"နဂါးကျားတောင် ပျက်စီးသွားလေပြီ။"
"ဘယ်သူလုပ်တာလဲ...."
"မသိဘူး...."
"လုံမိသားစုနဲ့ တာအိုနန်းတော်က တစ်ယောက်ပြီးတစ်ယောက် ပျက်စီးကုန်ပြီ.... ဘယ်သူလုပ်တာလဲဆိုတာ ငါတို့မသိဘူး.... လျှို့ဝှက်နယ်မြေထဲက ဘယ်ဆရာကြီး လုပ်တာလဲဆိုတာလည်း မသိနိုင်ဘူး.... ဒီဂူတွေက လောကထဲကို တကယ်မထွက်လာသေးခင်မှာပဲ ပြိုင်ဘက်တွေကို အရင်ရှင်းထုတ်နေတာလား...."
"ပြောဖို့ ခက်တယ်...."
တောင်တန်းပေါင်း တစ်သိန်းရဲ့ အနက်ရှိုင်းဆုံးနေရာ ၊ မြူခိုးတွေ ဖုံးလွှမ်းနေသည့် နတ်ဆိုးနန်းတော်ထဲမှာ နတ်ဆိုးဘုရင်နှစ်ပါးမှာ အသံတိုးတိုးနှင့် စကားပြောနေကြလေသည်။
"အထက်ကမ္ဘာက ကျင်းဝူ နတ်ဆိုးတွေအကြောင်း မင်းဘာပြောစရာရှိလဲ.... သူတို့တွေ ဘယ်တော့ ကမ္ဘာမြေကို လာမှာလဲ...."
အလယ်မှာရှိသည့် နတ်ဆိုးဘုရင်က ရုတ်တရက် မျက်လုံးဖွင့်ပြီး မေးလိုက်လေသည်။
"အထက်ကမ္ဘာက ကျင်းဝူနတ်ဆိုးကြီး ပြောတာတော့ အထက်ကမ္ဘာမှာ မကြာသေးခင်က အခြေအနေတွေ မငြိမ်မသက် ဖြစ်နေတယ်တဲ့.... ဝိညာဉ်လောကမှာ တာအိုသခင် နဲ့ နတ်ဆိုးဧကရာဇ်တို့ ရုတ်တရက် ပေါ်လာပြီး တိုက်ခိုက်နေကြတာကြောင့် အကြီးအကျယ် တုန်လှုပ်သွားရတယ်တဲ့.... ကမ္ဘာမြေပေါ်က ဝိညာဉ်စွမ်းအားတွေကို လုဖို့ ပြင်နေသည့် အင်အားစုတွေကတော့ အဲဒီနှစ်ယောက် ထွက်သွားတဲ့အထိ စောင့်ရဦးမှာပဲ.... ဆယ်ရက်ကနေ လဝက်လောက်တော့ ကြာဦးမယ်ထင်တယ်.... ပြီးတော့ ဟွာရှပြည်က လင်းယွင် ရတနာသိုက်ကလည်း တကယ်မပွင့်သေးဘူး.... လျှို့ဝှက်နယ်မြေတွေ အကုန်လုံး လောကထဲ ထွက်လာပြီးမှ စွမ်းအားတွေ အပြည့်အဝ ထွက်ပေါ်လာမှာ...."
ဘယ်ဘက်မှာရှိသည့် နတ်ဆိုးဘုရင်က တိုးတိုးလေး ပြောလိုက်လေသည်။
"တာအိုသခင်နဲ့ နတ်ဆိုးဧကရာဇ်တို့ရဲ့ စစ်ပွဲလား.... အဲဒီအကွာအဝေးက ငါတို့နဲ့ အရမ်းဝေးကွာလွန်းတယ်...." အလယ်က နတ်ဆိုးဘုရင်က မျက်မှောင်ကြုတ်ပြီး ခေါင်းယမ်းလိုက်လေသည်။ "ကမ္ဘာမြေပေါ်မှာ ကြယ်ကိုးလုံး တန်းစီတဲ့ အဖြစ်အပျက် ဖြစ်ပေါ်ခဲ့တာဟာ နှစ်ပေါင်းထောင်ချီအတွင်း အကြီးမားဆုံး ကျင့်ကြံခြင်း အခွင့်အရေးပဲ.... ကျင်းဝူနတ်ဆိုးတွေ ရောက်လာသည့်အခါ ငါတို့က သူတို့ကို ကူညီပေးနိုင်သရွေ့ အကျိုးကျေးဇူးတွေက ငါတို့အတွက်ပဲ ဖြစ်မှာပါ...."
"ဒါနဲ့ ဘော့စ်.... ကျင်းဝူနတ်ဆိုးကြီးက ဝိညာဉ်ကမ္ဘာ နဲ့ အဆင့်တူသည့် မိုးတိမ်ကမ္ဘာ အကြောင်းလည်း ပြောသေးတယ်.... အဲဒီကမ္ဘာက အင်အားစုတွေလည်း ကမ္ဘာမြေရဲ့ အပြောင်းအလဲကို အာရုံခံမိနေကြပြီး.... ကမ္ဘာမြေ ၊ ဝိညာဉ်ကမ္ဘာ နဲ့ မိုးတိမ်ကမ္ဘာ သုံးခုကြားမှာ စစ်ပွဲတွေ ဖြစ်လာနိုင်တယ်တဲ့...."
ဘယ်ဘက်က နတ်ဆိုးဘုရင်က နောက်ထပ်တစ်ချက်ကို ထပ်ပြောလိုက်လေသည်။
"မိုးတိမ်ကမ္ဘာ ဟုတ်လား...." အလယ်က နတ်ဆိုးဘုရင်ဟာ ခဏလောက် ကြောင်သွားပြီးနောက် သက်ပြင်းချလိုက်လေသည်။ "ကမ္ဘာမြေပေါ်မှာ ငါတစ်ယောက်တည်းပဲ သိတာ ဖြစ်နိုင်တယ်.... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်တုန်းက အဲဒီကမ္ဘာရဲ့ အရှင်သခင်က ကမ္ဘာမြေကို လာခဲ့ဖူးတယ်.... အဲဒီတုန်းက ငါက နတ်ဆိုးဘုရင် ဖြစ်နေပြီ.... ဒါပေမဲ့ သူမရဲ့ အကြည့်တစ်ချက်တည်းနဲ့တင် ငါ သေလောက်အောင် ကြောက်သွားခဲ့ရတယ်.... သူမက ကမ္ဘာမြေကို လူတစ်ယောက် လာရှာတာလို့ ပြောတယ်.... ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူး.... အခုတော့ အဲဒီ လူက ကမ္ဘာမြေပေါ်မှာ မရှိတော့ဖို့ပဲ မျှော်လင့်ရတာပဲ...."
"မိုးတိမ်ကမ္ဘာရဲ့ အရှင်သခင်က ဘယ်သူလဲ...."
နတ်ဆိုးဘုရင် နှစ်ပါးစလုံး အံ့ဩသွားကြလေသည်။
"ယွီဟွမ်ဖုန်းဖေး...."
အလယ်က နတ်ဆိုးဘုရင်က အံကြိတ်ပြီး ပြောလိုက်လေသည်။
သူ့ဘဝမှာ အဲဒီပုံရိပ်ကို မေ့ဖို့ခက်လှပေသည်။ သူမကို ပထမဆုံး မြင်လိုက်ရစဉ်က သူမ၏ ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်များကို သူ မေ့လို့မရနိုင်ပေ။
ထိုအမျိုးသမီးက စိတ်ကူးတစ်ချက်တည်းနှင့်တင် သူ့ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
......
ဟွာရှပြည် ဟိုင်ရှီးမြို့ ...
ကြယ်ငါးပွင့် ဟိုတယ်တစ်ခု၏ ဇိမ်ခံအခန်းထဲအတွင်း...
"ဒါကြောင့် ဖြစ်စဉ်တစ်ခုလုံးက အရမ်းရိုးရှင်းပါတယ်.... မစ္စတာချင်က အင်္ဂလန်မှာ လောင်းကစားကြွေးတွေ အများကြီး တင်နေတာ.... ငါက သူ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်မို့လို့ ကြွေးတွေကို ဆပ်ပေးခဲ့တာပါ.... မစ္စတာချင်က ငါ ဟွာရှဇနီးတစ်ယောက် လိုချင်နေတာကို သိတာကြောင့် ဒီနေ့ ညစာစားပွဲ ဖြစ်လာတာပေါ့.... ညစာ ဆိုတဲ့ စကားလုံးကို ငါ သုံးတာ မှန်တယ်မလား.... ဟွာရှစာ သင်တာ တစ်နှစ်တောင် မပြည့်သေးပေမဲ့ ဘာသာစကားပိုင်းမှာ ငါက တကယ် ပါရမီပါတယ်...."
ဝတ်စုံနက်နှင့် အမျိုးသားက ချင်ရီကို ကြည့်ပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်လေသည်။
"သမီး.... မစ္စတာဂျန်ဆန်က အဖေ့ရဲ့ အသက်သခင်ပါ.... သမီးက ယောက်ျားတွေကို စိတ်မဝင်စားမှန်း အဖေသိပေမဲ့ ဒီတစ်ခါတော့ အဖေ့မျက်နှာကို ထောက်ပြီး မစ္စတာဂျန်ဆန်နဲ့ ရင်းနှီးအောင် ကြိုးစားကြည့်ပါလား...."
ချင်လီဟွာလို့ အမည်ရသည့် ချင်ရီ၏ ဖခင်က အမြန် ပြောလိုက်လေသည်။
"ဒါကတော့.... မဖြစ်နိုင်ဘူး ထင်တယ်...." ချင်ရီက ခဏလောက် စဉ်းစားပြီး ခေါင်းယမ်းလိုက်လေသည်။
"ကြည့်ရတာ မိန်းကလေးချင်ရီနဲ့ ငါနဲ့က ရေစက်မပါဘူး ထင်တယ်...."
ဂျန်ဆန်က ပြုံးလိုက်ပြီး လက်ထဲက ဓားနဲ့ ခက်ရင်းကို ချလိုက်လေသည်။ သူက ယန်ရန် နှင့် ချန်ကျန်းကို တစ်ချက် ကြည့်လိုက်ပြီး လက်သုတ်ပုဝါနှင့် လက်ကို သုတ်လိုက်လေသည်။ ထို့နောက် သူက ယဉ်ကျေးစွာနှင့် လက်သုတ်ပုဝါကို ပြန်ချလိုက်ပြီး ပြုံးပြလိုက်ပြန်လေသည်။ "ဒါပေမဲ့ ငါ့မှာ စည်းမျဉ်းတစ်ခု ရှိတယ်.... ဘယ်နေရာကို ရောက်ရောက် သွေးသောက်ရမယ်ဆိုတဲ့ စည်းမျဉ်းပဲ.... အဲဒါကလည်း စင်ကြယ်သည့် မိန်းမပျိုရဲ့ သွေးစစ်စစ် ဖြစ်ရမယ်.... မိန်းကလေးချင်ရီက ဒီအချက်နဲ့ ကိုက်ညီနေတယ်လေ.... ဒါကြောင့်.... မိန်းကလေးချင်ရီ.... မင်းကို ငါ စိတ်မကောင်းဘူးလို့ပဲ ပြောရတော့မယ်...."
ဘာ....။ သွေးသောက်မယ် ဟုတ်လား....။ ဘာကို ဆိုလိုတာလဲ....။
ချင်လီဟွာက သူ့သူငယ်ချင်းကို နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။
"စားပွဲ စတင်မယ်...."
နောက်တစ်စက္ကန့်မှာပဲ ယဉ်ကျေးသည့် ပုံစံရှိသည့် ဂျန်ဆန်က မတ်တပ်ထရပ်လိုက်လေသည်။ သူ့၏ ကိုယ်ခန္ဓာဟာ သစ်သားချောင်းတစ်ခုလို တောင့်တင်းသွားရလေသည်။
သူက လက်ကို မြှောက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်လေသည်။ ထို့နောက် သူက ပြုံးလိုက်သည့်အခါ စူးရှသည့် အစွယ်နှစ်ချောင်း ပေါ်လာလေသည်။
"အား.... သွေးစုပ်ဖုတ်ကောင်ပဲ.... သမီး ထွက်ပြေးတော့...."
ချင်လီဟွာက အော်ဟစ်ပြီး ထွက်ပြေးဖို့ ကြိုးစားသော်လည်း ကုလားထိုင်နှင့် တိုက်မိပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။
သို့တုိင်...
ဤစားပွဲမှာ ငါးယောက် ထိုင်နေတာဖြစ်သော်လည်း သူတစ်ယောက်တည်းပဲ ထိတ်လန့်တကြား အော်ဟစ်နေခြင်းပင် ။
ချင်ရီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်လေသည်။ ယန်ရန်ကလည်း မျက်မှောင်ကြုတ်လိုက်လေသည်။ အစကတည်းက စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေသည့် ချန်ကျန်းကတော့ ဟင်းရွက်တစ်ဖဲ့ကို တည်ငြိမ်စွာ စားနေဆဲပင်။
"ဟမ်.... မင်းတို့ သုံးယောက်က ငါ ပြောင်းလဲသွားတာကို မအံ့ဩကြဘူးလား.... ဒါက ငါ့ကို နည်းနည်း ပျော်ရွှင်စေတယ်..... အကြောက်လွန်နေတဲ့သူရဲ့ သွေးကို ငါ မကြိုက်ဘူး...." ပြောင်းလဲသွားသည့် ဂျန်ဆန်က ကျေနပ်စွာ ပြုံးလိုက်ပြီး လက်ဖျောက် နောက်တစ်ချက် တီးလိုက်ပြန်လေသည်။
ထူးဆန်းသည့် စွမ်းအားတစ်ခုက အခန်းတစ်ခုလုံးကို ချက်ချင်း ပိတ်ဆို့လိုက်လေသည်။ ချင်ရီနှင့် ယန်ရန်တို့ဟာ လှုပ်ရှားလို့ မရတော့တာကို သတိထားမိလိုက်ပေမဲ့ သူတို့တွေ မထိတ်လန့်ကြပေ။
အဘယ်ကြောင့်ဆိုသော် စားပွဲမှာ ထိုင်နေသည့် အမျိုးသားက အခုထိ ထမင်းစားတံကိုတောင် မချသေးတာကြောင့် ဖြစ်လေသည်။
"ဒါက သွေးစုပ်ဖုတ်ကောင်ရဲ့ ပိုင်နက်အစွမ်းပဲ.... မားကွစ် အဆင့်ရဲ့ အစွမ်းပေါ့...." ဂျန်ဆန်က သူ့မျက်နှာမှာ ယဉ်ကျေးသည့် အပြုံးတစ်ခု ရှိနေဲဖြစ်ပြီး ဂုဏ်ယူနေသည့် အရိပ်အယောင်တွေလည်း ရှိနေလေသည်။ သူက လက်ဖျောက် တစ်ချက် တီးလိုက်ပြီး ကခုန်နေသလိုမျိုး လှည့်ပတ်လိုက်လေသည်။ ထို့နောက် သူက ဆက်ပြောလာပြန်သည်။
"သွေးစုပ်ဖုတ်ကောင် မားကွစ် အဆင့်တွေထဲမှာ ပိုင်နက်အစွမ်းတစ်ခုကို နားလည်နိုင်တဲ့သူက အရမ်းနည်းတယ်.... ဒါကြောင့်လည်း ငါ့ကို အက်ဒင်ဂျာ မြို့စားကြီးက ဟွာရှပြည်ကို တာဝန်ပေးပြီး လွှတ်လိုက်တာပေါ့.... ဒီပိုင်နက်အစွမ်း ရှိနေသရွေ့ ငါက ဟွာရှပြည်က ဘယ်ဆရာကြီးနဲ့ပဲ တွေ့တွေ့ အေးအေးဆေးဆေး ထွက်ပြေးနိုင်တယ်...."
ဂျန်ဆန်က လက်ဖျောက် ထပ်တီးလိုက်ပြန်လေသည်။
"ဆောရီး.... ငါက နည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်မိသွားတယ်ထင်တယ်.... ဒါပေမဲ့ ဒါက အရည်အချင်းရှိတဲ့ သွေးစုပ်ဖုတ်ကောင် တစ်ယောက်ရဲ့ ပုံစံပဲလေ.... ငါက လက်ဖျောက်တီးရတာကို ကြိုက်တယ်.... အဘယ်ကြောင့်ဆိုသော် ငါက ရက်စက်တဲ့ ဘုရင်တွေအကြောင်း ရုပ်ရှင်တွေ ကြည့်ဖူးတယ်လေ.... လက်ဖျောက်တစ်ချက် တီးရုံနဲ့ အရာအားလုံးကို ထိန်းချုပ်နိုင်သည့် ခံစားချက်ကို ငါ သိပ်ကြိုက်တယ်.... မင်းတို့တွေ မအံ့ဩဖို့ မျှော်လင့်ပါတယ်...."
ဂျန်ဆန်က အခုမှ ထမင်းစားတံကို ချလိုက်သည့် ချန်ကျန်းကို လှမ်းကြည့်လိုက်လေသည်။ သူက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ "ဒီလူကြီးလူကောင်းက အစားအသောက်ကိုပဲ အာရုံစိုက်နေပြီး ငါလို သွေးစုပ်ဖုတ်ကောင် လူကြီးလူကောင်းကိုတော့ ဂရုမစိုက်ဘူးပဲ.... ဒါဆိုရင်တော့ ဒီလူကို အရင်ဆုံး ငရဲပို့ပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ.... မှတ်ထားကြ.... ဒါက အရာအားလုံးကို အုပ်စိုးနိုင်တဲ့ စွမ်းအားပဲ...."
ပြောရင်းဆိုရင်းနှင့်....
သူ့မျက်နှာထား ရုတ်တရက် တင်းမာသွားပြီး လက်ဖျောက် နောက်တစ်ချက် တီးလိုက်ကာ ချန်ကျန်းကို လက်ညှိုးထိုးလိုက်လေသည်။
ဝုန်း ... ချန်ကျန်းရဲ့ ရှေ့က စားပွဲပေါ်မှာရှိသည့် ပန်းကန်ခွက်ယောက်များ အကုန် ပေါက်ကွဲသွားတော့သည်။
"သတိထား...."
ကြမ်းပြင်ပေါ်မှာ လဲနေသည့် ချင်လီဟွာ အော်ဟစ်လိုက်မိလေသည်။ သို့သော် နောက်တစ်စက္ကန့်မှာတော့ သူ့မျက်လုံးများမှာ ပြူးကျယ်သွားမိသည်။ ပေါက်ကွဲသွားသည့် ဖန်ကွဲစများနှင့် ပန်းကန်ကွဲစများမှာ လေထဲမှာ ရုတ်တရက် ရပ်တန့်သွားတာကို တွေ့လိုက်ရသောကြောင့်။ ထို့နောက် သူ့သမီး၏ လက်အောက်ငယ်သားလို့ ထင်နေခဲ့သည့် လူငယ်လေးက ညာလက်ကို မြှောက်ပြီး လက်ဖျောက် တစ်ချက် တီးလိုက်တာကို သူ မြင်လိုက်ရလေသည်။
ဝုန်း ...
သွေးစုပ်ဖုတ်ကောင် မားကွစ် ဂျန်ဆန်ရဲ့ ခန္ဓာကိုယ်ဟာ တစ်စစီ ပြုတ်ထွက်သွားပြီး ခေါင်းက ကြမ်းပြင်ပေါ်ကို ဘုန်းခနဲ ပြုတ်ကျသွားရလေသည်။
"မင်းက လက်ဖျောက်တီးရတာကို ကြိုက်တာလား.... တိုက်ဆိုင်လိုက်တာ.... ငါလည်း လက်ဖျောက်တစ်ချက် တီးရုံနဲ့ အရာအားလုံးကို အုပ်စိုးရတာကို ကြိုက်တယ်...."
ကြမ်းပြင်ပေါ် ပြုတ်ကျနေသည့် ဂျန်ဆန်၏ ခေါင်းဟာ ချန်ကျန်း၏ ရယ်သံကို ကြားလိုက်ရပြီး နောက်ထပ် လက်ဖျောက်တီးတော့မယ့် ပုံစံကို မြင်လိုက်ရလေသည်။
"မလုပ်နဲ့.... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ ဟွာရှပြည်က စွမ်းအားရှင်ကြီး.... အရှင့်ကို ကျွန်တော် မစော်ကားသင့်ခဲ့ဘူး...."
ဤအခိုက်အတန့်မှာ သွေးစုပ်ဖုတ်ကောင် မားကွစ်မှာ ထိတ်လန့်တကြား အော်ဟစ်တောင်းပန်နေလေသည်။
သူက ချက်ချင်း သဘောပေါက်သွားလေသည်။ ထို ရိုးရိုးရှင်းရှင်း ပုံစံရှိသည့် လူငယ်လေးဟာ သူ့လို မားကွစ် အဆင့်ကို အလွယ်တကူ ချေမှုန်းနိုင်သည့် တကယ့် စွမ်းအားရှင်ကြီး ဖြစ်နေတာကိုပင်။
သွေးအနည်းငယ်အတွက် လောဘတက်မိလို့ သူ အမှားကြီး မှားခဲ့လေပြီ။
ကြည့်ရတာ.... သူ့ အသက်ကတော့ အဆုံးသတ်တော့မယ့်ပုံပင်။
ဝုန်း ....
သို့သော်ငြားလည်း လက်ဖျောက်တစ်ချက်နှင့်အတူ သွေးစုပ်ဖုတ်ကောင် မားကွစ်၏ ခေါင်းမှာ ပေါက်ကွဲပျောက်ကွယ်သွားတော့သည်။
အခန်း ၁၄၄ ပြီး
***