"ဘုန်း...."
နောက်ထပ်အရာတစ်ခု ပြုတ်ကျသံ ထွက်ပေါ်လာပြန်သည်။ ဒီတစ်ခါမှာတော့ ဓားလက်နက်လည်း မဟုတ်သကဲ့သို့ ပန်းအိုးလည်း မဟုတ်ပေ။ ထိုအရာသည် ဦးခေါင်းတစ်ခုပင် ဖြစ်၏။
ဝတ်စုံစိမ်းဓားသမား ဖန်ချုံ၏ဦးခေါင်းအား ချန်ကျန်းက အလွယ်တကူပဲ ဆွဲဖြုတ်ယူလိုက်ခြင်း ဖြစ်ပေသည်။ ဦးခေါင်းမှာ ကြမ်းပြင်ပေါ်သို့ အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် ရပ်တန့်သွားသည်။ ဖန်ချုံ၏ မျက်လုံးများသည် အံ့ဩနေဆဲပင်။ သူ ဘယ်လိုဖြစ်ပျက်သွားလည်း မသိလိုက်ချိန်တွင် ခေါင်းပြတ်သွားခြင်း ဖြစ်ပေသည်။
"မင်း ဖန်ချုံကို သတ်လိုက်တာလား...."
ဓားဂိုဏ်းက မူချန်ဖုန်းက အရင်ဆုံး သတိဝင်လာပြီး ဓားတစ်လက်ကဲ့သို့ တောင့်တင်းသွားကာ ချန်ကျန်းကို ပစ်မှတ်ထားလိုက်လေသည်။
"အရမ်း ဆူညံလွန်းလို့လေ...."
ချန်ကျန်းက စကားလုံး သုံးလုံးတည်းနဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဟူး...."
ချန်ကျန်းကို ပြစ်တင်ရှုတ်ချနေသည့်သူများမှာ ယခုတင် သတိပြန်ဝင်လာကြပြီး ကြမ်းပြင်ပေါ်က ဖန်ချုံ၏ ဦးခေါင်းကို ကြည့်ကာ အသက်ရှူမှားသွားကြရသည်။ သူတို့၏ နှလုံးခုန်သံများမှာလည်း မြန်ဆန်လာရသည်။
တကယ်ပင် ရက်စက်လှသည်။ လက်ကို မြှောက်လိုက်ရုံဖြင့် တစ်ဖက်လူ၏ခေါင်းကို ဖြုတ်ယူလိုက်သည် မဟုတ်ပါလား။ ပြီးနောက် ဖန်ချုံ၏ ဝိညာဉ်မှာလည်း ရုတ်တရက် ပျက်စီးသွားခြင်းမှာ သိသာလှသည်။
ဖန်ချုံမှာ ခွန်းလွန်းဂိုဏ်းက မြေကမ္ဘာနတ်ဘုရား တစ်ယောက်ဖြသ်သည်။ မြေကမ္ဘာနတ်ဘုရား အဆင့်မှာဆိုလျှင် ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ပြေးနိုင်ရမည် ဖြစ်သည်။ ခန္ဓာကိုယ်ကြီး တစ်ခုလုံး ဒုံးပျံနှင့် အပစ်ခံရလျှင်ပင် ဝိညာဉ်ကနေတစ်ဆင့် ပြန်လည် မွေးဖွားနိုင်စွမ်း ရှိကြသည်။
သို့သော် ဖန်ချုံမှာ တစ်ချက်လေးပင် မလှုပ်ရှားနိုင်သကဲ့သို့ ဝိညာဉ်သည်လည်း ထွက်ပြေးရန် အခွင့်အရေးပင် မရလိုက်ပေ။ ထိုလူ၏နည်းလမ်းများမှာ အမှန်တကယ်ကို ကြောက်စရာကောင်းလှသည်။
"ထိုက်တန်တာပေါ့...."
အန်းကျင်းက နှာခေါင်းရှုံ့ကာ ပြောသည်။
"သခင်လေး.... ကျွန်တော်က အသုံးမကျတာပါ.... အဟွတ်...."
ကြမ်းပြင်ပေါ်မှာ လဲနေသည့် ဝင်းနားဘိုးဘေးကြီးက စကားပြောရန် ကြိုးစားနေသော်လည်း သွေးများပင် အန်ထွက်လာသည်။
"ဒါက မင်းရဲ့ အပြစ် မဟုတ်ပါဘူး...."
ချန်ကျန်းက ဝင်းနားဘိုးဘေးကြီးအား ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အကြည့်များကို ဝင်းနားဒုတိယသခင်ကြီးဆီသို့ လွှဲပြောင်းလိုက်သည်။
"မင်း ဘာကို ကြည့်နေတာလဲ.... ဘာတွေ ဟန်ဆောင်နေတာလဲ.... ထူးဆန်းတဲ့ နည်းလမ်းတွေသုံးပြီး ဖန်ချုံကို သတ်လိုက်တာနဲ့ မင်းက ပြိုင်ဘက်ကင်း ဖြစ်သွားပြီလို့ ထင်နေတာလား.... ငါ့မှာ မြေကမ္ဘာနတ်ဘုရား ငါးယောက် ရှိသေးတယ်.... မင်း တစ်ယောက်တည်းနဲ့ ငါတို့ကို ယှဉ်နိုင်မလား.... မင်း ဖန်ချုံကို သတ်လိုက်တာက အကြီးအကျယ် ပြဿနာရှာလိုက်တာပဲ.... ဖန်ချုံက ခွန်းလွန်းဂိုဏ်းက သခင်ဝူကျိရဲ့ သားပဲ.... သူသာ ထွက်လာရင် မင်း သေမှာ သေချာတယ်...."
ဝင်းနားဒုတိယသခင်ကြီးက လှောင်ပြောင်သည်။
"ပြီးတော့ မင်း ငါ့ကို သတ်ရင်တောင် ဒီအဘိုးကြီးကို ကယ်နိုင်မှာ မဟုတ်ဘူး.... ကြယ်ခုနစ်ပွင့် ပိုးကောင်ဆိုတာ အတွင်းအားတွေကို အကုန်မစုပ်ယူမချင်း မရပ်နားဘူးလေ.... ဒီအဘိုးကြီးကတော့ သေလူ ဖြစ်သွားပြီ.... ဝင်းနားမိသားစုက ငါ့မိသားစု ဖြစ်လာတော့မှာ ၊ ငါပဲ ခေါင်းဆောင် ဖြစ်လာမှာလေ...."
"အော်...."
ချန်ကျန်းက ပေါ့ပါးစွာပင် ဖြေကြားကာ သူ၏ ညာလက်ကို မြှောက်လိုက်သည်။
"ဝှစ်...."
သူလက်ကို မြှောက်လိုက်သည်နှင့်တစ်ပြိုင်နက် ဝင်းနားဒုတိယသခင်ကြီးနှင့်ကျန်သည့် မြေကမ္ဘာနတ်ဘုရား လေးယောက် အပြင် ချန်ကျန်းကို လှောင်ပြောင်နေသည့်သူများပင် နောက်သို့ ချက်ချင်း ဆုတ်လိုက်ကြသည်။ ချန်ကျန်းက လက်တစ်ဖက်တည်းနှင့် သူတို့၏ဦးခေါင်းများကို ဖြုတ်ယူလိုက်မှာ သူတို့ အမှန်တကယ် ကြောက်နေကြပြီ ဖြစ်သည်။
"ဟဲဟဲ...."
ချန်ကျန်းက ရယ်မောလိုက်ပြီး မြှောက်ထားသည့် ညာလက်ကို ပြန်ချလိုက်သည်။
"မင်း.... ငါတို့ကို ကစားနေတာလား...."
ဝင်းနားဒုတိယသခင်ကြီးက အော်ဟစ်လိုက်သည်။
"မင်းကိုယ်တိုင် ထွက်လာမလား ဒါမှမဟုတ် ငါကိုယ်တိုင် လာဖမ်းရမလား...."
ချန်ကျန်းက ဒုတိယသခင်ကြီးကို လျစ်လျူရှုပြီး ဝင်းဆန်းရွှီ၏ ဝမ်းဗိုက်ဆီကိုသာ စိုက်ကြည့်ပြီး မေးလိုက်သည်။
"ဟားဟား.... မင်းက မင်းကိုယ်မင်း အရာအားလုံးကို တတ်စွမ်းတဲ့ နတ်ဘုရားလို့ ထင်နေတာလား.... ကြယ်ခုနစ်ပွင့် ပိုးကောင်ကို အမိန့်ပေးချင်နေတာလား.... မြေကမ္ဘာနတ်ဘုရားတွေတင်မကဘူး ဟင်းလင်းပြင်ကို ခွင်းနိုင်သည့် ဆရာကြီးတွေတောင် အဲဒီပိုးကောင်ကို အမိန့်မပေးနိုင်ဘူး.... ရူးချင်စရာပဲ.... တကယ်ကို ရူးချင်စရာပဲ...."
ဝင်းနားဒုတိယသခင်ကြီးမှာ ချန်ကျန်း လုပ်ဆောင်နေသည်များကို သိရှိသွားသည့်အတွက် လှောင်ပြောင်လိုက်သည်။
"ရွှမ်း...."
ဒုတိယသခင်ကြီးရဲ့ ရယ်သံမဆုံးခင်မှာတင် ဝင်းနားဘိုးဘေးကြီး၏ ဝတ်ရုံမှာ ဝမ်းဗိုက်နေရာမှနေ၍ ရုတ်တရက် ပေါက်ထွက်သွားကာ တစ်စုံတစ်ခု ထွက်လာသည်ကို မြင်လိုက်ရသည်။
"ဟင်...."
ဝင်းဆန်းရွှီ တစ်ယောက် ခတ္တ ကြောင်သွားရသည်။ သူ့ကိုယ်ထဲရှိ အတွင်းအားများကို ဝါးမြိုနေသည့်အရာမှ, ရုတ်တရက် ပျောက်ကွယ်သွားခြင်းကို သူ ခံစားလိုက်ရသည်။
"ဝေါ...."
လူတိုင်းက အသံကို ကြားလိုက်ရသော်လည်း ဘာမျှမမြင်ရပေ။ သို့သော်လည်း မျက်တောင်တခတ်အတွင်းမှာပင် ကြမ်းပြင်ပေါ်တွင် ရေခဲပွင့်ပုံစံ အရာတစ်ခုပေါ်လာ၍ ကြည်လင်နေသည့် ပိုးကောင်လေးတစ်ကောင် တွားသွားနေတာကို တွေ့လိုက်ရသည်။ ပိုးကောင်လေးသည် ချန်ကျန်းဆီသို့ တွားသွားနေပြီး သူ၏ကိုယ်ထည်မှာလည်း ကြောက်လန့်တကြား တုန်ရီနေသည် ။
"ကြယ်ခုနစ်ပွင့် ပိုးကောင်ပါလား.... မဖြစ်နိုင်ဘူး.... ဟင်းလင်းပြင်ခွင်းအဆင့်က လူတွေတောင် အမိန့်မပေးနိုင်တာကို မင်းက ဘယ်လိုလုပ်နိုင်တာလဲ...."
ဝင်းနားဒုတိယသခင်ကြီးသည် ကြောင်အမ်းသွားပြီးနောက် အော်ဟစ်လိုက်သည်။
"ငါကတော့ ဘာမှ မလုပ်ချင်ပါဘူး...."
ချန်ကျန်းက ဒုတိယသခင်ကြီးကို ထပ်ပြီး လျစ်လျူရှုလိုက်ပြန်သည်။ သူသည် တုန်ရီနေသည့် ပိုးကောင်လေးအား တစ်ချက် ကြည့်လိုက်သည်။
"ရှဲ...."
ကြယ်ခုနစ်ပွင့် ပိုးကောင်လေးက ထူးဆန်းသည့် အသံတစ်ခု ပြုလုပ်လိုက်သည်။
နောက်တစ်စက္ကန့်မှာပင် ပိုးကောင်လေးမှာ သူ့အလိုလို ပေါက်ကွဲသွားပြီး တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေတော့သည်။
"ငါ့ရဲ့ အတွင်းအားတွေ ပြန်ရပြီ...." ဝင်းဆန်းရွှီက ကြောင်အမ်းသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားရသည်။ သူက ကြမ်းပြင်ပေါ်ကနေ အမြန်ထလိုက်ပြီး ချန်ကျန်းကို အလွန် လေးနက်စွာ ဦးညွှတ်လိုက်သည် ။ "ကျေးဇူးတင်ပါတယ် သခင်လေး...."
"......”
လူတိုင်း ကြောင်အမ်းကုန်ကြရသည်။ သူ ဘာမျှပင် မလုပ်ရသေးသော်လည်း ကြောက်စရာကောင်းသည့် ပိုးကောင်မှာ သူ့အလိုလို ထွက်လာပြီး ပေါက်ကွဲသွားသည်။
"ဟားဟား.... ငါ သိပြီ.... ငါ အကုန် သိလိုက်ပြီ.... အဖေ.... ခင်ဗျားက ကျွန်တော် တိတ်တဆိတ် ကြံစည်နေတာကို သိနေတာကိုး.... ဒါကြောင့် ဒီလူကို တမင်တကာ ရှာထားပြီး ကျွန်တော့်ကို နှိမ်နင်းဖို့ စီစဉ်ထားတာ မဟုတ်လား.... အဖေ.... ကျွန်တော်က အဖေ့ရဲ့ သားအရင်းပါ.... ဘာလို့ ကျွန်တော့်အပေါ် ဒီလို လုပ်ရတာလဲ...."
ဝင်းနားဒုတိယသခင်ကြီးက ရူးသွပ်နေသူတစ်ယောက်လို ရယ်မောလိုက်ပြီး ဝင်းဆန်းရွှီကို အော်ဟစ်လိုက်လေသည်။
"......"
ဝင်းဆန်းရွှီက မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောဖို့ ပြင်လိုက်သည်။
"လုပ်ကြစမ်း...."
ဒုတိယသခင်ကြီး၏ အော်ဟစ်သံနဲ့အတူ မြေကမ္ဘာနတ်ဘုရား လေးယောက်ဟာ တစ်ပြိုင်နက်တည်းမှာပင် စွမ်းအားများ ပေါက်ကွဲထွက်လာကြသည်။
သတ်စမ်း...
ပစ်မှတ်က ဝင်းဆန်းရွှီ မဟုတ်ပေ။ ချန်ကျန်းပင် ဖြစ်၏။
ဒုတိယသခင်ကြီးသည် ဒေါသကြောင့် ရူးသွပ်နေပြီ ဖြစ်သည်။ သူ၏ အကြံအစည်ကို ဖျက်ဆီးခဲ့သည့် ချန်ကျန်းကို သတ်ပစ်ဖို့ကလွဲပြီး သူ့ခေါင်းထဲမှာ ဘာမျှ မရှိပေ။
သတ်စမ်း...ဒီကောင်လေးကို သတ်ပစ်စမ်း...
"ရပ်လိုက်စမ်း...."
ဝင်းဆန်းရွှီ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူသည် မြေကမ္ဘာနတ်ဘုရား ငါးယောက်ကို တားဆီးရန် အတွင်းအားများကို ထုတ်ဖော်ကြိုးစားသော်လည်း သွေးများပင် အန်ထွက်လာသည် ။ ပိုးကောင်ကြောင့် သူ အကြီးအကျယ် ဒဏ်ရာရထားသည် မဟုတ်ပါလား။
"နောက်ကျသွားပြီ.... ဒီနေ့ ဒီကောင်လေးကို ဘယ်သူမှ မကယ်နိုင်ဘူး.... ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးရဲတဲ့အတွက် မင်း သေသင့်တယ်...."
ဘုန်း ...
ဒုတိယသခင်ကြီး၏ ဟိန်းအော်ဟစ်သံနှင့်အတူ မြေကမ္ဘာနတ်ဘုရား ငါးယောက်သည် ချန်ကျန်းဆီကို ပြေးဝင်သွားသည် ။ချန်ကျန်း တစ်ယောက်တည်းကိုသာ မဟုတ်ဘဲ ချန်ကျန်း၏ဘေးနားရှိ လူများအားလုံးကို သတ်ပစ်ရန် ကြိုးစားခြင်း ဖြစ်၏။
"သေတော့မယ်...." "ဒီလူတော့ ဇာတ်သိမ်းပြီ...." "မြေကမ္ဘာနတ်ဘုရား ငါးယောက် ဝိုင်းတိုက်တာဆိုတော့ သူ သေမှာ သေချာတယ်...."
ဧည့်ခန်းမထဲက လူအများအပြားသည် တီးတိုးပြောကာ ချန်ကျန်းအား စိုက်ကြည့်နေကြသည်။
လာပြီ...
ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ ငါးခုဟာ ချန်ကျန်းနှင့် သူ့ဘေးရှိ လူများ၏ ရှေ့သို့ ရောက်ရှိလာသည်။
ချန်ကျန်းသည် မလှုပ်မယှက် ရှိနေဆဲပင်။
သူ့ဘေးရျိ မိန်းကလေးများလည်း မလှုပ်ရှားကြပေ။
သူ့နောက်က ကျန်းပိုယွဲ့ ၊ ယွီချန်ဟိုင် နဲ့ ချန်ကျစ်လုံ တို့သည်လည်း မလှုပ်ရှားပေ။
ကြည့်ရသည်မှာ သူတို့ ခုခံရန် လက်လျှော့လိုက်သည့် ပုံစံမျိုးပင်။
"သွားစမ်း...."
ချန်ကျန်းမှာ မလှုပ်ရှားပေမဲ့ သူ၏ ပါးစပ်ကတော့ လှုပ်ရှားသွားသည် ။
သူသည် အေးစက်သည့် မျက်နှာထားဖြင့် စကားတစ်ခွန်း ပြောလိုက်ခြင်းပင်။
"ဘာ...." "သောက်ကျိုးနည်း.... ငါ့ရဲ့ အတွင်းအားတွေ ဘယ်ရောက်ကုန်တာလဲ...." "မင်း...."
မျက်တောင်တခတ်အတွင်းမှာပင်...
ဝင်းနားဒုတိယသခင်ကြီး ဦးဆောင်သည့် မြေကမ္ဘာနတ်ဘုရား ငါးယောက်ဟာ လေထဲမှာတင် ရပ်တန့်သွားကြရသည် ။ ဤအခိုက်အတန့်မှာ ဝင်းနားမိသားစု ဧည့်ခန်းမကြီး တစ်ခုလုံးရှိ အရာအားလုံး ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။
နောက်တစ်စက္ကန့်တွင် အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားသည်။
ဝင်းနားဒုတိယသခင်ကြီးနှင့် ကျန်သည့် မြေကမ္ဘာနတ်ဘုရား လေးယောက်၏ ခန္ဓာကိုယ်များမှာ မျက်စိရှေ့တင်ပင် ထူးဆန်းစွာ ပြောင်းလဲသွားသည်။ သူတို့၏ အသားအရေများမှာ ဆွေးမြည့်နေသည့် သစ်သားခြောက်များသကဲ့သို့ ပျက်စီးသွားသည်ကို မြင်တွေ့လိုက်ရခြင်းပင် ။
"မလုပ်နဲ့...."
"ဒါ ဘာသိုင်းပညာလဲ.... ငါ ဘာလို့ ခုခံလို့ မရတာလဲ...."
"ငါ့လက်တွေ...."
"ငါ့ခန္ဓာကိုယ်...."
"ငါ့ဝိညာဉ်...."
ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး မျက်တောင် သုံးကြိမ် မခတ်ခင်မှာပင် လူ ငါးယောက်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ဘာအစအနမျှ ကျန်မနေခဲ့ပေ။
အခန်း ၁၄၇ ပြီး
***