အရှင့်ရဲ့ ပြန်လာခြင်းကို ရိုသေစွာ ကြိုဆိုပါတယ်...
ဒါက ဘာကြီးလဲ....
မြေကမ္ဘာနတ်ဘုရား အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေသည့် ဘိုးဘေးကြီးက ဘာလို့ ဒီလူငယ်လေးကို ဒီလောက်အထိ ရိုသေနေရတာလဲ....
ဟုတ်ပေသည်။ မည်သူမှ နားမလည်နိုင်တော့ပေ။
လုံးဝကို နားမလည်နိုင်စရာ အခြေအနေ ဖြစ်သလို မယုံနိုင်စရာ ကောင်းလောက်အောင်လည်း တုန်လှုပ်စရာ ကောင်းလှ၏။
ဒီအချိန်မတိုင်ခင်အထိ ချန်ကျန်းကို ဝိုင်းပြီး ပြစ်တင်ရှုတ်ချနေသည့်သူများမှာ အခုတော့ တိတ်ဆိတ်သွားကြပြီး သူတို့၏ အကြည့်တွေက ချန်ကျန်းဆီမှာပဲ စုပြုံနေတော့သည် ။ ချန်ကျန်းက ဘယ်လိုလူလဲဆိုတာကို သူတို့ သိချင်နေကြပြီ ဖြစ်ပေသည် ။
"နတ်ဘုရား ဟုတ်လား...." ခွန်းလွန်းဝတ်စုံစိမ်း ဓားသမား၏ မျက်ခုံးများက တွန့်ချိုးနေသည် ။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဝင်းနားဘိုးဘေးကြီးနှင့် ချန်ကျန်းကို တစ်လှည့်စီ ကြည့်ကာ ပြောလိုက်သည် ။ "ဝင်းနားဘိုးဘေးကြီး.... ဒီကောင်လေးကို မျက်နှာသာပေးချင်လို့ ခင်ဗျားကပဲ အဆင့်အတန်းတစ်ခုကို လုပ်ကြံဖန်တီးနေတာ မဟုတ်လား...."
"ဟုတ်တယ်.... အစ်ကိုကြီး ပြောတာ မှန်တယ်.... ဒီကမ္ဘာမှာ နတ်ဘုရားဆိုတာ မရှိဘူး .... လူတိုင်းက နတ်ဘုရားပဲလေ.... ဝင်းနားမိသားစုဆီကနေ ငါတို့က တရားမျှတတဲ့ ရှင်းပြချက်တစ်ခုပဲ လိုချင်တာ...."
တစ်ယောက်ယောက်က ဝင်ပြီး အားပေးလိုက်သည် ။
"ဟွန့်...." ဝင်းဆန်းရွှီက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်သည့် အကြည့်တစ်ချက်နှင့် ဝေ့ကြည့်လိုက်သည့်အခါ ဆူညံနေသည့်သူများမှာ ချက်ချင်း ပါးစပ်ပိတ်သွားကြရသည် ။ ဝင်းဆန်းရွှီက ချန်ကျန်းဘက်ကို ပြန်လှည့်ပြီး လက်သီးဆုပ် ဂါရဝပြုလိုက်ပြန်သည် ။ ထို့နောက် သူက ကျယ်လောင်စွာ ပြောလိုက်သည် ။ "ငါတို့ ဝင်းနားမိသားစုဟာ ဟွာရှကျင့်ကြံခြင်းလောကရဲ့ ထိပ်တန်း မိသားစု သုံးခုထဲမှာ ပါဝင်နိုင်ခဲ့ပြီး နှစ်ပေါင်းထောင်ချီ အမွေဆက်ခံနိုင်ခဲ့တဲ့ အကြောင်းရင်းကတော့.... ငါတို့ ဝင်းနားမိသားစုကို အထက်ကမ္ဘာက ဆင်းသက်လာတဲ့ နတ်ဘုရားက ကယ်တင်ခဲ့လို့ပဲ.... အဲဒီ နတ်ဘုရားက လူတစ်ယောက်ကို ရှာဖို့ ကမ္ဘာမြေကို လာခဲ့တာ.... အဲဒီ လူကတော့ ဒီသခင်လေးပဲ.... နတ်ဘုရားက ပြောခဲ့ဖူးတယ်.... သူ ရှာနေတဲ့သူဟာ ဒီကမ္ဘာမှာ တစ်ဦးတည်းသောသူ ဖြစ်ပြီး ဘယ်လောက်ပဲ နှစ်တွေ ကြာပါစေ သူ၏ ရုပ်ရည်က ပြောင်းလဲမှာ မဟုတ်ဘူးတဲ့.... ဒါကြောင့် ချန်ကျန်းဟာ ငါတို့ ဝင်းနားမိသားစုက နှစ်ပေါင်းထောင်ချီ စောင့်နေခဲ့တဲ့ သခင်လေးဆိုတာ ငါ သေချာပေါက် ပြောနိုင်တယ်...."
"ဘာ...."
"ဒါက...."
"တကယ်ပဲ နတ်ဘုရား ရှိလို့လား...."
လူတိုင်း အံ့ဩသွားကြရသည် ။
"ရူးစရာပဲ...." ဝတ်စုံစိမ်းဓားသမား ဖန်ချုံက ခေါင်းယမ်းလိုက်ပြီး ဧည့်ခန်းမ အပြင်ဘက်ကို လှမ်းအော်လိုက်သည် ။ "ဝင်းနားမိသားစုရဲ့ ဒုတိယသခင်ကြီး.... ခင်ဗျား ဘာကို စောင့်နေတာလဲ.... ခင်ဗျားတို့ရဲ့ နှစ်ပေါင်းထောင်ချီ အစဉ်အလာကြီးတဲ့ မိသားစုကို ဒီလို လူစိမ်းကောင်လေးတစ်ယောက်က လွှမ်းမိုးနေတာကို ခင်ဗျားက ကြည့်နေတော့မှာလား...."
"ဝှစ်...." "ဝှစ်...." "ဝှစ်...."
ချက်ချင်းဆိုသလိုပဲ ဧည့်ခန်းမ အပြင်ဘက်ကနေ လူရိပ် ငါးခုမှာ လျှပ်စီးလိုမျိုး ဝင်ရောက်လာကြသည် ။
သူတို့ထဲက လူလတ်ပိုင်း အမျိုးသား၏ မျက်နှာဟာ ဝင်းနားဘိုးဘေးကြီးနှင့် ခြောက်ဆယ်ရာခိုင်နှုန်းလောက် တူနေသည် ။ အခုအချိန်မှာတော့ သူက ချန်ကျန်းကို အေးစက်စက် ကြည့်နေလေသည် ။ သူ့ဘေးက လေးယောက်စလုံးကလည်း အေးစက်နေကြပေမဲ့ သူတို့ဆီက ထွက်ပေါ်နေသည့် အရှိန်အဝါတွေကတော့ အလွန်ကို မောက်မာလှ၏ ။
မြေကမ္ဘာနတ်ဘုရား..
ဝင်လာသည့် လူ ငါးယောက်စလုံးဟာ မြေကမ္ဘာနတ်ဘုရား အဆင့်များ ဖြစ်ကြသည် ။
သူတို့ ငါးယောက်ရဲ့ အရှိန်အဝါများမှာ ဝင်းဆန်းရွှီဆီကို ပစ်မှတ်ထားနေကြပြီး ဧည့်ခန်းမကြီး တစ်ခုလုံးကိုလည်း လွှမ်းမိုးထားလေသည် ။
"ဒုတိယဦးလေး...." ဝင်းဆန်းရွှီ ဘေးနားက မိန်းကလေးမှာ မျက်မှောင်ကြုတ်ပြီး အော်ဟစ်လိုက်သည် ။
"မင်း ဘာကို ဆိုလိုတာလဲ.... သခင်လေးကို မြင်တာတောင် ဘာလို့ ဒီလို ပုံစံမျိုး ဖြစ်နေရတာလဲ...." ဝင်းဆန်းရွှီက လူလတ်ပိုင်း အမျိုးသားကို အသံအေးအေးနဲ့ စိုက်ကြည့်လိုက်သည် ။
"အဖေ.... ခင်ဗျားက အသက်ကြီးလာလို့ မျက်စိတွေ ဝေဝါးနေပြီထင်တယ်.... ငါတို့ ဝင်းနားမိသားစုက ဘယ်မှာ သခင်လေးကို စောင့်နေလို့လဲ.... ဒီကမ္ဘာမှာ နတ်ဘုရားဆိုတာ မရှိဘူး ၊ ငါတို့ ဝင်းနားမိသားစုကိုလည်း နတ်ဘုရားက ကယ်တင်ခဲ့တာ မဟုတ်ဘူး...." လူလတ်ပိုင်း အမျိုးသားက ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည် ။
"အဖေ့ရဲ့ ကျင့်စဉ်က မကြာသေးခင်က ပြဿနာတချို့ ဖြစ်ပြီး အာရုံချောက်ချားတာတွေ ဖြစ်နေတာလေ.... ဒါကြောင့် တစ်ခါတလေကျရင် သတိမေ့ပြီး ပေါက်ကရတွေ ပြောတတ်တာပေါ့.... ငါတို့ ဝင်းနားမိသားစုရဲ့ ဘိုးဘေးတွေက မဟာချင်မင်းဆက် ရဲ့ တော်ဝင်မိသားစုတွေပဲ.... ချင်မင်းဆက် ပျက်သုဉ်းပြီးသည့်နောက်မှာ ဝင်းနားမိသားစုက သိုသိုသိပ်သိပ် နေထိုင်ခဲ့ပြီး မျိုးရိုးနာမည်တွေကိုတောင် အကြိမ်ကြိမ် ပြောင်းလဲခဲ့တာ.... အဲဒါကြောင့်ပဲ နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်ခဲ့တာလေ.... အဲဒါတွေက ဘယ်က နတ်ဘုရားနဲ့မှ မပတ်သက်ဘူး...."
ပြောရင်းဆိုရင်း လူလတ်ပိုင်း အမျိုးသားရဲ့ အကြည့်တွေက ချန်ကျန်းဆီကို ကျရောက်သွားပြီး သူ အေးစက်စွာ ပြောလိုက်သည် ။ "မင်းက ဝင်းနားမိသားစုရဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာပဲ.... အခု မင်းရဲ့လူတွေကို ခေါ်ပြီး ဝင်းနားမိသားစုကနေ ထွက်သွားတော့.... မင်းက နတ်ဘုရား စားပွဲတော်မှာ ပါဝင်ဖို့ အရည်အချင်းမရှိဘူး...."
"ဟားဟား.... ဝင်းနားဒုတိယသခင်ကြီးက တကယ်ကို တရားမျှတတာပဲ...." ဝတ်စုံစိမ်းဓားသမား ဖန်ချုံက ချက်ချင်း ရယ်မောလိုက်သည် ။
"ဝင်းနားဒုတိယသခင်ကြီးက တကယ့်ကို အကျိုးအကြောင်း သိတတ်တာပဲ...."
"ဝင်းနားဒုတိယသခင်ကြီး ပြောတာ မှန်တယ်...."
"ဟုတ်တယ်.... ဒါမှ တရားမျှတတာပေါ့...."
လူအများအပြားက ဝိုင်းပြီး ထောက်ခံကြသည် ။
ကျန်းပိုယွဲ့ ၊ ယွီချန်ဟိုင် နှင့် ချန်ကျစ်လုံ တို့ကတော့ အခုအချိန်မှာ တိတ်ဆိတ်နေကြသည် ။ ဝင်းနားမိသားစု၏ ဒုတိယသခင်ကြီးက မြေကမ္ဘာနတ်ဘုရား လေးယောက်နှင့်အတူ ပေါ်လာတာကို ကြည့်ခြင်းအားဖြင့် ဝင်းနားမိသားစုကို အာဏာသိမ်းဖို့ အကြံအစည် ရှိနေပြီဆိုတာ သူတို့ သဘောပေါက်လိုက်ကြသည် ။
ယင်းက အပြင်လူ အတွင်းလူ ပေါင်းကြံတာ ဖြစ်ရမည် ။
ထို ဝင်းနားဒုတိယသခင်ကြီးက ခွန်းလွန်းဂိုဏ်းက လူတွေနှင့် လက်တွဲထားခြင်း ဖြစ်၏ ။
ကျိုးချင်းဟုန်၏ ဘေးနားက မိန်းကလေး ငါးယောက်ကတော့ တိတ်ဆိတ်နေကြပြီး တစ်ယောက်ချင်းစီက မျက်မှောင်ကြုတ်နေကြသည် ။ သို့သော် ချန်ကျန်း၏ မျက်နှာက အစကတည်းက ဘာမှမပြောင်းလဲတာကို မြင်လိုက်ရသည့်အခါ သူတို့တွေ စိတ်သက်သာရာ ရသွားကြသည် ။
"မင်း.... မင်း.... မင်းလို သားမိုက်ကောင်.... အဟွတ်.... အဟွတ်...."
ဝင်းဆန်းရွှီ တစ်ယောက် ဒါကို နားမလည်နိုင် ဖြစ်နေရသည် ။ သူက လူလတ်ပိုင်း အမျိုးသားကို လက်ညှိုးထိုးပြီး ပြောဖို့ ကြိုးစားပေမဲ့ အသံထွက်လာတာနဲ့အမျှ ချောင်းတွေ အရမ်းဆိုးလာပြီး သူ့မျက်နှာဟာလည်း အကြီးအကျယ် ပြောင်းလဲသွားရလေသည် ။ သူ့ကိုယ်ထဲက အတွင်းအားတွေက ခဲသွားသလို ခံစားနေရ၏ ။
"အဖေ.... ခင်ဗျားက ဝင်းနားမိသားစုကို ဒီလောက် နှစ်တွေအများကြီး စီမံခန့်ခွဲလာတာဆိုတော့ အခုတော့ အနားယူသင့်ပါပြီ.... ခွန်းလွန်းဂိုဏ်းရဲ့ ကြယ်ခုနစ်ပွင့် ပိုးကောင်ဆိုတာ အရောင်မရှိ ၊ အနံ့မရှိဘဲနဲ့ အတွင်းအားတွေကို ဝါးမြိုပစ်ဖို့အတွက် သီးသန့်ပဲလေ.... အဖေ စိတ်အေးအေးထားပါ ၊ ကျွန်တော်က လက်ဖက်ရည်ထဲမှာ တစ်ကောင်ပဲ ထည့်ထားတာပါ.... အဖေ့ကိုယ်ထဲက အတွင်းအားတွေ အကုန်ကုန်သွားရင် အဲဒီအရာက အလိုလို ပြန်ထွက်လာလိမ့်မယ်.... အဲဒီအခါကျရင် အဖေ နောက်ထပ် နှစ်အနည်းငယ်လောက်တော့ အသက်ရှင်နိုင်ဦးမှာပါ.... အဖေ့ရဲ့ ဒီသခင်လေး နေရာကိုတော့ ကျွန်တော်ကပဲ အစားဝင်ပေးလိုက်ပါ့မယ်.... ဟားဟား.... ဟားဟားဟား...."
လူလတ်ပိုင်း အမျိုးသားက ရယ်မောလိုက်လေသည် ။
"သားမိုက်...." ဝင်းဆန်းရွှီက ဆဲဆိုလိုက်ပြီး လက်ကို မြှောက်ဖို့ ကြိုးစားပေမဲ့ အတွင်းအားတွေက ရူးသွပ်စွာ ဝါးမြိုခံနေရတာကြောင့် သူ ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်ကို လဲကျတော့မလို ဖြစ်သွားရလေသည် ။
"ဘိုးဘေးကြီး...." ဝတ်စုံရှည် ဝတ်ထားသည့် မိန်းကလေးက ဝင်းဆန်းရွှီကို ပြေးထူလိုက်သည် ။ အခုအချိန်မှာ သူမက လူလတ်ပိုင်း အမျိုးသားကို အေးစက်စက် စိုက်ကြည့်နေမိသည် ။ "ဒုတိယဦးလေး.... ဦးလေး ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ရတာလဲ...."
"ဟွန့်.... ဘာလို့ မလုပ်နိုင်ရမှာလဲ.... ဝင်းနားမိသားစုက အပြောင်းအလဲ လိုအပ်နေတာလေ.... ငါတို့ မိသားစုက နှစ်ပေါင်းထောင်ချီ သိုသိုသိပ်သိပ် နေလာခဲ့တာ ၊ အင်အားကတော့ ထိပ်တန်း မိသားစု သုံးခုထဲမှာ နံပါတ်တစ်ပဲလေ.... အခုတော့ အဲဒီ ကောလဟာလ တစ်ခုတည်းအတွက်နဲ့ ငါတို့ နှစ်ပေါင်းထောင်ချီ စုဆောင်းလာတဲ့ ရတနာတွေကို ဒီလူစိမ်းကောင်လေးကို နတ်ဘုရား စားပွဲတော်မှာ ကျွေးရမယ်တဲ့လား.... ဒီကောင်လေးက အဲဒါနဲ့ ထိုက်တန်လို့လား.... တူမလေး.... မင်း စိတ်မပူပါနဲ့ ၊ ဒီတစ်ခါ ဒုတိယဦးလေးက ဝင်းနားမိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာပြီဆိုတော့ မင်းရဲ့ အဖေနဲ့ အမေကို ငါ ဒီလိုမျိုး မဆက်ဆံပါဘူး.... အများဆုံး ဖြစ်ရင်တော့ မင်းနဲ့ ခွန်းလွန်းဂိုဏ်းကို လက်ထပ်ပေးလိုက်ရုံပေါ့...."
လူလတ်ပိုင်း အမျိုးသားက ထပ်ပြီး ရယ်မောလိုက်ပြန်သည် ။
" မိန်းကလေး ရင်းရင်း.... မင်းကို ပထမဆုံး မြင်မြင်ချင်းပဲ ငါ ချစ်မိသွားတာပါ.... ငါ့ရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး မင်းကို ဂရုစိုက်ခွင့် ပေးပါဦးနော်...." ဝတ်စုံစိမ်းဓားသမား ဖန်ချုံ ကလည်း အခုအချိန်မှာ ရယ်မောနေလေသည် ။
"ဝင်းနားမိသားစုနဲ့ ခွန်းလွန်းဂိုဏ်းတို့ရဲ့ လက်ထပ်ပွဲအတွက် ဂုဏ်ယူပါတယ်...."
"ဟားဟား.... နှစ်ယောက်လုံးအတွက် ဂုဏ်ယူပါတယ်...."
"သခင်လေးဖန်က တကယ့် ပါရမီရှင်ပဲ ၊ မိန်းကလေးဝင်းရင်းရင်း ကလည်း အလှနတ်သမီးလေးပဲလေ.... နှစ်ယောက်သားက တကယ်ကို လိုက်ဖက်တဲ့ စုံတွဲပဲ...."
လူအများအပြားက ချက်ချင်းဆိုသလို ဝိုင်းပြီး ထောက်ခံလိုက်ကြသည် ။
"အို.... သောက်ကျိုးနည်း.... တကယ်ကို ရွံစရာ ကောင်းလိုက်တာ.... ကျန်သည့် ဘဝတစ်လျှောက်လုံး ဂရုစိုက်မယ် ဟုတ်လား.... မင်း အမေကို သွားဂရုစိုက်လိုက်စမ်း...."
ထိုအခိုက်အတန့်မှာပဲ အမျိုးသမီးတစ်ဦးရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး ဧည့်ခန်းမကြီး တစ်ခုလုံးက လူတွေ အကုန်လုံး ကြောင်အမ်းသွားကြရသည် ။
အန်းကျင်း ။
အဲဒါ အန်းကျင်းပဲ ။
အန်းကျင်း ဒေါသထွက်နေပြီ ဖြစ်၏ ။
သူမ ဒဲ့ဒိုး ဆဲချလိုက်ခြင်းပင် ။
"မင်း.... ဟွန့်.... မဟာအရှင်သခင် အဆင့်တောင် မရှိသည့် အဆင့်အတန်းနိမ့်တဲ့ မိန်းမတစ်ယောက်က သခင်လေးကို ဆဲရဲတယ်ပေါ့.... မင်း သေချင်နေတာပဲ...."
ဇင် ...
ဝတ်စုံစိမ်းဓားသမား ဖန်ချုံက အခုအချိန်မှာ အလွန် ဒေါသထွက်နေသည် ။ မဟာအရှင်သခင်အဆင့်တောင် မရှိသည့် မိန်းမတစ်ယောက်၏ ဆဲဆိုခြင်းကို ခံလိုက်ရသည့်အတွက် သူက အလွန် စိတ်မသက်မသာ ဖြစ်သွားရပြီး အန်းကျင်းဆီကို ဓားနှင့် တိုက်ရိုက် တိုက်ခိုက်လိုက်လေသည် ။
"ကောင်လေး.... ငါ့ကို အပြစ်မတင်နဲ့.... မင်းဘေးက မိန်းမက ငါ့ကို ဆဲတာဆိုတော့ သူမ သေသင့်တာပေါ့...."
သူ ဓားကို ဆွဲထုတ်လိုက်သည့် အချိန်မှာပဲ ချန်ကျန်းကို လှောင်ပြောင်လိုက်သည် ။
ရွှမ်း ...
ထို့နောက် လျှပ်စီးလိုမျိုး လေထုကို ဆွဲဖြဲပြီး အန်းကျင်း၏ မျက်ခုံးကြားဆီကို တိုးဝင်သွားသည့် ဓားစွမ်းအင် တစ်ခု ပေါ်ထွက်လာလေသည် ။
"ဟူး...."
ချန်ကျန်းက သက်ပြင်းတစ်ချက် ချလိုက်သည် ။
"ဟားဟား.... ထိုက်တန်တာပေါ့...."
"အရည်အချင်းလည်း မရှိဘဲ ဝင်းနားမိသားစုဆီ လာရဲတယ် ၊ မင်းက ဘာကောင်မို့လို့လဲ...."
"အခုတော့ သံပြားကို ကန်မိပြီပေါ့.... မင်းရဲ့ မိန်းမကိုတောင် မကာကွယ်နိုင်ဘူးလား.... ဝင်းနားမိသားစုကနေ အစောကြီး ထွက်သွားပါလို့ ပြောတာကို မကြားချင်ယောင်ဆောင်နေတာကိုး...."
ချန်ကျန်းကို ပြစ်တင်ရှုတ်ချနေသည့်သူများမှာ အခုအချိန်မှာ လှောင်ပြောင်နေကြပြန်သည် ။ ချန်ကျန်း၏ သက်ပြင်းဟာ ဝတ်စုံစိမ်းဓားသမားကို ဒေါသထွက်အောင် လုပ်မိလို့လို့ သူတို့ ထင်နေကြသည် ။ ချန်ကျန်း၏ သက်ပြင်းချမှုက စွမ်းအားရှင်တစ်ယောက်ရဲ့ နှိပ်ကွပ်မှုကို ခံရသည့်အခါ ဖြစ်ပေါ်လာသည့် အားကိုးရာမဲ့ သက်ပြင်းလို့ သူတို့ ထင်နေကြခြင်းဖြစ်ပေသည် ။
ဒါပေမဲ့ ။
နောက်တစ်စက္ကန့်မှာပဲ ။
သူတို့တွေ နောက်ထပ် စကားတစ်ခွန်းကို ကြားလိုက်ရလေသည် ။
"ငါ ဒီနေ့ လူတကယ် မသတ်ချင်ပါဘူး...."
ချက်ချင်းဆိုသလိုပဲ ။
"ဂျွတ်...."
ချန်ကျန်းက သူ၏ ညာလက်ကို မျက်တောင်တခတ်အတွင်းမှာ မြှောက်လိုက်ပြီး ဝတ်စုံစိမ်းဓားသမား ဖန်ချုံ ကို ဖမ်းဆုပ်လိုက်တာကို တွေ့လိုက်ရသည် ။ ထို့နောက် သူက ဒီအတိုင်း ဆွဲလိုက်တာကြောင့် ဝတ်စုံစိမ်းဓားသမား ဖန်ချုံ၏ ခေါင်းမှာ ပြတ်ထွက်သွားလေတော့သည် ။
ဝင်းနားမိသားစု ဧည့်ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားရလေသည် ။
မဟုတ်သေး....
အသံတစ်ခုတော့ ရှိနေသေးသည် ။
ယင်းကတော့ ဝတ်စုံစိမ်းဓားသမား ဖန်ချုံ၏ ခေါင်းမရှိသည့် အလောင်း လက်ထဲကနေ ဓားက ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားသည့် အသံပင် ဖြစ်လေတော့သည် ။
အခန်း ၁၄၆ ပြီး
***