"ဘိုးဘေးကြီး.... သခင်လေးက ဘယ်လိုလူမျိုးလဲဟင်...." ဝင်းနားမိသားစု၏ ဝိုင်ခြံတံခါးဝမှာ ဝတ်စုံရှည်ဝတ်ထားသည့် ဝင်းရင်းရင်းက ဝင်းဆန်းရွှီကို တွဲထားကာ ပျောက်ကွယ်သွားသည့် ချန်ကျန်း၏ ပုံရိပ်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည် ။
"သခင်လေးက ဘယ်လိုလူလဲဆိုတာ ငါလည်း မသိဘူး.... ဒါပေမဲ့ ဘိုးဘေးတွေရဲ့ မှတ်တမ်းအရတော့ ငါတို့ဝင်းနားမိသားစုကို ကယ်တင်ခဲ့သည့် နတ်ဘုရားဟာ ကိုယ်ပွားခန္ဓာတစ်ခုပဲတဲ့.... သူက သခင်လေးကို ရှာဖို့အတွက် ကမ္ဘာမြေကို လာခဲ့တာလေ.... နတ်ဘုရားက ပြောခဲ့တာကတော့ နှစ်တွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ၊ နှစ်ပေါင်းထောင်ချီ ဒါမှမဟုတ် ကုဋေကုဋာ ကြာပါစေ သခင်လေးရဲ့ ရုပ်ရည်က ပြောင်းလဲမှာ မဟုတ်ဘူးတဲ့... ဒီအချက်ကိုပဲ အခြေခံပြီး သခင်လေးရဲ့ အဆင့်အတန်းကို သတ်မှတ်နိုင်တယ်လို့ ဆိုထားတယ်...." ဝင်းဆန်းရွှီက စဉ်းစားပြီး ပြောသည် ။
"ထာဝရ အသက်ရှင်ခြင်းပေါ့...." ဝင်းရင်းရင်းက တွေးမိသွားသည် ။
"ထာဝရ အသက်ရှင်ခြင်း.... မသေခြင်း...." ဝင်းဆန်းရွှီက ထိုစကားလုံးများကို တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည် ။
"မသေခြင်း ဆိုတဲ့စကားလုံးက သခင်လေးကို အပြည့်အဝ ဖော်ပြဖို့အတွက် မလုံလောက်သေးဘူးထင်တယ်...."
"ရှင်...." ဝင်းရင်းရင်း တစ်ယောက် ဘာပြန်ပြောရမှန်း မသိတော့ပေ ။
ထိုအမျိုးသားကို မသေခြင်းဆိုသည့် စကားလုံးနှင့်ပင် အပြည့်အဝ ဖော်ပြလို့ မရဘူးဆိုလျှင် ဘယ်လို စကားလုံးပင် ဖော်ပြနိုင်မည်နည်း။
ယခုအချိန်တွင် ကီလိုမီတာ အနည်းငယ် ဝေးသည့် တောင်ကုန်းပေါ်မှာ မိုးကြိုးမုန်တိုင်းကို ဓာတ်ပုံရိုက်နေသည့်သူမှာ အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်ရယ်မောနေသည် ။
"ငါတော့ ချမ်းသာပြီ.... ငါ အခုပဲ ချမ်းသာတော့မှာ.... မိုးကြိုးမုန်တိုင်းက သူ့ဘာသာသူ ပြန်လာပြီး အက်ကွဲသွားတာဟာ ဉာဏ်ရည်ရှိတဲ့ပုံစံပဲ.... ပြီးတော့ လေထဲမှာတင် ပေါက်ကွဲသွားတာဆိုတော့ ဒါက တကယ့်ကို ထူးဆန်းတဲ့ ကိစ္စပဲလေ.... ဘယ်သူ့ကိုမှ ဓာတ်ပုံထဲမှာ မရိုက်မိပေမဲ့ ဒါက ထိပ်တန်း လျှို့ဝှက်အချက်အလက်ပဲ ဖြစ်ရမယ်.... ငါတော့ အောင်မြင်ပြီ.... ဟားဟား...."
ယန်ကျင်းမြို့လယ်ခေါင်တွင် စွမ်းအားရှင်အဖွဲ့ ဌာနချုပ်နှင့် လမ်းနှစ်လမ်းလောက်ပင် ဝေးသည့် အဆောက်အဦးတစ်ခု၏ဓာတ်လှေကားထဲမှာ လင်းကျန်းမင် တစ်ယောက် စိတ်လှုပ်ရှားနေသည် ။
စွမ်းအားရှင်အဖွဲ့သည် ယန်ကျင်းမြို့ပြင်က မိုးကြိုးမုန်တိုင်းကို ပထမဆုံး သတိထားမိခဲ့ကြပြီး တစ်စုံတစ်ဦး ကပ်ဘေးကျော်ဖြတ်နေခြင်းကို သိလိုက်သည် ။ သူက စိတ်စွမ်းအားနှင့် စူးစမ်းကြည့်သည့်အခါတွင် အန်းကျင်း၏ ကပ်ဘေးကျော်ဖြတ်သည့် ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရသည် ။
ထို့နောက်မှာ သူက ချန်ကျန်းကို ဖုန်းဆက်ပြီး မြို့ထဲကို လာခဲ့ရန် တောင်းဆိုခဲ့ခြင်းဖြစ်၏။
ယခု သူ စိတ်လှုပ်ရှားနေခြင်းက ချန်ကျန်းကြောင့် မဟုတ်ဘဲ စွမ်းအားရှင်အဖွဲ့၏ရှေ့က ခေါင်းဆောင်ကြီး ဖြစ်ပျက်နေခြင်းအား ချန်ကျန်းကို ကြည့်ခိုင်းစေချင်းကြောင့်ဖြစ်သည် ။ ရှေ့က ခေါင်းဆောင်ကြီးကို ကယ်တင်၍ ရမရအား သူ သိချင်နေခြင်းပင် ။
မကြာမှီမှာပင် ဓာတ်လှေကားက သတ်မှတ်ထားသည့် အထပ်ကို ရောက်သွားသည် ။ လင်းကျန်းမင်ကိုယ်တိုင် ချန်ကျန်းကို ဦးဆောင်ပြီး သိပ္ပံနည်းကျ ကိရိယာများနှင့် စောင့်ကြည့်နေသည့် အခန်းတစ်ခုဆီကို ခေါ်လာသည် ။
"မင်ဦးလေး.... ဦးလေးက ဒီလို ကျင့်ကြံသူဆိုတဲ့သူတွေကို ထပ်ခေါ်လာပြန်ပြီလား.... ကျွန်မ အဘိုးရဲ့ရောဂါကို အဆင့်မြင့်ဆုံး နည်းပညာနဲ့ ကုမယ်လို့ ပြောထားတယ်လေ.... လူသားတွေရဲ့ မျက်လုံးက စက်ကိရိယာတွေထက် ပိုပြီး တိကျမယ်လို့ ကျွန်မ မယုံဘူး...."
သူတို့ ဝင်လာသည်နှင့် အဖြူရောင် ဝတ်စုံနှင့် မျက်မှန်တပ်ထားသည့် အမျိုးသမီးတစ်ဦးက မျက်မှောင်ကြုတ်ပြီး လင်းကျန်းမင်နှင့်ချန်ကျန်းကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည် ။
"ဒေါက်တာ ရွှီကော်.... အဘိုးအိုရဲ့ အသက်ရှူနှုန်းတွေက ပုံမှန်မဟုတ်တော့ဘူး.... ဘာဖြစ်တာလဲ.... အဘိုးရဲ့ အခြေအနေက အမြဲတမ်း ပုံမှန်ရှိနေတာကို ဘာလို့ ရုတ်တရက်ကြီး ဒီလို ဖြစ်သွားရတာလဲ.... ဒေါက်တာရွှီ.... အဘိုးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အရမ်းကို မငြိမ်မသက် ဖြစ်နေတယ်...."
ထိုအချိန်မှာပင် ဝန်ထမ်းတစ်ယောက်၏အသံ ထွက်ပေါ်လာသည် ။
"စိတ်ငြိမ်ဆေးတွေ ထိုးလိုက်စမ်း...." မျက်မှန်တပ်ထားသည့် ဆရာဝန်မလေးက မျက်မှောင်ကြုတ်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည် ။
"ဟုတ်ကဲ့...." ဝန်ထမ်းတွေက အမြန်ပဲ အလုပ်လုပ်ကြပြီး အခန်းထဲကို မြူခိုးဖြူဖြူများ ထည့်လိုက်ကြသည် ။
"အဘိုးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်ပြီး တည်ငြိမ်သွားပါပြီ...." ခဏအကြာမှာ ဝန်ထမ်းက သက်ပြင်းချကာ ပြောလိုက်သည် ။
"အင်း...." ဆရာဝန်မလေးက ခေါင်းညိတ်လိုက်ပြီး လင်းကျန်းမင်ဘက် လှည့်ကာ ပြောလိုက်သည် ။ "မင်ဦးလေး.... လူတွေကို ပြန်ခေါ်သွားလို့ ရပါပြီ.... နည်းပညာကပဲ ကျွန်မရဲ့ အဘိုးကို ကယ်တင်နိုင်မှာပါ.... အမေရိကန်ကနေ နောက်ဆုံးပေါ် စက်ကိရိယာတွေ ရောက်လာဖို့ပဲ စောင့်နေတာ.... ကျွန်မကိုယ်တိုင်ပဲ အဘိုးကို ခွဲစိတ်ပေးမယ်.... အဲဒီအခါကျရင် အဘိုး ပြန်ပြီး ပုံမှန်ဖြစ်လာလိမ့်မယ်...."
ထိုစကားသည် ဧည့်သည်ကို နှင်ထုတ်လိုက်ခြင်းနှင့် အတူတူပင်။
"ရွှီကော်.... မင်း အဲဒီလို လုပ်မယ်ဆိုရင် အဘိုးအိုကို ဒုက္ခပေးတာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်...." လင်းကျန်းမင်က မျက်နှာပျက်သွားပြီး အသံအေးအေးဖြင့်ပြောလိုက်သည် ။
"ကျွန်မက စက်ကိရိယာတွေရဲ့ တိကျမှုကိုပဲ ယုံကြည်တယ်...." ဆရာဝန်မလေးက လှောင်ပြောင်လိုက်သည် ။
"ပေါက်ကရတွေပါပဲ...." ချန်ကျန်းက ရယ်မောကာ ပြောလိုက်သည် ။
ဆရာဝန်မလေးမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ သူ၏မျက်နှာလှလှလေးမှာ ချက်ချင်းပင် အေးစက်သွားကာ ချန်ကျန်းကို စိုက်ကြည့်ပြီး ပြောသည် ။
"ပေါက်ကရ ဟုတ်လား.... ဒီနေရာမှာ မင်းကို မကြိုဆိုဘူး.... အပြင်ထွက်သွားပေးပါ...."
"ကောင်းပြီလေ...." ချန်ကျန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည် ။
"ချန်သခင်လေး.... ကျေးဇူးပြုပြီး ခဏလောက် နေပေးပါဦး...." လင်းကျန်းမင်က ချန်ကျန်းကို အမြန်တားလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည် ။
"ချန်သခင်လေး.... ရွှီဘိုးဘေးက စွမ်းအားရှင်အဖွဲ့ရဲ့ ရှေ့က ခေါင်းဆောင် ဖြစ်သလို ကျွန်တော့်ရဲ့ ဆရာလည်း ဖြစ်ပါတယ်.... ဒီနေ့ ကျွန်တော် ဆရာ့အတွက် ချန်သခင်လေးကို အကူအညီ တောင်းချင်ပါတယ်...."
ဝုန်း...
လင်းကျန်းမင်က ချန်ကျန်း၏ရှေ့တွင် ဒူးထောက်ချလိုက်သည် ။
"ယောက်ျားကောင်း တစ်ယောက်က ဒူးမထောက်သင့်ဘူးလေ ၊ ပြီးတော့ မင်းက စွမ်းအားရှင်လောကရဲ့ ဘုရင်တစ်ပါး မဟုတ်လား...." ချန်ကျန်းက သူ၏ ညာလက်ကို ညင်သာစွာ မြှောက်လိုက်သည့်အခါ ဒူးထောက်နေသည့် လင်းကျန်းမင်မှာ မထိန်းချုပ်နိုင်ဘဲ မတ်တပ်ပြန်ရပ်သွားရသည် ။ ချန်ကျန်းက လှည့်ကြည့်လိုက်ပြီး သံမဏိနံရံတွေနှင့်ကာရံထားသည့် အခန်းထဲက အဘိုးအိုကို တစ်ချက် ကြည့်လိုက်သည် ။ ထို့နောက် သူက အဘိုးအိုကို အသံတိုးတိုးဖြင့်ပြောလိုက်သည် ။ "မင်း တောင်းဆိုနေတာက မင်းရဲ့ စိတ်ကူးယဉ်မှုသက်သက်ပါပဲ.... ဒါကို မင်း သိတာ ကြာလှပြီပဲ.... ဘာလို့ ဆက်ပြီး ဇွတ်လုပ်နေရတာလဲ.... မင်းရဲ့ စိတ်စွမ်းအားတွေက အများဆုံး သုံးနှစ်ပဲ ခံလိမ့်မယ်.... သုံးနှစ် ကြာရင်တော့ မင်း သေသွားမှာ ဖြစ်သလို သူကလည်း နောက်ဘဝကို မသွားနိုင်တော့ဘဲ အပြီးတိုင် ပျောက်ကွယ်သွားရလိမ့်မယ်...."
"ဘာ...." လင်းကျန်းမင်က ထိုစကားကို ကြားသည့်အခါ နားမလည်နိုင် ဖြစ်သွားရသည်။ ရှောင်ပန်းလည်း ကြောင်အမ်းနေမိသည် ။
ထိုတစ်ကြိမ်တွင် ကျိုးချင်းဟုန်က ချန်ကျန်းနောက်ကို လိုက်လာခြင်း ဖြစ်သည် ။ သူ ချန်ကျန်း၏စကားကို ကြားသည့်အခါ အရာအားလုံးကို သဘောပေါက်သွားပုံရသည် ။
"တစ္ဆေလိုလို ဘာလိုလိုနဲ့ ဟန်ဆောင်မနေနဲ့.... ခေတ်မီ ဆေးဝါးတွေနဲ့ စောင့်ကြည့်နေသရွေ့ ငါ့ရဲ့ အဘိုးကို နောက်ထပ် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်လောက်အထိ အသက်ရှင်အောင် ငါ လုပ်နိုင်တယ်...." ဒေါက်တာရွှီသည် မထီမဲ့မြင် ပြောလိုက်သည် ။
"ဟူး...."
ဆရာဝန်မလေး၏ စကားအဆုံးမှာပင် အခန်းထဲမှာ ခေါင်းငိုက်စိုက်ကျနေသည့် အဘိုးအိုက ရုတ်တရက် သက်ပြင်းချပြီး ခေါင်းမော့လာသည် ။
"ဂျွတ်...."
အဘိုးအိုက သူတို့ဘက်ကို ကြည့်လိုက်ရုံနှင့်ပင် စောင့်ကြည့်ရန်အတွက် တပ်ဆင်ထားသည့် အထူးမှန်ချပ်များမှာ ရုတ်တရက် အက်ကွဲသွားသည် ။
"ဝေါ...."
ထို့နောက် မှန်ချပ်များမှာ တစ်စစီ ပေါက်ကွဲထွက်သွားပြီး နေရာအနှံ့ ပျံ့နှံ့သွားသည် ။
"ငါ့ကို လွှတ်ပေးပါတော့.... ငါ့ကို ထွက်သွားခွင့် ပေးပါ.... ငါ့ကို ပြန်လည်မွေးဖွားခွင့် ပေးပါတော့.... မင်း ငါ့ကို ဘယ်နှနှစ်လောက်အထိ ဆက်ပြီး ချည်နှောင်ထားဦးမှာလဲ...."
ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည် ။ အခန်းထဲက အဘိုးအို၏ရှေ့မှာ မျက်စိနှင့်မြင်နိုင်သည့် ကြည်လင်နေသည့် ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်လာကာ ထိုပုံရိပ်က အဘိုးအိုကို အော်ဟစ်နေခြင်း ဖြစ်ပေသည် ။
“ဝိညာဉ်ကိုယ်ထည်...ဒါက ဝိညာဉ်တစ်ခုပဲ ၊ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တဲ့ အားနည်းနေတဲ့ ဝိညာဉ်တစ်ခုပဲ...”
"ဆရာကတော်...." ဆရာဝန်မလေးက ထို ပုံရိပ်ကို မြင်သည့်အခါ တစ်ကိုယ်လုံး တုန်ရီသွားပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားသည် ။
"ဆရာ...." လင်းကျန်းမင်က ထိုပုံရိပ်ကို မြင်လိုက်ရသည့်အခါ ကြောင်အသွားသော်လည်း နောက်တစ်စက္ကန့်တွင် အရာအားလုံးကို သဘောပေါက်လိုက်ပြီ ဖြစ်သည် ။
“ရွှီဘိုးဘေးက ရူးနေတာ မဟုတ်ဘူး... လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဆရာကတော်ရဲ့ ဝိညာဉ်ကို လူ့လောကမှာ အတင်းအဓမ္မ ဆွဲထားပြီး သူ့ဘေးမှာ ထားခဲ့တာဖြစ်မယ်...”
အထူးပစ္စည်းများဖြင့်လုပ်ထားသည့် အခန်းမှာ သူကိုယ်တိုင်ဆရာကတော်၏ဝိညာဉ်နှင့်အတူ ပိတ်လှောင်ထားသည့် မှော်လက်နက်တစ်ခုလို ဖြစ်နေခြင်း ဖြစ်၏ ။
စောင့်ကြည့်ရေးအခန်းထဲမှာ ရုတ်တရက် ထူးဆန်းသည့် အငွေ့အသက်များ ထွက်ပေါ်လာပြီးနောက် အဖြူနှင့်အမည်း ဝိညာဉ်ပုံရိပ် နှစ်ခု ပေါ်လာသည် ။
"ဟေး ဘိုင်ဝူချန် ဝိညာဉ် ထိန်းသိမ်းရေးသမားတွေပါလား...." ရှောင်ပန်း တစ်ယောက် ကြောင်အမ်းသွားရသည် ။
"ငရဲပြည်က လူတွေပဲ...." ကျိုးချင်းဟုန်က မျက်မှောင်ကြုတ်လိုက်သည် ။
"ရွှီချန်.... မင်းက ကိုယ့်ရဲ့ ကျင့်စဉ်တွေကို သုံးပြီး ဝိညာဉ်တွေကို လူ့လောကမှာ ဆယ်နှစ်ကျော်အောင် ထားခဲ့တာဟာ ကြီးမားတဲ့ အပြစ်ပဲ.... မင်း ကိုယ့်ကိုယ်ကိုယ်တင် ဒုက္ခပေးတာ မဟုတ်ဘဲ ဒီဝိညာဉ်ကိုပါ ဒုက္ခပေးနေတာ.... ဒီနေ့ ငါတို့ အဖြူအမည်းညီနောင်က ငရဲပြည်ရဲ့ နာမည်နဲ့ မင်းတို့ကို ဖမ်းဆီးမယ်.... အခု မင်းတို့ နှစ်ယောက် ငါတို့နောက်ကို လိုက်ခဲ့ကြ...."
ထိုဝိညာဉ်ထိန်းသိမ်းရေးသမား နှစ်ယောက်က အေးစက်စွာ ပြောလိုက်သော်လည်း ရုတ်တရက် သူတို့၏ အသံများမှာ ရပ်တန့်သွားလေသည် ။
သူတို့ အမိန့်ပေးနေသည့် အချိန်မှာပင် ဘေးနားတွင် ရှိနေသည့် ပုံရိပ်တစ်ခုကို သတိထားမိလိုက်ကြသည် ။ ထိုအရာသည် အရမ်းကို ရင်းနှီးနေသည့် ပုံရိပ်တစ်ခု ဖြစ်နေသည် ။
ဟေးဘိုင်ဝူချန်တွေက ဖြည်းဖြည်းချင်း ခေါင်းလှည့်ပြီး ချန်ကျန်းကို ကြည့်လိုက်ကြသည် ။
"မထင်မှတ်ဘဲ ထပ်တွေ့ကြပြန်ပြီနော်...." ချန်ကျန်းက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည် ။
"နတ်ဘုရားကြီး..."
"ဟင်... ကျွန်တော်တို့ နတ်ဘုရားကြီး ဒီမှာ ရှိနေမှန်း မသိလို့ပါ...."
ဟေးဘိုင်ဝူချန် နှစ်ဦးလုံးမှာ ချက်ချင်းပင် ဒူးထောက်ချလိုက်ကြပြီး ကြောက်လန့်တကြား ဝပ်တွားနေကြတော့သည် ။
သူတို့ မှတ်မိသွားပြီ ဖြစ်သည် ။ အကုန်လုံးကို မှတ်မိသွားကြပြီ ဖြစ်ပေသည် ။
ဘာကြောင့် ရင်းနှီးနေရခြင်းလဲဆိုသည်ကို သူတို့ သိလိုက်ရပြီ ဖြစ်၏ ။
ထိုလူငယ်လေးမှာ နန်ရှီတက္ကသိုလ်တွင် ရှိနေစဥ်က နဂါးကျားတောင်ရှိ လူတစ်ယောက်၏ဆင့်ခေါ်မှုကြောင့် ငရဲပြည်ကို ရောက်လာခဲ့သည့် ကြောက်စရာကောင်းသော နတ်ဘုရားကြီးပင် မဟုတ်ပါလား။
အခန်း ၁၅၀ ပြီး
***