"အကုန်လုံး အဆုံးသတ်သွားပြီ.... တာအိုနန်းတော်ရဲ့ တပည့်တွေ အကုန်လုံး နတ်ဆိုးဝိညာဉ် လေးပါးရဲ့ အစားအသောက် ဖြစ်ကုန်ပြီ.... နတ်ဆိုးတစ္ဆေဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေကို ကျင့်ကြံတဲ့သူတွေက ဒီလောက်တောင် ရက်စက်တာလား.... ဒါတွေက သူတို့ရဲ့ တပည့်အရင်းခေါက်ခုတ်တွေလေ...."
ရဟတ်ယာဉ်ပေါ်တွင် ရှောင်ပန်း တစ်ယောက် စိတ်ရှုပ်ထွေးနေမိသည် ။
စွမ်းအားရှင်အဖွဲ့ ၏ အချက်အလက်များအရ လမ်းမှန် တာအိုဂိုဏ်းတစ်ခုဖြစ်သည့် သူတို့သည် ချန်ကျန်းကို ရင်ဆိုင်ဖို့အတွက် သူတို့တပည့်များကိုပင် ရက်ရက်စက်စက် ယဇ်ပူဇော်ခဲ့ကြသည် ။ ဆရာနှင့် တပည့်ကြားမှာ သံယောဇဉ်ဆိုတာ ဘာမှမရှိတော့သည်လော ။ ဤအခိုက်အတန့်တွင် သူသည် လင်းကျန်းမင်နှင့် သူ့ဆက်ဆံရေးကို တွေးမိသွားသည် ။ သူတို့က အထက်လူကြီးနှင့် လက်အောက်ငယ်သား ဖြစ်ပေမဲ့ တကယ့် လက်တွေ့မှာတော့ ဆရာနဲ့ တပည့်လိုသာပင်။
အကယ်၍ တစ်နေ့မှာ သူနှင့် သူ့ဘော့စ်တို့က မကျော်လွှားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရင် ဘော့စ်ကရော သူ့ စိတ်စွမ်းအားတွေကို စုပ်ယူပစ်မည်လော။
မဖြစ်နိုင်ပါဘူးလေ...
ဘော့စ်က လူသားဆန်တဲ့သူပဲလေ....
ရှောင်ပန်း ခေါင်းကို အပြင်းအထန် ခါရမ်းလိုက်သည် ။ လင်းကျန်းမင် အခု တာအိုနန်းတော်က လူတွေလုပ်သလိုမျိုး ယုတ်မာသည့်အလုပ်ကို ဘယ်တော့မှ လုပ်မည်မဟုတ်ဟု သူ ယုံကြည်သည် ။
"တာအိုနန်းတော်ရဲ့ အရှင်သခင်ဟာ မင်းကြောင့် သေခဲ့ရသလို တပည့်တွေ အကုန်လုံးလည်း မင်းကြောင့်ပဲ သေခဲ့ရတာ.... အခု နတ်ဆိုးဝိညာဉ် လေးပါး ပေါ်လာပြီဆိုတော့ မင်းကို မသတ်နိုင်ဘူးဆိုတာ ငါ မယုံဘူး.... ချန်ကျန်း.... အရာအားလုံးက မင်းကြောင့်ပဲ.... နဂါးကျားတောင် တာအိုနန်းတော် ပျက်စီးသွားတာက မင်းကြောင့်ပဲ...."
အမည်းရောင် အငွေ့အသက်များကြားထဲမှာ လူရိပ်တစ်ခု ပေါ်လာသည် ။ ထိုအရိပ်ကား အဘိုးအို တစ်ဦးဖြစ်ပြီး တာအိုနန်းတော်၏ နောက်ဆုံးကျန်ရစ်သူလည်း ဖြစ်ပေသည် ။ သူ ချန်ကျန်းကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။
သူ့တကိုယ်လုံးမှာ အမည်းရောင် အငွေ့အသက်များ ဖုံးလွှမ်းနေပြီး မျက်လုံးတို့ကလည်း နီရဲနေသည် ။
သူသည်လည်း ကျန်းကျိန့်တောက်လို နတ်ဆိုးတစ္ဆေဂိုဏ်း၏ ပညာရပ်များကို ကျင့်ကြံရင်း နတ်ဆိုးလမ်းစဉ်ထဲကို ကျရောက်သွားတာ သိသာလှသည် ။
"နတ်ဆိုးဝိညာဉ် လေးပါး.... ဒီကောင်လေးကို သတ်စမ်း...."
အဘိုးအိုက ဟိန်းဟောက်လိုက်သည် ။
"ဝေါင်း...."
နတ်ဆိုးဝိညာဉ် လေးပါးကလည်း ပါးစပ်များကို ဟလိုက်ပြီး ဟိန်းဟောက်သံတို့နဲ့အတူ ချန်ကျန်းဆီကို ပြေးဝင်လာကြသည် ။ သူတို့က လေးဖက်လေးတန် မှ ဝန်းရံကာ တိုက်ခိုက်လာ၏။
ချန်ကျန်းကတော့ လေထဲမှာ ဘာမှမလှုပ်ရှားဘဲ တည်ငြိမ်နေသည် ။ အရပ်လေးမျက်နှာကနေ ပြေးဝင်လာသည့် နတ်ဆိုးဝိညာဉ် လေးပါးဟာ ရုတ်တရက် ထိတ်လန့်သွားကြပြီးနောက် နောက်လှည့်ကာ ထွက်ပြေးဖို့ ကြိုးစားကြသည် ။
"ဘာဖြစ်တာလဲ...."
ရဟတ်ယာဉ်ပေါ်မှ ရှောင်ပန်း တစ်ယောက် နားမလည်နိုင် ဖြစ်သွားရသည် ။
အရင်က နန်ရှီတက္ကသိုလ် နောက်တောင်မှာ တစ္ဆေဘုရင်က ချန်ကျန်းရှေ့မှာ ဒူးထောက်ခဲ့တာကို သူ သတိရသွားသည် ။
ဒီနတ်ဆိုးဝိညာဉ် လေးပါးကလည်း အရင်တုန်းက ချန်ကျန်းရဲ့ လက်အောက်ငယ်သားတွေများ ဖြစ်နေမလား...
"လာပြီ...."
လင်းကျန်းမင်က အသံကို နှိမ့်ပြီး ပြောလိုက်သည် ။ သူ၏ အကြည့်က ချန်ကျန်း၏ နောက်ကျောဘက်ဆီမှာ ရှိနေသည် ။
"ဝုန်း...."
ချန်ကျန်း၏ နောက်ကွယ်၌ တစ္ဆေရိပ်တစ်ခု ပေါ်လာလေသည် ။ ထိုတစ္ဆေရိပ် ပေါ်လာသည့် အချိန်တွင် နဂါးကျားတောင် တစ်ဝိုက် ဆယ်ကီလိုမီတာ အတွင်းမှာရှိသည့် တောရိုင်းသတ္တဝါများနှင့် ငှက် အကုန်လုံးမှာ ကြောက်လန့်တကြား မြေပြင်ပေါ်မှာ ဝပ်တွားကုန်ကြသည် ။
ရှောင်ပန်း ဘာမှ မတုံ့ပြန်နိုင်ခင်မှာတင် ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းဟောက်သံကြီး တစ်ခုကို ကြားလိုက်ရသည် ။ ချန်ကျန်း၏ နောက်ကွယ်က ဧရာမ တစ္ဆေရိပ်ကြီးဆီကနေ ဧရာမ လက်သည်းကြီး တစ်ခု ထွက်လာပြီး ထွက်ပြေးနေသည့် နတ်ဆိုးဝိညာဉ် လေးပါးကို ဖမ်းဆုပ်လိုက်လေသည် ။
ထို့နောက်....
အားလုံးကို တစ်ချက်တည်း မျိုချပစ်လိုက်သည် ။
သောက်ကျိုးနည်း...
နတ်ဆိုးဝိညာဉ် လေးပါးကို အဲဒီအရာကြီးက ဝါးမြိုပစ်လိုက်တာလား ။
"ဒါ.... ဒါက ဘာကြီးလဲ.... တစ္ဆေ.... တစ္ဆေဘုရင်လား...."
ရှောင်ပန်း မျက်လုံးပြူးပြီး ထိုတစ္ဆေရိပ်ကို စိုက်ကြည့်နေမိသည် ။
ယင်းက သူ တခါမှ မမြင်ဖူးသည့် ဘီလူးကြီး တစ်ကောင်ပင် ဖြစ်ပေသည် ။
နတ်ဆိုးဝိညာဉ် လေးပါးဟာ နတ်ဆိုးများဖြစ်ပေမဲ့ သူတို့၏ ပုံစံက အထွတ်အမြတ် သတ္တဝါ လေးပါးနှင့် တူသည်ကြောင့် မည်မျှ အစွမ်းထက်မှန်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည် ။
သို့တိုင် ချန်ကျန်း၏ ခန္ဓာကိုယ်ထဲကနေ ထွက်လာသည့် ထိုအရာကြီးကိုတော့ သူ မြင်လည်း မမြင်ဖူးသလို ကြားလည်း မကြားဖူးပေ ။
နတ်ဆိုးဝိညာဉ် လေးပါးကို မျိုချပစ်သည့် ဒီ ကြောက်မက်ဖွယ်ကောင်းသည့် ဘီလူးကြီးက ဘာကြီးလဲ....
ဒါ.... ဒါက ချန်ကျန်းရဲ့ ဝိညာဉ်လား...
ချန်ကျန်းရဲ့ ဝိညာဉ်က ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီး တစ်ကောင် ဖြစ်နေတာလား....
"သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီလောက် ကြောက်စရာကောင်းသည့် အရာတွေ ပုန်းကွယ်နေတာပဲ...."
လင်းကျန်းမင်က အူကြောင်ကြောင်နှင့် ပြောလိုက်မိသည် ။
....
နဂါးကျားတောင် ...
တာအိုရဲ့ ကောင်းကင်ယံ ....
တာအိုအဘိုးအိုကတော့ တုန်ရီနေပြီး ကောင်းကင်ကိုသာ အသံတိတ် မေးခွန်းထုတ်နေမိသည် ။
"မင်း.... နတ်ဆိုးဝိညာဉ် လေးပါးက ဘာဖြစ်သွားတာလဲ.... မင်းရဲ့ ကိုယ်ထဲကနေ ထွက်လာသည့် ဘီလူးကြီးက ဘာကြီးလဲ...."
ဆယ်စက္ကန့်လောက် ငြိမ်သက်သွားပြီးနောက် အဘိုးအိုက အသက်ကို ပြင်းပြင်းရှူပြီး ချန်ကျန်းကို မေးလိုက်သည် ။
"စားပစ်လိုက်ပြီ...."
ချန်ကျန်းက အေးစက်စွာ ပြောလိုက်သည် ။
"စားပစ်လိုက်ပြီ ဟုတ်လား...."
အဘိုးအိုက နောက်တစ်ကြိမ် ငြိမ်သက်သွားပြန်သည် ။ သူက ခေါင်းငုံ့ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည် ။
သို့တိုင်....
သုံးစက္ကန့်တောင် မပြည့်ခင်မှာပဲ အဘိုးအိုက ခေါင်းကို ရုတ်တရက် မော့လိုက်သည် ။
သူက ရင်ဘတ်ထဲကနေ ကျောက်စိမ်းပြား တစ်ခုကို ထုတ်လိုက်ပြီး ညကောင်းကင်ယံကို ကြည့်ကာ ရူးသွပ်စွာ အော်ဟစ်လိုက်သည် ။
"တာအိုဘိုးဘေး.... နဂါးကျားတောင်ကလူတွေ အကုန် သေကုန်ပြီ.... အရှင် မမြင်ဘူးလား...."
ဝုန်း...
အော်ဟစ်သံနှင့်အတူ အဘိုးအိုက ကျောက်စိမ်းပြားကို ရိုက်ခွဲလိုက်လေသည် ။
"ဘုန်း...."
ညကောင်းကင်ယံကနေ ထူးဆန်းသည့် အလင်းတန်းတစ်ခု ကျဆင်းလာပြီး နဂါးကျားတောင်ကို ထိမှန်သွားသည်။
မကြာလိုက်... ထို အလင်းတန်းထဲကနေ လူရိပ်တစ်ခု ထွက်လာလေသည် ။
ဝတ်စုံဖြူ...
အရှိန်အဝါကတော့ ပတ်ဝန်းကျင် တခွင် လွင့်ပျံနေသည် ။
သူ့အသွင်က နတ်ဘုရားတစ်ပါးလိုပင်။
လူ့လောကနှင့် မသက်ဆိုင်သလိုမျိုး ထင်ရသည်။
"နတ်ဘုရားတစ်ပါး ဆင်းသက်လာတာလား...."
ကီလိုမီတာ တစ်ဝက်လောက် ဝေးနေပေမဲ့လည်း ရှောင်ပန်းမှာ ထိုအလင်းရောင်ထဲက ထွက်လာသည့် လူရိပ်ကို မြင်နေရပြီး အလွန် ထူးခြားသည့် အရှိန်အဝါကိုလည်း ခံစားနေရသည် ။
နတ်ဘုရား....
"ဝိညာဉ်ပုံရိပ် ပဲ.... ဒါပေမဲ့လည်း သူက အတော်လေး သန်မာတာပဲ.... ကမ္ဘာမြေပေါ်မှာ မိနစ်အနည်းငယ်လောက်ပဲ နေနိုင်မှာဆိုရင်တောင်မှပေါ့...."
လင်းကျန်းမင်က အသံကို နှိမ့်ပြီး ပြောလိုက်သည် ။
"တာအိုဘိုးဘေး.... အရှင် ကျွန်တော်တို့ကို ကူညီပေးပါဦး.... အရှင် ချန်ထားရစ်ခဲ့သည့် နဂါးကျားတောင် တာအိုနန်းတော်ဟာ ဖျက်ဆီးခံလိုက်ရပါပြီ.... တာအိုဘိုးဘေး ဆင်းသက်လာတာဟာ နဂါးကျားတောင်က တပည့်တွေအတွက် ကလဲ့စားချေဖို့ ဒီကောင်လေးကို သေချာပေါက် သတ်ရမှာပါ...."
ဆင်းသက်လာသည့် ပုဂ္ဂိုလ်ကို မြင်လိုက်ရသည့် အဘိုးအိုက လေထဲမှာ ဒူးထောက်ချလိုက်ပြီး ဝမ်းနည်းပန်းနည်းနှင့် ငိုကြွေးအော်ဟစ်နေတော့သည် ။
"တာအိုဘိုးဘေး.... ဒါက နဂါးကျားတောင်ကို စတင်တည်ထောင်ခဲ့တဲ့သူ မဟုတ်လား.... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်လောက်က ပေါ်ခဲ့တဲ့သူလေ... ဒီလို ပုဂ္ဂိုလ်မျိုးက တကယ် ရှိနေတာလား...."
ဤအခိုက်အတန့်တွင် ရှောင်ပန်းသည် စွမ်းအားရှင်အဖွဲ့ထဲက နဂါးကျားတောင်နှင့် ပတ်သက်သည့် အချက်အလက်များကို သတိရသွားသည် ။ အချက်အလက်တွေအရ တာအိုရဟန်းတစ်ပါးဟာ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်လောက်မှာ နဂါးကျားတောင် တာအိုဂိုဏ်းကို တည်ထောင်ခဲ့သည် ။
ကျောက်စိမ်းပြားကို ခွဲပြီး ပင့်ဖိတ်လိုက်တဲ့ နတ်ဘုရားဟာ တကယ့် ဂိုဏ်းတည်ထောင်သူ ဘိုးဘေး ဖြစ်နေတာလား....
ကျင့်ကြံရေးဂိုဏ်းများမှာ စွမ်းအားရှင်အဖွဲ့ထက် များစွာ ပိုပြီး အင်အားတောင့်တင်းလှသည် ။
နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသည့် ထိုသို့ ကျင့်ကြံခြင်းဂိုဏ်းများနှင့် ယှဉ်လျှင် စွမ်းအားရှင်အဖွဲ့မှာ ဘာအခြေခံမှ မရှိသလိုပင်။
"နတ်ဘုရားတွေ ဆင်းသက်လာပြီ.... ချန်ကျန်း အစ်ကိုကြီး.... ရင်ဆိုင်နိုင်ပါ့မလား...."
ရှောင်ပန်းက တိုးတိုးလေး ရေရွတ်လိုက်သည် ။
လင်းကျန်းမင်ကတော့ ဘာမှပြန်မပြောဘဲ နဂါးကျားတောင်ပေါ်က ကောင်းကင်ကိုသာ ကြည့်နေသည် ။
ယခုအချိန်တွင် နဂါးကျားတောင်ပေါ်ရှိ လေထဲ၌ လူသုံးယောက် ရှိနေသည် ။ အဘိုးအိုကတော့ ဒူးထောက်ငိုကြွေးနေပြီး ချန်ကျန်းကတော့ တောင်ကြီးတစ်လုံးလို တည်ငြိမ်နေသည် ။ ဆင်းသက်လာသည့် ဝတ်စုံဖြူနှင့် တာအိုရဟန်းကလည်း ချန်ကျန်းကို မလှုပ်မယှက် စိုက်ကြည့်နေ၏။
လေထုက အနည်းငယ် ထူးဆန်းနေပေသည် ။
နောက်တစ်စက္ကန့်မှာ နတ်ဘုရားနှင့် လူသားကြား တိုက်ပွဲတစ်ခု ပေါက်ကွဲထွက်လာတော့မည့်ပုံ ပေါက်နေသည် ။
"တာအိုဘိုးဘေး.... ဘာလို့ သူ့ကို မသတ်သေးတာလဲ.... အရှင် လူ့လောကမှာ သုံးမိနစ်ပဲ နေလို့ရတာ မဟုတ်ဘူးလား...."
ဝမ်းနည်းပန်းလက် ငိုနေသည့် အဘိုးအိုက ရုတ်တရက် ရပ်လိုက်သည် ။ ဝတ်စုံဖြူနှင့်ကျင့်ကြံသူက သူ့ကို လျစ်လျူရှုထားတာကို မြင်သည့်အခါ သူက မနေနိုင်ဘဲ မေးလိုက်ခြင်းဖြစ်သည် ။
"ဟူး...."
ဤတစ်ခါမှာတော့ ဝတ်စုံဖြူကျင့်ကြံသူက တုံ့ပြန်လိုက်သည် ။ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး ချန်ကျန်းကို လေထဲမှာတင် ဒူးထောက်ဂါရဝလိုက်လေသည် ။
"ချန်ဘိုးဘေးကို ဂါရဝပြုပါတယ်...."
စကားတစ်ခွန်း...
စာလုံးလေးလုံး...
အသံက တိုးပေမဲ့ မြင့်မြတ်လှသည် ။
ချန်ဘိုးဘေးကို တွေ့ရခြင်း...
ဝတ်စုံဖြူနဲ့ တာအိုရဟန်း.... နဂါးကျားတောင်ရဲ့ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးက ချန်ကျန်းရှေ့မှာ တကယ်ပဲ ဒူးထောက်လိုက်တာလား..
"သောက်ကျိုးနည်း...."
ရဟတ်ယာဉ်ပေါ်က ရှောင်ပန်း တစ်ယောက် ခဏမျှ ကြောင်အမ်းသွားပြီးနောက် ဆဲဆိုလိုက်မိသည် ။
ချန်ဘိုးဘေး...
နဂါးကျားတောင် ဂိုဏ်းတည်ထောင်သူ ဘိုးဘေးက ချန်ကျန်းကို ချန်ဘိုးဘေးလို့ ခေါ်လိုက်တာလား...
သောက်ကျိုးနည်းကြီး...
နဂါးကျားတောင် ဂိုဏ်းတည်ထောင်သူရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို ချန်ကျန်းက သင်ပေးခဲ့တာ မဟုတ်ပါစေနဲ့လေ....
ရှောင်ပန်း၏ အတွေးတွေက ရူးသွပ်စွာ လှည့်ပတ်နေသည် ။
"တာအိုဘိုးဘေး.... အရှင်...."
အဘိုးအို၏ မျက်နှာမှာ အလွန်ကို ကြည့်ရဆိုးနေသည် ။ အံ့ဩမှုနဲ့ ထိတ်လန့်မှုတို့အပြင် ခံစားချက်ပေါင်းစုံက သူ့မျက်နှာပေါ်မှာ ရောထွေးနေလေသည် ။
"ငါ မင်းကို မသိဘူး...."
ထိုစဥ် ချန်ကျန်းက ဝတ်စုံဖြူကျင့်ကြံသူကို ပေါ့ပေါ့ပါးပါး တစ်ချက် ကြည့်လိုက်သည် ။
"ချီးပဲ....ဒါတော့ တရားလွန်သွားပြီ"
ရှောင်ပန်းကတော့ နောက်ထပ်တစ်ကြိမ် ဆဲဆိုမိလိုက်ပြန်သည်။
ငါ မင်းကို မသိဘူးတဲ့လား...
ပတ်သက်မှုကို တိုက်ရိုက်ကြီး ဖြတ်ချလိုက်တာပဲ...
အဲဒီစကားရဲ့ အဓိပ္ပါယ်က မင်းက ငါနဲ့ ပတ်သက်ဖို့ အရည်အချင်းမရှိဘူးလို့ ပြောနေတာနဲ့ အတူတူပဲ...
ချန်ကျန်း အစ်ကိုကြီးကတော့ တကယ်ကို ချန်ကျန်းပါပဲ...
တကယ်ကို သန်မာလွန်းတယ်...
"ကျွန်တော်က...." ဒူးထောက်နေသည့် ဝတ်စုံဖြူကျင့်ကြံသူက အနည်းငယ် ကြောင်သွားပြီးနောက် ချန်ကျန်းကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည် ။ "ကျွန်တော် နဂါးကျားတောင် တာအိုနန်းတော်ကို တည်ထောင်နိုင်ခဲ့သည့် အကြောင်းရင်းကတော့ အရင်တုန်းက တိုက်ဆိုင်မှုတစ်ခုကြောင့် ရှေးဟောင်းကျမ်းစာ တစ်စောင်ကို ရခဲ့လို့ပါ.... အဲဒီ ကျမ်းစာထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်တွေ ပါဝင်ပါတယ်.... ကျွန်တော် အဲဒီပညာရပ်တွေကို သင်ယူခဲ့တာပါ.... အဲဒီကျမ်းစာထဲက လမ်းညွှန်ချက်တွေအရ ကျွန်တော် ရှေးဟောင်းဂူတစ်ခုထဲကို ဝင်ခဲ့ပါတယ်.... အဲဒီ ကျောက်ဂူရဲ့ နံရံပေါ်မှာ ချန်ဘိုးဘေးရဲ့ ပုံတူ ပန်းချီကားကို တွေ့ခဲ့ရပါတယ်.... အဲဒါက အရှင့်ရဲ့ တပည့်တစ်ယောက် နေထိုင်ခဲ့တဲ့ နေရာဖြစ်ရမယ်.... ဒါကြောင့်.... နဂါးကျားတောင်ရဲ့ အစဉ်အလာဟာ ရှေးဟောင်းကျမ်းစာထဲက လျှို့ဝှက်ပညာရပ်တွေ အမွေဆက်ခံထားတာဆိုပေမဲ့ ဒီလမ်းစဉ်ရဲ့ အစကတော့ ချန်ဘိုးဘေး အရှင်ပဲ ဖြစ်ပါတယ်.... ဆိုလိုတာက.... နဂါးကျားတောင်ဟာ လူ့လောကမှာ အရှင် ချန်ထားရစ်ခဲ့သည့် လမ်းစဉ် တစ်ခုပါပဲ...."
"ဟမ်...." နဂါးကျားတောင်က လူများက ထိုစကားကို ကြားသည့်အခါ ခေါင်းကို အတင်းမော့ပြီး ချန်ကျန်းကို စိုက်ကြည့်ရင်း အသက်ရှူမှားသွားမိသည်။
အမွေဆက်ခံမှု ...
အစဉ်အလာ လမ်းစဉ်...
တာအိုဘိုးဘေးက နဂါးကျားတောင်က လူ့လောကမှာ ချန်ကျန်း ချန်ထားရစ်ခဲ့သည့် လမ်းစဉ်တစ်ခုလို့ တကယ်ကြီး ပြောလိုက်တာလား ...
ရူးစရာပဲ ..
တကယ်ကို ရူးစရာပဲ...
ဒီကမ္ဘာကြီးက ရူးသွားပြီ....
"ချီးပဲ.... ဒီလိုမျိုးလည်း ရှိသေးတာလား...."
ရဟတ်ယာဉ်ပေါ်က ရှောင်ပန်းက တတိယအကြိမ်မြောက် ဆဲဆိုလိုက်ပြန်သည် ။
အံ့ဩစရာ ညပင်။ မယုံနိုင်စရာ အဖြစ်အပျက်များ တောက်လျှောက် ဖြစ်ပျက်နေလေသည်။
အကယ်၍ ထိုသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ဟွာရှကျင့်ကြံခြင်းလောက တစ်ခုလုံး တုန်လှုပ်သွားနိုင်သည် ။
ရဟတ်ယာဉ်ပေါ်က လင်းကျန်းမင်၏ မျက်လုံးထဲမှာလည်း ထိတ်လန့်မှုတို့ ရှိနေသည် ။ သို့တိုင် သူက ဘာမှ ထုတ်မပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည် ။
"လမ်းစဉ် ဟုတ်လား.... ငါ့မှာ အဲဒီလောက် အမွေအနှစ်တွေ အများကြီး မရှိပါဘူး.... ငါ နဂါးကျားတောင်ရဲ့ ဒီလမ်းစဉ်ကို အသိအမှတ်မပြုဘူး...."
ချန်ကျန်းက စကားပြောလိုက်သည် ။
အေးစက်သည့် စကားတစ်ခွန်း.... အေးစက်ပြီး ရက်စက်လှသည် ။
"မလုပ်နဲ့.... ဘိုးဘေးကြီး.... ကျေးဇူးပြုပြီး ဒီတပည့်ရဲ့ မလေးစားမှုကို ခွင့်လွှတ်ပေးပါ.... ဘိုးဘေးကြီး.... ကျွန်တော် အရှင့်ကို ဂါရဝပြုပါတယ်.... ကျွန်တော် ဦးတိုက်ပါတယ်.... ကျွန်တော် ဦးတိုက်ပါတယ်...."
အဘိုးအိုက အခြေအနေကို သဘောပေါက်သွားပြီး ချန်ကျန်းကို အော်ဟစ်တောင်းပန်လာတော့သည် ။
သို့တုိင် ချန်ကျန်းကတော့ ရွံရှာသည့် အကြည့်တစ်ချက်နှင့်သာ ကြည့်လိုက်သည်တွင် အဘိုးအိုဟာ ထိတ်လန့်တကြားနဲ့ သေဆုံးသွားတော့သည် ။
"......"
ဝတ်စုံဖြူကျင့်ကြံသူက ပါးစပ်ကို ဟလိုက်ပြီး အောက်က ပျက်စီးနေသည့် နဂါးကျားတောင်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး ချန်ကျန်းကို နောက်တစ်ကြိမ် ဦးညွှတ်ကာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားတော့၏။
အခန်း ၁၄၃ ပြီး
***