လိုက်ရသည့်အခါ သူမလည်း လက်ဖက်ရည်အိုးကို ထုတ်ကာ ရေနွေးတည်လိုက်ရတော့သည်။
စီကုန်းရှို့ကျားသည် လော့ချန်အား စိုက်ကြည့်ရင်း မေးလိုက်သည်။
“မင်းက ဘာလို့ တစ်စက်ကလေးမှ မစိုးရိမ်ရတာလဲ”
***