"အမေရေ...." တစ်ယောက်မှာ အော်ဟစ်ပြီး ကြမ်းပြင်ပေါ်သို့ ပျော့ခွေလဲကျသွားသည် ။
ထိုလူသည် ယခင်က ချန်ကျန်းကို အေးစက်စက် လှောင်ပြောင်ခဲ့သည့်သူ ဖြစ်ပေသည် ။ ချန်ကျန်းက စကားတစ်ခွန်းတည်းနှင့် မြေကမ္ဘာနတ်ဘုရား ငါးယောက်အား သတ်လိုက်သည်ကို မြင်လိုက်ရသည့်အခါ သူ တုန်လှုပ်လွန်း၍ ခြေထောက်များပင် ပျော့ခွေသွားခြင်းပင်။
"နှုတ်ဆက်ခဲ့ပါတယ်...." ဓားဂိုဏ်းက မူချန်ဖုန်းသည် အသက်ကို ပြင်းပြင်း ရှူလိုက်သည် ။ သူ၏ ဓားစွမ်းအင်များမှာ ယခုအချိန်တွင် ငြိမ်သက်သွားပြီး ချန်ကျန်းကို လက်သီးဆုပ် ဂါရဝပြုလိုက်လေသည် ။ "နှုတ်ဆက်ခဲ့ပါတယ်" ဆိုသည့် စကားကို ပြောပြီးသည်နှင့် သူက တစ်စက္ကန့်ပင် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပင် လှည့်ထွက်ကာ ဧည့်ခန်းမထဲမှ ပြေးထွက်သွားသည် ။
ကြောက်စရာကောင်းလှသည်။ ထိုလူငယ်လေး၏ နည်းလမ်းများက အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည် ။ မြေကမ္ဘာနတ်ဘုရား တစ်ယောက်သည် သူ့ရှေ့တွင် တစ်စက္ကန့်ပင် တောင့်မခံနိုင်သည် မဟုတ်ပါလား ။
ပထမဆုံး ထွက်ပြေးခြင်းကပင် အကောင်းဆုံး ဖြစ်ပေလိမ့်မည် ။
ကျိုးချင်းဟုန်၏ ကိစ္စမှာတော့ ဓားဂိုဏ်း၏ဘိုးဘေးကြီး ထွက်လာမှပင် ဖြေရှင်းရတော့မည် ။
"နောက်ကျသွားပြီ...." ချန်ကျန်းက ရယ်မောလိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်လေသည် ။ သူက လက်သီးနှင့် ထိုးခြင်းလည်း မဟုတ်သလို ၊ ရိုက်နှက်ခြင်းလည်း မဟုတ်ပေ လက်ဖျောက်တစ်ချက်သာ တီးလိုက်ခြင်း ဖြစ်ပေသည် ။
"ရွှမ်း...." ဧည့်ခန်းမ အဝင်ဝကို ရောက်ခါနီးနေသည့် မူချန်ဖုန်းသည် ထိတ်လန့်သွားရသည် ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝတ်ရုံများမှာ ပြတ်တောက်လာခြင်းကြောင့် ဖြစ်သည် ။ သူက သူ၏ ညာလက်ကို အမြန်မြှောက်ကြည့်လိုက်သည့်အခါ ဝင်းနားဒုတိယသခင်ကြီးလိုပဲင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ လက်များမှာ ပျောက်ကွယ်နေပြီ ဖြစ်သည် ။
"မင်း လုပ်ရဲရင်လုပ်ကြည့်စမ်း.... ဓားက သက်တန့်လိုပဲ..." မူချန်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည် ။
"ဝှစ်...." သူသည် သက်တန့်ရောင်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ချန်ကျန်းကို တိုက်ခိုက်ရန် မဟုတ်ဘဲ အဝေးကို ထွက်ပြေးရန် ကြိုးစားလေသည် ။
သို့သော် ပိုပြီး ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည် ။ မူချန်ဖုန်း ပြောင်းလဲလိုက်သည့် သက်တန့်ရောင်စဉ်မှာ ဧည့်ခန်းမထဲမှ စင်္ကြံလမ်းအတိုင်း လျှပ်စီးလို ပြေးထွက်သွားသော်လည်း စင်္ကြံလမ်း၏ အဆုံးကို ရောက်သည့်အချိန်တွင် သက်တန့်ရောင်စဉ်သည် ပျောက်ကွယ်သွားကာ သူ့ခန္ဓာကိုယ်သည်လည်း ပျောက်ကွယ်သွားလေသည် ။
ဒီမြင်ကွင်းသည် ဒဏ္ဍာရီထဲရှိ သက်တန့်ရောင်စဉ်နှင့်အတူ နတ်ပြည်တက်သွားသည်နှင့် တူလှသည် ။
သို့သော် ဧည့်ခန်းမထဲရှိ လူများ အားလုံးသည် ထိုအရာမှာ နတ်ပြည်တက်ခြင်း မဟုတ်မှန်း သိကြသည် ။
ဓားဂိုဏ်းက မူချန်ဖုန်းမြေကဲ့သို့ ကမ္ဘာနတ်ဘုရား အဆင့်ရှိသည့် ဓားသမားတစ်ယောက်သည် ထိုလူငယ်လေး၏ ထူးဆန်းပြီး ကြောက်စရာကောင်းသည့် နည်းလမ်းနှင့် အပြီးတိုင် ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်ပေသည် ။
"ငါ.... ငါ့ဘေးနားက လူတွေ ဘာလို့ နည်းသွားရတာလဲ...."
"မားမား...."
"ဘုရားရေ.... ငါ့ဘေးက လူနှစ်ယောက် ပျောက်သွားပြီ...."
ခတ္တ တိတ်ဆိတ်သွားပြီးနောက် အော်ဟစ်သံများ ထွက်ပေါ်လာသည် ။
ဧည့်ခန်းမထဲက လူတချို့သည် သူတို့ဘေးနားရှိ လူများ ရုတ်တရက် ပျောက်ကွယ်သွားခြင်းကို သတိထားမိလိုက်ကြသည် ။ ထိုပျောက်သွားသည့်သူများမှာ စောနက လူငယ်လေးကို လှောင်ပြောင်ခဲ့သည့်သူများ ဖြစ်နေခြင်းကို သူတို့ သိလိုက်ကြသည် ။
ထိုလူများမှာ တိတ်တဆိတ်ပင် သေဆုံးသွားခဲ့ကြရလေပြီ ။
လက်ဖျောက်တစ်ချက်...
လက်ဖျောက်တစ်ချက်တည်းနဲ့တင်...
“ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ။ လူတွေကို တိတ်တဆိတ် သတ်ဖြတ်နေတာလား”
“သူ.... သူက လူရော ဟုတ်ရဲ့လား...”
သူသည် လူသားတစ်ဦး မဟုတ်တော့ပေ ။ ထိုအရာသည် အရာအားလုံးကို အုပ်စိုးသည့် အရှင်သခင် တစ်ယောက်သာ ဖြစ်နိုင်သည် ။
အသက်ရှင်ကျန်ရစ်သည့် ဧည့်သည်များမှာ တုန်လှုပ်နေကြသည် ။ သူတို့ခေါင်းထဲမှာ ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ ဝင်းနားမိသားစုဆီက အမြန်ဆုံး ထွက်သွားရန်ပင် ဖြစ်သည် ။ သူတို့ ထိုနတ်ဘုရား စားပွဲတော်မှာ မပါဝင်ချင်တော့ပေ ။ ကျင့်စဉ်စွမ်းအားများ တိုးလာမည်ဆိုလျှင်ပင် သူတို့ မလိုချင်တော့ပေ။
"စားပွဲတော်ကို ဆက်ရအောင်...." ချန်ကျန်းက ဝင်းဆန်းရွှီကို တစ်ချက် ကြည့်လိုက်ပြီး ဘာမျှ မဖြစ်သကဲ့သို့ ပေါ့ပါးစွာ ပြောသည် ။
"ဟုတ်ကဲ့.... ဆန်းရွှီက သခင်လေးအတွက် စားပွဲတော်ကို အခုချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်...." ဝင်းဆန်းရွှီက သက်ပြင်းချလိုက်ကာ ချန်ကျန်းကို လက်သီးဆုပ် ဂါရဝပြုလိုက်သည် ။
ဤအခိုက်အတန့်အား သူ သဘောပေါက်လိုက်ပြီ ဖြစ်သည် ။ ဘိုးဘေးတွေ၏ ဆုံးမစာထဲတွင် အဘယ်ကြောင့် ထိုသခင်လေးကို မလေးမစား မလုပ်ရန် အမြဲတမ်း သတိပေးနေခြင်းကို သူ ကောင်းကောင်း သိရှိလိုက်ရပီ ဖြစ်သည် ။ မဟုတ်လျှင် ဝင်းနားမိသားစု တစ်ခုလုံး ပျက်စီးသွားနိုင်သည် မဟုတ်ပါလား ။
နာရီဝက်ခန့် ကြာပြီးနောက် နတ်ဘုရား စားပွဲတော်ကို တရားဝင် စတင်လိုက်လေသည် ။
"ပထမဆုံး ဟင်းပွဲကတော့ ဝိညာဉ်ဆယ်မျိုး စွပ်ပြုတ်ပါ...နှစ်တစ်ရာသက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင် ဆယ်မျိုးနဲ့ ချက်ပြုတ်ထားတာပါ.... ဆရာကြီးအဆင့်တွေက ဒီစွပ်ပြုတ်ကို သောက်မယ်ဆိုရင် ခန္ဓာကိုယ်က ဆေးအစွမ်းကို အပြည့်အဝ စုပ်ယူနိုင်မှာ ဖြစ်ပြီး အနည်းဆုံး ကျင့်စဉ်သက်တမ်း ခြောက်ဆယ်လောက် တိုးလာနိုင်ပါတယ်.... ဒီအဆင့်မှာ ခန္ဓာကိုယ်က အားမကောင်းလို့ ဝိညာဉ်စွမ်းအားတွေကို မစုပ်ယူနိုင်ဘူးဆိုရင်တော့ နောက်ထပ် အဆင့်တွေကို ဆက်သွားဖို့ မလိုတော့ပါဘူး...."
ဝင်းဆန်းရွှီက ဟင်းပွဲအကြောင်းကို ရှင်းပြပြီး ချန်ကျန်းကို ကိုယ်တိုင် ကမ်းပေးလိုက်သည် ။ "သခင်လေး.... မြည်းစမ်းကြည့်ပါဦး...."
ချန်ကျန်းက ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်ဆယ်မျိုး စွပ်ပြုတ်ကို တစ်ငုံ သောက်လိုက်လေသည် ။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည် ။ "အရသာကတော့ မူရင်းအတိုင်းပဲ.... သူ သင်ပေးခဲ့တဲ့ နည်းစနစ်အတိုင်းပဲလေ.... ဒါပေမဲ့ ဒီအဆင့်လောက်ကတော့ ငါ့အတွက် မလိုတော့ပါဘူး...."
"အာ.... ဒါက.... ဖြစ်နိုင်ပါတယ်...." ဝင်းဆန်းရွှီ တစ်ယောက် အနည်းငယ် အနေရခက်သွားရသည် ။
ဒီစားပွဲတော်ကို ချန်ကျန်း ပြန်လာမယ့်အချိန်အတွက် မူလကတည်းက ပြင်ဆင်ထားတာ ဖြစ်သည် ။ ဝင်းနားမိသားစု၏ ဘိုးဘေးမှတ်တမ်းတွေအရ နတ်ဘုရားက ထိုစားပွဲတော်ကို ချန်ထားရစ်ခဲ့ခြင်း ဖြစ်ပြီး ပြန်လာမည့် သခင်လေး၏ ကျင့်စဉ်များကို ပြန်လည် မြှင့်တင်ပေးရန် ဖြစ်သည်။
သို့သော် ယခု ကြည့်ရသည်မှာ အမြင့်ဆုံး စံနှုန်းနှင့်ပြင်ဆင်ထားသည့် စားပွဲတော်မှာ သခင်လေးအတွက် ဘာမျှ မဟုတ်သကဲ့သို့ ဖြစ်နေသည် ။
"ငါ့ရဲ့ ကျင့်စဉ်တွေ တဟုန်ထိုး တက်လာပြီ...."
"ဘယ်လောက်တောင် ထူးဆန်းသည့် စွပ်ပြုတ်လဲ.... ဘုရားရေ...."
"မရတော့ဘူး.... ငါ့ရဲ့ ဝိညာဉ်တွေက အရမ်း လှုပ်ရှားနေပြီ.... ငါ မူးဝေလာပြီ...."
ထိုအချိန်တွင် ချန်ကျန်း သောက်ပြီးသည့်နောက် စွပ်ပြုတ်သောက်သည့် ဧည့်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကုန်ကြသည် ။ သို့သော် မျက်တောင်တခတ်အတွင်းမှာပင် သူတို့ထဲမှ ထက်ဝက်လောက်သည် မူးဝေပြီး လဲကျကုန်ကြသည် ။
သူတို့မှာ ဝိညာဉ်စွပ်ပြုတ်၏ စွမ်းအားများကို မခံနိုင်ဘဲ ကိုယ်ထဲမှ အတွင်းအားများ ပို၍များလာခြင်းကြောင့် မူးဝေသွားကြခြင်း ဖြစ်သည် ။
"ငါ အရမ်း မူးနေပြီ...." ကျန်းရိုက ခေါင်းကို ရမ်းလိုက်သည် ။
"ငါလည်း အတူတူပဲ...." ချန်ကျစ်သည်လည်း အတူတူပင်။ သူ ကျန်းရိုနှင့် စကားပြောရင်းပင် မူးဝေသွားရလေသည် ။
"ငါက ဘာလို့ မမူးတာလဲ...." အန်းကျင်း၏ မျက်နှာပေါ်တွင် သံသယများ ပေါ်လာသည် ။ သူက စွပ်ပြုတ် တစ်ပန်းကန်လုံး သောက်လိုက်သော်လည်း ဘာမျှ မခံစားရပေ ။ ယခင်ကဆိုလျှင် သူဟာ ချက်ချင်းပင် မူးဝေမှာ သေချာပေသည်။
စုချန်နဲ့ ကျိုးချင်းဟုန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည် ။ သူတို့ နှစ်ယောက်စလုံးသည်လည်း စွပ်ပြုတ်တစ်ပန်းကန်စီ သောက်လိုက်ကြပေမဲ့ မူးဝေတာမျိုး မရှိကြပေ ။
"ငါ ဒီတစ်ပန်းကန်ပါ သောက်လိုက်မယ်.... အလဟဿ မဖြစ်စေနဲ့လေ...." အန်းကျင်းက ချန်ကျန်း တစ်ငုံ သောက်ခြင်းကို မြင်သည့်အခါ မျက်လုံးများ အရောင်လက်သွားပြီး ချန်ကျန်း၏ ပန်းကန်ကိုပင် ယူသောက်လေသည် ။
"အခုထိ ဘာမှ မခံစားရသေးဘူးလား...." အန်းကျင်းက ဒုတိယတစ်ပန်းကန်အား သောက်ပြီးသည့်အခါ နောက်ထပ်တစ်ကြိမ် သံသယ ဖြစ်ပြန်သည် ။
"ထူးခြားသည့် ခန္ဓာကိုယ်ပဲ.... အကုန်လုံးက ဆက်သွယ်နေတာလေ...." ချန်ကျန်းက စကားလုံး ရှစ်လုံးတည်းနဲ့ ပြောလိုက်သည် ။
"ဒုတိယ ဟင်းပွဲ လာပါပြီ...." ဝင်းဆန်းရွှီမှာ အလွန် အံ့ဩသွားရသည် ။ ထိုကောင်မလေးက ဆရာကြီးအဆင့်ပဲ ရှိသေးခြင်းကို သူ၏ စုပ်ယူနိုင်စွမ်းက ဆရာကြီးအထွတ်အထိပ် အဆင့်ထက်တောင် ပိုပြီး သန်မာနေသည် ။ မြေကမ္ဘာနတ်ဘုရား တစ်ယောက်၏ ခန္ဓာကိုယ်နှင့်ပင် ယှဉ်နိုင်နေသည် မဟုတ်ပါလား ။ ထိုအရာသည် သခင်လေး ခေါ်လာသည့် မိန်းကလေးဆိုလျှင်လည်း ထိုက်တန်ပေသည်။
မကြာမှီမှာပင် ဒုတိယ ဟင်းပွဲ ရောက်လာသည် ။ “ဒါကတော့ နှစ်ငါးရာကျော် သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်တွေနဲ့ လုပ်ထားတဲ့ စွပ်ပြုတ်ပဲ ဖြစ်ပါတယ်...”
"သတိပေးပါရစေ.... မင်းတို့တွေ မစုပ်ယူနိုင်ရင် အတင်း မသောက်ကြပါနဲ့.... မဟုတ်ရင်တော့ ပေါက်ကွဲပြီး သေသွားနိုင်ပါတယ်...." ဝင်းဆန်းရွှီက လူတိုင်းကို သတိပေးလိုက်သည် ။ ထိုတစ်ကြိမ်တွင်လည်း ချန်ကျန်းက အရင်ဆုံး မြည်းစမ်းကြည့်သည် ။ ချန်ကျန်းက တစ်ငုံ သောက်လိုက်ပြီး ထိုဒုတိယ ဟင်းပွဲမှာလည်း သူ့အတွက် သိပ်ပြီး အသုံးမဝင်ဘူးဟု မှတ်ချက်ပေးလိုက်သည် ။
"ငါ မရတော့ဘူး...."
"ငါ့ကိုယ်ထဲမှာ ဒေါသတွေ ပြည့်နေပြီ...."
"ငါ ဒီအဆင့်ကို မကျော်နိုင်တော့ဘူး...."
မိနစ်အနည်းငယ်အတွင်းမှာပင် ဧည့်သည်များမှာ မူးဝေကုန်ကြသည် ။ စုချန်နဲ့ ကျိုးချင်းဟုန်တို့သည်လည်း တစ်ငုံပင် ဆက်မသောက်ရဲကြပေ ။ သူတို့၏ခန္ဓာကိုယ်များက နတ်ဘုရား စားပွဲတော်၏စွမ်းအားများကို မစုပ်ယူနိုင်ခြင်းဖြစ်သည် ။
"နတ်ဘုရား စားပွဲတော်က တကယ်ကို အံ့ဩစရာပဲ...." စီနီယာ ဆေးဘုရင် ချန်ကျစ်လုံလျှင်ပင် ဒုတိယ ဟင်းပွဲမှာပင် ရပ်လိုက်ရသည် ။ သူသည် ဆရာကြီးအထွတ်အထိပ် အဆင့်ကို ရောက်နေပြီဖြစ်သော်လည်း ထိုစွပ်ပြုတ်ကို တစ်ငုံ သောက်လိုက်သည်နှင့်ပင် သူ့ကိုယ်ထဲက အတွင်းအားများမှာ မြေကမ္ဘာနတ်ဘုရားအဆင့်ကို တက်လှမ်းရန် လုံလောက်နေပြီ ခံစားလိုက်ရသည် ။ အကယ်၍ သူ နောက်ထပ် တစ်ငုံ ထပ်သောက်မည်ဆိုလျှင် ကပ်ဘေး မိုးကြိုးများကို ဆွဲဆောင်မိခြင်းမှာ သေချာနေသည် ။
ကျန်းပိုယွဲ့နဲ့ ယွီချန်ဟိုင်တို့မှာ ထိုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြသည် ။ ယွီချန်ဟိုင်၏တပည့် ဝမ်ထိုက်လိုင်မှာ ပထမဆုံး အဆင့်မှာပင် မူးလဲသွားခဲ့သည်။
“နတ်ဘုရား စားပွဲတော်.... ဒီ စားပွဲတော်က မိုးတိမ်ကမ္ဘာက နတ်သမီး စားပွဲတော်နဲ့ တူတယ်.... အရင်တုန်းက ဝင်းနားမိသားစုကို ကယ်တင်ခဲ့တဲ့သူက မိုးတိမ်ကမ္ဘာက နတ်ဘုရား ဖြစ်ရမယ်.... သူကလည်း အလွန် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ.... စွမ်းအားကြီးတဲ့သူတွေတောင် နတ်ဘုရား ချက်ပြုတ်တဲ့ အစားအသောက်တွေကို စားချင်ကြတာလေ.... ဒါပေမဲ့ နတ်ဘုရားက အရှင့်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး....' ကျန်းပိုယွဲ့ရဲ့ စိတ်ထဲမှာ နဂါးဝိညာဉ်က တိုးတိုးလေး ပြောလိုက်သည် ။ သူသည် ထိုနေ့မှပင် ဤလျှို့ဝှက်ချက်ကို သိလိုက်ရခြင်း ဖြစ်ပေသည် ။
"မိုးတိမ်ကမ္ဘာက နတ်ဘုရား ဟုတ်လား...." ကျန်းပိုယွဲ့လည်း နဂါးဝိညာဉ်၏ စကားကြောင့် အံ့ဩသွားရသည် ။
"ငါကတော့ ဘာမှ မခံစားရသေးဘူး...." အန်းကျင်းက ပြောသည် ။
"တတိယ ဟင်းပွဲ လာပါပြီ...." ဝင်းဆန်းရွှီက အန်းကျင်းကို အလေးအနက် ကြည့်လိုက်သည် ။ သူက အန်းကျင်း၏ခန္ဓာကိုယ်ကို အကဲမဖြတ်နိုင်ပေမဲ့ တစ်ယောက်ယောက်က ကျော်ဖြတ်နိုင်လျှင် နောက်ထပ် ဟင်းပွဲကို ဆက်သွားရမည် မဟုတ်ပါလား ။
မကြာမှီမှာပင် တတိယ ဟင်းပွဲ ရောက်လာသည် ။ ထိုတစ်ကြိမ်တွင် တစ်မိနစ်မပြည့်ခင်မှာပင် အန်းကျင်းကလွဲ၍ ကျန်သည့် ဧည့်သည်များ အားလုံးသည် ဇွန်းနှင့် ခက်ရင်းများကို ချလိုက်ကြသည် ။ အဘယ်ကြောင့်ဆိုသော် သူတို့တွေ ထိုအဆင့်ကို မကျော်ဖြတ်နိုင်မည်မဟုတ်သည်ကို ကိုယ့်ကိုယ်ကိုယ် သိကြ၍ ဖြစ်ပေသည် ။ အကယ်၍ ထိုဟင်းပွဲကို အတင်းအကျပ် စားမည်ဆိုလျှင် ဆရာကြီးအထွတ်အထိပ် အဆင့်ရှိသည့်သူများမှာ တိုက်ရိုက် ပေါက်ကွဲပြီး သေသွားနိုင်သကဲ့သို့ မြေကမ္ဘာနတ်ဘုရားများမှာလည်း မူးလဲသွားနိုင်သည် ။
သို့သော် အန်းကျင်းသည် နောက်တစ်ကြိမ် အလွယ်တကူပင် ကျော်ဖြတ်နိုင်ခဲ့ပြန်သည် ။
“တကယ်ကို ထူးဆန်းတဲ့ ခန္ဓာကိုယ်ပဲ.... ဒါက ဘယ်လို ခန္ဓာကိုယ်မျိုးလဲ....' ကျန်းပိုယွဲ့၏ စိတ်ထဲက နဂါးဝိညာဉ်လည်း ဇဝေဇဝါ ဖြစ်နေရသည် ။
"ငါ အခုထိ ဘာမှ သိပ်မခံစားရသေးဘူး.... ဒါပေမဲ့.... တစ်ခုခုကတော့ ဆွဲဆောင်ခံနေရသလိုပဲ...." အန်းကျင်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည် ။
"ဘုန်း...." သူမရဲ့ စကားအဆုံးမှာတင် ဝင်းနားမိသားစု၏ကိုယ်ပိုင် ဝိုင်ထုတ်လုပ်ရေးခြံ၏အပေါ်က ကြည်လင်နေသည့် ကောင်းကင်ယံမှာ အကြီးအကျယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလေသည် ။
"ဘုန်း...." "ဘုန်း...."
မိုးတိမ်များမှာ တလိမ့်လိမ့် တက်လာလေသည် ။ ဝိုင်ခြံတစ်ခုလုံးသည် ချက်ချင်းပင် မှောင်မည်းသွားလေသည် ။ လျှပ်စီးများနှင့် မိုးခြိမ်းသံများမှာလည်း အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည် ။
"ကပ်ဘေး မိုးကြိုး..." ဝင်းဆန်းရွှီက အသံကို နှိမ့်ပြီး စကားလုံး နှစ်လုံးတည်းကို ပြောလိုက်သည် ။
"ကပ်ဘေး မိုးကြိုး ဟုတ်လား.... ဝါး.... ငါ မကြာခင် မြေကမ္ဘာနတ်ဘုရား ဖြစ်တော့မှာပေါ့.... အရမ်း ကောင်းတာပဲ...." အန်းကျင်းက ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် အံ့ဩဝမ်းသာသွားပြီး လူတိုင်း၏ အရှေ့မှာပင် ချန်ကျန်း၏ ပါးကို ရွှတ်ခနဲ နမ်းလိုက်လေသည် ။
"......" ပုံမှန် မဟုတ်သည့် အခြေအနေကြောင့် လူတိုင်း ကြောင်အမ်းကုန်ကြရသည် ။
အခန်း ၁၄၈ ပြီး
***