"ကျန်းကျိန့်တောက်...."
လင်းကျန်းမင်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တစ္ဆေဘုရင်၏ ပခုံးပေါ်ကို ဆင်းသက်လာသည့် လူရိပ်ကို လှမ်းအော်လိုက်လေသည်။
ထိုလူရိပ်ကတော့ နဂါးကျားတောင်၏ ကျန်းကျိန့်တောက် ဖြစ်ပြီး နဂါးကျားတောင် မျိုးဆက်တစ်ခု၏ တာအိုသခင်လည်း ဖြစ်ပေသည်။ ဟွာရှကျင့်ကြံခြင်းလောက၏ ဖြောင့်မတ်သည့် ခေါင်းဆောင်တစ်ဦးလို့တောင် ပြောလို့ရ၏။ ယနေ့တွင်တော့ ကျန်းကျိန့်တောက် နန်ရှီမြို့မှာ ကြီးမားသည့် တစ္ဆေအစီအရင်ကြီးကို ခင်းကျင်းထားရုံတင်မကဘဲ ငရဲပြည်က တစ္ဆေဘုရင်ကိုပါ ဆင့်ခေါ်ထားလေသည်။
"ဒီနေ့ကိစ္စကို ထားလိုက်ပါဦး.... အဲဒီတုန်းက နတ်ဆိုးတစ္ဆေဂိုဏ်း ကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောစမ်းပါဦး...." လင်းကျန်းမင်က ထပ်မံ အော်ဟစ်လိုက်လေသည်။
"ရှင်းပြချက် ဟုတ်လား.... ငါ့ညီက ချန်ကျန်းရဲ့ လက်ချက်နဲ့ သေသွားတာ.... ဒါကို ငါက ဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ...." တစ္ဆေဘုရင်၏ ပခုံးပေါ်မှာ ဝတ်ရုံကို ဆင်မြန်းထားသည့် ကျန်းကျိန့်တောက်က လင်းကျန်းမင်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်လေသည်။ ထို့နောက် သူ၏အကြည့်က ချန်ကျန်း မျက်နှာပေါ်ကို ကျရောက်သွားပြီး မျက်နှာထားမှာ ချက်ချင်းဆိုသလို ဆယ်ဆလောက် ပိုပြီး တင်းမာသွားလေသည်။
ချန်ကျန်းကို ဆယ်စက္ကန့်လောက် စိုက်ကြည့်ပြီးနောက် ကျန်းကျိန့်တောက်က အေးစက်စွာ ပြောလိုက်သည်။ "ချန်ကျန်း.... မင်းရဲ့ အဆင့်အတန်းက တကယ်ကို ကြောက်စရာကောင်းတာပဲ.... ငါက မြေကမ္ဘာနတ်ဘုရား အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တောင် မင်းကို ရင်ဆိုင်ဖို့အတွက် ငရဲပြည်က ပထမဆုံး တစ္ဆေဘုရင်ကို ဆင့်ခေါ်ပြီး ပူးပေါင်းတိုက်ခိုက်ရမှာပဲ.... ငါ့ညီ သေဆုံးသွားတဲ့အတွက် ငါ ကလဲ့စားချေဖို့ သစ္စာဆိုထားတယ်.... ဒီနေ့မှာတော့ မင်းနဲ့ နန်ရှီမြို့ထဲက လူတွေ အကုန်လုံး ငါ့ညီအတွက် အသေခံပေးရမယ်...."
"ပထမဆုံး တစ္ဆေဘုရင်.... ငါနဲ့ ပူးပေါင်းစမ်း...." ကျန်းကျိန့်တောက်က ဟိန်းဟောက်လိုက်လေသည်။
"မင်း ရဲရင်ရဲကြည့်စမ်း...." လင်းကျန်းမင်က အော်ဟစ်လိုက်ပြီး ကျန်းကျိန့်တောက်ဆီကို စွမ်းအားတစ်ခုနှင့် တိုက်ခိုက်လိုက်လေသည်။
"ဟွန့်.... မင်ဘုရင် .... မင်းက မြေကမ္ဘာနတ်ဘုရား အဆင့်ပဲ ရှိသေးတာ.... ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.... အခု ကြည့်ထားစမ်း...." ကျန်းကျိန့်တောက် လက်ထဲက ပစ္စည်းကို ဝှေ့ယမ်းလိုက်လေသည်။
"ဖူး...." လင်းကျန်းမင် နေရာမှာတင် သွေးတစ်ပွက် အန်လိုက်ရပြီး သူ့မျက်နှာဟာ ချက်ချင်းဆိုသလို ဖြူဖျော့သွားလေသည်။
အဆင့်အတန်း ကွာဟချက်ဟာ အရမ်းကြီးမားလွန်းလှသည် ။ သူ၏ စိတ်စွမ်းအား နှင့် ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်တာတောင်မှ ဘာမှ အရာမထင်ခဲ့ပေ။
"လူငယ်လေး...." ရှောင်ပန်း အော်ဟစ်လိုက်ပြီး လင်းကျန်းမင်ကို ပြေးထူလိုက်လေသည်။
"တစ္ဆေဘုရင်နဲ့ ငါနဲ့က တစ်သားတည်းပဲ...." ကျန်းကျိန့်တောက်က ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။ သူ၏ နောက်ကျောဘက်မှာတော့ အမှောင်ထု ဖုံးလွှမ်းနေ၏။
"ဟဲဟဲ...." တစ္ဆေဘုရင်က သူ၏မျက်လုံးတွေကို ပွတ်သပ်လိုက်လေသည်။ ခုနက သူ အော်ဟစ်နေခဲ့ပေမဲ့ အခုမှ အိပ်ချင်မပြေသေးသလို ခံစားနေရသည် ။ အခုတော့ သူက ကျန်းကျိန့်တောက်နှင့် ပူးပေါင်းဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။
"ဇင်...." ထိုအခိုက်အတန့်မှာပင် ဟူဖေးက ဓားကို မြှောက်လိုက်လေသည်။
"မြေကမ္ဘာနတ်ဘုရားတောင် မဟုတ်ဘဲနဲ့ မင်းက ဘာကောင်မို့လို့လဲ.... မင်းကို အရင်သတ်မယ်...." ကျန်းကျိန့်တောက်က တစ္ဆေဘုရင်၏ ပခုံးပေါ်ကနေ ဟူဖေးဆီကို အနက်ရောင် အငွေ့အသက်များ ထုတ်လွှတ်လိုက်လေသည်။
"ဟမ်.... ခဏနေဦး.... ဒီဓားရောင်က ဘာလို့ ရင်းနှီးနေရတာလဲ.... ငါ့ဆီ ပြန်လာစမ်း...." ကျန်းကျိန့်တောက်က တိုက်ခိုက်လိုက်သည့် အချိန်မှာပဲ မျက်လုံးပွတ်နေသည့် တစ္ဆေဘုရင်က ရုတ်တရက် မျက်လုံးပြူးသွားပြီး အော်ဟစ်လိုက်လေသည် ။ သူ၏ ဧရာမ တစ္ဆေလက်သည်းကြီးက ကျန်းကျိန့်တောက် ထုတ်လွှတ်လိုက်သည့် အနက်ရောင် အငွေ့အသက်တွေကို ဖမ်းဆုပ်လိုက်လေသည်။
ဝုန်း.... အနက်ရောင် အငွေ့အသက်များ ချက်ချင်း ပေါက်ကွဲသွားလေသည်။
"ဝေါ...." ဓားစွမ်းအင်က တစ္ဆေဘုရင်၏ ဧရာမ လက်သည်းကြီးကို ထိမှန်သွားသော်လည်း တစ္ဆေဘုရင်ကတော့ ရှောင်တိမ်းခြင်း မရှိပေ။
"ပထမဆုံး တစ္ဆေဘုရင်.... ဒါ ဘာသဘောလဲ...." ကျန်းကျိန့်တောက် အနည်းငယ် ကြောင်သွားပြီးနောက် အော်ဟစ်လိုက်လေသည်။
ပထမဆုံး တစ္ဆေဘုရင်က ကျန်းကျိန့်တောက်ကို လုံးဝ လျစ်လျူရှုထားလေသည် ။ သူ၏ ဧရာမ တစ္ဆေလက်သည်း နှစ်ဖက်နှင့် မျက်လုံးများကို အားရပါးရ ပွတ်သပ်ပြီး ဟူဖေး၏ လက်ထဲက ရှည်လျားသည့် ဓားကို စိုက်ကြည့်နေမိသည် ။ သူ၏ ရုပ်ဆိုးလှသည့် ပါးစပ်ကြီးဟာလည်း တုန်ရီနေ၏။
"လူသား.... လူသားဧကရာဇ်ရဲ့ ရွှမ်ယွမ်ဓား.... မင်း.... မင်းဆီမှာ ဧကရာဇ်ဓား ဘယ်လိုလုပ် ရှိနေတာလဲ.... မင်းက.... မင်းက ရွှမ်ယွမ်ရဲ့ မျိုးဆက်လား...." တစ္ဆေဘုရင်က ဟူဖေးကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး မေးလိုက်လေသည်။
"မဟုတ်ဘူး...." ဟူဖေးက မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြန်ဖြေလိုက်လေသည်။
"မဟုတ်ဘူး ဟုတ်လား...." တစ္ဆေဘုရင်က နေရာမှာတင် ကြောင်အမ်းသွားလေသည်။
"ပထမဆုံး တစ္ဆေဘုရင်.... မင်း ဘာတွေ ဖြစ်နေတာလဲ.... ရွှမ်ယွမ်ဓား ကိုင်ထားတဲ့ ဒီကောင်မလေးက ဘာဖြစ်လို့လဲ.... ရွှမ်ယွမ်မျိုးဆက် ဖြစ်ဖြစ် မဖြစ်ဖြစ် ဘာဂရုစိုက်စရာ လိုလို့လဲ.... မြန်မြန်လုပ်စမ်း.... သူတို့ကို သတ်ပစ်လိုက်.... မင်း ရွှမ်ယွမ်ဓားကို လိုချင်ရင် သူတို့ကို သတ်ပြီးမှ ယူလိုက်လေ...." ကျန်းကျိန့်တောက်က ထပ်မံ အော်ဟစ်လိုက်သော်လည်း တစ္ဆေဘုရင်ကတော့ သူ၏စကားကို မကြားသလိုပင် ဟူဖေးလက်ထဲက ရွှမ်ယွမ်ဓားကိုသာ စိုက်ကြည့်နေလေသည်။
'တစ္ဆေဘုရင်က ဟူဖေးကို ပထမဆုံး မြင်မြင်ချင်း ချစ်မိသွားတာများလား....' လင်းကျန်းမင်ကို တွဲထားသည့် ရှောင်ပန်းရဲ့ စိတ်ထဲမှာ ဒီအတွေးက ဝင်ရောက်လာလေသည်။
"တစ္ဆေဘုရင်.... သတိဝင်စမ်း...." ကျန်းကျိန့်တောက် တစ်ခုခု မှားနေပြီဆိုတာကို ခံစားမိပြီး တစ္ဆေဘုရင်ကို အော်ဟစ်လိုက်လေသည်။
သူက အချိန်မဆွဲချင်တော့ပေ ။ တစ္ဆေဘုရင်နှင့် ပူးပေါင်းပြီး ချန်ကျန်းကို တစ်ချက်တည်းနှင့် သတ်ပစ်ချင်နေတာ ဖြစ်၏။ ထို့နောက် တစ္ဆေတစ်သောင်း အစီအရင်ကို အသက်သွင်းပြီး နန်ရှီမြို့ကို ဖျက်ဆီးကာ သူ၏ညီအတွက် အသေခံခိုင်းချင်နေခြင်းပင်။ သို့ပေမဲ့ တစ္ဆေဘုရင်ကတော့ ဘာမှ ပြန်မပြောသေးပေ။
"မင်း...." ကျန်းကျိန့်တောက် အံ့သြသွားလေသည် ။ သူက တစ္ဆေဘုရင်ကို သတိရလာအောင် တစ်ချက် ရိုက်နှက်လိုက်လေသည်။
"ဖြောင်း...."
သူ တိုက်ခိုက်လိုက်သည့် အချိန်မှာပဲ တစ္ဆေဘုရင်က ရုတ်တရက် ခေါင်းလှည့်လာပြီး ကျန်းကျိန့်တောက်ကို ဟိန်းဟောက်လိုက်လေသည် ။ သူ၏ ဧရာမ လက်သည်းကြီးနှင့် ရိုက်ထုတ်လိုက်တာကြောင့် ကျန်းကျိန့်တောက် မြေကြီးထဲကို တိုက်ရိုက် စိုက်ဝင်သွားရလေသည်။
ဘာလဲ....။ ဒါက ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ....။
လင်းကျန်းမင်နှင့် ရှောင်ပန်းတို့ ကြောင်အမ်းသွားကြသည် ။ ရွှမ်ယွမ်ဓားကို ကိုင်ထားသည့် ဟူဖေးလည်း နားမလည်နိုင် ဖြစ်နေရ၏။
"ရွှမ်ယွမ်ဓား နဲ့ ရွှမ်ယွမ်မျိုးဆက်တွေကို ဘယ်သူမှ မစော်ကားရဘူး.... စကားလုံးနဲ့တောင် မစော်ကားရဘူး...." တစ္ဆေဘုရင်က မြေကြီးပေါ်က ကျန်းကျိန့်တောက်ကို စူးစူးရဲရဲ ကြည့်ပြီး ဟိန်းဟောက်လိုက်လေသည် ။ ထို့နောက် သူ၏အကြည့်က ချန်ကျန်းဆီကို ရောက်ရှိသွားသည် ။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးဟာ ရုတ်တရက် တုန်ရီသွားပြီး ရုပ်ဆိုးလှသည့် မျက်လုံးကြီးတွေက ဖြည်းဖြည်းချင်း လည်ပတ်လာလေသည် ။ ချန်ကျန်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် အချိန်မှာတော့ တစ္ဆေဘုရင်၏ ပါးစပ်ကြီး ဟောင်းလောင်းပွင့်သွားလေသည်။
ဒီတစ်ခါမှာတော့ ဟိန်းဟောက်သံ မဟုတ်ဘဲ ကြောင်အမ်းသွားတာ ဖြစ်ပေသည်။
"ဝုန်း...."
နောက်တစ်စက္ကန့်တွင်တော့ တစ္ဆေဘုရင်ဟာ ချန်ကျန်း၏ရှေ့မှာ ဒူးထောက်ချလိုက်လေသည်။
"မြင့်မြတ်သော.... မြင့်မြတ်သော.... ဘိုးဘေးသခင်ပါလား.... ဘိုးဘေးသခင်.... တကယ်ပဲ အရှင်လား.... ဘိုးဘေးသခင်.... ဝူးဝူး.... ဘိုးဘေးသခင်...."
ထို့နောက် ဒူးထောက်နေသည့် တစ္ဆေဘုရင်က ကလေးတစ်ယောက်လို ငိုချလိုက်လေသည်။
"......" ကျန်းကျိန့်တောက် ကြောင်အမ်းသွားသည် ။
"......" လင်းကျန်းမင်နှင့်ရှောင်ပန်းတို့လည်း ကြောင်အမ်းသွားကြပြီး ဟူဖေးလည်း အံ့သြနေမိသည် ။
ဒါက ဘာတွေ ဖြစ်ကုန်တာလဲ....။ တစ္ဆေဘုရင်က ဘာလို့ ရွှမ်ယွမ်ဓား နဲ့ ရွှမ်ယွမ်မျိုးဆက်တွေကို ဒီလောက်အထိ တုံ့ပြန်နေရတာလဲ....။ ဘာလို့ ချန်ကျန်းကို မြင်သည့်အချိန်မှာ ကြောင်အမ်းသွားပြီး ဒူးထောက်ငိုကြွေးနေရတာလဲ....။
အားလုံးကတော့ လုံးဝကို အူကြောင်ကြောင် ဖြစ်နေကြပြီ ဖြစ်ပေသည်။
တစ္ဆေဘုရင်က ဘာလို့ ချန်ကျန်းကို ဘိုးဘေးသခင် လို့ ခေါ်နေရတာလဲ....
အားလုံး၏ ခေါင်းထဲ အတွေးတို့ ဝဲလည်နေတော့၏။
"ငါ မင်းကို မသိသလိုပဲ...." ချန်ကျန်းက မျက်မှောင် အနည်းငယ် ကြုတ်ပြီး တစ္ဆေဘုရင်ကို ကြည့်လိုက်လေသည်။
ဘိုးဘေးသခင် ဆိုသည့် စကားလုံးကို သုံးနိုင်သည့် သတ္တဝါများမှာ ရှေးဟောင်းခေတ်က လူသားများ သို့မဟုတ် အလွန်ရှေးကျသည့် အမွေအနှစ် ရှိထားသည့်သူများသာ ဖြစ်ရမည် ။ ဤအခေါ်အဝေါ်ကို ကျန်းကျစ်ယာ၏ မျိုးဆက်ဖြစ်သည့် ကျန်းပိုယွဲ့ပင် မသိသလို၊ ကမ္ဘာမြေပေါ်က တာ့ကျီ၏ သွေးဆက်ဖြစ်သည့် ဟူဖေးလည်း မသိပေ။
"ကျွန်တော့်ကို မသိဘူးလား...." တစ္ဆေဘုရင်က ခဏလောက် ငြိမ်သွားပြီးနောက် ချန်ကျန်းကို အမြန် ဦးညွှတ်လိုက်လေသည် ။ "ရွှမ်ယွမ်စင်မြင့်....အရှင်.... အရှင် ရွှမ်ယွမ်စင်မြင့်ကို မှတ်မိသေးလား.... အဲဒီတုန်းက အရှင်က ကျွန်တော့်ကို အဲဒီစင်မြင့်ပေါ်မှာ တိုက်ခိုက်ရေး ပညာရပ်တွေကို သင်ပေးခဲ့တာလေ.... အဲဒီတုန်းက အရှင် သင်ပေးခဲ့တဲ့ ပညာရပ်တွေသာ မရှိရင် ကျွန်တော်က ကျိုလီတို့နဲ့ တိုက်ပွဲမှာ ပထမဆုံး အချီမှာတင် သေသွားလောက်ပြီ.... နောက်ဆုံးမှာ ကျွန်တော် သေသွားခဲ့ရပေမဲ့လည်း အရှင်သင်ပေးခဲ့တဲ့ ပညာရပ်တွေကြောင့် ဝိညာဉ်လောကမှာ တစ္ဆေဘုရင်အဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ.... ဝိညာဉ်လောကမှာ ကျွန်တော်က တိုက်ခိုက်ရေး စွမ်းအား အကောင်းဆုံးပဲလေ.... ဘိုးဘေးသခင်.... အရှင် မှတ်မိပြီလား...."
"ရွှမ်ယွမ်စင်မြင့်...."
ချန်ကျန်း အတိတ်ကို ပြန်စဉ်းစားလိုက်သည့်အခါ သူ့ မျက်လုံးထဲမှာ ပုံရိပ်တချို့ ပေါ်လာလေသည်။
"ဘိုးဘေးသခင်.... ဒါက ကျွန်တော့်ရဲ့ တကယ့်မျက်နှာပါ...."
တစ္ဆေဘုရင်က ဟိန်းဟောက်လိုက်ပြီး သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးဟာ လူသားတစ်ယောက်၏ ပုံစံအဖြစ် ပြောင်းလဲသွားလေသည် ။ ယင်းက ရှေးဟောင်းစစ်သည်တစ်ယောက်၏ ပုံစံပင် ဖြစ်ပေသည်။
"မင်းက.... အစီအရင်ရဲ့ ဘယ်ဘက် အစွန်ဆုံးမှာ ရှိနေသည့် စစ်သည်နဲ့ တူသလိုပဲ...." ချန်ကျန်းက တစ္ဆေဘုရင် ပြောင်းလဲလိုက်သည့် ပုံစံကို မြင်လိုက်ရသည့်အခါ အတိတ်က ပုံရိပ်တစ်ခုကို ဝိုးတဝါး သတိရသွားလေသည်။
"ဝူးဝူးဝူး.... ဘိုးဘေးသခင်.... အရှင် နောက်ဆုံးတော့ ကျွန်တော့်ကို မှတ်မိပြီပေါ့.... ဘိုးဘေးသခင်.... အရှင့်ကို ထပ်ပြီး တွေ့ရတာ ကျွန်တော့်အတွက်တော့ တကယ့်ကို ကံကောင်းခြင်းပါပဲ.... ဝါး.... ဝါး...."
ထိုစကားကို ကြားလိုက်ရသည့်အခါ တစ္ဆေဘုရင် အလွန် ဝမ်းသာသွားပြီး လူသားပုံစံကနေ ကြောက်မက်ဖွယ်ကောင်းသည့် တစ္ဆေဘုရင်အဖြစ် ပြန်ပြောင်းကာ အော်ငိုလိုက်လေသည်။
"......" ရှောင်ပန်းကတော့ တံတွေးကို အဆက်မပြတ် မျိုချနေရသည် ။ သူကတော့ ဗိုက်ဆာလို့ မဟုတ်ဘဲ အံ့သြလွန်းလို့ ဖြစ်၏။
ဝိညာဉ်လောကမှာ နံပါတ် ၁ လို့ နာမည်ကြီးသည့် တစ္ဆေဘုရင်က ချန်ကျန်းရဲ့ စကားတစ်ခွန်းကြောင့် ကလေးတစ်ယောက်လို အားရပါးရ ငိုနေတာကို ဘယ်သူက ယုံမှာလဲ....
"ရယ်စရာပဲ.... ပထမဆုံး တစ္ဆေဘုရင်.... မင်း ရူးနေပြီထင်တယ်.... ငါ မင်းကို ငရဲပြည်ကနေ ဆင့်ခေါ်လိုက်တာက မင်းကို ရူးခိုင်းဖို့ မဟုတ်ဘူး.... ချန်ကျန်းကို သတ်ခိုင်းဖို့လေ.... မင်းက ဘာတွေ ဖြစ်နေတာလဲ.... ချန်ကျန်းကို သတ်ဖို့ ငါ့ကို ကူညီစမ်း.... ငါ မင်းကို နန်ရှီမြို့ တစ်မြို့လုံးကို ဝါးမြိုခွင့် ပေးမယ်...."
ကျန်းကျိန့်တောက်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မြေကြီးထဲကနေ ပျံတက်လာကာ တစ္ဆေဘုရင်၏ အပေါ်မှာ ရပ်ပြီး အော်ဟစ်လိုက်လေသည်။
ရွှမ်ယွမ်စင်မြင့် ဟုတ်လား.... ဆရာက ပညာသင်ပေးတာ ဟုတ်လား... ဒါတွေက ဘာတွေလဲ....
အတုတွေ... အကုန်လုံးက အတုတွေပဲ...
"ဝေါင်း...."
ငိုနေသည့် တစ္ဆေဘုရင်က ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး မြေကြီးပေါ်ကနေ ထလိုက်လေသည် ။ သူ၏ ဧရာမ တစ္ဆေလက်သည်း နှစ်ဖက်က ကျန်းကျိန့်တောက်ကို ဖမ်းဆုပ်လိုက်လေသည်။
"တစ္ဆေဘုရင်.... မင်း ဘာလုပ်တာလဲ...." ကျန်းကျိန့်တောက် အံ့သြသွားပြီး သူ့မျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ပေါ်လာလေသည်။
သူက မြေကမ္ဘာနတ်ဘုရား အဆင့်ကို ရောက်နေပြီ ဖြစ်ပေမဲ့လည်း ငရဲပြည်က ပထမဆုံး တစ္ဆေဘုရင်၏ ပြိုင်ဘက်တော့ မဟုတ်ပေ။
"ဘိုးဘေးသခင်ကို ရင်ဆိုင်ဖို့အတွက် ငါ့ကို ဆင့်ခေါ်ရဲတယ်ပေါ့.... ခွေးသူတောင်းစား တာအိုသခင်က ငါ့ကို ဒုက္ခပေးနေတာပဲ.... ဘိုးဘေးသခင်ကို မလေးမစား လုပ်ရဲသည့်အတွက် မင်း သေလိုက်တော့...."
တစ္ဆေဘုရင် ဟိန်းဟောက်လိုက်သည်။
"မလုပ်နဲ့...."
ကျန်းကျိန့်တောက် အော်ဟစ်လိုက်သော်လည်း သူ၏ မြေကမ္ဘာနတ်ဘုရား ခန္ဓာကိုယ်ကြီးဟာ ဆွဲဖြဲခံနေရပြီဆိုတာကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။
"ရွှမ်း...."
နောက်တစ်စက္ကန့်မှာတော့ တစ္ဆေဘုရင်၏ လက်သည်းများက ကျန်းကျိန့်တောက်ကို တစ်စစီ ဆွဲဖြဲပစ်လိုက်တော့သည်။
ခန္ဓာကိုယ်တင် မကဘဲ ဝိညာဉ်ပါ အတူတူ ဆွဲဖြဲခံလိုက်ရခြင်း ဖြစ်ပေသည်။
အခန်း ၁၄၁ ပြီး
***