"တာအိုသခင်ကျန်းရဲ့ အဆင့်က မြေကမ္ဘာနတ်ဘုရားကို ကျော်လွန်နေတာတောင်.... တစ္ဆေဘုရင်က တစ်ချက်တည်းနဲ့ ဆွဲဖြဲပစ်လိုက်တာလား.... တစ္ဆေဘုရင်က ဒီလောက်တောင် သန်မာတာလား...." ရှောင်ပန်း မျက်တောင်တခတ်ခတ်နှင့် မေးလိုက်သည် ။
အခြေအနေက အရမ်းမြန်လွန်းလှသည် ။ ကျန်းကျိန့်တောက် တစ်ယောက် မျက်တောင်တခတ်အတွင်းမှာတင် ပျောက်ကွယ်သွားရ၏။
"ဘိုးဘေးသခင် .... ခွေးသူတောင်းစား တာအိုသခင်ကို ကျွန်တော် ရှင်းပစ်လိုက်ပါပြီ...." တစ္ဆေဘုရင်က ကျန်းကျိန့်တောက်ကို သတ်ဖြတ်ပြီးနောက် ချန်ကျန်းရှေ့တွင် ဒူးထောက်ကာ ထပ်မံ ငိုကြွေးပြန်သည် ။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများလည်း ချက်ချင်း ပျောက်ကွယ်သွားလေသည် ။
"ဒီလောက်ကြီးသည့် လူကြီးက ဘာလို့ ငိုနေရတာလဲ...." ချန်ကျန်း ညင်သာစွာ ခေါင်းယမ်းလိုက်သည် ။
"နှစ်ပေါင်းထောင်ချီကြာပြီးမှ ဘိုးဘေးသခင်ကို ပြန်တွေ့ရတာ.... ကျွန်တော် အရမ်း စိတ်လှုပ်ရှားလို့ပါ.... ဘိုးဘေးသခင်က နတ်ဘုရားလောကကို သွားပြီလို့ ထင်နေခဲ့တာ.... ကမ္ဘာမြေကို ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.... ဘိုးဘေးသခင်က ကျွန်တော့်နှလုံးသားထဲမှာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ပါ...." တစ္ဆေဘုရင်က မျက်ရည်တို့ကို သုတ်ရင်း ပြောလိုက်သည် ။
လင်းကျန်းမင်နှင့် ရှောင်ပန်းတို့မှာတော့ ထိုမြင်ကွင်းကို ကြည့်ပြီး ကြောင်အမ်းနေကြသည် ။ ဝိညာဉ်လောက၏ ပထမဆုံး တစ္ဆေဘုရင်သည် ချန်ကျန်းရှေ့တွင်တော့ ကလေးတစ်ယောက်လို ဖြစ်နေသည် မဟုတ်ပါလား ။ လွန်ခဲ့သော စက္ကန့်ပိုင်းကတင် မြေကမ္ဘာနတ်ဘုရားကို ဆွဲဖြဲခဲ့သူဟု မည်သူက ယုံနိုင်မည်နည်း ။
"ဟမ်.... ငရဲပြည်ရဲ့ ဥပဒေသတွေက ကျွန်တော့်ကို ပြန်ခေါ်နေပြီလား...." တစ္ဆေဘုရင်က ချန်ကျန်းကို ခွဲခွာရတော့မည်ဖြစ်၍ ဝမ်းနည်းပန်းနည်း ကြည့်လိုက်သည် ။ သူသည် ချန်ကျန်းဘေးတွင် ဆက်နေချင်သော်လည်း မတတ်နိုင်ပေ ။ သူသည် ရှေးဟောင်းစစ်သည်တစ်ဦး၏ ပုံစံသို့ ပြန်ပြောင်းကာ ချန်ကျန်းကို အလွန်လေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်သည် ။
"ရွှမ်ယွမ်ဧကရာဇ်ရဲ့ လက်အောက်ခံစစ်သည်က ဘိုးဘေးသခင်ကို ဂါရဝပြုပါတယ်...."
သူ ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးတိုက်လိုက်သည် ။ ထို့နောက် မျက်မြင်မရသော စွမ်းအားတစ်ခုက သူ့ကို ငရဲပြည်သို့ အတင်းအဓမ္မ ပြန်လည်ဆွဲခေါ်သွားလေသည် ။ နန်ရှီမြို့ပေါ်တွင် လှည့်လည်နေသော တစ္ဆေများလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည် ။
"ငါ နဂါးကျားတောင်ဘက်ကို ခဏ လမ်းလျှောက်သွားလိုက်ဦးမယ်...." ချန်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် ပျောက်ကွယ်သွားသည် ။
"နဂါးကျားတောင်ကို သွားမယ် ဟုတ်လား...." ရှောင်ပန်းက လင်းကျန်းမင်ကို ကြောင်ကြည့်နေမိသည် ။
"ငါတို့လည်း လိုက်သွားကြရအောင်.... အချိန်မီဖို့ မျှော်လင့်ရတာပဲ...." လင်းကျန်းမင်က ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ဟူဖေးကို နှုတ်ဆက်ကာ အမြန်ထွက်ခွာသွားသည် ။ ရှောင်ပန်းလည်း သူ့နောက်ကနေ အပြေးအလွှား လိုက်သွားရတော့သည် ။
ညကောင်းကင်ယံတွင် ရဟတ်ယာဉ်တစ်စီးသည် နဂါးကျားတောင်ဘက်သို့ အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းနေသည် ။
"နဂါးကျားတောင်က လူတွေက နတ်ဆိုးတစ္ဆေဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေနောက်ကို လိုက်သွားကြတာ မဟုတ်ဖို့ပဲ မျှော်လင့်ရမယ်.... ကျန်းကျိန့်တောက် တစ်ယောက်တည်းရဲ့ လုပ်ရပ်ဆိုရင်တော့ တော်သေးတာပေါ့...." လင်းကျန်းမင်က စိုးရိမ်တကြီး ပြောလိုက်သည် ။
အမှန်တော့ လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဆိုးတစ္ဆေဂိုဏ်းကို ဖျက်ဆီးစဉ်ကတည်းက ကျန်းကျိန့်တောက်သည် ဖျက်ဆီးပစ်ရမည့် လျှို့ဝှက်ပညာရပ်များကို တိတ်တဆိတ် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏ ။ အကယ်၍ နဂါးကျားတောင်က လူအားလုံးသာ ထိုပညာရပ်တွေကို ကျင့်ကြံခဲ့ကြလျှင်တော့ မည်သို့မှ ကယ်တင်နိုင်တော့မည် မဟုတ်ပေ ။
"ဘော့စ်.... ခုနက တစ္ဆေဘုရင်က ချန်ကျန်းကို ဘိုးဘေးသခင် လို့ ခေါ်တယ်နော်.... ချန်ကျန်းက သူတို့ကို ပညာသင်ပေးခဲ့တာဆိုတော့.... သူ့ရဲ့ အစစ်အမှန် နောက်ခံက...." ရှောင်ပန်းက တွေးမိရင်း ရင်ထဲတွင် ထိတ်လန့်သွားသည် ။ အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်က ရှေးဟောင်း တစ္ဆေဘုရင်၏ ဆရာဖြစ်နေသည်မှာ အလွန် ထူးဆန်းလွန်းလှသည် မဟုတ်ပါလား ။
"အဲဒီ ဘိုးဘေးသခင် ဆိုတာက သူတော်စင် မသေမျိုးကို ဆိုလိုတာ ဖြစ်နိုင်တယ်...." လင်းကျန်းမင်က ရုတ်တရက် ပြောလိုက်သည် ။
"ဘာ.... ဘိုးဘေးသခင် ဟုတ်လား.... ဒါ.... ဒါက မဖြစ်နိုင်တာ...." ရှောင်ပန်း ကြောင်အမ်းသွားသည် ။
အဲဒါက ဒဏ္ဍာရီထဲက ဟုန်ကျွင်း ဘိုးဘေးကြီးနဲ့များ ပတ်သက်နေတာလား....
"ငါ ခန့်မှန်းကြည့်တာပါ.... နဂါးကျားတောင်ကို ရောက်တော့မယ်...." လင်းကျန်းမင်က ပြောလိုက်ပြီးနောက် ရဟတ်ယာဉ်ကို အရှိန်မြှင့်လိုက်သည် ။
"အဲဒါ.... အမည်းရောင် အငွေ့အသက်တွေပါလား.... နဂါးကျားတောင်က ဘာလို့ ဒီလို ဖြစ်သွားရတာလဲ...." ရှောင်ပန်းက အပြင်ကို လှမ်းကြည့်လိုက်သည့်အခါ နဂါးကျားတောင် တစ်ခုလုံး အမည်းရောင် အငွေ့အသက်တွေ ဖုံးလွှမ်းနေတာကို မြင်လိုက်ရ၏ ။
"အဲဒါ.... အထွတ်အမြတ် သတ္တဝါလေးပါးရဲ့ ဝိညာဉ်တွေပဲ.... ဒါပေမဲ့ ဒါတွေက ဝိညာဉ်စစ်စစ်တွေ မဟုတ်ဘူး.... နတ်ဆိုးတစ္ဆေဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေနဲ့ ဖန်တီးထားသည့် အမှောင်ဝိညာဉ်တွေ...." လင်းကျန်းမင်က အသံတိုးတိုးဖြင့် ပြောလိုက်သည် ။
နဂါးကျားတောင်၏ ထိပ်တွင် အပြာရောင်နဂါး ၊ ဖြူသောကျား ၊ အနီရောင်ငှက် နှင့် လိပ်နဂါး ပုံစံ အမှောင်ဝိညာဉ် လေးပါး ပေါ်နေသည် ။ ထိုဝိညာဉ်များသည် ချန်ကျန်းကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏ ။
"မလုပ်နဲ့...."
"မလုပ်ပါနဲ့...."
"ကျွန်တော်တို့ကို မသတ်ပါနဲ့ ဆရာဦးလေး...."
နဂါးကျားတောင်ပေါ်တွင် အော်ဟစ်သံများ ပြည့်နှက်နေသည် ။ နဂါးကျားတောင်က တပည့်များမှာ အစီအရင်၏ သားကောင်များ ဖြစ်နေကြပြီး အမှောင်ဝိညာဉ် လေးပါး၏ အစာ ဖြစ်နေကြရသည် ။
"နဂါးကျားတောင် နန်းတော်ကြီးတော့ ဇာတ်သိမ်းပြီပဲ...." လင်းကျန်းမင် ထိုမြင်ကွင်းကို ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်လေသည် ။
အခန်း ၁၄၂ ပြီး
***