"သောက်ကျိုးနည်း... ဘာလို့ မိုးတိမ်တွေက ရုတ်တရက်ကြီး ဖြစ်လာတာလဲ။ ယန်ကျင်းမြို့ပြင်မှာ တစ်ယောက်ယောက် ကပ်ဘေးကျော်ဖြတ်နေတာလား။ ဒီမိုးတိမ်တွေက အရမ်းထူးဆန်းလွန်းတယ်။ ငါ့ရဲ့ အဖိုးတန် ကင်မရာနဲ့ မှန်ဘီလူးတွေ မိုးကြိုးပစ်ခံရရင်တော့ အကုန်သွားပြီပဲ။"
ယန်ကျင်းမြို့ ဆင်ခြေဖုံးက တောင်ကုန်းတစ်ခုပေါ်မှာ ရှုခင်းဓာတ်ပုံရိုက်ရန် ရောက်နေသည့် ဓာတ်ပုံဆရာတစ်ယောက်မှာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ မိုးတိမ်များက မိုင်အနည်းငယ် ဝေးနေသော်လည်း တကယ်ကို ကြောက်စရာကောင်းနေပြီး ဘာနိမိတ်မျှမရှိဘဲ လိမ့်တက်လာခြင်း ဖြစ်ပေသည်။ အကယ်၍ မိုးကြိုးတစ်ချက်သာ ထိုနေရာကို ကျလာမည်ဆိုလျှင် သူ၏ သိန်းနှင့်ချီတန်သည့် ကင်မရာများ အားလုံး ပျက်စီးသွားပေလိမ့်မည်။
"သောက်ကျိုးနည်း.... ဒီလိုမျိုး မိုးကြိုးမုန်တိုင်း ရှုခင်းမျိုးနဲ့ ကြုံရဖို့က ခဲယဉ်းတယ်လေ။ ငါ ဒီနေ့ မိုးကြိုးမုန်တိုင်း ဓာတ်ပုံတွေကို ရအောင် ရိုက်မယ်။"
ဓာတ်ပုံဆရာက အံကြိတ်ပြီး ဆက်နေဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် ထိုနေ့မှာ မိုးကြိုးမုန်တိုင်း ဓာတ်ပုံများကို အချိန်မှတ် ရိုက်ကူးရေးလုပ်ရန် ပြင်လိုက်သည်။ အကယ်၍ သူသာ အမှန်တကယ် ရိုက်နိုင်ခဲ့လျှင် ဖိုရမ်ပေါ်မှာ နာမည်ကြီးသွားမှာပင် သေချာသည်။
ဝင်းနားမိသားစုရဲ့ ကိုယ်ပိုင် ဝိုင်ခြံရှိ နတ်ဘုရားစားပွဲတော်မှာ ပြီးဆုံးသွားခဲ့လေပြီ။ ယခုအချိန်မှာတော့ လူတိုင်းသည် ဝိုင်ခြံရှေ့က မြက်ခင်းပြင်ပေါ်ကို ရောက်နေကြသော်လည်း အန်းကျင်းနှင့် အဝေးမှာ နေကြလေသည်။ ထိုလူအားလုံးမှာ ကပ်ဘေး၏ရိုက်ခတ်မှုကို မခံချင်ကြပေ။ မြေကမ္ဘာနတ်ဘုရားများသည် တစ်ခုခု ထူးခြားနေသည်ကို ခံစားမိနေကြပြီ ဖြစ်သည်။
“ဒီနေ့ရဲ့ ကပ်ဘေးက ရိုးရှင်းမှာ မဟုတ်ဘူး.... ကိုယ်နဲ့မဆိုင်ရင် ဝင်မပါတာ အကောင်းဆုံးပဲ...”
"မြန်မြန်လုပ်စမ်း.... မြန်မြန်လုပ်စမ်း.... ငါက ဒီနေ့ကို စောင့်နေတာ ကြာပြီဟ။ ဘာလို့ အခုထိ ပစ်မချသေးတာလဲ။"
အန်းကျင်းက မြက်ခင်းပြင်ပေါ်မှာ ရပ်ပြီး မိုးတိမ်များကို လှမ်းအော်လိုက်သည်။
"......"
လူအများအပြားမှာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးများပြူးနေကြသည်။
‘ဒီကောင်မလေးက ဘာလဲ.... ကပ်ဘေးကျော်ဖြတ်မှာလား ဒါမှမဟုတ် အမျိုးတွေနဲ့ တွေ့ဖို့ စောင့်နေတာလား။ မြေကမ္ဘာနတ်ဘုရား ကပ်ဘေးဆိုတာ နောက်ပြောင်စရာ မဟုတ်ဘူးလေ။ သူ့ကို ကာကွယ်ပေးမယ့် လျှို့ဝှက်ဆန်းကျယ်တဲ့ သခင်လေး ရှိနေရင်တောင် ကပ်ဘေးကျော်ဖြတ်ဖို့က မလွယ်ကူဘူး လေ...”
အကယ်၍ ကပ်ဘေးကို အမှန်တကယ် ကျော်ဖြတ်ချင်သည်ဆိုလျှင် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပင် အားကိုးရမှာ ဖြစ်သည်။ အကယ်၍ အခြားတစ်ယောက် ကူညီပေးမည်ဆိုလျှင် ထိုကပ်ဘေးကျော်ဖြတ်မှုသည် အဆင့်အနိမ့်ဆုံးသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်လည်း ချန်ကျန်းနှင့် ရင်းနှီးသည့် ကျန်းပိုယွဲ့နှင့် ယွီချန်ဟိုင်တို့မှလွဲ၍ ဝင်းနားမိသားစုနှင့် ကျန်သည့် ဧည့်သည်တွေမှာ အန်းကျင်းအပေါ် အကောင်းမမြင်ကြပေ။
အန်းကျင်းမှာ စိတ်လှုပ်ရှားနေပုံ ပေါ်နေသည်။
"အစ်မအန်း...." စုချန်က တိုးတိုးလေး ခေါ်လိုက်သည်။
"သခင်လေး ရှိနေတာပဲ.... အဆင်ပြေသွားမှာပါ..." ကျိုးချင်းဟုန်က တိုးတိုးလေး ပြောလိုက်သည်။ သူကတော့ အန်းကျင်း၏အန္တရာယ်အတွက် စိုးရိမ်မနေပေ။ ချန်ကျန်းက အန်းကျင်းကို ဘယ်လိုနည်းလမ်းနှင့် ကပ်ဘေးကျော်ဖြတ်ခိုင်းမည်ဆိုသည်ကို ခန့်မှန်းနေခြင်း ဖြစ်ပေသည်။
အမှန်တကယ်တွင် ယွီချန်ဟိုင်နှင့်ကျန်းပိုယွဲ့တို့သည်လည်း ချန်ကျန်းက အန်းကျင်းကို အဘယ်ကြောင့် ကာကွယ်ပေးမည်လဲဆိုသည်ကို စဉ်းစားနေကြသည်။ သူတို့ နှစ်ယောက်လုံးမှာလည်း ချန်ကျန်း ခင်းကျင်းပေးခဲ့သည့် အစီအရင်ကြောင့် ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြသူတွေ မဟုတ်ပါလား။
“ဒါဆိုရင် နတ်ဘုရား စားပွဲတော်ကြောင့် ကပ်ဘေးကို ဆွဲဆောင်လိုက်တဲ့ အန်းကျင်းအတွက်ကရော...”
"ဘုန်း...."
မိုးခြံသံများ ထွက်လာသည်။ လျှပ်စီးများက ကောင်းကင်ယံကို ဆွဲဖြဲလိုက်သည်။
ရွှမ်း...
ဧရာမ လျှပ်စီးတန်းကြီးတစ်ခုမှာ မြည်ဟည်းပြီး ကျဆင်းလာလေသည်။
"သတိထား...." ဝင်းဆန်းရွှီ၏ ဘေးနားက ဝတ်စုံရှည်ဝတ်ထားသည့် ဝင်းရင်းရင်းက မနေနိုင်ဘဲ အော်လိုက်သည်။
"အရမ်း ကြောက်စရာကောင်းတာပဲ..."
"ဒါက ငါ အရင်တုန်းက ကျော်ဖြတ်ခဲ့တဲ့ မြေကမ္ဘာနတ်ဘုရား ကပ်ဘေးထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းနေပါလား..."
"ကောင်းကင်လမ်းစဉ်က တမင်တကာ လုပ်နေတာလား..."
ဘေးနားတွင်ရှိသည့် မြေကမ္ဘာနတ်ဘုရားများသည် အံ့ဩနေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုလျှပ်စီးတန်းက သူတို့ ကျော်ဖြတ်ခဲ့သည့် ကပ်ဘေးများထက် ပိုပြီး ကြောက်စရာကောင်းနေသည်ပင် ဖြစ်သည်။
“ကောင်းကင်လမ်းစဉ်က ဒီကောင်မလေးအပေါ် ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ ဒီကောင်မလေးတော့ ဒီတစ်ခါ ဒုက္ခတွေ့ပြီ ထင်တယ်...”
"ငါ ဘာလုပ်ရမလဲ။"
ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီးများက ပစ်ချမည့် အချိန်မှာပင် အန်းကျင်းသည်လည်း မနေနိုင်ကာ ချန်ကျန်းကို လှမ်းကြည့်လိုက်တော့သည်။ သူ ကပ်ဘေးကျော်ဖြတ်ချင်ရသည့် အကြောင်းအရင်းမှာ ချန်ကျန်းက မြေကမ္ဘာနတ်ဘုရား ဖြစ်လာလျှင် သူနှင့်အတူ ကလေးမွေးသည့်အလုပ်များ လုပ်၍ရမညိဟု ပြောခဲ့သည် မဟုတ်ပါလား။
သို့သော် ယခုတွင် ကပ်ဘေးကျော်ဖြတ်ရန် သူ ထင်ထားသကဲ့သို့ မလွယ်ကူခြင်းမှာ သေချာနေပြီ ဖြစ်သည်။ သူ့ဆီကို တိုးဝင်လာသည့် ကြောက်မက်ဖွယ် စွမ်းအားများကို သူ တောင့်ခံနိုင်မှာ မဟုတ်ပေ။
"မင်း သိပ်ပြီး သတ္တိတွေ ကောင်းနေတယ်ပေါ့.... အခုထိ ငါ့ကို မမှတ်မိသေးဘူးလား... ဟမ်.... မင်းတို့လို ကမ္ဘာမြေရဲ့ ကောင်းကင်လမ်းစဉ်ကလေ..."
ချန်ကျန်းက ပြောလိုက်သည်။ သူက ကောင်းကင်က မိုးတိမ်များကို ကြည့်ပြီး စကားတစ်ခွန်း ပြောလိုက်ခြင်းပင်။
"ရွှမ်း...."
အန်းကျင်းကို ထိမှန်တော့မည့် ကြောက်စရာကောင်းသည့် လျှပ်စီးတန်းမှာ အန်းကျင်း၏ ဦးခေါင်းနှင့် နှစ်ဆယ်စင်တီမီတာခန့် အကွာမှာတင် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ဤကြောက်စရာကောင်းသည့် လျှပ်စီးများမှာ ချက်ချင်းပင် ငြိမ်သက်သွားလေသည်။
"ဝေါ...."
မိုးတိမ်များက ရုတ်တရက် ပြန်ဆုတ်ခွာသွားကြသည်။
ကပ်ဘေးမှာ ထိုအတိုင်း ပျောက်သွားမည်ဆိုလျှင် အန်းကျင်းက ကပ်ဘေးကျော်ဖြတ်ခြင်း အောင်မြင်သည်ဟု သတ်မှတ်၍ မရပေ။
လူတိုင်းသည် ပိုပြီး ဇဝေဇဝါ ဖြစ်နေကြသည်။
"ပြန်လာခဲ့စမ်း...." ချန်ကျန်းက မိုးတိမ်များကို နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။ "မင်းက ပုံစံဖမ်းပေးပြီးတော့ အန်းကျင်းကို လက်သီးတစ်ချက် ပေးထိုးခိုင်းလိုက်စမ်းပါ။ ပြီးတော့ သတိထားဦးနော်.... လူတွေက အတုကြီးလို့ မထင်အောင် လုပ်စမ်းပါဦး..."
လူတိုင်းသည် ပို၍ နားမလည်နိုင် ဖြစ်နေကြရသည်။
သို့သော် နောက်တစ်စက္ကန့်မှာ သူတို့အမှန်တကယ်ကို ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။ ထိုအရာသည် ပြန်ဆုတ်သွားသည့် မိုးတိမ်များက ရုတ်တရက် ပြန်လည် စုစည်းလာပြီး အရင်ကထက် ပို၍ ဖိအားများ ပေးလာခြင်း ဖြစ်သည်။
ဘုန်း...ဘုန်း...
မိုးခြံသံများမှာ ဟိန်းနေသည်။ ကောင်းကင်ကို ဆွဲဖြဲလိုက်သည့် လျှပ်စီးများက ယခင်ကထက် ပိုပြီး ကြီးမားကာ ကြောက်ဖို့ ကောင်းသည်။
သို့သော် ထိုကြောက်စရာကောင်းသည့် လျှပ်စီးများက ကောင်းကင်တွင်သာ ဝဲနေကာ တစ်ခုမျှ ကျဆင်းမလာပေ။ ထိုအတိုင်းပင် လေထဲတွင် စွမ်းအားပြနေကြခြင်း ဖြစ်သည်။
"အန်းကျင်း.... အတွင်းအားတွေကို စုစည်းပြီး လက်သီးတစ်ချက် ပေးထိုးလိုက်စမ်း။" ချန်ကျန်းက အန်းကျင်းကို အချက်ပြလိုက်သည်။
"ကောင်းပြီလေ..."
အန်းကျင်းက မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်သည်။ သူ၏အတွင်းအားများသည် တစ်ကိုယ်လုံးလှည့်ပတ်ကာ အားအင်များကို လက်သီးထဲတွင် စုစည်းပြီး ကောင်းကင်ရှိ မိုးတိမ်များဆီကို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
"ဝေါင်း..."
နဂါးဟိန်းသံနှင့် ကျားဟိန်းသံများ ထွက်ပေါ်လာသည်။ လက်သီးချက်မှာ ကောင်းကင်ဆီသို့ ပျံတက်သွားလေသည်။
"ဘုန်း..."
မိုးတိမ်များနှင့် လျှပ်စီးများမှာ ပေါက်ကွဲသွားလေသည်။ အန်းကျင်း၏ လက်သီးချက်က မိုးတိမ်များကို ဖြိုခွဲပစ်လိုက်ခြင်းပင်။
"ဝှစ်..."
မိုးတိမ်များ ပေါက်ကွဲသွားပြီးနောက်တွင် ကောင်းကင်ယံမှာ ဖြူဖျော့သည့် အလင်းတန်းတစ်ခု ပေါ်လာသည်။
"ဟင်.... ငါ့ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲသွားသလိုပဲ.... တစ်ကိုယ်လုံး ပေါ့ပါးသွားပြီးတော့ ထူးဆန်းတဲ့ ခံစားချက်ကြီး ဖြစ်နေတယ်.... ချန်ကျန်း ချန်ကျန်း.... ငါက အခု မြေကမ္ဘာနတ်ဘုရား ဖြစ်သွားပြီလား..."
လူတိုင်း စိုးရိမ်နေသည့် အချိန်မှာပင် အန်းကျင်း၏ အသံ ထွက်ပေါ်လာသည်။
"ပြောင်းလဲသွားပြီဆိုရင်တော့ အကုန် အဆင်ပြေသွားပါပြီ။" ချန်ကျန်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
"ရေး..."
အန်းကျင်းက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ချန်ကျန်း၏ ရင်ခွင်ထဲကို ပြေးဝင်ကာ သူ၏ခါးကို ခြေထောက်များနှင့် ပတ်လိုက်ပြီး ချန်ကျန်းကို နမ်းလိုက်သည်။
လူတိုင်းသည် သူတို့ကို ကြောင်ကြည့်နေကြသည်။
“လူငယ်လေးက ကပ်ဘေး မိုးကြိုးကို အမိန့်ပေးနေတာလား...”
အရေးကြီးဆုံးအချက်မှာ ကပ်ဘေး မိုးကြိုးက သူ့စကားအား နားထောင်နေခြင်း ဖြစ်သည်။ ကပ်ဘေး ပျောက်ကွယ်ချိန်တွင် ထိုလူငယ်လေးက ပြန်ခေါ်လိုက်သည်။ ထို့နောက် ကပ်ဘေးက ပုံစံဖမ်းပေးလိုက်ပြီး အန်းကျင်းကို လက်သီးတစ်ချက်ဖြင့် ထိုးခိုင်းသည်။ ထို့နောက်တွင် အန်းကျင်းက မြေကမ္ဘာနတ်ဘုရား ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည်။
“သောက်ကျိုးနည်း...ဒီလိုမျိုးလည်း ကပ်ဘေးကျော်ဖြတ်တာ ရှိလို့လား... ဒါက တကယ်ပဲ လိမ်ညာနေတာလား...”
ယခင်က ချန်ကျန်းကို မသိသည့်သူများမှာ ယခုတော့ ချန်ကျန်းအား စိုက်ကြည့်နေကြပြီ ဖြစ်သည်။ ချန်ကျန်းက ဘယ်ဂိုဏ်းကလဲ ၊ ဘာလျှို့ဝှက်ကျင့်စဉ်များကို ကျင့်ကြံထားလည်း သူတို့ မသိကြသော်လည်း တစ်ခုကိုသာ သူတို့ ကောင်းကောင်း သိလိုက်ကြရသည်။ ထိုအရာသည် ဤလူဟာ ကပ်ဘေး မိုးကြိုးကိုပင် ခြောက်လှန့်နိုင်သည့်သူ ဖြစ်နေခြင်းကိုပင်။
“ထူးဆန်းလိုက်တာ....”ကျန်းပိုယွဲ့၏ စိတ်ထဲက နဂါးဝိညာဉ်က တိုးတိုးလေး ပြောလိုက်သည်။
“ကမ္ဘာမြေရဲ့ ကောင်းကင်လမ်းစဉ်က အရှင့်ကို တကယ် ကြောက်နေတာကို ငါ ခံစားနေရတယ်.... ဒါပေမဲ့ ခုနက ကောင်းကင်လမ်းစဉ်က အရှင့်ကို တိုက်ခိုက်ချင်ခဲ့သေးတယ်.... ဒါပေမဲ့ နောက်ဆုံးမှာတော့ အထက်လူကြီးဆီက အမိန့်ရလိုက်သလိုမျိုး အရှင့်စကားကို လိမ္မာပါးနပ်စွာနဲ့ နားထောင်သွားတာပဲ.... ဒီအခြေအနေက တကယ်ကို ထူးဆန်းလွန်းတယ်....”
အခန်း ၁၄၉ ပြီး
***